မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်၏ စူးစမ်းသိလိုစိတ်ကို ကောင်းစွာအသုံးပြုပါ

သင်၏ စူးစမ်းသိလိုစိတ်ကို ကောင်းစွာအသုံးပြုပါ

သင်၏ စူးစမ်းသိလိုစိတ်ကို ကောင်းစွာအသုံးပြုပါ

“လူသည် မေးခွန်းမေးတတ်သော သတ္တဝါဖြစ်သည်။ ကျွန်ုပ်တို့ မွေးဖွားချိန်စမှ၍ မေးခွန်းစမေးကြသည်။ . . . လူ့သမိုင်း ဟူသည် လူတို့ဖော်ထုတ်ခဲ့သော အမေးအဖြေများ၏ သမိုင်းကြောင်းဟူ၍ပင် ဆိုနိုင်၏။” —အော့တေးဗီးရိုပဇ်၊ မက္ကဆီကန်ကဗျာဆရာ။

င်းချက်နည်းအသစ်တီထွင်ရန် စားဖိုမှူးတစ်ဦးအား အဘယ်အရာက လှုံ့ဆော်ပေးသနည်း။ ဝေးလံသောနေရာဒေသများသို့ စွန့်စားသွားရောက်ရန် စူးစမ်းရှာဖွေသူတစ်ဦးအား အဘယ်အရာက တွန်းအားပေးသနည်း။ မေးခွန်းများစွာမေးရန် ကလေးငယ်တစ်ဦးအား အဘယ်အရာက စေ့ဆော်ပေးသနည်း။ အများအားဖြင့် စူးစမ်းသိလိုစိတ်ကြောင့်ဖြစ်၏။

အသင်ကော မည်သို့နည်း။ အယူအဆသစ်များ သို့မဟုတ် စိတ်ဝင်စားဖွယ်မေးခွန်းများကို အဖြေရှာလိုစိတ်က သင်၏စူးစမ်းသိလိုစိတ်ကို နှိုးဆွသလော။ ဥပမာ၊ အသက် ဘယ်ကလာသနည်း။ ကျွန်ုပ်တို့ အဘယ်ကြောင့် ကမ္ဘာပေါ် ရောက်နေရသနည်း။ ဘုရားသခင် တည်ရှိပါသလော။ ကလေးဘဝမှစ၍ ထိုကဲ့သို့သောမေးခွန်းများမေးရန်နှင့် ကိစ္စရပ်များ၏နောက်ကွယ်ရှိ အကြောင်းရင်းများကို ရှာဖွေရန် စူးစမ်းသိလိုစိတ်က ကျွန်ုပ်တို့အများစုကို လှုံ့ဆော်လေ့ရှိသည်။ ကျွန်ုပ်တို့သည် အကြောင်းအရာတစ်ခုကို အလွန်စိတ်ဝင်စားသောအခါ ယင်းနှင့်ပတ်သက်၍ အတတ်နိုင်ဆုံး ကြိုးစားရှာဖွေလေ့လာတတ်ကြသည်။ ထို့ကြောင့် စူးစမ်းသိလိုစိတ်သည် အံ့သြဖွယ်အကျိုးရလဒ်များ ရရှိစေနိုင်သည်။ သို့သော် ယင်းသည် ပြဿနာများအပြင် ဘေးအန္တရာယ်များကိုပင် ဖြစ်ပေါ်စေနိုင်သည်။

သတိနှင့်မျှတမှုလိုအပ်

စူးစမ်းသိလိုစိတ်ကို ကောင်းစွာအသုံးမပြုပါက အန္တရာယ်ဖြစ်စေနိုင်သည်။ ဥပမာ၊ ကလေးငယ်တစ်ဦးသည် သိလိုစိတ်ကြောင့် ပူနေသောမီးဖိုကို လက်ဖြင့်တို့ထိပေမည်၊ ယင်းက အန္တရာယ်ရှိသော ဆိုးကျိုးများကိုဖြစ်ပေါ်စေနိုင်၏။ တစ်ဖက်တွင်မူ စူးစမ်းသိလိုစိတ်ရှိခြင်းသည် အသိပညာတိုးစေပြီး အဖြေရှာရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးနိုင်သည်။ သို့သော် စူးစမ်းသိလိုစိတ်ကို လှုံ့ဆော်သည့်အရာမှန်သမျှအား လေ့လာလိုက်စားခြင်းသည် ပညာရှိရာရောက်ပါသလော။

