မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ထာဝရအသက်ရှင်ခြင်း အလို့ငှာ ထွက်သောစမ်းရေ

ထာဝရအသက်ရှင်ခြင်း အလို့ငှာ ထွက်သောစမ်းရေ

ထာဝရအသက်ရှင်ခြင်း အလို့ငှာ ထွက်သောစမ်းရေ

“ငါပေးသောရေကိုသောက်သောသူမူကား ရေငတ်ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသောရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်းအလို့ငှာ ထွက်သောစမ်းရေ ဖြစ်လိမ့်မည်။”—ယောဟန် ၄:၁၄

ရွေ့ရွေ့လွင့်မျောနေသည့် အဖြူရောင်ဇာပုဝါများ လွှမ်းခြုံထားသော မိုးပြာရောင်စက်လုံးကြီးသည် တလက်လက်ဝင်းပနေသော ဖြူပြာရောင်ကျောက်မျက်တစ်ပွင့်အလား၊ လျှို့ဝှက်ဆန်းကြယ်လှသော မဟူရာပင်လယ်ကြီးထဲမှ ပုလဲလုံးလေးပမာ . . . လဝန်း၏နောက်မှ ဘွားခနဲပေါ်ထွက်လာ၏။”—အာကာသမှမြင်ရသောကမ္ဘာကို အာကာသယာဉ်မှူး အက်ဂါမစ်ရှဲလ်၏ သရုပ်ဖော်ချက်။

အထက်ပါအာကာသယာဉ်မှူးသည် ထိုသို့ကဗျာဆန်ဆန် ဖွဲ့နွဲ့ရလောက်အောင် ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်ကို အဘယ်အရာက ထိုမျှလင်းလက်လှပစေသနည်း။ ကမ္ဘာ့မျက်နှာပြင်လေးပုံသုံးပုံနီးပါးကို လွှမ်းခြုံထားသောရေထုပင်ဖြစ်ပေသည်။ အမှန်မှာ ရေသည် ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်ကို လှပစေရုံသာမက ကမ္ဘာ့သက်ရှိများကိုလည်း အသက်ဆက်စေနိုင်သည်။ လူ့ခန္ဓာကိုယ်၏ ၆၅ ရာခိုင်နှုန်းခန့်ကို ရေဖြင့်ဖွဲ့စည်းထားသည်။ ထို့ကြောင့် ရေနှင့်ပတ်သက်၍ စွယ်စုံကျမ်းတစ်စောင်က ဤသို့ဆို၏– “ယင်းသည် အသက်အတွက် အရေးပါ၏၊ အပင်နှင့်တိရစ္ဆာန်တို့၏ ဖြစ်စဉ်တိုင်းလိုလိုမှာ ရေနှင့်ဆက်နွှယ်မှုရှိသည်။”

ရေသည် မိမိအလိုအလျောက် အစဉ်သန့်စင်ပေးနိုင်စွမ်းရှိသောကြောင့် ကမ္ဘာ့ရေထုကို မည်သည့်အခါမျှ အစားထိုးဖို့မလိုအပ်ပေ။ စွယ်စုံကျမ်းတစ်စောင်က ဤသို့ဆိုသည်– “ကျွန်ုပ်တို့အသုံးပြုသော ရေစက်တိုင်းနီးပါးသည် သမုဒ္ဒရာအတွင်းသို့ ပြန်ရောက်ရှိသွားသည်။ ထိုတွင် နေရောင်ခြည်ဖြင့် အငွေ့ပြန်ကြသည်။ ထို့နောက် ကမ္ဘာပေါ်သို့ မိုးအဖြစ် ပြန်ရွာချသည်။ ရေကို ထပ်ခါထပ်ခါ ပြန်လည်အသုံးပြုကြသည်။ သို့သော် ကုန်ခန်းသွားသည်ဟူ၍ မရှိပေ။” လွန်ခဲ့သောနှစ်ပေါင်း ၃,၀၀၀ ခန့်တွင် ဤမှတ်သားဖွယ်ဖြစ်စဉ်အကြောင်း ကျမ်းစာတွင်ဖော်ပြထားသည်– “ခပ်သိမ်းသောမြစ်တို့သည် ပင်လယ်ထဲသို့ရောက်ကြ၏။ သို့သော်လည်း ပင်လယ်သည် မပြည့်တတ်။ မြစ်ရေသည် စီးထွက်ရာအရပ်သို့ တစ်ဖန်ပြန်သွားတတ်၏။” ကမ္ဘာ့ရေသံသရာမှာ အလွန်အံ့သြဖွယ် ဖန်ဆင်းခြင်းလက်ရာတစ်ခုပင်ဖြစ်သည်။—ဒေ. ၁:၇

