မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်အကြောင်း ပိုသိအောင်လုပ်ပါ

“စေတနာစိတ်နှင့် လှူသောသူကို ဘုရားသခင်နှစ်သက်”

“စေတနာစိတ်နှင့် လှူသောသူကို ဘုရားသခင်နှစ်သက်”

ဘယ်လိုလက်ဆောင်မျိုးကို သင် တန်ဖိုးထားပါသလဲ။ တာဝန်ဝတ္တရားအရမဟုတ်ဘဲ ချစ်လို့ခင်လို့ပေးလာတဲ့ လက်ဆောင်မျိုးကို အားလုံးလိုလို နှစ်သက်ကြမှာ သေချာပါတယ်။ ဒါကြောင့် ပေးကမ်းတဲ့အခါ ပေးတဲ့သူရဲ့ စိတ်ရင်းစေတနာက အရမ်းအရေးကြီးပါတယ်။ စိတ်ရင်းစေတနာက ကျွန်ုပ်တို့အတွက်သာမက ဘုရားသခင်အတွက်လည်း အရေးပါတယ်။ ဒါနဲ့ပတ်သက်လို့ ဘုရားသခင့်စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးသားထားတဲ့ ၂ ကောရိန္သု ၉:၇ က တမန်တော်ပေါလုရဲ့ စကားတွေကို သုံးသပ်ကြည့်ပါ။

ဒီကျမ်းချက်ကို ပေါလု ဘာကြောင့်ရေးခဲ့တာလဲ။ ယုဒပြည်မှာရှိတဲ့ ခရစ်ယာန်တွေရဲ့ လိုအပ်ရာကို ထောက်ပံ့ပေးဖို့ ကောရိန္သုမြို့က ခရစ်ယာန်တွေကို သူအားပေးလိုတဲ့အတွက်ဖြစ်တယ်။ ပေါလုဟာ ကောရိန္သုမြို့မှာရှိတဲ့ ခရစ်ယာန်တွေဆီက အလှူငွေ အတင်းအကျပ် ကောက်ခံခဲ့သလား။ မကောက်ခံခဲ့ပါဘူး။ အဲဒီအစား သူဒီလို ရေးခဲ့တယ်– “လူတိုင်း မိမိနှလုံး၌ ဆုံးဖြတ်ထားသည့်အတိုင်း လှူပါစေ။ နှမြောတွန့်တိုစိတ်နှင့်လည်းကောင်း၊ မလှူမနေရဟူသော သဘောနှင့်လည်းကောင်း မလှူရ။ အကြောင်းမူကား စေတနာစိတ်နှင့် လှူသောသူကို ဘုရားသခင် နှစ်သက်တော်မူ၏။” အဲဒီတိုက်တွန်းချက်တစ်ချက်စီကို အသေးစိတ် သုံးသပ်ကြည့်ရအောင်။

“နှလုံး၌ ဆုံးဖြတ်ထားသည့်အတိုင်း လှူပါစေ။” စစ်မှန်တဲ့ခရစ်ယာန်တစ်ဦးဟာ သူ့ ‘စိတ်နှလုံး’ မှာ ပေးကမ်းမယ်လို့ ဆုံးဖြတ်ထားတဲ့အတွက် ပေးကမ်းလိုက်တာဖြစ်တယ်ဆိုတဲ့အချက်ကို ပေါလု ထောက်ပြခဲ့တယ်။ ဒါကိုကြည့်ရင် ခရစ်ယာန်တစ်ယောက်ဟာ ဝတ်ပြုသူချင်းတွေရဲ့လိုအပ်ရာကို သေချာစဉ်းစားတယ်ဆိုတာ ပေါ်လွင်နေတယ်။ ဒီကျမ်းစကားမှာပါတဲ့ “ဆုံးဖြတ်” လို့ပြန်ဆိုထားတဲ့ ဂရိစကားလုံးက ကြိုတင်စီစဉ် ဒါမှမဟုတ် ကြိုတင်စဉ်းစားထားတယ် ဆိုတဲ့အဓိပ္ပာယ် ရှိတယ်လို့ ကျမ်းပညာရှင်တစ်ဦးက ဆိုတယ်။ ဒါကြောင့် ခရစ်ယာန်တစ်ဦးဟာ ယုံကြည်သူချင်းတွေ ဘာလိုအပ်တယ်၊ သူတို့ကို ဘာကူညီပေးနိုင်တယ်ဆိုပြီး စဉ်းစားတတ်တယ်။—၁ ယောဟန် ၃:၁၇