မလေ့လာမလိုက်စားသင့်သော အသိပညာများလည်း ရှိပါသည်၊ အကြောင်းမှာ ယင်းတို့သည် အကျိုးယုတ်စေသောကြောင့်ဖြစ်၏။ အပြာစာပေရုပ်ရှင်၊ မှော်အတတ်ပညာ၊ တစ်ယူသန်ဂိုဏ်းများ သို့မဟုတ် အစွန်းရောက်အုပ်စုများ၏ သွန်သင်ချက်များကို စူးစမ်းခြင်းသည် ကျွန်ုပ်တို့၏ကောင်းကျိုးကို အလွယ်တကူ ပျက်ပြားစေနိုင်သည်။ ယင်းတို့နှင့် အခြားကိစ္စရပ်များတွင် ကျွန်ုပ်တို့သည် ဟေဗြဲဆာလံဆရာကို တုပသင့်သည်၊ သူဤသို့ဆုတောင်းခဲ့သည်– ‘အချည်းနှီးကို ပမာဏမပြုစေခြင်းငှာ အကျွန်ုပ်မျက်စိကို အခြားသို့လွှဲတော်မူပါ။’—ဆာလံ ၁၁၉:၃၇

အကျိုးမယုတ်စေနိုင်သော်လည်း အမှန်ပင်အဓိပ္ပာယ်မဲ့ပြီး မလိုအပ်သော အသိပညာလည်းရှိသည်။ ဥပမာ၊ နာမည်ကျော်ရုပ်ရှင်သရုပ်ဆောင်များ သို့မဟုတ် ထင်ပေါ်ကျော်ကြားသူများ၏ ကိုယ်ရေးကိုယ်တာကိစ္စအားလုံးကိုသိရှိခြင်း၊ အားကစားအသင်းနှင့် ကစားသူတိုင်း၏ စာရင်းအချက်အလက်များကို မှတ်သားခြင်း သို့မဟုတ် နောက်ဆုံးပေါ်ပစ္စည်းများနှင့် ခေတ်အမီဆုံးကားအမျိုးအစားအားလုံးကို သိရှိခြင်းကြောင့် အဘယ်အကျိုးရရှိသနည်း။ ယင်းကိစ္စများတွင် “ကျွမ်းကျင်နှံ့စပ်သူများ” ဖြစ်ခြင်းက လူအများစုအတွက် မည်သည့်အကျိုးမျှ မရရှိစေပါ။

စိတ်လှုံ့ဆော်မှုဖြစ်စေသော ပုံနမူနာ

မှန်ပါသည်၊ စူးစမ်းသိလိုစိတ်ကြောင့် အကျိုးရရှိစေသောအရာများလည်း ရှိသည်။ ၁၉ ရာစုမှ သဘာဝလောကပညာရှင်နှင့် စူးစမ်းရှာဖွေသူတစ်ဦးဖြစ်သော ဂျာမန်လူမျိုး အလက်ဇန္ဒားဗော်န်ဟမ်ဘို့၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ တောင်အမေရိကနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းရှိ ရေစီးကြောင်းကိုပင် ဟမ်ဘို့ရေစီးကြောင်းဟု မှည့်ခေါ်ခဲ့သည်။

