မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တမန်တော်ကျမ်းမှ ပေါ်လွင်ချက်များ

တမန်တော်ကျမ်းမှ ပေါ်လွင်ချက်များ

ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏

တမန်တော်ကျမ်းမှ ပေါ်လွင်ချက်များ

တမန်တော်ကျမ်းသည် ခရစ်ယာန်အသင်းတော်တည်ထောင်ခြင်းနှင့် နောက်ပိုင်း အသင်းတော်တိုးတက်ပြန့်ပွားမှုဆိုင်ရာ ခြုံငုံသမိုင်းကြောင်းကို ဖော်ပြသည်။ ဆရာဝန်လုကာရေးသားခဲ့သောဤကျမ်းသည် စီအီး ၃၃ မှ စီအီး ၆၁ အထိ နှစ်ပေါင်း ၂၈ နှစ်ခန့်ကာလတစ်လျှောက် ခရစ်ယာန်လုပ်ငန်းနှင့်ဆိုင်သော စိတ်လှုပ်ရှားဖွယ်မှတ်တမ်းကို တင်ပြထားသည်။

တမန်တော်ကျမ်း၏ပထမအပိုင်းသည် အဓိကအားဖြင့် တမန်တော်ပေတရု၏လုပ်ဆောင်မှုအကြောင်းဖြစ်ပြီး ဒုတိယအပိုင်းသည် တမန်တော်ပေါလု၏လုပ်ဆောင်မှုအကြောင်းဖြစ်သည်။ လုကာသည် “ငါတို့” ဟူသောနာမ်စားကို အသုံးပြုခြင်းဖြင့် အဖြစ်အပျက်အချို့တွင် သူကိုယ်တိုင်ပါဝင်ခဲ့ကြောင်း ဖော်ပြသည်။ တမန်တော်ကျမ်းပါသတင်းစကားကို အာရုံစိုက်ခြင်းက ရေးသားထားသောဘုရားသခင့်နှုတ်မြွက်စကားတော်၏တန်ခိုးနှင့် ကိုယ်တော့်သန့်ရှင်းသောဝိညာဉ်တော်ကို ပို၍လေးမြတ်တန်ဖိုးထားရန် ထောက်ကူပါလိမ့်မည်။ (ဟေဗြဲ ၄:၁၂) ဤကျမ်းက ကိုယ်ကျိုးစွန့်စိတ်ဓာတ် တင်ပြရန်လည်း လှုံ့ဆော်ပေးပြီး ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်အပေါ် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့စေပါလိမ့်မည်။

ပေတရုသည် ကောင်းကင် “နိုင်ငံတော်သော့တို့” ကိုအသုံးပြု

(တမန်တော် ၁:၁–၁၁:၁၈)

တမန်တော်များသည် သန့်ရှင်းသောဝိညာဉ်တော်ရပြီးနောက် ရဲရင့်စွာသက်သေခံကြသည်။ ပေတရုသည် ‘မိမိ၏စကားကို အသင့်နှလုံးသွင်းမိသော’ ဂျူးလူမျိုးများနှင့် ဂျူးဘာသာပြောင်းဝင်သူများ ဘုရားသခင့်နိုင်ငံတော်သို့ဝင်ရန်အတွက် အသိပညာနှင့် အခွင့်အရေးတံခါးကိုဖွင့်ဖို့ “ကောင်းကင်နိုင်ငံတော်၏သော့တို့” မှ ပထမသော့ကို အသုံးပြုသည်။ (မ. ၁၆:၁၉; တ. ၂:၅၊ ၄၁) နှိပ်စက်ညှဉ်းပန်းမှု ရုတ်တရက်တိုးများလာခြင်းက တပည့်များကို ကွဲလွင့်သွားစေသည်၊ သို့သော် ယင်းက ဟောပြောခြင်းလုပ်ငန်းပျံ့နှံ့စေသည်။

