မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နည်း​ပညာ​က အိမ်ထောင်ရေး​ကို ထိခိုက်​စေနိုင်

နည်း​ပညာ​က အိမ်ထောင်ရေး​ကို ထိခိုက်​စေနိုင်

နည်း​ပညာ​ကို အကျိုးရှိရှိ သုံးမယ်​ဆိုရင် ဇနီး​မောင်နှံ​ကြား​မှာ​ ရှိတဲ့ ဆက်ဆံ​ရေး ပို​ခိုင်မြဲ​နိုင်တယ်။ သူတို့​နှစ်ယောက်ကို တစ်​နေ​ကုန် အဆက်အသွယ်​မပြတ် ရှိစေ​နိုင်တယ်။

ဒါပေမဲ့ နည်း​ပညာ​ကို တလွဲ အသုံးပြုမယ်​ဆိုရင်

  • အတူ​ရှိနေ​ရမယ့် တန်ဖိုး​ရှိတဲ့ အချိန်တွေ ဆုံးရှုံး​သွားနိုင်တယ်။

  • မလိုအပ်ဘဲ အလုပ်တွေ အိမ်ကို ပါ​လာနိုင်တယ်။

  • ယုံကြည်မှု ပျက်ပြား​တာ၊ သစ္စာမဲ့​တာ ဖြစ်သွား​နိုင်တယ်။

သိထား​သင့်တဲ့ အချက်များ

အတူ​ရှိနေ​ရမယ့် အချိန်

မိုက်ကယ်​လို့​ ခေါ်​တဲ့ ခင်ပွန်း​တစ်ယောက် ဒီလို​ပြော​တယ်– “တစ်ခါ​တ​လေ ကျွန်တော့်​ဇနီး​နဲ့ အတူ​ရှိနေပေမဲ့ မရှိ​သလို ခံစား​ရတယ်။ သူက ဖုန်း​ကိုပဲ ကြည့်​နေတယ်။ ဒါနဲ့​တောင် ‘ကျွန်မ အခုထိ မကြည့်​ရ​သေး​ဘူး’ လို့ ပြော​တယ်။” ဂျို​န​သန်​လို့ ခေါ်​တဲ့ ခင်ပွန်း​တစ်ယောက်က “လင်မယား​နှစ်ယောက် အတူ​ရှိနေပေမဲ့ တစ်​နယ်​စီ ဝေး​နေ​သလိုပဲ” လို့ ပြော​တယ်။

စဉ်းစား​ကြည့်​ပါ– ကိုယ့်​အိမ်ထောင်ဖက်​နဲ့ အတူ​ရှိ​နေချိန်မှာ ဖုန်း၊ စာတို ဘယ်​နှ​ခါ​လောက် ပြန်ဖြေ​နေသလဲ။—ဧဖက် ၅:၃၃

အလုပ်

တချို့​သူတွေက အလုပ်​ရဲ့ သဘောသဘာဝ​အရ ဖုန်းတွေ၊ စာ​တွေ​ကို တစ်ချိန်​လုံး ဖြေနေ​ရတယ်။ တချို့​တွေ​ရဲ့ အလုပ်​က​တော့ အိမ်အထိ သယ်လာ​စ​ရာ မလိုဘူး။ လီ​လို့​ ခေါ်​တဲ့ ခင်ပွန်း​တစ်ယောက်က “ဇနီး​နဲ့​ အတူရှိ​နေချိန်မှာ အလုပ်​က ဖုန်းတွေ၊ စာတွေ​ကို ပြန်​မဖြေ​ဖို့​ဆိုတာ နည်းနည်း​တော့ ခက်တယ်” လို့ ပြော​တယ်။ ဂျွိုင်း​လို့​ ခေါ်​တဲ့ ဇနီး​က​လည်း “ကျွန်မ အိမ်ကနေ အလုပ်လုပ်တယ်။ ဒါ​ကြောင့် လုပ်စရာ အမြဲ ရှိနေတယ်။ ဟန်ချက်ညီ​ဖို့ အတော် ကြိုးစား​ရတယ်” လို့ ဆိုတယ်။

