ဟဗက္ကုတ် ၁:၁-၁၇
၁ စိတ်အာရုံမှာ ပရောဖက်ဟဗက္ကုတ်* ရခဲ့တဲ့သတင်းစကား–
၂ ယေဟောဝါဘုရား၊ ကျွန်တော် ဘယ်အချိန်အထိ အော်ဟစ် အကူအညီတောင်းရမှာလဲ။ ဘယ်အချိန်ကျမှ ကြားမှာလဲ။+
အကြမ်းဖက်မှုကနေ ကယ်တင်ပေးပါလို့ ဘယ်အချိန်အထိ အကူအညီတောင်းရမှာလဲ။ ဘယ်အချိန်ကျမှ ကယ်တင်မှာလဲ။*+
၃ ကျွန်တော့်ကို မကောင်းမှုတွေ ဘာလို့မြင်စေတာလဲ။
ဖိနှိပ်သူတွေကို ကိုယ်တော် ဘာလို့ သည်းခံနေတာလဲ။
အကြမ်းဖက်မှုတွေ၊ ဖျက်ဆီးမှုတွေ ကျွန်တော့်ရှေ့မှာ ဘာလို့ဖြစ်နေတာလဲ။
ငြင်းခုံရန်ဖြစ်တာတွေ ဘာလို့ ဒီလောက်များနေတာလဲ။
၄ အဲဒီလိုဖြစ်နေတော့ တရားဥပဒေဟာ ဘာမှ အရာမရောက်တော့ဘူး။
တရားမျှတစွာ မလုပ်ဆောင်ကြဘူး။
ဖြောင့်မတ်သူကို လူဆိုးတွေ ဝိုင်းထားတဲ့အတွက် အမှန်တရားဟာ ကပြောင်းကပြန် ဖြစ်ကုန်ပြီ။+
၅ “လူမျိုးတွေကို အာရုံစိုက်ပြီး ကြည့်လိုက်ပါ။
အံ့သြတကြီး ကြည့်ပြီး မိန်းမောနေလိုက်ပါ။
ကြားရင် ယုံနိုင်မှာမဟုတ်တဲ့အရာတွေ မင်းတို့လက်ထက်မှာ ဖြစ်ပျက်လိမ့်မယ်။+
၆ ရက်စက်ကြမ်းကြုတ်ပြီး ကမူးရှူးထိုး လုပ်တတ်တဲ့ ခါလဒဲလူမျိုးကို ငါပေါ်ထွန်းစေမှာ ဖြစ်လို့ပဲ။+
သူတို့က ကိုယ်မပိုင်တဲ့အိမ်တွေကို သိမ်းယူဖို့ မြေတစ်ပြင်လုံးကို တိုက်ချတတ်တယ်။+
၇ သူတို့ဟာ သိပ်ကြောက်စရာကောင်းတယ်။
စိတ်ကြိုက် ဥပဒေထုတ်ပြန်ပြီး အာဏာပြတတ်တယ်။+
၈ သူတို့ရဲ့မြင်းဟာ ကျားသစ်ထက် မြန်တယ်။
ညမှာကျက်စားတဲ့ ဝံပုလွေထက် သူတို့ ပိုကြမ်းကြုတ်တယ်။+
သူတို့ရဲ့စစ်မြင်းတွေက ရှေ့ကို ကဆုန်ပေါက်ပြေးတယ်။
အဝေးကနေ မြင်းတွေ လာတယ်။
သားကောင်ထိုးသုတ်တဲ့ လင်းယုန်လို သူတို့ တစ်ရှိန်ထိုး ရောက်လာတတ်တယ်။+
၉ သူတို့အားလုံး အကြမ်းဖက်ဖို့ပဲ စိတ်အားသန်နေတယ်။+
စုပေါင်းပြီး ချီတက်လာတဲ့အခါ အရှေ့လေ တိုက်ခတ်လာသလိုပဲ။+
သုံ့ပန်းတွေကို သဲတွေလို ကျုံးသွားတယ်။
၁၀ ဘုရင်တွေကို သူတို့လှောင်ပြောင်တယ်။
မင်းအရာရှိတွေကို လှောင်ရယ်တယ်။+
