“နောက်သို့ လှည့်” မကြည့်နဲ့
“နောက်သို့ လှည့်” မကြည့်နဲ့
“ထွန်ကိုင်းကိုကိုင်လျက် နောက်သို့လှည့်ကြည့်သောသူသည် ဘုရားသခင်၏နိုင်ငံတော်နှင့် မထိုက်မတန်။” —လု. ၉:၆၂။
သင် ဘယ်လိုဖြေမလဲ
ကျွန်ုပ်တို့ ဘာကြောင့် “လောတ၏ဇနီးကို သတိရ” သင့်သလဲ။
ကျွန်ုပ်တို့ မစဉ်းစားသင့်တဲ့အရာသုံးခုက ဘာလဲ။
ယေဟောဝါရဲ့အဖွဲ့အစည်းနဲ့အတူ ရှေ့ကိုတိုးတက်နေဖို့ ဘာလုပ်ရမလဲ။
၁။ ယေရှု ဘယ်သတိပေးချက်ပေးခဲ့သလဲ။ ဘယ်မေးခွန်းပေါ်လာသလဲ။
“လောတ၏ဇနီးကို သတိရကြလော့။” (လု. ၁၇:၃၂) လွန်ခဲ့တဲ့အနှစ် ၂,၀၀၀ လောက်က ယေရှုခရစ် ဒီသတိပေးချက်ကို ပေးခဲ့တယ်။ ဒီသတိပေးချက်က အခုအချိန်မှာ ခါတိုင်းထက်ပိုပြီး အရေးကြီးတယ်။ ယေရှု ဘာကိုဆိုလိုသလဲ။ လောတရဲ့ဇနီး ဘာဖြစ်ခဲ့တယ်ဆိုတာ ယေရှုရဲ့စကားကိုနားထောင်နေတဲ့ဂျူးတွေ ကောင်းကောင်းသိတယ်။ သူက သူ့မိသားစုနဲ့အတူ သောဒုံမြို့ကပြေးထွက်လာချိန်မှာ ယေဟောဝါရဲ့စကားကိုနားမထောင်ဘဲ နောက်ပြန်လှည့်ကြည့်ခဲ့တယ်။ အဲဒါကြောင့် သူဆားတိုင်ဖြစ်သွားတယ်။—ကမ္ဘာဦး ၁၉:၁၇၊ ၂၆ ကိုဖတ်ပါ။
၂။ လောတရဲ့ဇနီး ဘာကြောင့် နောက်လှည့်ကြည့်တာဖြစ်နိုင်သလဲ။ သူစကားနားမထောင်တဲ့အတွက် ဘာဖြစ်သွားသလဲ။
၂ လောတရဲ့ဇနီး ဘာကြောင့် နောက်လှည့်ကြည့်တာလဲ။ နောက်မှာ ဘာတွေဖြစ်နေသလဲဆိုတာ သိချင်လို့ဖြစ်မယ်။ ဒါမှမဟုတ် မြို့ဖျက်ဆီးခံနေရတယ်ဆိုတာကို သူ မယုံတာလည်းဖြစ်နိုင်တယ်။ သူ ယုံကြည်ခြင်းအားနည်းသွားတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် သောဒုံမြို့မှာ သူထားရစ်ခဲ့တဲ့ပစ္စည်းတွေကို ပြန်သွားကြည့်ချင်တာလည်း ဖြစ်နိုင်တယ်။ (လု. ၁၇:၃၁) သူ ဘာအကြောင်းကြောင့်ပဲ နောက်လှည့်ကြည့်ပါစေ သူ့ရဲ့မနာခံမှုကြောင့် သေဆုံးခဲ့ရတယ်။ ဒီအချက်ကိုစဉ်းစားကြည့်ပါ။ သူဟာ သောဒုံနဲ့ဂေါမောရမြို့က လူဆိုးတွေနဲ့အတူ တစ်ရက်တည်းမှာပဲ သေဆုံးခဲ့ရတယ်။ ဒါကြောင့် ယေရှုက “လောတ၏ဇနီးကို သတိရကြလော့” လို့ပြောခဲ့တာဖြစ်တယ်။
၃။ ကျွန်ုပ်တို့နောက်လှည့်မကြည့်သင့်တဲ့အကြောင်း ယေရှု ဘယ်လိုအလေးပေး ပြောခဲ့သလဲ။