တစ်ချိန်တွင် ဟမ်ဘို့ ဤသို့ဆိုသည်– “ဥရောပသားတွေ သိပ်မလည်ပတ်ကြတဲ့ ဒေသအဝေးကြီးတွေကို ကျွန်တော် ခရီးထွက်ချင်တဲ့ဆန္ဒ ပြင်းပြခဲ့တာ ကလေးဘဝကတည်းကပဲ။ ကျွန်တော့်အတွင်းစိတ်ရဲ့ ပြင်းပြတဲ့လှုံ့ဆော်မှုကို မလွန်ဆန်နိုင်တော့တဲ့အခါ အဲဒီနေရာတွေကို စူးစမ်းလေ့လာလိုစိတ် ပေါ်ပေါက်လာတယ်။” အသက် ၂၉ နှစ်တွင် ဗဟိုအမေရိကနှင့် တောင်အမေရိကသို့ ခရီးထွက်ခဲ့ရာ ယင်းစူးစမ်းရှာဖွေရေးခရီးစဉ်သည် ငါးနှစ်ကြာခဲ့သည်။ သူစုဆောင်းရရှိခဲ့သည့် အချက်အလက်များဖြင့် အတွဲ ၃၀ ရှိ ခရီးသွားမှတ်တမ်းတစ်စောင် ပြုစုခဲ့သည်။

သမုဒ္ဒရာ၏အပူချိန်၊ သမုဒ္ဒရာအတွင်းရှိငါးများနှင့် ခရီးစဉ်တစ်လျှောက် သူတွေ့မြင်ခဲ့သည့်အပင်များ စသည့်အရာရာတိုင်းသည် ဟမ်ဘို့၏စိတ်အာရုံကို ဆွဲဆောင်ခဲ့သည်။ သူသည် တောင်များကိုတက်ပြီး မြစ်များကို စူးစမ်းလေ့လာကာ သမုဒ္ဒရာများသို့ ရွက်လွှင့်ခဲ့သည်။ သူ၏လေ့လာတွေ့ရှိချက်များသည် ခေတ်သစ်သိပ္ပံပညာ၏ နယ်ပယ်များစွာအတွက် အခြေခံအုတ်မြစ်ချပေးခဲ့သည်။ ထိုအရာအားလုံးသည် သူ၏သိလိုစိတ်ပြင်းပြခြင်းနှင့် အသိပညာဆည်းပူးလိုစိတ်ပြင်းပြခြင်းတို့ကြောင့် အစပြုခဲ့ခြင်းဖြစ်သည်။ အမေရိကန်စာတမ်းတိုရေးသူ ရာ့ဖ်ဝေါ်ဒိုအီမာဆန်က “ဟမ်ဘို့သည် လူ့စိတ်စွမ်းအင်နှင့် ဉာဏ်အရည်အသွေး၏ တတ်စွမ်းနိုင်မှုကို ဖော်ပြရန် ရံဖန်ရံခါ ပေါ်ပေါက်လာတတ်သည့် ကမ္ဘာ့အံ့ဖွယ်လူသားများထဲမှ တစ်ဦးဖြစ်သည်” ဟုဆိုသည်။

စူးစမ်းလေ့လာထိုက်သော အသိပညာတစ်ရပ်

ကမ္ဘာ့စူးစမ်းရှာဖွေသူများ ဖြစ်လာရန် သို့မဟုတ် သိပ္ပံဆိုင်ရာရှာဖွေတွေ့ရှိချက်များ ပြုလုပ်ရန် ကျွန်ုပ်တို့ထဲမှ အနည်းငယ်သာ အခြေအနေပေးမည်မှာ မှန်သည်။ သို့သော် ကျွန်ုပ်တို့၏စိတ်စွမ်းရည်ကို အသုံးချနိုင်သော အသိပညာတစ်မျိုးရှိပါသည်၊ ယင်းသည် အခြားမည်သည့်လေ့လာလိုက်စားမှုထက်မဆို များစွာအကျိုးရရှိနိုင်သည်။ ယေရှုခရစ်သည် မိမိကောင်းကင်ခမည်းတော်ထံ ဆုတောင်းရာတွင် ယင်းကို ဤသို့ဖော်ပြခဲ့သည်– “ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။”—ယောဟန် ၁၇:၃