ရှမာရိပြည်တွင် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို လက်ခံကြောင်း တမန်တော်များကြားသည်နှင့်တစ်ပြိုင်နက် ယေရုရှလင်မြို့ရှိတမန်တော်တို့သည် ပေတရုနှင့်ယောဟန်ကို ရှမာရိလူတို့ထံ စေလွှတ်ခဲ့ကြသည်။ ပေတရုသည် ရှမာရိလူတို့အား ဘုရားသခင့်နိုင်ငံတော်ဝင်ခွင့်ကို ဖွင့်ပေးခြင်းဖြင့် ဒုတိယသော့ကို အသုံးပြုသည်။ (တ. ၈:၁၄-၁၇) ဖြစ်နိုင်သည်မှာ ယေရှုရှင်ပြန်ထမြောက်သည့်နှစ်တွင်ပင် တာရှုမြို့သားရှောလုသည် အံ့ဖွယ်ကောင်းလောက်အောင် ပြောင်းလဲလာခဲ့သည်။ စီအီး ၃၆ တွင် တတိယသော့ကို ပေတရုအသုံးပြုရာ အရေဖျားလှီးခြင်းမခံသော တစ်ပါးအမျိုးသားအပေါ် သန့်ရှင်းသောဝိညာဉ်တော်ဆုကျေးဇူး သွန်လောင်းခဲ့သည်။—တ. ၁၀:၄၅

ကျမ်းစာမေးခွန်းများ အဖြေ–

၂:၄၄-၄၇; ၄:၃၄၊ ၃၅—ယုံကြည်သူများသည် အဘယ်ကြောင့် မိမိတို့ဥစ္စာပစ္စည်းများကို ရောင်းပြီး ရရှိငွေများကို ဝေငှခဲ့ကြသနည်း။ ယုံကြည်သူဖြစ်လာကြသူများစွာတို့သည် ဝေးသောဒေသများမှ လာကြသူတို့ဖြစ်ပြီး ယေရုရှလင်မြို့တွင် ဆက်နေရန် စားနပ်ရိက္ခာအလုံအလောက်မရှိခဲ့ကြချေ။ သို့သော် သူတို့သည် မိမိတို့တွေ့ရှိသည့် အသစ်သောယုံကြည်ခြင်းနှင့်ပတ်သက်၍ ထပ်သိနိုင်ရန်နှင့် အခြားသူများကို သက်သေခံရန် ထိုတွင်ဆက်နေလိုခဲ့ကြသည်။ ထိုသူတို့ကို ကူညီပေးရန် ခရစ်ယာန်အချို့သည် မိမိတို့ပိုင်ဆိုင်ရာများကိုရောင်းပြီး ရရှိသောငွေများကို လိုအပ်နေသူတို့အား ဝေငှခဲ့ကြသည်။

၄:၁၃—ပေတရုနှင့်ယောဟန်သည် စာမတတ် သို့မဟုတ် ပညာမတတ်သူများလော။ မဟုတ်ပါ။ ဘာသာရေးလေ့ကျင့်မှုအတွက် ရဗ္ဗိကျောင်းများ မတက်ရောက်ခဲ့ကြသောကြောင့် သူတို့ကို “လူတတ်မဟုတ်၊ လူသာမည” ဟုခေါ်ကြခြင်းဖြစ်သည်။

၅:၃၄-၃၉—ဆဲန်ဟီဒရင် လွှတ်တော်အစည်းအဝေးတွင် ဂါမလျေလပြောဆိုသောစကားများကို လုကာ မည်သို့သိနိုင်သနည်း။ အနည်းဆုံး ဖြစ်နိုင်ခြေသုံးခုရှိသည်– (၁) ဂါမလျေလ၏တပည့်ဟောင်းတစ်ဦးဖြစ်ခဲ့သူ ပေါလုသည် လုကာကို အသိပေးခဲ့ခြင်းဖြစ်နိုင်သည်၊ (၂) နိကောဒင်ကဲ့သို့ စိတ်ရင်းကောင်းသော ဆဲန်ဟီဒရင်တရားရုံးအဖွဲ့ဝင်တစ်ဦးကို လုကာမေးမြန်းခဲ့ခြင်းဖြစ်ပေမည်၊ (၃) ဘုရားသခင်ဖော်ပြပေးခြင်းဖြင့် ဤအချက်အလက်ကို လုကာရရှိခဲ့ခြင်းဖြစ်ပေမည်။