၃ လောတရဲ့ဇနီးက နောက်မှာထားခဲ့တဲ့အရာတွေကို ပြန်လှည့်မကြည့်သင့်ဘူး။ ကျွန်ုပ်တို့လည်း နောက်မှာထားခဲ့တဲ့အရာတွေကို ပြန်လှည့်ကြည့်တာ ဒါမှမဟုတ် အဲဒီအကြောင်းတွေကို ပြန်စဉ်းစားတာမျိုး မလုပ်သင့်ဘူး။ ယေရှုရဲ့တပည့်ဖြစ်ချင်တဲ့လူတစ်ယောက်နဲ့ စကားပြောတုန်းက ယေရှု ဒီအချက်ကို အလေးပေးပြောခဲ့တယ်။ ဒီလူက သူအိမ်ပြန်ပြီး မိသားစုကို အရင် နှုတ်ဆက်ချင်တယ်လို့ပြောတယ်။ ယေရှု ဒီလိုပြန်ပြောခဲ့တယ်– “ထွန်ကိုင်းကိုကိုင်လျက် နောက်သို့လှည့်ကြည့်သောသူသည် ဘုရားသခင်၏နိုင်ငံတော်နှင့် မထိုက်မတန်။” (လု. ၉:၆၂) ယေရှု ဒီလိုပြောတာ မထောက်ထား၊ မစာနာရာကျသလား။ မကျပါဘူး။ ဒီလူက ယေရှုရဲ့တပည့်တစ်ယောက် လုပ်ဆောင်ရမယ့်တာဝန်ကို မယူချင်လို့ အကြောင်းပြနေတယ်ဆိုတာ ယေရှုသိတယ်။ ဘုရားသခင်ပေးအပ်တဲ့တာဝန်ကို မယူချင်တဲ့သူက “နောက်သို့” လှည့်ကြည့်သူဖြစ်တယ်လို့ ယေရှုပြောခဲ့တယ်။ လယ်ထွန်နေတဲ့သူက လယ်ထွန်နေရင်းပဲဖြစ်ဖြစ်၊ လယ်ထွန်နေတာကို ခဏရပ်ပြီးပဲဖြစ်ဖြစ် နောက်လှည့်ကြည့်တာဖြစ်နိုင်တယ်။ နှစ်နည်းစလုံးက သူ လုပ်သင့်တဲ့အလုပ်ကနေ အာရုံလွဲသွားစေတယ်၊ သူ့အလုပ်ကို ထိခိုက်စေတယ်။
၄။ ဘယ်အရာကို ကျွန်ုပ်တို့ အာရုံစိုက်သင့်သလဲ။
၄ ကျွန်ုပ်တို့ဟာ အတိတ်ကိုမဟုတ်ဘဲ အနာဂတ်ကို အာရုံစိုက်ရမှာဖြစ်တယ်။ သုတ္တံ ၄:၂၅ (ကဘ) မှာ ဒီလို ရှင်းရှင်းလင်းလင်း ပြောတယ်– “သင့်မျက်စိက ရှေ့တည့်တည့်ကို ကြည့်ပါ။ သင့်ရဲ့ တောက်ပတဲ့မျက်စိတွေက သင့်ရှေ့တည့်တည့်ကိုပဲ စိုက်ကြည့်ပါ။”
၅။ ကျွန်ုပ်တို့ နောက်ကိုလှည့်မကြည့်သင့်တဲ့ အကြောင်းရင်းက ဘာလဲ။
၅ ကျွန်ုပ်တို့နောက်ကိုလှည့်မကြည့်သင့်တဲ့ အကြောင်းရင်းရှိတယ်။ ဘာအကြောင်းရင်းလဲ။ ဒီအချိန်က “နောက်ဆုံးသောနေ့ရက်များ” ဖြစ်လို့ပဲ။ (၂ တိ. ၃:၁) မကြာခင်မှာ ဘုရားသခင်က မြို့နှစ်မြို့တည်းကိုမဟုတ်ဘဲ လောကစနစ်တစ်ခုလုံးကို ဖျက်ဆီးပစ်တော့မယ်။ နောက်လှည့်မကြည့်မိအောင် ဘာက ကျွန်ုပ်တို့ကို ကူညီပေးမလဲ။ နောက်ကိုလှည့်ကြည့်မိစေနိုင်တဲ့အရာတချို့က ဘာတွေလဲဆိုတာ သိဖို့လိုတယ်။ (၂ ကော. ၂:၁၁) ဒါကြောင့် အဲဒါတွေက ဘာတွေလဲဆိုတာနဲ့ အဲဒီအရာတွေကို အာရုံမစိုက်မိအောင် ဘယ်လိုရှောင်နိုင်သလဲဆိုတာ ဆွေးနွေးသုံးသပ်ကြည့်ကြစို့။
အရင်က ခေတ်ကောင်း
၆။ အတိတ်နဲ့ပတ်သက်တဲ့ ကျွန်ုပ်တို့ရဲ့မှတ်ဉာဏ်ကို ဘာကြောင့် အမြဲယုံကြည်အားကိုးလို့မရတာလဲ။