အသက်အတွက် ရေ၏အရေးပါပုံနှင့် အံ့ဖွယ်နည်းဖြင့် ဖန်ဆင်းထားပုံကိုထောက်လျှင် ကျမ်းစာတွင် ယင်းအကြောင်း အကြိမ်ပေါင်း ၇၀၀ ကျော်ဖော်ပြထားသည်ကို မအံ့သြသင့်ပေ။ ကျမ်းစာ၏သန့်စင်ပေးနိုင်စွမ်းနှင့် ထောက်ပံ့ပေးနိုင်စွမ်းကို ဖော်ပြရန် ရေ၏ထူးခြားသောအရည်အသွေးများဖြစ်သည့် အထူးသဖြင့် သန့်စင်ပေးနိုင်စွမ်းနှင့် အသက်ကိုထောက်ပံ့ပေးနိုင်စွမ်းကို ကျမ်းစာတွင်အသုံးပြုလေ့ရှိသည်။—ဟေရှာယ ၅၈:၁၁; ယောဟန် ၄:၁၄

ကျမ်းစာ၏ သန့်စင်ပေးနိုင်စွမ်း

ဣသရေလလူမျိုးသည် ရေမှန်မှန်ချိုးပြီး ဆေးကြောသန့်စင်သည့်အတွက် ကိုယ်ကာယပိုင်းတွင် အလွန်သန့်ရှင်းကြသည်။ လူတစ်ဦးသည် အစာစားရန် အိမ်တစ်အိမ်သို့ဝင်စဉ် သူ၏ခြေကိုဆေးကြောပေးရသည့်ထုံးစံရှိသည်။ (လုကာ ၇:၄၄) ဣသရေလလူတို့သည် ခန္ဓာကိုယ်နှင့်ပစ္စည်းများ သန့်ရှင်းရန်အတွက်သာမက ဝတ်ပြုရေးအခမ်းအနားနှင့်ဆိုင်သော သန့်ရှင်းမှုအတွက်လည်း ရေကိုအသုံးပြုကြသည်။ တဲတော်တွင်အမှုဆောင်သော ယဇ်ပုရောဟိတ်များသည် မိမိတို့ကိုယ်ခန္ဓာနှင့်ဝတ်ရုံကို မကြာခဏဆေးကြောရသည်။ (ထွက်မြောက်ရာ ၃၀:၁၈-၂၁) နောက်ပိုင်း၊ ယေရုရှလင်ရှိဝတ်ပြုရာအိမ်တော်တွင် ရှောလမုန်သည် ဘုရားသခင့်ပညတ်ပါ သန့်ရှင်းခြင်းနှင့်ဆိုင်သည့်တောင်းဆိုချက်များကို လိုက်နာနိုင်ရန် ရေအလုံအလောက်ရရှိစေမည့် ပုံမှန်အားဖြင့် ရေဂါလံပေါင်း ၁၁,၅၀၀ ကျော်ဆံ့သည့် “ကြေးဝါရေကန်” ကိုပြုလုပ်ခဲ့သည်။ (၂ ရာဇဝင်ချုပ် ၄:၂၊) ထိုသို့ရေကိုအသုံးပြုခြင်းက ယနေ့ ခရစ်ယာန်များအတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။

