မာတိကာဆီ ကျော်သွား

ကျမ်းပိုဒ် ရှင်းပြချက်များ

ဖိလိပ္ပိ ၄:၈​—“မှန်ကန်တဲ့အရာ . . . မှန်သမျှကို အမြဲ ဆင်ခြင်သုံးသပ်နေကြပါ”

ဖိလိပ္ပိ ၄:၈​—“မှန်ကန်တဲ့အရာ . . . မှန်သမျှကို အမြဲ ဆင်ခြင်သုံးသပ်နေကြပါ”

 “ညီအစ်ကိုတို့၊ နောက်ဆုံးမှာချင်တာကတော့ မှန်ကန်တဲ့အရာ၊ အလေးအနက်ထားရမယ့်အရာ၊ ဖြောင့်မတ်တဲ့အရာ၊ စင်ကြယ်တဲ့အရာ၊ မေတ္တာတိုးစေတဲ့အရာ၊ အားပေးမှုဖြစ်စေတဲ့အရာ၊ မွန်မြတ်တဲ့အရာ၊ ချီးမွမ်းထိုက်တဲ့အရာ မှန်သမျှကို အမြဲ ဆင်ခြင်သုံးသပ်နေကြပါ။”​—ဖိလိပ္ပိ ၄:​၈ကမ္ဘာသစ်ဘာသာပြန်ကျမ်း။

 “ညီအစ်ကိုတို့၊ နိဂုံးချုပ်အနေဖြင့်ပြောရလျှင် သင်တို့သည် မှန်ကန်သောအရာ၊ မွန်မြတ်သောအရာ၊ လျောက်ပတ်သောအရာ၊ ဖြူစင်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ အသရေရှိသောအရာတည်းဟူသော ကောင်းမြတ်၍ ချီးမွမ်းဖွယ်သောအရာရှိသမျှတို့ကို နှလုံးသွင်းကြလော့။”​—ဖိလိပ္ပိ ၄:​၈၊ ခေတ်သုံးမြန်မာသမ္မာကျမ်း။

ဖိလိပ္ပိ ၄:၈ ရဲ့အဓိပ္ပာယ်

 ဘုရားသခင်က လူတွေ ဘာတွေ တွေးနေတယ်ဆိုတာကို စိတ်ဝင်စားတယ်။ အတွေးက လုပ်ရပ်ကို ဦးတည်စေလို့ပါ။ (ဆာလံ ၁၉:၁၄။ မာကု ၇:​၂၀-၂၃) ဒါကြောင့် ဘုရားရဲ့မျက်နှာသာရချင်သူတွေက ဘုရား မကြိုက်တဲ့အတွေးတွေကို ငြင်းဆန်ပြီး ဘုရားနှစ်သက်လက်ခံတဲ့အရာတွေကို တွေးတောကြတယ်။

 ဒီကျမ်းချက်မှာ ခရစ်ယာန်တွေ “အမြဲ ဆင်ခြင်သုံးသပ်နေ” သင့်တဲ့၊ ဆိုလိုတာက အကျင့်ဖြစ်သွားအောင် တွေးနေသင့်တဲ့ အကြောင်းအရာရှစ်မျိုးကို ဖော်ပြထားတယ်။

  •   “မှန်ကန်တဲ့အရာ။” ဘုရားသခင်ရဲ့တရားစကားတော် ကျမ်းစာထဲက အချက်အလက်တွေလို ကောင်းမွန်တဲ့၊ ယုံကြည်စိတ်ချရတဲ့ အရာတွေ ဖြစ်တယ်။​—၁ တိမောသေ ၆:၂၀

  •   “အလေးအနက်ထားရမယ့်အရာ။” အရေးကြီးတဲ့ကိစ္စတွေကို ဆိုလိုတယ်။ အရေးမပါ အရာမရောက်တဲ့ အသေးအဖွဲကိစ္စတွေ မဟုတ်ဘူး။ မှန်ရာကိုဆက်လုပ်နိုင်ဖို့ ခရစ်ယာန်တစ်ယောက်ကို တွန်းအားပေးနိုင်တဲ့အရာတွေဖြစ်တယ်။​—တိတု ၂:​၆-၈

  •   “ဖြောင့်မတ်တဲ့အရာ။” လူတွေချမှတ်တဲ့စံနှုန်းမဟုတ်ဘဲ ဘုရားချမှတ်တဲ့စံနှုန်းနဲ့ကိုက်ညီတဲ့ လုပ်ရပ်တွေ၊ အစီအစဉ်တွေကို ဆိုလိုတယ်။​—ပညာအလိမ္မာ ၃:​၅၊ ၆။ ၁၄:၁၂