၆ အရင်ခေတ်က ပိုကောင်းတယ်လို့ စဉ်းစားမိတဲ့အမှားမျိုး ကျွန်ုပ်တို့လုပ်မိနိုင်တယ်။ ကျွန်ုပ်တို့သတိရနေတဲ့အတိတ်က အဲဒီလောက် တကယ်ကောင်းချင်မှကောင်းမယ်။ ဒါကိုမသိဘဲ အတိတ်က ကျွန်ုပ်တို့ ကြုံတွေ့ခဲ့ရတဲ့ပြဿနာတွေက သိပ်မဆိုးဘူး၊ အခုထက်ပိုပျော်စရာကောင်းတယ်လို့ စ,စဉ်းစားမိနိုင်တယ်။ နောက်တစ်မျိုးပြောရရင် တကယ်ရှိခဲ့တဲ့အခြေအနေထက် အများကြီးပိုကောင်းတယ်လို့ စဉ်းစားတာဖြစ်နိုင်တယ်။ ကျွန်ုပ်တို့ ဒီလိုစဉ်းစားတယ်ဆိုရင် အရင်ကအခြေအနေမျိုးကို ပြန်လိုချင်လာမယ်။ ဒါပေမဲ့ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ဒီလိုသတိပေးတယ်– “‘အရင်ခေတ်က အခုခေတ်ထက် ဘာကြောင့်ပိုကောင်းရတာလဲ’ လို့မမေးနဲ့။ အဲဒီလိုမေးတာက ပညာရှိရာမရောက်ဘူး။” (ဒေ. ၇:၁၀၊ ကဘ) ဒီလိုစဉ်းစားတာက ဘာကြောင့် အန္တရာယ်ရှိသလဲ။
၇-၉။ (က) အစ္စရေးလူတွေ အီဂျစ်ပြည်မှာ ဘာဖြစ်ခဲ့သလဲ။ (ခ) အစ္စရေးလူတွေမှာ ပျော်ရွှင်စရာ ဘာအကြောင်းတွေရှိသလဲ။ (ဂ) အစ္စရေးလူတွေ ဘာအတွက် ညည်းညူပြစ်တင်ခဲ့ကြသလဲ။
၇ မောရှေအချိန်က အစ္စရေးလူတွေအကြောင်း သုံးသပ်ကြည့်ပါ။ အစပိုင်းတုန်းကတော့ သူတို့ဟာ အီဂျစ်ပြည်မှာနေထိုင်တဲ့ တိုင်းတစ်ပါးသားတွေဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့ ယောသပ်သေဆုံးပြီးနောက်မှာ အီဂျစ်လူတွေက သူတို့ကို “ကျပ်တည်းစွာ နှိပ်စက်ညှဉ်းဆဲစေခြင်းငှာ အအုပ်အချုပ်ခန့်ထားကြ” တယ်။ (ထွ. ၁:၁၁) နောက်ပိုင်းမှာ ဖာရောက အစ္စရေးလူဦးရေ ဆက်မတိုးပွားအောင် မွေးလာတဲ့ အစ္စရေးသားယောက်ျားတွေကို သတ်ပစ်ဖို့တောင် အမိန့်ထုတ်ခဲ့တယ်။ (ထွ. ၁:၁၅၊ ၁၆၊ ၂၂) ဒါကြောင့် ယေဟောဝါ မောရှေကို ဒီလိုပြောခဲ့တယ်– “အဲဂုတ္တုပြည်၌ရှိသော ငါ၏လူတို့ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ သူတို့ကိုစေခိုင်းသောသခင်တို့ကြောင့် သူတို့မြည်တမ်းသောအသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့နာကြည်းခြင်းဝေဒနာကို ငါသိ၏။”—ထွ. ၃:၇။
၈ အီဂျစ်ပြည်ရဲ့ကျွန်ဘဝကနေ လွတ်မြောက်လာတဲ့ အစ္စရေးလူတွေ ဘယ်လောက်ပျော်ခဲ့ကြမလဲဆိုတာ မြင်ယောင်ကြည့်ပါ။ ဖာရောနဲ့ သူ့လူတွေအပေါ် ကပ်ဘေးကြီးဆယ်ခု ကျရောက်ခဲ့တုန်းက ယေဟောဝါ မိမိရဲ့တန်ခိုးကို အံ့ဖွယ်နည်းနဲ့ အသုံးပြုခဲ့တာကို သူတို့မြင်တွေ့ခဲ့ကြတယ်။ (ထွက်မြောက်ရာ ၆:၁၊ ၆၊ ၇ ကိုဖတ်ပါ။) နောက်ဆုံး မှာ အီဂျစ်လူတွေက အစ္စရေးလူတွေကို လွှတ်ပေးလိုက်တယ်။ သူတို့ကို ရွှေငွေတွေ အများကြီးပေးပြီး အဲဒီကနေ အမြန်ထွက်သွားဖို့ ပြောခဲ့တယ်၊ ဒါကို သမ္မာကျမ်းစာမှာ ဘုရားသခင့်လူမျိုးက အီဂျစ်လူတွေရဲ့ ‘ပစ္စည်းဥစ္စာတွေကိုသိမ်းယူ’ တယ်လို့ ဖော်ပြထားတယ်။ (ထွ. ၁၂:၃၃-၃၆၊ ကဘ) နောက်ပိုင်းမှာ ယေဟောဝါက ဖာရောနဲ့ သူ့စစ်တပ်ကို ပင်လယ်နီမှာဖျက်ဆီးပစ်တာကို အစ္စရေးလူတွေ တွေ့မြင်တဲ့အခါ ဝမ်းသာအားရဖြစ်ခဲ့ကြတယ်။ (ထွ. ၁၄:၃၀၊ ၃၁) ယေဟောဝါလုပ်ပေးခဲ့သမျှကို သူတို့မြင်တွေ့ပြီးတဲ့နောက်မှာ သူတို့ရဲ့ယုံကြည်ခြင်း ပိုခိုင်ခံ့လာသင့်တယ်။