ယေရှုသည် ခရစ်ယာန်အသင်းတော်ကို ‘နှုတ်မြွက်တော်ရေ၌ ဆေးကြောခြင်းအားဖြင့်’ သန့်စင်ခဲ့သည်ဟု တမန်တော်ပေါလု ရှင်းပြသည်။ ရေသည် ကိုယ်ခန္ဓာကို သန့်ရှင်းစေသည့်နည်းတူ ဘုရားသခင့်နှုတ်မြွက်တော်အမှန်တရားသည် ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးပိုင်းကို သန့်စင်ပေးနိုင်စွမ်းရှိသည်။ ထိုသို့သန့်စင်ပေးခြင်းကြောင့် ခရစ်တော်၏တပည့်များသည် “စင်ကြယ်သန့်ရှင်း” နေကြ၏။ (ဧဖက် ၅:၂၅-၂၇) ထို့ကြောင့် ဘုရားသခင့်မျက်နှာသာရလိုသူတိုင်းသည် ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးပိုင်းတွင် “အညစ်အကြေးနှင့်ကင်းစင်၍ အဘယ်အပြစ်မျှမပါ” စေရန် ကြိုးစားအားထုတ်ရမည်။ (၂ ပေတရု ၃:၁၁၊ ၁၄) ထိုသို့ပြုနိုင်ရန် ဘုရားသခင့်နှုတ်မြွက်တော်က သူတို့ကို မည်သို့ကူညီပေးသနည်း။

ယေဟောဝါဘုရားသခင်၏ မျက်နှာသာရလိုသူတိုင်းသည် ကျမ်းစာမှန်မှန်လေ့လာခြင်းဖြင့် ပုံဆောင်သဘောအရ အသိပညာရေကို သောက်သုံးကြသည်။ ထိုအသိပညာက သူတို့စိတ်နှလုံးကို လှုံ့ဆော်ပေးသောအခါ “ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း စိတ်နှလုံးကိုအသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ရောက်ကြလော့” ဟူသောကျမ်းစာလမ်းညွှန်ချက်အတိုင်းပြုလုပ်ရန် စိတ်ပြင်းပြလာသည်။—ရောမ ၁၂:၂

ထိုသူတို့သည် ဘုရားသခင့်အလိုတော်ကို တိကျမှန်ကန်စွာသိနားလည်လာခြင်းကြောင့် မိမိတို့အကျင့်အကြံနှင့် အတွေးအခေါ်အား စွန်းထင်းညစ်ညမ်းစေသောအရာများကို ခွဲခြားသိရှိလာနိုင်ကြသည်။ ကျမ်းစာမူများကို အချိန်အတန်ကြာ ကျင့်သုံးလာသည်နှင့်အမျှ ရေနှင့်တူသော ဘုရားသခင့်နှုတ်မြွက်တော်သည် ကြီးလေးသောအပြစ်များကိုပင် “ဆေးကြောသန့်ရှင်း” နိုင်ရန် ကူညီပေးသည်။—၁ ကောရိန္သု ၆:၉-၁၁

စပိန်မှလူငယ်တစ်ဦး ထိုပြောင်းလဲမှုကို မည်သို့တွေ့ကြုံခဲ့ကြောင်း သုံးသပ်ကြည့်ပါ။ “ကျွန်တော် အသက် ၁၈ နှစ်လောက်မှာ အသက်ရှင်ရတာ မပျော်တော့ဘူး” ဟု အယ်လ်ဖော်န်စိုပြောပြ၏။ သူသည် မူးယစ်ဆေးစွဲလာပြီး တကယ့်ရာဇဝတ်သမားတစ်ဦးဖြစ်လာသည်။ သူဤသို့ဆိုသည်– “ကျွန်တော့်ကိုယ်ခန္ဓာနဲ့ တခြားသူတွေကို ကျွန်တော်ဆက်ဆံတဲ့ပုံစံကြောင့် ကိုယ့်ကိုယ်ကိုယ်ရွံလာတယ်။

