မာတိကာဆီ ကျော်သွား

မိသားစုအတွက် အကူအညီ | အိမ်ထောင်ရေး

နည်းပညာတွေကို သူ့နေရာသူ ထားနိုင်ပုံ

နည်းပညာတွေကို သူ့နေရာသူ ထားနိုင်ပုံ

 နည်းပညာ အသုံးပြုတာက အိမ်ထောင်ကို ပိုခိုင်မြဲစေနိုင်သလို ထိခိုက်စေနိုင်ပါတယ်။ နည်းပညာတွေက အိမ်ထောင်ကို ဘယ်လို အကျိုးသက်ရောက်နိုင်သလဲ။

 သိထားသင့်ရာ

  •   နည်းပညာကို ပညာရှိရှိ အသုံးပြုတာက အိမ်ထောင်ကို အကျိုးပြုနိုင်ပါတယ်။ ဥပမာ၊ ဇနီးမောင်နှံတချို့ဟာ တစ်နေ့တာအတွင်း ဝေးနေချိန်မှာ နည်းပညာသုံးပြီး ဆက်သွယ်ကြတယ်။

     “‘ချစ်တယ်၊’ ‘မင်းအကြောင်း တွေးနေတယ်’ စတဲ့ စာတိုလေးတွေက အဓိပ္ပာယ်အများကြီး ရှိတယ်။”—ဂျိုနသန်။

  •   နည်းပညာကို မဆင်မခြင် သုံးရင်တော့ အိမ်ထောင်ကို ထိခိုက်နိုင်တယ်။ ဥပမာ၊ လူတချို့ဟာ ဖုန်း၊ တက်ဘလက်တွေကို တစ်ချိန်လုံးသုံးနေလို့ အိမ်ထောင်ဖက်ကို အချိန်မပေးနိုင်၊ အာရုံမစိုက်နိုင်တော့ဘူး။

     “ကျွန်မက ဖုန်းသုံးနေတဲ့အတွက် ခင်ပွန်းက စကားပြောချင်ပေမဲ့ မပြောနိုင်ဘူး။ ကျွန်မသာ ဖုန်းမသုံးနေခဲ့ဘူးဆိုရင် ကျွန်မခင်ပွန်းနဲ့ စကားပြောဖြစ်ခဲ့မှာ သေချာတယ်။”—ဂျူလီဆာ။

  •   အိမ်ထောင်ဖက်နဲ့ အဓိပ္ပာယ်ရှိရှိ စကားပြောနေရင်း တစ်ချိန်တည်းမှာ ဖုန်း၊ တက်ဘလက် သုံးနိုင်တယ်လို့ တချို့က ပြောကြတယ်။ အဲဒါ မဖြစ်နိုင်ဘူးလို့ လူမှုရေးပညာရှင် ရှယ်ရီ တာကယ်လ်က ပြောတယ်။ တစ်ပြိုင်တည်း အလုပ်အများကြီး လုပ်နိုင်တာ ကောင်းတယ်လို့ လူတွေထင်ပေမဲ့ တကယ်တမ်း မကောင်းပါဘူး။ အမှန်ကတော့ “အလုပ်တွေကို တစ်ပြိုင်တည်းလုပ်ဖို့ ကြိုးစားလေ အရည်အသွေးကျလေပဲ” လို့ သူပြောတယ်။ a

     “ကျွန်မခင်ပွန်းနဲ့ စကားပြောရတာ ပျော်စရာကောင်းပါတယ်။ ဒါပေမဲ့ တခြားအလုပ်တွေ မလုပ်တဲ့အခါမျိုးမှပါ။ ဖုန်း၊ တက်ဘလက်သုံးနေရင်တော့ အဲဒါနဲ့ပဲ သူ ပျော်မွေ့တယ်ဆိုတဲ့ သဘောပဲ။”—စာရာ။

 အဓိကအချက်– နည်းပညာကို သင် အသုံးပြုပုံက သင့်အိမ်ထောင်ကို အကျိုးပြုနိုင်တယ်၊ ဒါမှမဟုတ် ထိခိုက်နိုင်တယ်။

 လုပ်ဆောင်နိုင်ရာ

 ဦးစားပေးရမယ့်အရာတွေကို သတ်မှတ်ပါ။ “ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိ” ပါလို့ ကျမ်းစာမှာ ပြောထားတယ်။ (ဖိလိပ္ပိ ၁:၁၀) ‘ငါနဲ့ ငါ့အိမ်ထောင်ဖက်ဟာ တစ်ယောက်ကိုတစ်ယောက် ပေးရမယ့်အချိန်နဲ့ ဂရုစိုက်မှုတွေကို ဖုန်းနဲ့ တက်ဘလက်တွေကို ပေးနေသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။

 “အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် စားသောက်ဆိုင်မှာ အတူ ထိုင်စားသောက်နေရင်း သူတို့ရဲ့ဖုန်းတွေကိုပဲ ကြည့်နေတာကို မြင်ရလို့ ကျွန်တော် စိတ်မကောင်းဘူး။ နည်းပညာရဲ့ ကျေးကျွန်တွေ မဖြစ်စေချင်ဘူး။ အရေးကြီးဆုံးဖြစ်တဲ့ အချင်းချင်းရဲ့ ဆက်ဆံရေးကို မမေ့စေချင်ဘူး။”—မက်သရူး။