၉ ဒါပေမဲ့ ယေဟောဝါ သူတို့ကို အံ့ဖွယ်နည်းနဲ့ လွတ်မြောက်အောင်လုပ်ပေးခဲ့တာ သိပ်တောင်မကြာသေးဘူး၊ ဒီလူတွေ စ,ညည်းညူပြစ်တင်လာကြတာ မယုံနိုင်စရာပဲ။ အစားအစာအတွက် သူတို့ ညည်းညူပြစ်တင်ခဲ့ကြတယ်။ ယေဟောဝါပြုလုပ်ပေးတာတွေကို မကျေမနပ်ဖြစ်လာပြီး ဒီလိုပြောခဲ့ကြတယ်– “အီဂျစ်ပြည်မှာ ငါတို့ ဖောဖောသီသီစားခဲ့ရတဲ့ ငါး၊ သခွားသီး၊ ဖရဲသီး၊ ကြက်သွန်မြိတ်၊ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတွေကို သတိရလိုက်တာ။ ခုတော့ ငါတို့အားပြတ်ကုန်ပြီ။ ဒီမန်နမုန့်ကလွဲလို့ တခြားဘာကိုမှ မတွေ့ရဘူး။” (တော. ၁၁:၅၊ ၆၊ ကဘ) သူတို့အရင်တုန်းက တကယ်ဖြစ်ခဲ့တာတွေကို သူတို့ သတိမရတော့ဘူး။ သူတို့ရဲ့လွဲမှားတဲ့အတွေးအခေါ်ကြောင့် ကျွန်ခံရတဲ့နေရာကိုတောင် ပြန်သွားချင်ခဲ့ကြတယ်။ (တော. ၁၄:၂-၄) အစ္စရေးလူတွေက နောက်မှာထားခဲ့တဲ့အရာတွေကို ပြန်လှည့်ကြည့်ခဲ့ကြလို့ ယေဟောဝါ သူတို့အပေါ် ဒေါသအမျက်ထွက်ခဲ့တယ်။—တော. ၁၁:၁၀။
၁၀။ အစ္စရေးလူတွေရဲ့အဖြစ်အပျက်ကနေ ကျွန်ုပ်တို့ ဘာသင်ခန်းစာရသလဲ။
၁၀ ယနေ့ ကျွန်ုပ်တို့အတွက်သင်ခန်းစာက ဘာလဲ။ ကျွန်ုပ်တို့ အခက်အခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါ အရင်တုန်းကအခြေအနေက ပိုကောင်းတယ်လို့ မစဉ်းစားသင့်ဘူး။ အမှန်တရားမသိခင်ကအခြေအနေကိုတောင် ပြန်သတိရနေတာဖြစ်နိုင်တယ်။ အတိတ်ကအဖြစ်အပျက်ကနေ သင်ခန်းစာယူတာ ဒါမှမဟုတ် အရင်က ပျော်စရာအချိန်တွေကို ပြန်အမှတ်ရတာ မမှားပါဘူး။ ဒါပေမဲ့ အရင်က အကြောင်းတွေပြန်စဉ်းစားတဲ့အခါ မျှမျှတတ၊ လက်တွေ့ကျကျ ဖြစ်ဖို့လိုတယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင် ကျွန်ုပ်တို့ရဲ့လက်ရှိဘဝကို မကျေမနပ်ဖြစ်လာပြီး အရင်ကအသက်တာမျိုးကို ပြန်လိုချင်လာနိုင်တယ်။—၂ ပေတရု ၂:၂၀-၂၂ ကိုဖတ်ပါ။
အရင်က စွန့်လွှတ်ခဲ့တာတွေ
၁၁။ တချို့သူတွေက အရင်က သူတို့စွန့်လွှတ်ခဲ့တာတွေနဲ့ပတ်သက်ပြီး ဘယ်လိုခံစားရသလဲ။