ခံတပ်တွေကို လှောင်ရယ်တယ်။+
မြေကုန်းရိုးကို ဖို့ပြီး ခံတပ်တွေကို သိမ်းပိုက်တယ်။
၁၁ အဲဒီနောက် လေလို ရှေ့ကိုချီတက်ပြီး ပြည်ကို ဖြတ်သွားတယ်။
ဒါပေမဲ့ သူတို့ရဲ့ဘုရားကြောင့် တန်ခိုးအာဏာရတယ်လို့ ယူမှတ်တဲ့အတွက်*+ အပြစ်သင့်လိမ့်မယ်။”+
၁၂ ယေဟောဝါဘုရား၊ ကိုယ်တော်ဟာ ထာဝရကာလကတည်းက တည်ရှိခဲ့တယ် မဟုတ်လား။+
ကျွန်တော့်ဘုရားသခင်၊ သန့်ရှင်းတဲ့အရှင်၊ ကိုယ်တော်ဟာ သေခြင်းနဲ့ကင်းလွတ်တယ်။*+
ယေဟောဝါ၊ ကိုယ်တော်က ပြစ်ဒဏ်စီရင်ဖို့ သူတို့ကို ခန့်ထားတယ်။
ကျွန်တော့်ရဲ့ကျောက်ဆောင်၊+ ကိုယ်တော်က ဆုံးမပဲ့ပြင်ဖို့ သူတို့ကို တည်ရှိစေတယ်။+
၁၃ ကိုယ်တော့်မျက်လုံးတွေဟာ သန့်စင်လွန်းလို့ ဆိုးညစ်တဲ့အရာကို ကြည့်မနေနိုင်ဘူး။
မကောင်းမှုကို သည်းမခံနိုင်ဘူး။+
ဒါဆိုရင် သစ္စာဖောက်တွေကို ဘာလို့ သည်းခံနေပါသလဲ။+
လူဆိုးက ပိုဖြောင့်မတ်သူကို ဝါးမျိုတဲ့အခါ ကိုယ်တော် ဘာလို့ နှုတ်ဆိတ်နေတာလဲ။+
၁၄ လူကို ပင်လယ်ငါးတွေလို၊အုပ်ချုပ်သူမရှိတဲ့ တွားသွားသတ္တဝါတွေလို ဖြစ်အောင် ကိုယ်တော် ဘာလို့လုပ်တာလဲ။
၁၅ သူက* သူတို့ကို ငါးမျှားချိတ်နဲ့ ဆွဲတယ်။
ဆွဲပိုက်နဲ့ ဖမ်းတယ်။
ငါးဖမ်းပိုက်ထဲမှာ စုသိမ်းတယ်။
ဒါကြောင့် အကြီးအကျယ် ဝမ်းမြောက်နေတယ်။+
၁၆ သူက ဆွဲပိုက်ဆီ ယဇ်ပူဇော်တယ်။
ငါးဖမ်းပိုက်ဆီ ယဇ်ပူဇော်တယ်။
အဲဒီပိုက်တွေကြောင့် သူ့ဝေစုဟာ အဆီတဝင်းဝင်း ဖြစ်နေပြီး အကောင်းဆုံးအစာကို သူစားရလို့ပဲ။
၁၇ ဒါနဲ့ပဲ ဆွဲပိုက်ကို သူ အမြဲသွန်ချနေမှာလား။*
လူမျိုးတွေကို မသနားဘဲ အမြဲသတ်ဖြတ်နေမှာလား။+
အောက်ခြေမှတ်ချက်များ
^ အဓိပ္ပာယ်၊ “အားပါးတရ ပွေ့ဖက်ခြင်း။”
^ ဒါမှမဟုတ်၊ “ကြားဝင်လုပ်ဆောင်ပေးမှာလဲ။”
^ “သူတို့ရဲ့တန်ခိုးအာဏာဟာ သူတို့ရဲ့ဘုရား ဖြစ်နေတဲ့အတွက်” လည်းဖြစ်နိုင်။
^ “ကျွန်တော်တို့ သေမှာမဟုတ်ဘူး” လည်းဖြစ်နိုင်။
^ ခါလဒဲရန်သူ။
^ “ဓားကို ထုတ်မြဲထုတ်နေတော့မှာလား” လည်းဖြစ်နိုင်။