၇:၅၉—သတေဖန်သည် ယေရှုထံဆုတောင်းခဲ့သလော။ မတောင်းခဲ့ပါ။ လူသည် ယေဟောဝါဘုရားသခင်ကိုသာ ဝတ်ပြုကိုးကွယ်သင့်ပြီး ကိုယ်တော်ထံ၌သာ ဆုတောင်းသင့်သည်။ (လု. ၄:၈; ၆:၁၂) သာမန်အခြေအနေများတွင် သတေဖန်သည် ယေရှုနာမကို အမှီပြု၍ ယေဟောဝါထံဆုတောင်းခဲ့လိမ့်မည်။ (ယော. ၁၅:၁၆) သို့သော် ဤအဖြစ်တွင် “လူသားသည် ဘုရားသခင်၏လက်ယာတော်ဘက်၌ရပ်နေသည်ကို” စိတ်အာရုံတစ်ခုတွင် သတေဖန်မြင်တွေ့ခဲ့သည်။ (တ. ၇:၅၆) ယေရှုသည် လူသေတို့ကို ပြန်ရှင်စေရန် အခွင့်အာဏာပေးအပ်ခံရပြီဖြစ်ကြောင်း သတေဖန် လုံးဝသိရှိခဲ့သောကြောင့် သူသည် ဆုတောင်းနေခြင်းမဟုတ်ဘဲ ယေရှုထံတိုက်ရိုက်စကားပြောကာ သူ၏အသက်ကိုကာကွယ်ပေးရန် ကိုယ်တော်အား တောင်းဆိုနေခြင်းဖြစ်သည်။—ယော. ၅:၂၇-၂၉

ကျွန်ုပ်တို့အတွက် သင်ခန်းစာ–

၁:၈ယေဟောဝါကို ဝတ်ပြုကိုးကွယ်သူများဆောင်ရွက်သော ကမ္ဘာချီသက်သေခံခြင်းလုပ်ငန်းသည် သန့်ရှင်းသောဝိညာဉ်တော်အကူအညီမပါဘဲ မပြီးမြောက်နိုင်ပါ။

၄:၃၆–၅:၁၁ကုပရုပြည်သားယောသေ၏အမည်သစ်မှာ ဗာနဗ ဖြစ်ပြီး “သက်သာစေခြင်း၏သား” ဟုအဓိပ္ပာယ်ရှိသည်။ တမန်တော်များသည် သူ့အား ဗာနဗ ဟူသည့်အမည်ကို ပေးခဲ့ခြင်းဖြစ်နိုင်သည်၊ အကြောင်းမှာ သူသည် ချစ်ခင်ကြင်နာတတ်ပြီး အခြားသူများကို ကူညီပေးတတ်သောကြောင့်ဖြစ်၏။ ကျွန်ုပ်တို့သည် သူကဲ့သို့ဖြစ်သင့်သည်၊ ဟန်ဆောင်၊ အရေခြုံ၊ မရိုးဖြောင့်သော အာနနိနှင့် ရှဖိရေတို့ကဲ့သို့ မဖြစ်သင့်ပါ။

၉:၂၃-၂၅ဟောပြောခြင်းဆက်လုပ်ဆောင်ရန် ရန်သူများကိုရှောင်တိမ်းခြင်းသည် သူရဲဘောကြောင်၍မဟုတ်ပါ။

