မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နည်း​ပညာ​က အတွေးအခေါ်ကို ထိခိုက်​စေနိုင်

နည်း​ပညာ​က အတွေးအခေါ်ကို ထိခိုက်​စေနိုင်

လူတွေဟာ ကျောင်း၊ အလုပ်နဲ့ တခြား​အကြောင်း​တွေ​ကြောင့် လေ့လာ​သင်ယူနေကြ​ရတယ်။ နည်း​ပညာ​ကြောင့် အိမ်ထဲ​ကနေ ထွက်​စ​ရာ​ မလို၊ ထိုင်​ရာ​က ထ​စ​ရာ​ မလို​ဘဲ အကြောင်းအရာ များစွာ​ကို အလွယ်တကူ လေ့လာ​ဆည်းပူး​နိုင်​ကြပြီ။

ဒါပေမဲ့ နည်း​ပညာ​ကို အလွန်အကျွံ အသုံးပြု​နေကြ​သူ များစွာ​ဟာ

  • စာဖတ်​တဲ့​အခါ အာရုံ သိပ်​မစိုက်​နိုင်​ကြဘူး။

  • အလုပ်​တစ်ခု​တည်း​ကိုပဲ အာရုံစိုက်​ဖို့ ခက်​လာကြတယ်။

  • တစ်ယောက်တည်း မနေ​တတ်ကြ​တော့​ဘူး။

သိထား​သင့်တဲ့ အချက်များ

စာဖတ်ခြင်း

တချို့​သူတွေဟာ စာ​ကို အစအဆုံး စိတ်ရှည်​လက်​ရှည် ဖတ်​မယ့်​အစား အဓိက အချက်​ကို သိဖို့ ခပ်​မြန်မြန် ဖတ်​ကြတယ်။

မေးခွန်း​တစ်ခု​အတွက် အဖြေ ချက်ချင်း​ လိုချင်​ရင် ခပ်​မြန်မြန် ဖတ်​သွားတာ​က အဆင်ပြေ​ပါ​တယ်။ ဒါပေမဲ့ အကြောင်းအရာကို သေသေချာချာ နားလည်​ဖို့ လိုတယ်​ဆိုရင်တော့ စိတ်ရှည်​လက်​ရှည် ဖတ်​ဖို့ လိုတယ်။

စဉ်းစား​ကြည့်​ပါ– သိပ်​ရှည်​တဲ့ စာ​တွေ​ကို သင်​ဘယ်လို ဖတ်​သလဲ။ ဖတ်ရှု​လေ့လာ​ရာ​မှာ ဘယ်လိုနည်းနဲ့ တိုးတက်​နိုင်​သလဲ။—ပညာအလိမ္မာ ၁၈:၁၅

အာရုံစိုက်မှု

နည်း​ပညာ​ကြောင့် အလုပ်​နှစ်ခု​ကို တစ်ပြိုင်တည်း လုပ်နိုင်​လာတယ်လို့ တချို့ ထင်​ကြတယ်။ ဥပမာ၊ စာ​လေ့လာ​နေရင်း သူငယ်ချင်းတွေ​ဆီ စာရေး​တယ်။ ဒါပေမဲ့ အာရုံပျံ့​နေလို့ အဲဒီ​အလုပ် နှစ်ခုစလုံးက အရည်အသွေး မပြည့်မီ​တော့​ဘူး။ အထူးသဖြင့် အာရုံစိုက်​ပြီး လုပ်​ရမယ့် အလုပ်တွေ​မှာ ဖြစ်တယ်။

အာရုံစိုက်​ဖို့​ဆိုရင် ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်​ဖို့ လိုတယ်။ ကြပ်မတ်​ရ​ကျိုး နပ်​ပါ​တယ်။ “အမှား နည်းတယ်၊ ဖိစီးမှု နည်းတယ်။ အလုပ်​တစ်ခု​တည်း​ကိုပဲ အာရုံစိုက်​တာ​က ပို​ကောင်း​မှန်း သိလာတယ်။ အာရုံပျံ့​ပြီး စိတ်ရှုပ်​ရတာ​မျိုး မဖြစ်​တော့​ဘူး” လို့ ဆယ်ကျော်သက် ဂရေ့စ် ပြော​တယ်။

စဉ်းစား​ကြည့်​ပါ– နည်း​ပညာ​ သုံးပြီး အလုပ် နှစ်မျိုးကို တစ်ပြိုင်တည်း လုပ်လို့ လေ့လာ​နေတဲ့ အကြောင်းအရာကို အာရုံမစိုက်​နိုင်တာ​မျိုး၊ မမှတ်မိ​တာ​မျိုး ဖြစ်​သလား။—ပညာအလိမ္မာ ၁၇:၂၄

တစ်ယောက်တည်း မနေ​တတ်​ခြင်း

တချို့​သူတွေက တစ်ယောက်တည်း မနေ​တတ်​လို့ နည်း​ပညာ​ကို အသုံးပြုကြတယ်။ “ဖုန်း၊ တက်ဘလက်၊ တီဗွီ​ မ​ဖွင့်​ဘဲ ၁၅ မိနစ်လောက် နေ​လိုက်ရင် ပျင်း​လာတယ်” ဆိုပြီး အိုလစ်ဗီယာ​လို့ ခေါ်​တဲ့ အမျိုးသမီး ဝန်ခံတယ်။

လူငယ်တွေ​ပဲ မဟုတ်ဘူး၊ လူကြီးတွေ​လည်း တစ်ယောက်တည်း ရှိနေတဲ့​အချိန်​ဟာ လေ့လာ​ထား​တာတွေကို လေးလေးနက်နက် ပြန်​စဉ်းစား​တွေးတော​နိုင်​တဲ့ အချိန်​ကောင်း​ပါ​ပဲ။

စဉ်းစား​ကြည့်​ပါ– တစ်ယောက်တည်း ရှိနေတဲ့​အချိန်ကို အကျိုးရှိရှိ အသုံးပြု​နေ​သလား။—၁ တိမောသေ ၄:၁၅

လုပ်ဆောင်​နိုင်​တဲ့ အချက်များ

နည်း​ပညာ​ကို ဘယ်လို သုံး​နေသလဲ​ဆိုတာ ဆန်းစစ်​ပါ

သင့်ရဲ့ အတွေးအခေါ် တိုးတက်​လာအောင် နည်း​ပညာ​ကို ဘယ်လို သုံးနိုင်​သလဲ။ နည်း​ပညာ​က သင့်ရဲ့ အာရုံစိုက်​နိုင်စွမ်း၊ သင်ယူနိုင်စွမ်း​ကို ထိခိုက်​စေသလား။

ကျမ်းစာ အခြေခံ​မူ– “လက်တွေ့ကျ​ဉာဏ်ပညာ​နဲ့ စဉ်းစား​ဆင်ခြင်​နိုင်စွမ်း​ကို ကာကွယ်​စောင့်ရှောက်​ပါ။”—ပညာအလိမ္မာ ၃:၂၁