စစ်မှန်သောဘုရားသခင် ယေဟောဝါနှင့် ကိုယ်တော့်သားတော် ယေရှုခရစ်ကို သိကျွမ်းသောအသိပညာသည် သိလိုစိတ်ပြင်းပြသူတစ်ဦးကို အခြားမည်သည့်အကြောင်းအရာကမျှ မပေးနိုင်သော အကျိုးကျေးဇူး ရရှိစေနိုင်သည်။ ဤဆောင်းပါးအစတွင် ဖော်ပြထားသော ဘဝနှင့်ဆိုင်သည့်မေးခွန်းများကို ပြန်အမှတ်ရပါ။ အခြားအရေးကြီးသည့် မေးခွန်းများမှာ– ကမ္ဘာပေါ်တွင် ဆင်းရဲခက်ခဲမှု အဘယ်ကြောင့် ဤမျှများပြားရသနည်း။ ကမ္ဘာသည် လူသားတို့၏လက်ချက်ဖြင့် ယိုယွင်းပျက်စီးသွားမည်လော။ ယင်းသို့မဖြစ်စေရန် ဘုရားသခင် အဘယ်အရာ ပြုလုပ်မည်နည်း။ ထိုမေးခွန်းများ၏အဖြေကိုရှာတွေ့ခြင်းသည် ကျွန်ုပ်တို့၏ စူးစမ်းသိလိုစိတ်ကို ကျေနပ်စေရုံထက်မကပါ။ ယေရှုဆိုသကဲ့သို့ ယင်းသည် “ထာဝရအသက်” ရစေနိုင်၏။ ယင်းကို ကျွန်ပ်တို့ အဘယ်ကြောင့်စိတ်ချနိုင်သနည်း။

ကျမ်းစာသည် ဘုရားသခင့်မှုတ်သွင်းခံစကားဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ တမန်တော်ပေါလု ဤသို့ရေးခဲ့သည်– ‘ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ ဘုရားသခင်၏လူသည် စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုစုခြင်းအလို့ငှာ ပြင်ဆင်သောသူဖြစ်မည်အကြောင်း၊ ဆုံးမခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်းကျေးဇူးများကို ပြုတတ်၏။’—၂ တိမောသေ ၃:၁၆၊ ၁၇

စဉ်းစားကြည့်ပါ– ကောင်းသောအမှုအမျိုးမျိုးကို ပြုလုပ်ရန် ကျွန်ုပ်တို့အား အရည်အချင်းပြည့်မီစေနိုင်သည့် အသိပညာကို ကျမ်းစာကပေးသည်ဟု တမန်တော်ပြောခဲ့သည်။ ယင်းက ကိစ္စရပ်များကို ဘုရားသခင့်အမြင်ဖြင့် ရှုမြင်တတ်ရန် ကျွန်ုပ်တို့အား ကူညီပေးနိုင်သည်။ ဘုရားသခင့်အသိပညာနှင့် ဉာဏ်ပညာသည် မည်သူထက်မဆို သာလွန်ကြောင်း ကျွန်ုပ်တို့သိရှိကြသည်။ ပရောဖက်ဟေရှာယသည် ဤလေးနက်သောဖော်ပြချက်ကို မှတ်တမ်းတင်ရန် မှုတ်သွင်းခံခဲ့ရသည်– ‘ထာဝရဘုရားသခင်မိန့်တော်မူသည်ကား “ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်နှင့်မတူ။ ငါ၏အကျင့်သည်လည်း သင်တို့၏အကျင့်နှင့်မတူ။ မိုးကောင်းကင်သည် မြေကြီးထက်သာ၍မြင့်သကဲ့သို့ ငါ၏အကျင့်သည် သင်တို့၏အကျင့်ထက်လည်းကောင်း၊ ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်ထက်လည်းကောင်း သာ၍မြင့်၏။” ’—ဟေရှာယ ၅၅:၈၊ ၉