၉:၂၈-၃၀ရပ်ကွက်အချို့တွင် သို့မဟုတ် အချို့သူတို့ကို သက်သေခံရာ၌ ရုပ်ပိုင်း၊ ကိုယ်ကျင့်တရားပိုင်း သို့မဟုတ် ဝိညာဉ်ရေးပိုင်းတွင် အန္တရာယ်ရှိလာပါက ကျွန်ုပ်တို့သည် သတိရှိရန်နှင့် မည်သည့်နေရာ၊ မည်သည့်အချိန်၌ဟောပြောရမည်ကို ရွေးချယ်ရန်လို၏။

၉:၃၁ကျွန်ုပ်တို့သည် အတော်အတန်ငြိမ်သက်မှုရှိချိန်အတွင်း လေ့လာခြင်းနှင့် တွေးတောဆင်ခြင်ခြင်းအားဖြင့် မိမိတို့၏ယုံကြည်ခြင်းကို ခိုင်ခံ့စေရန် ကြိုးစားအားထုတ်သင့်သည်။ ကျွန်ုပ်တို့သင်ယူသိရှိရာကို ကျင့်သုံးခြင်းဖြင့် ယေဟောဝါကိုကြောက်ရွံ့ခြင်း၌ လျှောက်လှမ်းရန်နှင့် ဓမ္မအမှုတွင် စိတ်အားထက်သန်ရန် ယင်းက အထောက်အကူဖြစ်စေလိမ့်မည်။

ပေါလု၏ထက်သန်သောဓမ္မအမှု

(တမန်တော် ၁၁:၁၉–၂၈:၃၁)

စီအီး ၄၄ တွင် အာဂဗုသည် ဗာနဗနှင့် ရှောလုတို့ “တစ်နှစ်ပတ်လုံး” သွန်သင်သည့်နေရာ အန္တိအုတ်မြို့သို့လာသည်။ အာဂဗုက “အစာအာဟာရအလွန်ခေါင်းပါးခြင်း” ဖြစ်မည်ဟု ကြိုဟောပြီး နှစ်နှစ်အကြာတွင် ယင်းအတိုင်းဖြစ်လာသည်။ (တ. ၁၁:၂၆-၂၈) ‘ယေရုရှလင်မြို့တွင် ကယ်ဆယ်ရေးအမှုကိစ္စများကို အပြည့်အဝ ဆောင်ရွက်ပြီးနောက်’ ဗာနဗနှင့် ရှောလုသည် အန္တိအုတ်မြို့သို့ ပြန်လာကြသည်။ (တ. ၁၂:၂၅ကဘ) ရှောလုဘာသာပြောင်းဝင်ပြီးနောက် ၁၂ နှစ်ခန့်ဖြစ်သော စီအီး ၄၇ တွင် ဗာနဗနှင့် ရှောလုသည် သန့်ရှင်းသောဝိညာဉ်တော်စေလွှတ်မှုကြောင့် ခရစ်ယာန်သာသနာပြုခရီးထွက်ခဲ့ကြသည်။ (တ. ၁၃:၁-၄) စီအီး ၄၈ တွင် သူတို့သည် “ဘုရားသခင်၏ကျေးဇူးတော်သို့အပ်နှံ၍စေလွှတ်သော” အန္တိအုတ်မြို့သို့ ပြန်လာကြ၏။—တ. ၁၄:၂၆