“ကျောင်းမှာ ကျွန်တော့်အရွယ် ကောင်မလေးတစ်ယောက်ကို သတိထားမိတယ်။ သူက တခြားကျောင်းသားတွေနဲ့မတူဘဲ သန့်သန့်ပြန့်ပြန့်ရှိပြီး အပြစ်ကင်းစင်တဲ့ပုံရှိတယ်။ သူ့ပုံသက်သေကြောင့် သူ့လိုသန့်ရှင်းတဲ့ဘဝမျိုး ကျွန်တော်ပိုင်ဆိုင်ချင်လာတယ်။ သူ့အကြံပေးချက်အရ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတစ်ခုကို တက်ကြည့်တယ်။ မကြာခင်မှာ ကျမ်းစာစလေ့လာပြီး ဘုရားသခင်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးကို တည်ဆောက်ခဲ့တယ်။ တစ်နှစ်အတွင်းမှာ ကျွန်တော့်ဘဝကို သန့်စင်ခဲ့ပြီး နှစ်ခြင်းခံပြီးတဲ့သက်သေခံတစ်ယောက်ဖြစ်လာတယ်။ ဒီကြီးကျယ်တဲ့အပြောင်းအလဲကြောင့် ကျွန်တော့်အိမ်နားက မိဘအတော်များများက မူးယစ်ဆေးစွဲနေတဲ့ သူတို့ရဲ့ဆယ်ကျော်သက်ကလေးတွေကို ကူညီပေးဖို့ ကျွန်တော့်ဆီ လာတောင်းဆိုကြတယ်။”

ထာဝရအသက်ရစေသောရေ

တစ်ကြိမ်တွင် ယေရှုသည် ယာကုပ်ရေတွင်း၌ ရေခပ်နေသော ရှမာရိအမျိုးသမီးတစ်ဦးအား “အသက်ရေ” အကြောင်း မိန့်ဆိုခဲ့သည်။ ကိုယ်တော်ဤသို့ဆို၏– “ငါပေးသောရေကိုသောက်သောသူမူကား ရေငတ်ခြင်းနှင့်အစဉ်မပြတ်ကင်းလွတ်လိမ့်မည်။ ငါပေးသောရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်းအလို့ငှာ ထွက်သောစမ်းရေဖြစ်လိမ့်မည်။” (ယောဟန် ၄:၁၀၊ ၁၄) သမ္မာကျမ်းစာတွင် ရှင်းပြထားသကဲ့သို့ ထို “အသက်ရေ” သည် အသက်ရနိုင်ရန် ဘုရားသခင့်ပြင်ဆင်ပေးချက်များကို ဆိုလိုကြောင်း ယေရှု၏စကားများက ဖော်ပြသည်။ ထိုပြင်ဆင်ပေးချက်များက လူတို့ကို ထာဝရအသက်ရရှိစေနိုင်သည်။ ထိုပုံဆောင်ရေတွင် အဓိကပါဝင်သောအရာမှာ ခရစ်တော်ယေရှု၏ ရွေးနုတ်ဖိုးပူဇော်ရာယဇ်ဖြစ်သည်။ ‘ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကသားတို့ကိုချစ်တော်မူ၏’ ဟုယေရှုရှင်းပြသည်။—ယောဟန် ၃:၁၆