၁၁ ဝမ်းနည်းစရာကောင်းတာက တချို့သူတွေဟာ အရင်က သူတို့စွန့်လွှတ်ခဲ့တာတွေကို ပြန်သတိရပြီး အဲဒီလိုမလုပ်ခဲ့ရင်အကောင်းသားလို့ စဉ်းစားခဲ့ကြတယ်။ သင့်မှာ အဆင့်မြင့်ပညာသင်ယူဖို့၊ နာမည်ကျော်ကြားဖို့၊ ငွေအများကြီးရဖို့ အခွင့်အလမ်းတွေရှိခဲ့မှာပဲ၊ ဒါပေမဲ့ ဒါတွေကို စွန့်လွှတ်လိုက်ဖို့ သင်ဆုံးဖြတ်ခဲ့ပြီးပြီ။ ညီအစ်ကိုညီအစ်မများစွာဟာ စီးပွားရေး၊ ဖျော်ဖြေရေး၊ ပညာရေးနဲ့ အားကစားနယ်ပယ်တွေမှာ ငွေကြေးအကျိုးအမြတ် အများကြီးရနိုင်တဲ့ အခွင့်အလမ်းတွေရှိခဲ့ကြတယ်၊ ဒါပေမဲ့ ဒါတွေကို သူတို့စွန့်လွှတ်လိုက်ကြတယ်။ အခု အချိန်တွေ ကုန်သွားပြီ၊ အဆုံးက မရောက်သေးဘူး။ အဲဒါတွေကိုသာ မစွန့်လွှတ်ခဲ့ရင် အခုအချိန်မှာ ဘာဖြစ်နေမလဲလို့ သင်စဉ်းစားနေသလား။
၁၂။ ပေါလုက သူစွန့်လွှတ်ခဲ့တာတွေနဲ့ပတ်သက်ပြီး ဘယ်လိုခံစားခဲ့ရသလဲ။
၁၂ တမန်တော်ပေါလုဟာ ခရစ်တော်ရဲ့နောက်လိုက်ဖြစ်ဖို့ အများကြီးစွန့်လွှတ်ခဲ့ရတယ်။ (ဖိ. ၃:၄-၆) သူစွန့်လွှတ်ခဲ့တာတွေနဲ့ပတ်သက်ပြီး သူ ဘယ်လိုခံစားခဲ့ရသလဲ။ သူ ဒီလိုပြောတယ်– “ငါ့အတွက် အကျိုးအမြတ်ဖြစ်သည့်အရာများကို ခရစ်တော်ကြောင့် ရှုံးစေသောအရာဟု ယူမှတ်၏။” ဘာကြောင့်လဲ။ ဖိလိပ္ပိ ၃:၇၊ ၈ မှာ ဒီလိုဖတ်ရတယ်–“ငါ၏သခင် ခရစ်တော်ယေရှုနှင့်ပတ်သက်သော အသိပညာသည် သာလွန်ထူးမြတ်သောကြောင့် အရာခပ်သိမ်းကို ရှုံးစေသောအရာဟု ငါယူမှတ်၏။ ကိုယ်တော်ကြောင့် ငါသည် အရာခပ်သိမ်းကို အရှုံးခံ၍ အမှိုက်သရိုက် ကဲ့သို့ ယူမှတ်၏။ သို့ဖြင့် ငါသည် ခရစ်တော်ကို အမြတ်ရ” ၏။ * လူတစ်ယောက်က သူပစ်လိုက်တဲ့အမှိုက်အတွက် နောင်တမရသလိုပဲ ပေါလုလည်း လောကမှာ သူစွန့်လွှတ်ခဲ့တဲ့အခွင့်အလမ်းတွေအတွက် နောင်တမရခဲ့ဘူး။ အဲဒါတွေကို တန်ဖိုးမရှိတဲ့အရာတွေအဖြစ် သူသတ်မှတ်ခဲ့တယ်။
၁၃၊ ၁၄။ ပေါလုရဲ့ပုံသက်သေကို ကျွန်ုပ်တို့ ဘယ်လိုလိုက်နိုင်သလဲ။
၁၃ အတိတ်က ကျွန်ုပ်တို့စွန့်လွှတ်ခဲ့တဲ့ အခွင့်အလမ်းတွေအကြောင်းကိုပဲ စဉ်းစားနေတယ်ဆိုရင် ဘာလုပ်သင့်သလဲ။ ပေါလုရဲ့ပုံသက်သေကို လိုက်သင့်တယ်။ ဘယ်လိုလိုက်မလဲ။ သင် အခုရ,ထားတဲ့အရာတွေရဲ့တန်ဖိုးကို စဉ်းစားကြည့်ပါ။ ယေဟောဝါနဲ့ကောင်းတဲ့ဆက်ဆံရေး ရရှိထားပြီး ကိုယ်တော်က သင့်ကို သစ္စာရှိသူအဖြစ် ယူမှတ်တယ်။ (ဟေဗြဲ ၆:၁၀) ကျွန်ုပ်တို့ကို ယေဟောဝါ အခုပေးနေတဲ့အရာတွေနဲ့ အနာဂတ်မှာပေးဦးမယ့်အရာတွေလောက် တန်ဖိုးရှိတဲ့အရာတွေကို လောက,က မပေးနိုင်ဘူး။—မာကု ၁၀:၂၈-၃၀ ကိုဖတ်ပါ။