ကိုးလခန့်အကြာတွင် ပေါလု (ရှောလုအဖြစ်လည်းသိကြ) သည် သိလကို မိမိအဖော်အဖြစ်ရွေးချယ်ပြီး ဒုတိယခရီးစဉ် ထွက်လေသည်။ (တ. ၁၅:၄၀) လမ်းခရီးတွင် တိမောသေနှင့်လုကာသည် ပေါလုနှင့်ပူးပေါင်းကြသည်။ လုကာသည် ဖိလိပ္ပိမြို့တွင် နေရစ်ခဲ့ပြီး ပေါလုမှာမူ အေသင်မြို့သို့ခရီးဆက်ကာ ထိုမှနေ၍ ကောရိန္သုမြို့သို့ဆက်သွား၏၊ ထိုတွင် အာကုလ၊ ပြစ်ကိလတို့ကို တွေ့ဆုံကာ တစ်နှစ်နှင့် ခြောက်လနေထိုင်သည်။ (တ. ၁၈:၁၁) ပေါလုသည် ကောရိန္သုမြို့တွင် တိမောသေနှင့်သိလကို ထားခဲ့ပြီး အာကုလနှင့် ပြစ်ကိလတို့ကို ခေါ်ကာ စီအီး ၅၂ အစောပိုင်းတွင် ရှုရိပြည်သို့ သင်္ဘောနှင့်ရွက်လွှင့်သွားကြသည်။ (တ. ၁၈:၁၈) အာကုလနှင့် ပြစ်ကိလသည် ဧဖက်မြို့ထိတိုင် သူနှင့်အတူလိုက်လာပြီး ထိုတွင် နေရစ်ခဲ့ကြသည်။

ပေါလုသည် ရှုရိပြည်၊ အန္တိအုတ်မြို့တွင် အတန်အရာနေပြီးနောက် စီအီး ၅၂ တွင် သူ၏တတိယခရီးစဉ် စထွက်လေသည်။ (တ. ၁၈:၂၃) ဧဖက်မြို့တွင် “ယေဟောဝါဘုရား၏ တရားတော်သည် အလွန်ထွန်းကားပျံ့နှံ့လေ၏။” (တ. ၁၉:၂၀ကဘ) ပေါလုသည် ထိုတွင် သုံးနှစ်ခန့်နေထိုင်သည်။ (တ. ၂၀:၃၁) စီအီး ၅၆၊ ပင်တေကုတ္တေပွဲနေ့တွင် ပေါလုသည် ယေရုရှလင်မြို့တွင် ရောက်နေသည်။ အဖမ်းခံရပြီးနောက် သူသည် အာဏာပိုင်များရှေ့ ရဲရင့်စွာသက်သေခံသည်။ ဤတမန်တော်သည် ရောမတွင် နှစ်နှစ် (စီအီး ၅၉-၆၁ ခန့်) အိမ်တွင် အကျယ်ချုပ်ဖြင့်နေရသည်၊ ထိုအိမ်မှနေ၍ ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြောရန်နည်းလမ်းများ တွေ့ရှိကာ “သခင်ယေရှုခရစ်၏အကြောင်းများ” ကိုသွန်သင်လေသည်။—တ. ၂၈:၃၀၊ ၃၁

ကျမ်းစာမေးခွန်းများ အဖြေ–

၁၄:၈-၁၃—လုတ္တရမြို့ရှိလူတို့သည် ‘ပေါလုကို ဟေရမေဟူ၍လည်းကောင်း၊ ဗာနဗကို ဇုသဟူ၍လည်းကောင်း’ အဘယ်ကြောင့် ခေါ်ခဲ့ကြသနည်း။ ဇုသသည် ဂရိဒဏ္ဍာရီပါ နတ်ဘုရားများကို အုပ်စိုးသူဖြစ်ပြီး သူ့သား ဟေရမေမှာ အဟောအပြောကောင်းခြင်းကြောင့် လူသိများ၏။ ပေါလုသည် ဦးဆောင် ပြောဆိုသောကြောင့် လုတ္တရမြို့သားတို့က သူ့ကို ဟေရမေဟုခေါ်ပြီး ဗာနဗကို ဇုသဟုခေါ်ကြသည်။