ဘုရားသခင်၏ မြင့်မားသောနည်းလမ်းတော်များနှင့် အတွေးအခေါ်များအကြောင်း သင်သိလိုပါသလော။ ဘုရားသခင့်နှုတ်မြွက်တော်သမ္မာကျမ်းစာတွင် ဖော်ပြထားသော ဘုရားသခင်၏ နည်းလမ်းတော်များနှင့် အတွေးအခေါ်များအကြောင်းကို ရှာဖွေရန် သင်၏သိလိုစိတ်ပြင်းပြမှုက သင့်ကို လှုံ့ဆော်သလော။ ဆင်းရဲခက်ခဲမှုများ အဆုံးတိုင်စေရန် ဘုရားသခင်ပြုလုပ်မည့်အရာနှင့် နာခံမှုရှိသောလူသားများအတွက် ကိုယ်တော်သိုမှီးထားရာများကို သင်ယူလိုစိတ်ပြင်းပြပါသလော။ ကျမ်းစာက သင့်ကို ဤသို့ဖိတ်ခေါ်ထားသည်– ‘ထာဝရဘုရားသခင်သည် ကောင်းမြတ်တော်မူသည်အကြောင်းကို မြည်းစမ်း၍သိမှတ်ကြလော့။ ကိုယ်တော်ကိုခိုလှုံသောသူသည် မင်္ဂလာရှိ၏။’—ဆာလံ ၃၄:၈

ဘုရားသခင့်နှုတ်မြွက်တော်၏ တန်ခိုးပါသောအမှန်တရားများသည် စိတ်နှလုံးရိုးဖြောင့်သူများအပေါ် များစွာအကျိုးသက်ရောက်နိုင်သည်၊ အလင်းရောင်ကို ဦးဆုံးအကြိမ် တွေ့မြင်ရသူအပေါ် များစွာအကျိုးသက်ရောက်နိုင်သကဲ့သို့ဖြစ်သည်။ တမန်တော်ပေါလုသည် ဤသို့ကြေညာရန် လှုံ့ဆော်ခံခဲ့ရသည်– “ဘုရားသခင်၏ပညာနှင့်ဉာဏ်တော်သည် အလွန်ကျယ်ဝန်းနက်နဲစွတကား။ စီရင်တော်မူချက်တို့ကို အဘယ်သူမျှစစ်၍မကုန်နိုင်။ ကြွတော်မူရာလမ်းတို့ကို လိုက်၍ရှာသော်လည်း မတွေ့မမီနိုင်။” (ရောမ ၁၁:၃၃) ကျွန်ုပ်တို့သည် ဘုရားသခင့်အသိပညာနှင့် ဉာဏ်ပညာကို မည်သည့်အခါမျှ အပြည့်အဝနားမလည်နိုင်သည်မှာ အမှန်ပင်။ ထို့ကြောင့် မည်သည့်အခါမျှ ငြီးငွေ့မည်မဟုတ်ဘဲ စူးစမ်းလေ့လာစရာ အသစ်အဆန်းတစ်ခုခု အမြဲရှိမည့် စိတ်လှုပ်ရှားဖွယ်အလားအလာ အနာဂတ်တွင် ရှိပါသည်။

ယင်းကို ဆက်လက်ရှင်သန်စေပါ

ကျွန်ုပ်တို့အများစုသည် ထင်ရှားသောစူးစမ်းလေ့လာသူများ သို့မဟုတ် တီထွင်သူများ ဘယ်သောအခါမျှ မဖြစ်လာမည်မှာ မှန်၏။ ထို့ပြင် သာမန်သက်တမ်းအတွင်း ကျွန်ုပ်တို့ နားလည်လိုသမျှ အရာရာတိုင်းကို နားလည်သဘောပေါက်ရန်လည်း မဖြစ်နိုင်ချေ။ သို့သော် သင်၏စူးစမ်းသိလိုစိတ်ကို မရပ်တန့်လိုက်ပါနှင့်။ ဘုရားသခင် မေတ္တာပါစွာထည့်သွင်းပေးခဲ့သော အသိပညာဆည်းပူးလိုသည့်ဆန္ဒကို ဆက်လက်ရှင်သန်နေစေပါ။