အစောပိုင်းတွင်ဖော်ပြခဲ့သော အယ်လ်ဖော်န်စိုသည် ဘုရားသခင်ထံမှ “အသက်ရေ” ကိုအလွန်လေးမြတ်လာခဲ့သည်။ ရာဇဝတ်မှုများဆက်ကျူးလွန်ပြီး မူးယစ်ဆေးစွဲနေသူများကို ရည်ညွှန်းလျက် သူဤသို့ဆို၏– “ကျွန်တော့်အစ်ကိုနဲ့ ကျွန်တော့်အပေါင်းအသင်းဟောင်းတွေအားလုံး သေကုန်ကြပြီ။ ဘုရားသခင့်နှုတ်မြွက်တော်ကို သိကျွမ်းလာတာက အဲဒီလိုအဖြစ်ဆိုးမျိုးကနေ ကျွန်တော့်ကိုကယ်တင်ခဲ့တယ်။ ယေဟောဝါရဲ့ ဝိညာဉ်ရေးပြင်ဆင်ပေးချက်တွေကြောင့် ကျွန်တော်ဆက်အသက်ရှင်နေတာ။” ထိုထက်မက ဘုရားသခင့်နှုတ်မြွက်တော်မှ သိရှိလာသည့်အရာကြောင့် အယ်လ်ဖော်န်စိုသည် ဘုရားသခင်ကတိပြုထားသည့် ကမ္ဘာသစ်တွင် ထာဝရအသက်ရရှိရန် စောင့်မျှော်နေသည်။—၂ ပေတရု ၃:၁၃

လူတိုင်းအတွက် ဖိတ်ခေါ်ချက်

“ကျောက်သလင်းကဲ့သို့ကြည်လင်၍ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲကထွက်သော အသက်ရေစီးရာမြစ်” အကြောင်းဖော်ပြချက်ကို ကျမ်းစာ၏နောက်ဆုံးစာစောင်တွင် တွေ့ရှိရသည်။ (ဗျာ. ၂၂:၁) ထိုမြစ်မှာ လူ့သမိုင်းအစတွင် အာဒံနှင့်ဧဝတို့ရရှိခဲ့သော စုံလင်သည့်လူ့အသက်ကို တဖြည်းဖြည်းပြန်လည်ရရှိစေမည့် ဘုရားသခင့်ပြင်ဆင်ပေးချက်များကို ပုံဆောင်သည်။

မြစ်အကြောင်းဖော်ပြပြီးနောက် ဤဖိတ်ခေါ်ချက်ကို မှတ်တမ်းကဆက်ဖော်ပြသည်– “ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဖိုးကိုမပေးဘဲ အသက်ရေကိုယူပါစေ။” (ဗျာ. ၂၂:၁၇) ယနေ့ ကမ္ဘာတစ်ဝန်းတွင် ထိုသို့ဖိတ်ခေါ်နေသည်။ နိုင်ငံပေါင်း ၂၃၅ နိုင်ငံကျော်မှ ယေဟောဝါသက်သေများသည် ကျမ်းစာမှ အသက်ပေးအသိပညာရရှိရန် လူတို့ကိုကူညီပေးရာတွင် နာရီပေါင်းသန်းတစ်ထောင်ကျော်ကို နှစ်စဉ်အသုံးပြုနေကြသည်။

သင်သည် အသက်ရေကို ငတ်မွတ်နေပါသလော။ ကျောက်သလင်းကဲ့သို့ကြည်လင်သောရေကို သောက်ခြင်း၊ တစ်နည်းအားဖြင့် ဖန်ဆင်းရှင်ထံမှ ပြင်ဆင်ပေးချက်များအကြောင်း လေ့လာပြီး ယင်းတို့ကိုအသုံးပြုခြင်းဖြင့် သင်လည်း “မှန်သောအသက်ကိုဝင်စားလိုသောငှာ နောင်ဘဝ၌ကောင်းသောဘဏ္ဍာကို မိမိတို့အဖို့ ဆည်းပူး” နေသူတို့အဝင်ဖြစ်နိုင်ပါသည်။—၁ တိမောသေ ၆:၁၉

[စာမျက်နှာ ၁၄ အကြောင်းအရာအကျဉ်း]

ရေသည် ကိုယ်ခန္ဓာကို သန့်ရှင်းစေသည့်နည်းတူ ကျမ်းစာအမှန်တရားသည် ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးပိုင်းကို သန့်စင်ပေးနိုင်စွမ်းရှိသည်