၁၆:၆၊ ၇—ပေါလုနှင့် သူ၏အဖော်များသည် အာရှိနှင့် ဗိသုန်ပြည်တို့တွင် မဟောပြောရန် အဘယ်ကြောင့် သန့်ရှင်းသောဝိညာဉ်တော်က တားဆီးပိတ်ပင်ခဲ့သနည်း။ လုပ်ဆောင်သူအနည်းငယ်သာရှိကြသည်။ ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့ကို ပို၍သီးပွင့်သောလယ်ကွင်းများဆီသို့ ညွှန်ကြားခဲ့သည်။

၁၈:၁၂-၁၇—ဘေးမှကြည့်နေသူများ သုဿင်ကို ရိုက်နှက်ကြသောအခါ ဂါလျုန်မင်းသည် အဘယ်ကြောင့် ဝင်ရောက်စွက်ဖက်ခြင်းမပြုသနည်း။ ပေါလုအားဆန့်ကျင်တိုက်ခိုက်သည့် ရမ်းကားသောလူအုပ်ကို ဦးဆောင်ဖွယ်ရှိသူသည် သူခံထိုက်ရာကို ခံရသည်ဟု ဂါလျုန်ထင်မှတ်၍ ဖြစ်ကောင်းဖြစ်မည်။ သို့သော် ဤဖြစ်ရပ်က သုဿင်အား ခရစ်ယာန်ဘာသာသို့ပြောင်းဝင်စေသည့် ရလဒ်ကောင်းရရှိစေပုံရသည်။ နောက်ပိုင်းတွင် ပေါလုသည် သုဿင်ကို “ငါတို့၏ညီအစ်ကို” ဟုခေါ်ထားသည်။—၁ ကော. ၁:၁ကဘ။

၁၈:၁၈—ပေါလုသည် အဘယ်ကတိ ပြုခဲ့သနည်း။ ကျမ်းပညာရှင်အချို့က နာဇရိသစ္စာကတိပြုခဲ့သည်ဟု ယူမှတ်ကြသည်။ (တော. ၆:၁-၂၁) သို့သော် ပေါလု အဘယ်ကတိပြုခဲ့သည်ကို သမ္မာကျမ်းစာမဖော်ပြထားပါ။ ထို့ပြင် ပေါလု ဘာသာမပြောင်းမီ သို့မဟုတ် ဘာသာပြောင်းပြီးနောက် ကတိပြုခဲ့ခြင်းလော သို့မဟုတ် စတင်ကတိပြုခဲ့ခြင်း သို့မဟုတ် အဆုံးသတ်ခြင်းလောဟူ၍ ကျမ်းစာတွင် အဘယ်အရာမျှ မဖော်ပြထားပါ။ မည်သို့ပင်ဖြစ်ပါစေ၊ ထိုသို့ကတိပြုခြင်းသည် အပြစ်မရှိပါ။

ကျွန်ုပ်တို့အတွက် သင်ခန်းစာ–

၁၂:၅-၁၁ကျွန်ုပ်တို့သည် ညီအစ်ကို၊ ညီအစ်မများအတွက် ဆုတောင်းနိုင်ပြီး တောင်းလည်းတောင်းသင့်သည်။

၁၂:၂၁-၂၃; ၁၄:၁၄-၁၈ဟေရုဒ်သည် ဘုရားသခင်ကိုသာ ပေးသင့်သော ဂုဏ်အသရေတော်ကို လွယ်လွယ်ပင်လက်ခံခဲ့သည်။ မိမိတို့မရထိုက်သောချီးမွမ်းဂုဏ်တင်မှုကို ချက်ချင်း၊ ပြတ်ပြတ်သားသားငြင်းပယ်ကြသော ပေါလု၊ ဗာနဗနှင့် အခြားကြီးခြားနားလှသည်! ယေဟောဝါ၏လုပ်ငန်းတွင် ကျွန်ုပ်တို့ရရှိကောင်းရရှိမည့် အဘယ်ပြီးမြောက်အောင်မြင်မှုအတွက်မဆို ဂုဏ်တင်ချီးမွမ်းခြင်းရလိုသည့်စိတ်မရှိသင့်ပါ။