“နှမြောတွန့်တိုစိတ်နှင့်လည်းကောင်း၊ မလှူမနေရဟူသော သဘောနှင့်လည်းကောင်း မလှူရ။” ဒီနေရာမှာ ခရစ်ယာန်တွေ ရှောင်သင့်တဲ့ ပေးကမ်းလှူဒါန်းခြင်းနှစ်မျိုးကို တွေ့နိုင်တယ်။ အဲဒီနှစ်မျိုးက မပေးချင်ပေးချင်နဲ့ပေးတာမျိုး၊ အတင်းပေးခိုင်းလို့ပေးရတာမျိုး ဖြစ်တယ်။ “နှမြောတွန့်တိုစိတ်” လို့ ပြန်ဆိုထားတဲ့ ဂရိစကားလုံးက “ဝမ်းနည်းစိတ်” ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ နှမြောတွန့်တိုစိတ်နဲ့ ဒါမှမဟုတ် မပေးချင်ပေးချင်နဲ့ ပေးတဲ့သူရဲ့ စိတ်ထဲမှာ “ပိုက်ဆံကုန်သွားပြီဆိုတဲ့ အတွေးနဲ့ ဝမ်းနည်းနေတတ်တယ်” လို့ စာအုပ်တစ်အုပ်က ရှင်းပြတယ်။ တချို့တွေက မဖြစ်မနေပေးရမယ်ဆိုတဲ့ ခံစားချက်ကြောင့် ပေးကြတာလည်းရှိတယ်။ အဲဒီလို မပေးချင်ပေးချင် ဒါမှမဟုတ် မဖြစ်မနေမို့လို့ ပေးလာတဲ့ လက်ဆောင်ကို ကျွန်ုပ်တို့ နှစ်သက်ပါ့မလား။

“စေတနာစိတ်နှင့် လှူသောသူကို ဘုရားသခင် နှစ်သက်တော်မူ၏။” ခရစ်ယာန်တစ်ယောက်က ပေးကမ်းလှူဒါန်းဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် စေတနာစိတ်နဲ့ ပျော်ရွှင်စွာ ပေးကမ်းသင့်တယ်လို့ ကျမ်းချက်က ဆက်ဖော်ပြတယ်။ တကယ်တော့ ပျော်ရွှင်မှုဆိုတာ စိတ်ရင်းစေတနာနဲ့ ပေးကမ်းခြင်းကနေ ပြန်ရရှိတဲ့အရာတစ်ခုပါ။ (တမန်တော် ၂၀:၃၅) စေတနာစိတ်နဲ့ ပေးကမ်းသူရဲ့ ပျော်ရွှင်မှုကို တခြားသူတွေတောင် တွေ့မြင်နိုင်တယ်။ ဒါကြောင့်လည်း “စေတနာစိတ်” လို့ ပြန်ဆိုထားတဲ့ မူရင်းဂရိစကားလုံးက ပေးကမ်းသူရဲ့ ပျော်ရွှင်မှုဟာ စိတ်ထဲမှာရော မျက်နှာမှာပါ ပေါ်လွင်ကြောင်းကို ဖော်ပြတယ်။ အဲဒီအပြင် စေတနာစိတ်နဲ့ ပေးကမ်းသူက လူလူချင်းကိုသာမက ဘုရားသခင်ကိုပါ ဝမ်းမြောက်ကြည်နူးစေတယ်။ နောက်ဘာသာပြန်ကျမ်းတစ်ခုက အခုလို ပြောတယ်– “ပေးကမ်းချင်စိတ်ရှိသူတွေကို ဘုရားသခင် နှစ်သက်တော်မူ၏။”—Contemporary English Version.

“ပေးကမ်းချင်စိတ်ရှိသူတွေကို ဘုရားသခင် နှစ်သက်”

သမ္မာကျမ်းစာမှာပါတဲ့ ပေါလုရဲ့ ဒီစကားတွေက ပေးကမ်းလှူဒါန်းတဲ့အခါ ခရစ်ယာန်တွေ လိုက်လျှောက်သင့်တဲ့ မူတစ်ခုကို ဖော်ပြပေးတယ်။ အဲဒါကတော့ ကျွန်ုပ်တို့ရဲ့ အချိန်၊ ခွန်အား၊ ရုပ်ပစ္စည်းတွေကို ပေးတဲ့အခါ ကျွန်ုပ်တို့ကိုယ်တိုင် ပေးချင်တဲ့ဆန္ဒရှိလို့ ပေးတာမျိုး၊ တခြားသူတွေ အထူးသဖြင့် လိုအပ်နေတဲ့သူတွေကို ရက်ရက်ရောရော ပေးကမ်းခြင်းအားဖြင့် ပျော်ရွှင်မှု ခံစားရလို့ ပေးတာမျိုး ဖြစ်ရမယ်။ အဲဒီလိုပေးကမ်းခြင်းက ကျွန်ုပ်တို့ကို ပျော်ရွှင်စေတဲ့အပြင် ဘုရားသခင်ရဲ့ နှစ်သက်မှုကိုလည်း ရရှိစေတယ်။ အကြောင်းက “စေတနာစိတ်နှင့် လှူသောသူကို ဘုရားသခင် နှစ်သက်” တဲ့အတွက် ဖြစ်တယ်။

စက်တင်ဘာလအတွက် ကျမ်းစာဖတ်ရှုခြင်း အစီအစဉ်

နဲ့ ၂ ကောရိန္သု