[စာမျက်နှာ ၁၅ ပါ လေးထေင့်ကွက်/ ရုပ်ပုံ]

ကျမ်းစာခေတ်မှရေ

ကျမ်းစာခေတ်မှလူတို့သည် သန့် ရှင်းကြည်လင်သောရေရရှိနိုင်ရန် အစွမ်းကုန်ကြိုးစားခဲ့ကြသည်။ အာဗြဟံနှင့်ဣဇာက်သည် မိမိတို့၏အိမ်သားများနှင့် တိရစ္ဆာန်များအတွက် ရေအလုံအလောက်ရရှိစေရန် ဗေရရှေဘမြို့အနီးတွင် ရေတွင်းများတူးခဲ့ကြသည်။—ကမ္ဘာဦး ၂၁:၃၀၊ ၃၁; ၂၆:၁၈

ရေတွင်းကို နက်နက်မတူးပါက ရှည်လျားသောနွေရာသီအတွင်း ရေခန်းခြောက်သွားလေ့ရှိသည်။ ထို့ကြောင့် ရေကောင်းစွာရရှိနိုင်ရန် ရေတွင်းမှာ နက်ရမည်။ (သု. ၂၀:၅) လာခိရှမြို့မှ ရေတွင်းတစ်တွင်းသည် ၁၄၄ ပေ နက်၏။ ဂိဗောင်မြို့ရှိ နောက်ရေတွင်းတစ်တွင်းမှာ ပေ ၈၀ ကျော်နက်ပြီး ၃၅ ပေကျယ်သည်။ ထိုရေတွင်းကိုတူးရာတွင် ကျောက်တန်ချိန် ၃,၀၀၀ ခန့်ကိုဖယ်ထုတ်ခဲ့ရ၏။ ယာကုပ်ရေတွင်းတွင် ရေလာခပ်သော ရှမာရိမိန်းမသည် ယေရှုအား “ရေတွင်းလည်းနက်သည်” ဟုဆိုခဲ့၏။ ထိုရေတွင်းသည် ၇၅ ပေခန့် နက်ပေမည်။—ယောဟန် ၄:၁၁

ရှေးခေတ်အရှေ့အလယ်ပိုင်းဒေသတွင် ရေသိုလှောင်သောအဓိကနေရာ နောက်တစ်ခုမှာ ရေကျင်းများဖြစ်သည်။ မြေအောက်ရှိ ထိုရေကျင်းများတွင် အောက်တိုဘာလမှ ဧပြီလအထိရွာသည့် မိုးရေများကို သိုလှောင်ထားသည်။ ရေကျင်းများအတွင်း မိုးရေစီးဝင်နိုင်ရန် တောင်စောင်းများတွင် မြောင်းများဖောက်ထားသည်။ ဣသရေလလူတို့သည် ရေသိုလှောင်ရန် ရေကျင်းကြီးများကိုလည်း တူးကြသည်။—၂ ရာဇဝင်ချုပ် ၂၆:၁၀

ရေတွင်းနှင့်ရေကျင်းများမှ ရေခပ်ခြင်းသည် ခက်ခဲသောအလုပ်ဖြစ်ဆဲပင်။ ရေဗက္ကနှင့် ယေသရော၏သမီးကဲ့သို့သောအမျိုးသမီးများသည် အိမ်သားနှင့်တိရစ္ဆာန်များအတွက် နေ့စဉ်ရေခပ်ခြင်းဖြင့် အရေးပါသောလုပ်ငန်းကို လုပ်ဆောင်ခဲ့ကြသည်။—ကမ္ဘာဦး ၂၄:၁၅-၂၀; ထွက်မြောက်ရာ ၂:၁၆

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

အယ်လ်ဖော်န်စိုသည် ယနေ့ ဘုရားသခင့် နှုတ်မြွက်တော်ကို ဝေမျှနေ