၁၄:၅-၇ပညာသတိရှိခြင်းက လုပ်ငန်းတော်တွင် ဆက်၍တက်တက်ကြွကြွရှိရန် အထောက်အကူပြုနိုင်သည်။—မ. ၁၀:၂၃

၁၄:၂၂ခရစ်ယာန်များသည် နှိပ်စက်ညှဉ်းပန်းမှုများကို မျှော်လင့်ထားကြသည်။ သူတို့သည် မိမိတို့၏ယုံကြည်ခြင်းကို အလျှော့ပေးလိုက်လျောခြင်းဖြင့် ယင်းတို့မှ လွတ်မြောက်ရန် မကြိုးစားကြပါ။—၂ တိ. ၃:၁၂

၁၆:၁၊ ၂ခရစ်ယာန်လူငယ်များသည် ဝိညာဉ်ရေးရာများတွင် မိမိတို့ကိုယ်ကို အသုံးတော်ခံသင့်ပြီး နာမည်ကောင်းရှိရန် ယေဟောဝါ၏အကူအညီကို ရှာယူသင့်သည်။

၁၆:၃ကျွန်ုပ်တို့သည် သတင်းကောင်းကို အခြားသူများလက်ခံနိုင်စေရန် ကျမ်းစာမူများဘောင်အတွင်း ကျွန်ုပ်တို့လုပ်နိုင်သမျှ လုပ်ဆောင်သင့်သည်။—၁ ကော. ၉:၁၉-၂၃

၂၀:၂၀၊ ၂၁တစ်အိမ်မှတစ်အိမ်သက်သေခံခြင်းသည် ကျွန်ုပ်တို့ဓမ္မအမှု၏ မရှိမဖြစ်လိုအပ်သောကဏ္ဍတစ်ရပ်ဖြစ်သည်။

၂၀:၂၄; ၂၁:၁၃ဘုရားသခင်အပေါ် ဆက်၍တည်ကြည်ခြင်းသည် ကျွန်ုပ်တို့အသက်ကို ကာကွယ်စောင့်ရှောက်ခြင်းထက် ပို၍အရေးကြီးသည်။

၂၁:၂၁-၂၆ကျွန်ုပ်တို့သည် အကြံဉာဏ်ကောင်းကို လိုလိုလားလားလက်ခံသင့်သည်။

၂၅:၈-၁၂ယနေ့ ခရစ်ယာန်များသည် “သတင်းကောင်းကို ခုခံကာကွယ်၍ တရားဥပဒေအရ အတည်ဖြစ်စေခြင်း” တွင်တည်ဆဲဥပဒေနည်းလမ်းများကို အသုံးချနိုင်ပြီး သုံးလည်းသုံးသင့်သည်။—ဖိ. ၁:၇ကဘ။

၂၆:၂၄၊ ၂၅‘အမှန်တရားနှင့်လည်းကောင်း၊ ကောင်းသောစိတ်နှင့်လည်းကောင်း ယှဉ်သောစကား’ သည် “ဇာတိပကတိလူ” အတွက် မိုက်မဲသောအရာဖြစ်သော်လည်း ယင်းတို့ကို ကျွန်ုပ်တို့ကြေညာသင့်သည်။—၁ ကော. ၂:၁၄

[စာမျက်နှာ ၃၀ ပါပုံစာ]

ပေတရုသည် မည်သည့်အချိန်တွင် ကောင်းကင် “နိုင်ငံတော်သော့တို့” ကိုအသုံးပြုခဲ့သနည်း

[စာမျက်နှာ ၃၁ ပါပုံစာ]

ကမ္ဘာချီသက်သေခံခြင်းလုပ်ငန်းသည် သန့်ရှင်းသောဝိညာဉ်တော် အကူအညီမပါဘဲ မပြီးမြောက်နိုင်ပါ