မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နောဧနှင့် ရေလွှမ်းမိုးခြင်း—ဒဏ္ဍာရီမဟုတ်သော ဖြစ်ရပ်မှန်

နောဧနှင့် ရေလွှမ်းမိုးခြင်း—ဒဏ္ဍာရီမဟုတ်သော ဖြစ်ရပ်မှန်

နောဧနှင့် ရေလွှမ်းမိုးခြင်း—ဒဏ္ဍာရီမဟုတ်သော ဖြစ်ရပ်မှန်

လူသားချင်းတစ်ဦးနှင့်တစ်ဦး ငြိမ်းချမ်းစွာနေထိုင်မည့်၊ စစ်မှု၊ ရာဇဝတ်မှု၊ ဖိနှိပ်မှုတို့မရှိမည့် သာ၍ကောင်းသောကမ္ဘာကို သင် တမ်းတပါသလော။ သို့ဆိုလျှင် သင်ကောင်းစွာသိမည်ဖြစ်သော သမိုင်းမှတ်တမ်းတစ်ခုမှ အားပေးမှုရရှိနိုင်ပါသည်။ ယင်းမှာ နောဧ၏မှတ်တမ်းဖြစ်သည်။ သူသည် ဆိုးသွမ်းသူများကို ဖျက်ဆီးသည့် ကမ္ဘာချီရေလွှမ်းမိုးဘေးမှ မိမိနှင့်မိသားစုကိုကယ်တင်ရန် သင်္ဘောဆောက်ခဲ့သော လူကောင်းတစ်ဦးဖြစ်၏။

ဤမှတ်တမ်းကို အတော်ပင်လူသိများသည်။ နောဧမှတ်တမ်းကို ကမ္ဘာဦးအခန်းကြီး ၆ မှ ၉ တွင်တွေ့ရှိရသည်၊ ကိုရန်ကျမ်းစောင်နှင့် ကမ္ဘာတစ်ဝန်းရှိလူများစွာ၏ ပုံပြင်များတွင်လည်း တွေ့ရှိရသည်။ ရေလွှမ်းမိုးဘေးသည် အမှန်တကယ်ဖြစ်ပျက်ခဲ့သလော သို့မဟုတ် မှန်ရာကိုလုပ်ရန် အားပေးသော ဒဏ္ဍာရီမျှသာဖြစ်သလော။ ထိုမေးခွန်းကို ဘာသာရေးနှင့်သိပ္ပံဆိုင်ရာပညာရှင်များ သုံးသပ်ခဲ့ကြသည်မှာ ရာစုနှစ်များစွာရှိပေပြီ။ သို့သော် ယင်းသည် ဒဏ္ဍာရီမဟုတ်ဘဲ ဖြစ်ရပ်မှန်ဖြစ်ကြောင်း သမ္မာကျမ်းစာက ရှင်းလင်းစွာဖော်ပြသည်။ အကြောင်းရင်းများကို သုံးသပ်ကြည့်ကြစို့။

ရေလွှမ်းမိုးဘေးစတင်ခဲ့သော နှစ်၊ လ၊ ရက်၊ သင်္ဘောတင်သောနေရာနှင့်အချိန်၊ ရေကျသွားသောအချိန် အတိအကျတို့ကို ကမ္ဘာဦးကျမ်းမှတ်တမ်းက ဖော်ပြသည်။ သင်္ဘောပုံစံ၊ အတိုင်းအတာ၊ အသုံးပြုမည့်သစ်နှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များမှာလည်း တိကျသည်။ သို့သော် ဒဏ္ဍာရီများပါဖော်ပြချက်များမှာမူ တိကျလေ့မရှိပေ။