 ကန့်သတ်ထားပါ။ “ဉာဏ်ပညာမဲ့သူတွေလို မဟုတ်ဘဲ ဉာဏ်ပညာရှိသူတွေလို ကျင့်ကြံပြုမူနေရဲ့လားဆိုတာ အထူးသတိပြုကြပါ။ . . . အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ” လို့ ကျမ်းစာမှာ ပြောထားတယ်။ (ဧဖက် ၅:၁၅၊ ၁၆) ‘ဝင်လာတဲ့စာတွေ အားလုံးကို ချက်ချင်း ဖတ်ပြီး ပြန်မယ့်အစား သိပ်အရေးမကြီးတဲ့စာတွေကို နောက်မှ ဖတ်ဖို့၊ ပြန်ဖို့ အချိန်သတ်မှတ်ထားနိုင်မလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။

 “ဖုန်းကို အသံပိတ်ထားပြီး ပိုအဆင်ပြေတဲ့အချိန်မှ စာတွေကို ဖတ်ပြီးပြန်တာက အထောက်အကူပြုမှန်း ကျွန်တော် သိခဲ့ရတယ်။ ချက်ချင်း စာပြန်ဖို့၊ ဖြေကြားဖို့လိုတဲ့ ဖုန်းခေါ်ဆိုမှု၊ စာ၊ အီးမေးလ်ဆိုတာ ရှားပါတယ်။”—ဂျိုနသန်။

 ဖြစ်နိုင်မယ်ဆိုရင် အလုပ်ကို အလုပ်မှာပဲ ထားခဲ့ပါ။ “အရာအားလုံးအတွက် အချိန်အခါဆိုတာ ရှိတယ်” လို့ ကျမ်းစာမှာ ပြောထားတယ်။ (ဒေသနာ ၃:၁) ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်းတွေ မေးပါ– ‘ဖုန်းထဲဝင်လာတဲ့ အလုပ်ကိစ္စတွေ လုပ်နေရလို့ မိသားစုအချိန်ကို အနှောင့်အယှက် ဖြစ်နေပြီလား။ ဖြစ်နေတယ်ဆိုရင် အဲဒါက ငါ့အိမ်ထောင်ကို ဘယ်လို ထိခိုက်နေသလဲ။ ငါ့အိမ်ထောင်ဖက် ဘယ်လို ပြောမလဲ။’

 “နည်းပညာတွေကြောင့် ဘယ်အလုပ်ကိုမဆို အချိန်မရွေး လုပ်နိုင်ကြတယ်။ ကျွန်တော့်ဇနီးနဲ့ အတူရှိနေချိန်မှာ ဖုန်းကို မကြည့်မိဖို့၊ အလုပ်နဲ့ပတ်သက်တဲ့ ကိစ္စတွေကို မလုပ်မိဖို့ အတော်လေး သတိထားခဲ့ရတယ်။”—မက်သရူး။

 နည်းပညာ အသုံးပြုတာနဲ့ပတ်သက်လို့ အိမ်ထောင်ဖက်နဲ့ ဆွေးနွေးပါ။ “လူတိုင်း ကိုယ့်အကျိုးကို မရှာဘဲ သူတစ်ပါးအကျိုးကို ရှာကြပါ” လို့ ကျမ်းစာက ပြောတယ်။ (၁ ကောရိန္သု ၁၀:၂၄) ဖုန်း၊ တက်ဘလက် အသုံးပြုပုံ ပြောင်းလဲဖို့ လိုမလို စတာတွေကို အိမ်ထောင်ဖက်နဲ့ ဆွေးနွေးပါ။ ဒီဆောင်းပါးမှာပါတဲ့ ဆွေးနွေးမှုလမ်းညွှန်ကို သုံးနိုင်ပါတယ်။

 “ကျွန်မနဲ့ ကျွန်မခင်ပွန်းဟာ ပွင့်ပွင့်လင်းလင်း ရှိတယ်။ တစ်ယောက်က ဖုန်း၊ တက်ဘလက်သုံးတာ သိပ်များနေပြီဆိုရင် ကျန်တဲ့တစ်ယောက်က သတိပေးတယ်။ ဒီကိစ္စက ပြဿနာဖြစ်နိုင်တယ်ဆိုတာ ကျွန်မတို့ အသိအမှတ်ပြုတယ်။ ဒါကြောင့် တစ်ယောက်ရဲ့အမြင်ကို တစ်ယောက်က အလေးအနက်ထားတယ်။”—ဒန်ယဲလ်။

 အဓိကအချက်– နည်းပညာကို သင် ထိန်းချုပ်နိုင်ရမယ်။ သင့်ကို ထိန်းချုပ်သွားတာမျိုး အဖြစ်မခံပါနဲ့။

a Reclaiming Conversation—The Power of Talk in a Digital Age စာအုပ်မှ။