၁၄ ယေဟောဝါကို ကျွန်ုပ်တို့ ဆက်သစ္စာရှိရှိဝတ်ပြုနိုင်ဖို့ ထောက်ကူပေးမယ့်အရာအကြောင်း ပေါလု ထပ်ပြောခဲ့တယ်။ သူက “နောက်၌ကျန်ရစ်သောအရာများကို မေ့ထားပြီး ရှေ့၌ရှိသောအရာကို လက်လှမ်း” တယ်လို့ပြောတယ်။ (ဖိ. ၃:၁၃) ဒီနေရာမှာ ပေါလုက ကျွန်ုပ်တို့လုပ်ရမယ့်အရာနှစ်ခုအကြောင်း ပြောတယ်။ နှစ်ခုစလုံးက မရှိမဖြစ်အရေးကြီးတယ်။ ပထမတစ်ခုက ကျွန်ုပ်တို့ နောက်မှာထားခဲ့တဲ့အရာတွေကို မေ့ပစ်ရမယ်။ ခွန်အားတွေ၊ အချိန်တွေအကုန်ခံပြီး ဒီအကြောင်းတွေကို စဉ်းစားမနေရဘူး။ ဒုတိယအချက်က ပန်းတိုင်နားရောက်ခါနီးနေတဲ့ အပြေးသမားတစ်ယောက်က အားစိုက်ပြီး ရှေ့ကိုပြေးသလို ကျွန်ုပ်တို့လည်း ရှေ့မှာရှိတဲ့အရာတွေကို အာရုံစိုက်ရမှာဖြစ်တယ်။
၁၅။ ဘုရားသခင့် သစ္စာရှိကျေးကျွန်တွေရဲ့ပုံသက်သေအကြောင်း စဉ်းစားတာ ဘာကြောင့်ကောင်းသလဲ။
၁၅ အတိတ်နဲ့ မျက်မှောက်ခေတ် သစ္စာရှိကျေးကျွန်တွေရဲ့ပုံသက်သေကို ကျွန်ုပ်တို့ စဉ်းစားရမှာဖြစ်တယ်။ သူတို့ရဲ့ပုံသက်သေက နောက်မှာထားခဲ့တဲ့အရာကို လှည့်ကြည့်မယ့်အစား ရှေ့ကိုတိုးဖို့ သင်တို့ကို ခွန်အားရှိစေမှာဖြစ်တယ်။ အာဗြဟံနဲ့စာရာက ဥရမြို့ကိုပဲ သတိရနေတယ်ဆိုရင် အဲဒီကို “ပြန်သွားနိုင်သောအခွင့်ရှိ” တယ်။ (ဟေဗြဲ ၁၁:၁၃-၁၅) ဒါပေမဲ့ သူတို့ ဥရမြို့ကို ပြန်မသွားခဲ့ကြဘူး။ အီဂျစ်ပြည်ကနေ မောရှေ ဦးဆုံးအကြိမ်ထွက်သွားတုန်းက သူထားခဲ့တာတွေက နောက်ပိုင်း တခြားအစ္စရေးလူတွေထားခဲ့တာတွေထက် ပိုများတယ်။ ဒါပေမဲ့ မောရှေ ဒါတွေကို ပြန်လိုချင်ခဲ့တယ်လို့ ကျမ်းစာမှာ မဖော်ပြထားဘူး။ အဲဒီအစား “ကဲ့ရဲ့ရှုတ်ချခံရခြင်းကို အီဂျစ်ပြည်၏ဘဏ္ဍာထက် သာ၍မြတ်သောဘဏ္ဍာဟု ယူမှတ်၍ ရရှိမည့်ဆုကျေးဇူးကို စေ့စေ့ကြည့်ရှု” တယ်လို့ဖော်ပြထားတယ်။—ဟေဗြဲ ၁၁:၂၆။
အတိတ်ဆိုးတွေ
၁၆။ အရင်က မကောင်းတဲ့အတွေ့အကြုံတွေနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ ဘယ်လိုခံစားရနိုင်သလဲ။
၁၆ အရင်က ကျွန်ုပ်တို့ကြုံတွေ့ခဲ့ရတဲ့အရာအားလုံးက ကောင်းတာတွေချည်းပဲ မဟုတ်ဘူး။ ဥပမာ၊ အရင်က ကျွန်ုပ်တို့လုပ်ခဲ့တဲ့အပြစ်တွေ၊ အမှားတွေအတွက် တစ်ချိန်လုံး စိတ်ဒုက္ခရောက်နေနိုင်တယ်။ (ဆာ. ၅၁:၃) ပြင်းပြင်းထန်ထန်ဆုံးမခံခဲ့ရလို့ ဒေါသထွက်၊ ဝမ်းနည်းနေတာဖြစ်နိုင်တယ်။ (ဟေဗြဲ ၁၂:၁၁) မတရားဆက်ဆံခံရတယ် ဒါမှမဟုတ် ဒါကမတရားဘူးလို့ ကျွန်ုပ်တို့ထင်တဲ့အရာကိုပဲ အမြဲစဉ်းစားနေမိတာဖြစ်နိုင်တယ်။ (ဆာ. ၅၅:၂) ဒီအကြောင်းတွေကိုပဲ စဉ်းစားမနေဖို့ ကျွန်ုပ်တို့ကို ဘာကကူညီပေးနိုင်သလဲ။ ဥပမာသုံးခုကို သုံးသပ်ကြည့်ပါ။