  •   “စင်ကြယ်တဲ့အရာ။” သန့်ရှင်းစင်ကြယ်တဲ့ အတွေးအခေါ်၊ စိတ်သဘောထားကို ဆိုလိုတယ်။ လိင်ကိစ္စသာမက ကိစ္စရပ်အားလုံး အကျုံးဝင်တယ်။​—၂ ကောရိန္သု ၁၁:၃

  •   “မေတ္တာတိုးစေတဲ့အရာ။” အမုန်းတရား၊ နာကြည်းစိတ်၊ စိတ်ဝမ်းကွဲမှုတွေ ဖြစ်စေမယ့်အစား မေတ္တာတိုးစေတဲ့၊ စိတ်ချမ်းမြေ့စေတဲ့ အရာတွေကို ဆိုလိုတယ်။​—၁ ပေတရု ၄:၈

  •   “အားပေးမှုဖြစ်စေတဲ့အရာ။” တခြားသူတွေကို အကောင်းမြင်စေတဲ့၊ ဘုရားကိုကြည်ညိုလေးစားသူတွေ နှစ်သက်လက်ခံတဲ့ စကားတွေဖြစ်တယ်။​—ပညာအလိမ္မာ ၂၂:၁

  •   “မွန်မြတ်တဲ့အရာ။” ဘုရားစံနှုန်းနဲ့ကိုက်ညီတဲ့ အကျင့်သီလကောင်းတွေဖြစ်တယ်။ တကယ့်ကို ကောင်းမွန်တဲ့ အကျင့်တွေဖြစ်တယ်။​—၂ ပေတရု ၁:​၅၊ ၉

  •   “ချီးမွမ်းထိုက်တဲ့အရာ။” အထူးသဖြင့် ဘုရားအမြင်မှာ ချီးမွမ်းထိုက်တဲ့အရာတွေ ဖြစ်တယ်။ လူတွေ စဉ်းစားသုံးသပ်သင့်တဲ့ ဘုရားရဲ့ ချီးမွမ်းထိုက်ဖွယ်လုပ်ဆောင်မှုတွေလည်း ပါဝင်တယ်။​—ဆာလံ ၇၈:၄

ဖိလိပ္ပိ ၄:၈ ရဲ့အထက်အောက်စကား

 ဖိလိပ္ပိမြို့က ခရစ်ယာန်တွေဆီ စာရေးတုန်းက တမန်တော်ပေါလုဟာ ရောမမြို့မှာ နေအိမ်အကျယ်ချုပ်ကျနေတယ်။ ဒါပေမဲ့ စာမှာတွေ့ရတဲ့ ပျော်ရွှင်တဲ့လေသံ၊ နွေးထွေးကြင်နာတဲ့ အသုံးအနှုန်းကြောင့် ဝမ်းသာစရာစကားတွေ ပြည့်နေတဲ့စာလို့တောင် ကျမ်းပညာရှင်တွေက ခေါ်ကြတယ်။​—ဖိလိပ္ပိ ၁:​၃၊ ၄၊ ၇၊ ၈၊ ၁၈။ ၃:၁။ ၄:​၁၊ ၄၊ ၁၀

 ဖိလိပ္ပိမြို့က ညီအစ်ကို/မတွေကို ပေါလု ချစ်တယ်။ သူတို့ကို မိမိလို ဝမ်းမြောက်ရွှင်လန်း စေချင်တယ်၊ ငြိမ်သက်အေးချမ်းစေချင်တယ်။ (ဖိလိပ္ပိ ၂:​၁၇၊ ၁၈) ဒါကြောင့် ဝမ်းမြောက်တဲ့စိတ်သဘောထား မွေးမြူကြဖို့၊ အကျိုးသင့်အကြောင်းသင့်ရှိဖို့၊ ဆုတောင်းပြီး ဘုရားကို အမြဲအားကိုးနေဖို့၊ အတွင်းစိတ်အေးချမ်းစေမယ့်၊ ဘုရားနဲ့သင့်မြတ်စေမယ့်အရာတွေအပေါ် အာရုံစိုက်နေဖို့ စာရဲ့အဆုံးပိုင်းမှာ အားပေးတိုက်တွန်းခဲ့တာပါ။​—ဖိလိပ္ပိ ၄:​၄-၉

 ဖိလိပ္ပိကျမ်းအကြောင်း ပိုသိနိုင်ဖို့ ဒီဗီဒီယိုအတိုကို ကြည့်ပါ။