ဘုရားသခင်ထံမှ ထိုလက်ဆောင်မွန်ကို ကောင်းစွာအသုံးချကာ ဘုရားသခင့်မှုတ်သွင်းခံကျမ်းစာအား တိကျမှန်ကန်စွာ နားလည်သဘောပေါက်လာရန် ကြိုးစားပါ။ သင်ထိုသို့ပြုပါက လောလောဆယ် ဘဝတွင် အဓိပ္ပာယ်ရှိကာ ပျော်ရွှင်မှုခံစားရပြီး ထာဝရကာလတစ်လျှောက်တွင်လည်း ထိုသို့ဖြစ်ရန် မျှော်လင့်စောင့်စားနိုင်သည်။ ကျမ်းစာက ဤသို့ဆိုသည်– ‘[ဘုရားသခင်သည်] ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ လျောက်ပတ်စွာဖန်ဆင်းတော်မူပြီ။ လူစိတ်နှလုံးကိုလည်း ထာဝရကာလ၌စွဲလမ်းစေတော်မူပြီ။ သို့ရာတွင် ဘုရားသခင်စီရင်တော်မူသောအမှုကို အစမှအဆုံးတိုင်အောင် လူသည်စစ်၍မကုန်နိုင်။’—ဒေ. ၃:၁၁

[စာမျက်နှာ ၂၁ ပါလေးထောင့်ကွက်/ပုံ]

ယင်းတို့ကို သင်သတိပြုမိသလော . . .

ကမ္ဘာ၏ပုံသဏ္ဌာန်ကို ကိုလံဘတ်စ်နှင့် မက်ဂျလန်တို့မတွေ့ ရှိမီ ရာစုနှစ်များစွာကပင် ကမ္ဘာသည် မပြားဘဲ စက်လုံးပုံရှိကြောင်း ကျမ်းစာကဖော်ပြခဲ့သည်။—ဟေရှာယ ၄၀:၂၂

• ကမ္ဘာသည် လဟာပြင်တွင် တည်ရှိနေကြောင်း အာကာသယာဉ်မှူးများမတွေ့ မြင်မီ ကြာမြင့်စွာကပင် မြေကြီးကို အခုအခံမရှိဆွဲထားကြောင်း ကျမ်းစာက ဖော်ပြခဲ့သည်။—ယောဘ ၂၆:၇

• လူ့ခန္ဓာကိုယ်၏သွေးလည်ပတ်မှုအကြောင်းကို အင်္ဂလိပ်ဆရာဝန် ဝီလျံဟာဗေး ရှာဖွေမတွေ့ရှိမီ အနည်းဆုံးနှစ်ပေါင်း ၂,၅၀၀ ကတည်းက နှလုံးသည် အသက်၏စမ်းရေ သို့မဟုတ် အသက်၏ပင်ရင်းအမြစ်ဖြစ်သည်ဟု ကျမ်းစာတွင် ဖော်ပြခဲ့သည်။ —သု. ၄:၂၃

• ကမ္ဘာ့ရေသံသရာသည် ကမ္ဘာပေါ်တွင် သက်ရှိများကို ရှင်သန်စေသော ဂေဟစနစ်၏ လုပ်ဆောင်မှုဖြစ်ကြောင်း လွန်ခဲ့သောနှစ်ပေါင်း ၃,၀၀၀ ခန့်၌ ကျမ်းစာက ရိုးရှင်းစွာဖော်ပြထားသည်။—ဒေ. ၁:၇

ထိုသိပ္ပံဆိုင်ရာအချက်အလက်များကို လူသားများ နားလည်ပြီး ရှာဖွေမတွေ့ ရှိမီ နှစ်ပေါင်းများစွာကပင် ကျမ်းစာ၌ ယင်းတို့ကို ဖော်ပြထားခြင်းမှာ အံ့ဩစရာမဟုတ်ပေလော။ အမှန်မှာ ကျမ်းစာတွင် ဘဝအတွက်အရေးပါသည့် အကြောင်းအရာများပါဝင်သော အဖိုးမဖြတ်နိုင်သည့်ရတနာသိုက်ရှိပြီး ယင်းကို တူးဖော်ရှာဖွေရန် သင့်အား စောင့်ဆိုင်းလျက်ရှိသည်။

[စာမျက်နှာ ၁၉ ပါပုံ]

အလက်ဇန္ဒား ဗော်န် ဟမ်ဘို့