စဉ်းစား​ကြည့်​ပါ– ကိုယ့်​အိမ်ထောင်ဖက် စကားပြော​နေတဲ့​အခါ အာရုံစိုက် နားထောင်ပေး​သလား။—လုကာ ၈:၁၈

သစ္စာရှိ​ခြင်း

အိမ်ထောင်သည်​တစ်ယောက် လူမှု​မီဒီယာ​ပေါ်​ တင်တဲ့ အကြောင်းအရာကို သူ့ရဲ့​ အိမ်ထောင်ဖက်​က သံသယဝင်​လို့ ကတောက်​က​ဆတ် ဖြစ်​ကြတယ်​လို့ လေ့လာ​ဆန်းစစ်ချက် တစ်ခု​က ဆိုတယ်။ ဆယ်​ရာခိုင်နှုန်း​က အိမ်ထောင်ဖက် မသိအောင် ခိုး​ပြီး တင်​ကြတယ်​လို့ ဝန်ခံတယ်။

အကြောင်းကောင်း​ ရှိလို့ လူမှု​မီဒီယာ​ကို “အိမ်ထောင်သည်တွေ​အတွက် မြေ​မြှုပ်​မိုင်း နယ်မြေ၊” “အိမ်ထောင်​ဖောက်ပြန်​ရေး ဝန်ဆောင်မှု” လို့ ဆို​ကြတယ်။ ဒါ​ကြောင့် အိမ်ထောင်​တွေ ပြိုကွဲ​တာ လူမှု​မီဒီယာ​ကြောင့်​လို့ ရှေ့နေ​တွေ ပြော​တာ အံ့ဩစရာ မဟုတ်ပါဘူး။

စဉ်းစား​ကြည့်​ပါ– ကိုယ့်​အိမ်ထောင်ဖက် မသိဘဲ လိင်​ခြား​သူ​တစ်ယောက်​နဲ့ ပုန်းလျှိုးကွယ်လျှိုး ဆက်သွယ်​နေ​သလား။—ပညာအလိမ္မာ ၄:၂၃

လုပ်ဆောင်​နိုင်​တဲ့ အချက်များ

ဦးစားပေး​ရာတွေကို သတ်မှတ်ပါ

အစား​မစား​တဲ့​သူက ကျန်းမာ​မှာ မဟုတ်ဘူး။ အဲဒီလိုပဲ အိမ်ထောင်ဖက်​ကို အချိန်​မပေး​ရင် ပျော်ရွှင်​သာယာတဲ့ အိမ်ထောင် မဖြစ်​နိုင်ဘူး။—ဧဖက် ၅:၂၈၊ ၂၉

ကျမ်းစာ အခြေခံ​မူ– “ပို​အရေးကြီးတဲ့​အရာ​တွေ​ကို ပိုင်းခြား​သိနိုင်​ကြ” ပါ။—ဖိလိပ္ပိ ၁:၁၀

နည်း​ပညာ​ကြောင့် အိမ်ထောင်​ကို မထိခိုက်​စေ​ချင်​လို့ ကိုယ်​ကြိုးစား​ချင်​တဲ့ အကြံပြုချက်တွေကို ဆွေးနွေးပါ။ စိတ်ကူး​ထား​တဲ့​အချက်​တွေ ချရေး​ပါ။

  • အနည်းဆုံး တစ်နေ့ တစ်ကြိမ် အတူ လက်ဆုံ​စား​မယ်

  • ဖုန်း/တက်ဘလက်​တွေ မ​သုံးတဲ့​အချိန်ကို သတ်မှတ်​မယ်

  • အတူ​တွေ့ဆုံ​မယ့် ညနေခင်း ဒါမှ​မဟုတ် အထူး​အချိန်​တစ်ခု သတ်မှတ်​မယ်

  • ညအိပ်တဲ့​အခါ ဖုန်း/တက်ဘလက်​တွေ ပိတ်​ထား​မယ်

  • ဖုန်း/တက်ဘလက်​ကို အနားမှာ မထား​ဘဲ အိမ်ထောင်ဖက်​နဲ့ တစ်ရက် ၁၅ မိနစ် စကားပြော​ဖို့ အချိန် ဖယ်​ထား​မယ်

  • အင်တာနက် ပိတ်​ထား​မယ့်​အချိန်ကို သတ်မှတ်​မယ်