ကျမ်းစာပါ ဆွေစဉ်မျိုးဆက်မှတ်တမ်းနှစ်ခုကလည်း နောဧသည် တကယ့်ပုဂ္ဂိုလ်ဖြစ်ကြောင်း ဖော်ပြ၏။ (၁ ရာဇဝင်ချုပ် ၁:၄; လုကာ ၃:၃၆) ထိုဆွေစဉ်မျိုးဆက်မှတ်တမ်းကို ပြုစုခဲ့သော ဧဇရနှင့်လုကာသည် စေ့စပ်သေချာစွာရှာဖွေလေ့လာသူများဖြစ်သည်။ လုကာဖော်ပြသော ယေရှုခရစ်၏ဆွေစဉ်မျိုးဆက်စာရင်းတွင် နောဧ ပါဝင်၏။

နောဧ သို့မဟုတ် ရေလွှမ်းမိုးဘေးအကြောင်းကို ပရောဖက်ဟေရှာယနှင့်ယေဇကျေလ၊ တမန်တော်ပေါလုနှင့်ပေတရုတို့ ရည်ညွှန်းခဲ့ကြသည်။—ဟေရှာယ ၅၄:၉; ယေဇကျေလ ၁၄:၁၄၊ ၂၀; ဟေဗြဲ ၁၁:၇; ၁ ပေတရု ၃:၁၉၊ ၂၀; ၂ ပေတရု ၂:၅

ယေရှုခရစ်လည်း ရေလွှမ်းမိုးခြင်းနှင့်ပတ်သက်၍ ဤသို့ဆိုသည်– “နောဧလက်ထက်၌ဖြစ်သကဲ့သို့ လူသားလက်ထက်၌ဖြစ်လိမ့်မည်။ နောဧသည် သင်္ဘောထဲသို့ဝင်၍ ရေလွှမ်းမိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည့်နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက် နေကြ၏။” (လုကာ ၁၇:၂၆၊ ၂၇) ရေလွှမ်းမိုးဘေးသာ တကယ်မဖြစ်ပျက်ခဲ့ပါက “လူသားလက်ထက်” အကြောင်း ယေရှုမိန့်ဆိုချက်သည် အဓိပ္ပာယ်ရှိမည်မဟုတ်ပေ။

သမ္မာကျမ်းစာမိန့်ဆိုရာကို ဂရုမစိုက်မည့် “ပြက်ရယ်ပြုတတ်သောသူတို့” ပေါ်လာမည့်အကြောင်း တမန်တော်ပေတရုကြိုပြောခဲ့သည်။ သူဤသို့ရေး၏– “[နောဧခေတ်] လောကဓာတ်ကို ထိုသို့အားဖြင့် ရေနှင့်လွှမ်းမြှုပ်၍ဖျက်ဆီးကြောင်းကို ထိုသူတို့သည် မှတ်မိချင်သောစိတ်မရှိကြ။” ‘ထိုအကြောင်း’ ကို ကျွန်ုပ်တို့လည်း မမှတ်မိဘဲနေသင့်သလော။ လုံးဝမနေသင့်ပေ။ ပေတရု ဤသို့ဆက်ဆို၏– ‘ယခုရှိသော မိုးကောင်းကင်နှင့်မြေကြီးမူကား တရားဆုံးဖြတ်၍ လူဆိုးတို့ကိုဖျက်ဆီးသောနေ့ရက်တိုင်အောင် ထိုနှုတ်မြွက်တော်အားဖြင့် သိုထားလျက်ရှိ၍ မီးရှို့ခြင်းအဖို့အလို့ငှာနေရစ်သတည်း။’—၂ ပေတရု ၃:၃-၇

ဘုရားသခင်သည် လူဆိုးများကို ဖျက်ဆီးဦးမည်ဖြစ်ပြီး လွတ်မြောက်သူများလည်း ရှိဦးမည်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် နောဧ၏ပုံသက်သေကို တုပခြင်းဖြင့် သာ၍ကောင်းသောကမ္ဘာသို့ ကယ်တင်ခံရမည့် ဖြောင့်မတ်သူများဖြစ်နိုင်ကြပါသည်။