၁၇။ (က) ပေါလုက သူ့ကိုယ်သူ တခြားသန့်ရှင်းသူတွေလောက် မကောင်းဘူးလို့ ဘာကြောင့်ခံစားခဲ့ရသလဲ။ (ခ) မိမိလုပ်ခဲ့တဲ့အမှားကြောင့် စိတ်ဓာတ်မကျဖို့ ဘာက ပေါလုကို ကူညီပေးခဲ့သလဲ။
၁၇ အရင်ကလုပ်ခဲ့တဲ့အမှားတွေ။ ပေါလုက သူဟာ ဧ. ၃:၈) သူ ဘာကြောင့် ဒီလိုခံစားခဲ့ရတာလဲ။ ဘုရားသခင်ရဲ့အသင်းတော်ကို နှိပ်စက်ညှဉ်းပန်းခဲ့လို့ပဲ။ (၁ ကော. ၁၅:၉) အရင်က သူကိုယ်တိုင်နှိပ်စက်ခဲ့တဲ့ ညီအစ်ကိုညီအစ်မတွေကို ပေါလု မြင်တဲ့အခါ အရမ်းအပြစ်ကြီးတယ်လို့ ခံစားခဲ့ရမှာပဲ။ ဒါပေမဲ့ ဒီအတွေးတွေကြောင့် သူစိတ်ဓာတ်မကျခဲ့ဘူး။ အဲဒီအစား ဘုရားသခင် သူ့အပေါ်ပြခဲ့တဲ့ ကြင်နာမှုအကြောင်းကိုပဲ စဉ်းစားခဲ့တယ်။ (၁ တိ. ၁:၁၂-၁၆) အဲဒီအခါ ပေါလုမှာ ကျေးဇူးတင်လေးမြတ်စိတ်တွေ ပေါ်လာပြီး ဘုရားသခင်ကို ဆက်အမှုဆောင်ဖို့ လှုံ့ဆော်ခံခဲ့ရတယ်။ နောက်မှာထားခဲ့တဲ့အရာတွေကို မေ့ထားချင်တယ်လို့ ပေါလုပြောတဲ့အခါ အရင်က သူလုပ်ခဲ့တဲ့အမှားတွေလည်း ပါတယ်။ အရင်ကလုပ်ခဲ့တဲ့အမှားတွေကို ကျွန်ုပ်တို့ မပြောင်းလဲနိုင်တော့လို့ ဒါကိုပဲ စဉ်းစားနေမယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ခွန်အားကို ဖြုန်းတီးနေရာကျတယ်။ အဲဒီအစား ကျွန်ုပ်တို့အပေါ် ယေဟောဝါပြသတဲ့ ကြင်နာမှုကိုသတိရပြီး အခုအချိန်မှာ ကျွန်ုပ်တို့ရဲ့အစွမ်းခွန်အားကို ယေဟောဝါအတွက် အမှုဆောင်ရာမှာ အသုံးပြုနေရမှာဖြစ်တယ်။
တခြားသန့်ရှင်းသူတွေလောက် မကောင်းဘူးလို့ ခံစားခဲ့ရတယ်။ (၁၈။ (က) ကျွန်ုပ်တို့ အရင်ကခံခဲ့ရတဲ့ ပြင်းထန်တဲ့ဆုံးမမှုအကြောင်းပဲ အမြဲတွေးနေမယ်ဆိုရင် ဘာဖြစ်နိုင်သလဲ။ (ခ) ဆုံးမမှုကိုလက်ခံတာနဲ့ပတ်သက်ပြီး ရှောလမုန်ရဲ့အကြံပြုချက်ကို ကျွန်ုပ်တို့ ဘယ်လိုလိုက်လျှောက်နိုင်သလဲ။
၁၈ ပြင်းထန်တဲ့ဆုံးမမှု။ ကျွန်ုပ်တို့ဟာ အရင်က ပြင်းပြင်းထန်ထန် ဆုံးမခံခဲ့ရတာကိုပဲ အမြဲတွေးမိနေနိုင်တယ်။ ဒီလိုလုပ်တာက ကျွန်ုပ်တို့ကို ဝမ်းနည်း၊ ဒေါသထွက်စေနိုင်ပြီး စိတ်ဓာတ်ကျစေနိုင်တယ်။ (ဟေဗြဲ ၁၂:၅) ကျွန်ုပ်တို့က ဆုံးမမှုကို ချက်ချင်းလက်မခံတာပဲဖြစ်ဖြစ်၊ ချက်ချင်းလက်ခံလိုက်ပြီး နောက်ပိုင်းမှာ စိတ်ဓာတ်ကျတာပဲဖြစ်ဖြစ် ရလဒ်ကတော့ အတူတူပဲ။ အဲဒါက ဆုံးမမှုကနေ ကျွန်ုပ်တို့ အကျိုးမရယူတာဖြစ်တယ်။ ရှောလမုန်ရဲ့ ဒီအကြံပေးချက်ကို လိုက်နာတာက ပိုကောင်းပါတယ်– “ဆုံးမမှုကို ဖမ်းဆုပ်ထားပါ။ မလွှတ်လိုက်နဲ့။ သူ့ကို ကာကွယ်စောင့်ရှောက်ပါ။ သူက သင့်အသက်ဖြစ်လို့ပဲ။” (သု. ၄:၁၃၊ ကဘ) လမ်းပြအမှတ်အသားတွေကို လိုက်နာတဲ့ယာဉ်မောင်းလို ဆုံးမမှုကိုလက်ခံပါ၊ လိုက်နာပါ၊ ရှေ့ကိုတိုးတက်နေပါ။—သု. ၄:၂၆၊ ၂၇; ဟေဗြဲ ၁၂:၁၂၊ ၁၃ ကိုဖတ်ပါ။
