မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သိပါသလော

သင်သိပါသလော

သင်သိပါသလော

သမ္မာကျမ်းစာတွင် မှားယွင်းသောဗာလနတ်ဘုရားကိုးကွယ်မှုကို လိင်ဖောက်ပြန်သောပွဲများနှင့် အဘယ်ကြောင့် ဆက်စပ်ဖော်ပြသနည်း။

ခါနာန်လူမျိုးတို့၏နတ်ဘုရားဗာလသည် မျိုးပွားနတ်ဘုရားတစ်ပါးဖြစ်သည်။ ကောက်ပဲသီးနှံများ ဖြစ်ထွန်းအောင်မြင်ပြီး ကျွဲနွားတိရစ္ဆာန်ကောင်ရေ တိုးများလာခြင်းမှာ ဗာလနတ်ဘုရားကြောင့်ဖြစ်သည်ဟု ဗာလဝတ်ပြုသူများ ယုံကြည်ကြသည်။ “နတ်ကွန်းဗိမာန်များတွင် ပြုကျင့်သောလိင်မှုကိစ္စများသည် မုန်တိုင်းနတ်ဘုရား ဗာလနှင့် ကြင်ဖော်နတ်ဘုရားမ အာရှရတို့ကို လိင်ဆက်ဆံကြရန် အားပေးရာရောက်သည်၊ ထိုသို့ပြုလျှင် တိုင်းပြည်တွင် မြေသြဇာကောင်းစေပြီး ကောက်ပဲသီးနှံများနှင့်ကျွဲနွားတိရစ္ဆာန်များ ဖြစ်ထွန်းအောင်မြင်စေသည်” ဟု အကိုးအကားစာအုပ်တစ်အုပ်ကဆိုသည်။—Manners and Customs in the Bible.

ဗာလသည် မိုးခေါင်ခြင်းနှင့်သေခြင်းတို့၏နတ်ဘုရား မော့တ်ကို အရေးနိမ့်ခဲ့ရာ နက်လှသော မြေကြီးအောက်အရပ်သို့ ခြောက်သွေ့ရာသီတွင် ဆုတ်ခွာသွားသည်ဟု ခါနာန်လူမျိုးတို့ ယုံကြည်ကြသည်။ သို့သော် မိုးစတင်ရွာသွန်းခြင်းက ဗာလအစွမ်းတန်ခိုးပြန်ရလာသည့်အတွက် သီးနှံပင်များနှင့်သက်ရှိများ ပြန်လည်ပေါများ ရှင်သန်လာမည်ဟူသော အမှတ်အသားဖြစ်သည်ဟု သူတို့ယုံကြည်ကြသည်။ ထိုရာသီတွင် ခါနာန်လူမျိုးတို့သည် အထိန်းအကွပ်မရှိသော ပွဲလမ်းသဘင်များကို ကျင်းပကြသည်။ အစ္စရေးလူမျိုးတို့သည် “မောဘမိန်းမတို့နှင့် မတရားသောမေထုန်ကိုပြုကြ” သောကြောင့် ဗာလပေဂုရနှင့် ပတ်သက်မိခြင်းဖြစ်သည်ဟု ယင်းက နားလည်စေသည်။—တောလည်ရာ ၂၅:၁-၃

ယေရှုက ကျမ်းတတ်နှင့်ဖာရိရှဲတို့သည် ‘ထုံးဖြူသုတ်ထားသော သင်္ချိုင်းဂူ’ နှင့်တူသည်ဟု မိန့်ဆိုသောအခါ အဘယ်အရာကို ဆိုလိုခဲ့ခြင်းနည်း။

ယေရှုသည် ကျမ်းတတ်နှင့်ဖာရိရှဲတို့ကို ကြောင်သူတော်များဟု အပြစ်တင်ကာ ဤသို့မိန့်ဆိုခဲ့သည်– “သင်တို့သည် အပြင်၌ထုံးဖြူသုတ်၍ လှပတင့်တယ်သော သင်္ချိုင်းဂူနှင့်တူကြ၏။ အတွင်း၌ကား လူသေအရိုး၊ မသန့်ရှင်းသောအရာအမျိုးမျိုးနှင့် ပြည့်လျက်ရှိကြ၏။” (မဿဲ ၂၃:၂၇) ဂျူးတို့သည် သင်္ချိုင်းကမ္ပည်းကျောက်တိုင်များကို မြင်သာစေရန် ပသခါပွဲမတိုင်မီ အက်ဒါလ၊ ၁၅ ရက်နေ့ မိုးရာသီအကုန်ပိုင်းတွင် ထုံးတမ်းစဉ်လာအရ ထုံးဖြူသုတ်တတ်ကြသည်။ မိုးရာသီတွင် သင်္ချိုင်းဂူများပေါ်မှ ထုံးဖြူများ ပျက်သွားသောကြောင့်ဖြစ်သည်။

သင်္ချိုင်းဂူများကြောင့် “ပသခါပွဲတော်သို့ တက်ရောက်မည့်ဘုရားဖူးခရီးသည်များ” မညစ်ညူးစေရန် ၎င်းတို့ကို ထုံးဖြူသုတ်ထားပေးခြင်းဖြစ်သည်ဟု ဂျူးစွယ်စုံကျမ်းတွင် ဖော်ပြထား၏။ လူသေကောင်၊ လူအရိုး သို့မဟုတ် လူသေမြုပ်နှံသည့်နေရာကို ထိကိုင်မိသူတိုင်း ခုနစ်ရက် မစင်ကြယ်ဟု တောလည်ရာ ၁၉:၁၆ ပါပညတ်က ဆို၏။ အစ္စရေးလူမျိုးသည် ထုံးတမ်းနှင့်ညီသောသန့်ရှင်းမှုမရှိလျှင် စင်ကြယ်သောဝတ်ပြုရေးနှင့်ဆိုင်သော လုပ်ဆောင်မှုများတွင် ပါဝင်ခွင့်မရကြချေ၊ ပါဝင်ပါက သေဒဏ်ခံရမည်။ (ဝတ်ပြုရာ ၁၅:၃၁) ယေရှုသည် ပသခါပွဲမတိုင်မီ ရက်ပိုင်းအတွင်း ထိုပုံဥပမာကို ပြောခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကိုယ်တော်၏စကားကို နားထောင်နေသူတို့သည် နှစ်စဉ် သင်္ချိုင်းဂူထုံးဖြူသုတ်ခြင်းကို ကောင်းစွာသိရှိကြသည်။ ယေရှုသည် မိမိအားဆန့်ကျင်သော ဘာသာရေးခေါင်းဆောင်များ၏ အပြင်ပန်းအသွင်အပြင်ကို ပြောနေခြင်းမဟုတ်ဘဲ ထိုသူတို့နှင့်ပေါင်းသင်းဆက်ဆံခြင်းက ဝတ်ပြုရေးအရ ညစ်ညူးသွားနိုင်သည်ဟူသောအချက်ကို ထောက်ပြခဲ့ခြင်းဖြစ်သည်။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ဘီစီ ၁၄-၁၃ ရာစုက မိုးကြိုးနတ်ဘုရား ဗာလ၏ မတ်ရပ်ထုံးကျောက်တိုင်

[Credit Line]

Musée du Louvre, Paris