၁၉။ ဟဗက္ကုတ်နဲ့ ယေရမိတို့ရဲ့ယုံကြည်ခြင်းကို ကျွန်ုပ်တို့ ဘယ်လိုတုပနိုင်သလဲ။
၁၉ မတရားမှုတွေ ဒါမှမဟုတ် မတရားမှုလို့ထင်ရတဲ့အရာတွေ။ တစ်ခါတလေမှာ ကျွန်ုပ်တို့လည်း တရားမျှတမှုအတွက် ယေဟောဝါကို အော်ဟစ်ခဲ့တဲ့ ဟဗက္ကုတ်လို ခံစားရနိုင်တယ်။ ယေဟောဝါ ဘာကြောင့် မတရားမှုတချို့ကို ခွင့်ပြုထားရသလဲဆိုတာ သူနားမလည်ခဲ့ဘူး။ (ဟဗ. ၁:၂၊ ၃) ဒီပရောဖက်ရဲ့ယုံကြည်ခြင်းကို တုပဖို့အရေးကြီးတယ်၊ သူဒီလိုပြောခဲ့တယ်– “ဒါပေမဲ့ ငါကတော့ ယေဟောဝါကြောင့် အားရရွှင်လန်းမယ်။ ငါ့ရဲ့ကယ်တင်ရှင် ဘုရားသခင်ကြောင့် ငါ ရွှင်လန်းမယ်။” (ဟဗ. ၃:၁၈၊ ကဘ) နောက်ယုံကြည်ခြင်းပုံသက်သေတစ်ခုက “စိတ်ရှည်ရှည်နဲ့စောင့်” ခဲ့တဲ့ ယေရမိဖြစ်တယ်။ သင့်တော်တဲ့အချိန်မှာ အရာခပ်သိမ်းကို အမှန်အတိုင်းဖြစ်စေမယ့် တရားမျှတတဲ့ဘုရားသခင် ယေဟောဝါကို အကြွင်းမဲ့ယုံကြည်ခြင်းအားဖြင့် ယေရမိကို တုပနိုင်တယ်။—မြည်တမ်း. ၃:၁၉-၂၄၊ ကဘ။
၂၀။ “လောတ၏ဇနီးကို သတိရ” ကြောင်း ကျွန်ုပ်တို့ ဘယ်လိုသက်သေပြနိုင်သလဲ။
၂၀ စိတ်လှုပ်ရှားစရာကောင်းတဲ့အချိန်မှာ ကျွန်ုပ်တို့ အသက်ရှင်နေကြတယ်။ အခုအချိန်မှာ အံ့ဖွယ်အမှုတွေဖြစ်ပျက်နေသလို မကြာခင်မှာ အဲဒီထက်အံ့သြစရာကောင်းတာတွေ ဖြစ်လာဦးမယ်။ ယေဟောဝါရဲ့အဖွဲ့အစည်းက ရှေ့ကိုတိုးတက်နေတယ်၊ ကျွန်ုပ်တို့လည်း အဖွဲ့အစည်းနဲ့အတူ တိုးတက်နေသင့်တယ်။ နောက်ကိုလှည့်မကြည့်ဘဲ ရှေ့ကိုသာကြည့်ပါဆိုတဲ့ ကျမ်းစာသွန်သင်ချက်ကို လိုက်နာကြစို့။ ဒီနည်းအားဖြင့် ကျွန်ုပ်တို့က “လောတ၏ဇနီးကို သတိရ” ကြောင်း သက်သေပြကြစို့။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 12 အမှိုက်သရိုက်လို့ပြန်ဆိုတဲ့ မူရင်းစကားလုံးက “ခွေးတွေကိုပစ်ပေးတဲ့အရာ၊” “တိရစ္ဆာန်ချေး၊” “မစင်” လို့လည်းအဓိပ္ပာယ်ရှိတယ်။ ပေါလု ဒီစကားလုံးကို အသုံးပြုတာက လူတစ်ယောက် လုံးလုံးငြင်းပယ်တဲ့အရာကို ရည်ညွှန်းခြင်းဖြစ်တယ်လို့ ကျမ်းပညာရှင်တစ်ဦးကပြောတယ်။ လူတစ်ယောက်က အဲဒါကို တန်ဖိုးမရှိတဲ့အရာ၊ ရွံစရာကောင်းတဲ့အရာ၊ နောက်တစ်ခါ ပြန်မကြည့်ချင်တော့တဲ့အရာလို့ ယူဆတယ်။
[လေ့လာရန်မေးခွန်းများ]