မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သားသမီးတွေ ပညာတတ်ဖြစ်အောင် ဘယ်လိုကူညီနိုင်မလဲ

သားသမီးတွေ ပညာတတ်ဖြစ်အောင် ဘယ်လိုကူညီနိုင်မလဲ

သားသမီးတွေ ပညာတတ်ဖြစ်အောင် ဘယ်လိုကူညီနိုင်မလဲ

ကလေးတစ်ဦး၏ ပညာရေးသည် စိတ်လှုပ်ရှားစရာကောင်းသော ခရီးကြမ်းနှင့်တူ၏။ ထိုခရီးကို သင်နှင့်သင့်သားသမီးများ အတူတကွနှင်နေကြသည်။ သူတို့ကို အားပေးထောက်မပြီး မေတ္တာပါပါလမ်းညွှန်ခြင်းဖြင့် ဘဝခရီးတစ်လျှောက် အောင်မြင်နိုင်ရန် သင်ကူညီပေးနေသည်။ ကလေးများအတွက် သင်ယူစရာများစွာရှိ၏။

သားသမီးများသည် ဘဝတွင် အမှန်အောင်မြင်ပျော်ရွှင်နိုင်ရန် ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးစံနှုန်းများကို လိုက်နာရမည်ဖြစ်ပြီး အမှားအမှန် ခွဲခြားတတ်ရမည်။ သူတို့သည် ယေဟောဝါကို သိကျွမ်း၍ ချစ်မြတ်နိုးလာပါက သူတို့၏ပညာရေးမှ ထာဝရအကျိုးကျေးဇူးခံစားရပေမည်။ ထို့ကြောင့် သားသမီးများ အဘယ်အရာသင်ယူနေသည်၊ သင်ယူသည့်အရာကို မည်မျှတန်ဖိုးထားနားလည်သည်ဟူသောကိစ္စတွင် မိဘတစ်ဦးအနေနှင့် အရေးပါသောကဏ္ဍမှ သင်ပါဝင်နေသည်။

ထိုခရီးနှင်ရာတွင် မိဘများ အခက်အခဲများကြုံတွေ့ကြရသည်။ သားသမီးများသည် ထိခိုက်ခံစားလွယ်၍ မိသားစုပြင်ပမှ အကျိုးမပြုသောအရာများကို အလွယ်တကူ သင်ယူတတ်မြောက်နိုင်ကြသည်။ ထို့ပြင် စာတန်အုပ်စိုးနေသောလောကတွင် ကျွန်ုပ်တို့အသက်ရှင်နေကြသည်။ (၁ ယောဟန် ၅:၁၉) စာတန်သည် သင့်ကလေးများ၏ပညာရေးကို မလိုတမာစိတ်ဖြင့် စိတ်ဝင်စားနေသည်။ သူသည် ဆိုးညစ်မှုကိုသင်ပေးရာတွင် အတွေ့အကြုံရှိပြီး ကျွမ်းကျင်သောဆရာသမားတစ်ဦးဖြစ်၏။ “လင်းသောကောင်းကင်တမန်” ဖြစ်ယောင်ဆောင်သော်လည်း ထိုအလင်းမှာ ယေဟောဝါ၏နှုတ်မြွက်စကား၊ ကိုယ်တော့်အလိုတော်နှင့်ဆန့်ကျင်ပြီး စဉ်းလဲသည်။ (၂ ကောရိန္သု ၄:၄; ၁၁:၁၄; ယေရမိ ၈:၉) စာတန်နှင့်နတ်ဆိုးများသည် ကောက်ကျစ်စဉ်းလဲရာတွင်နှင့် တစ်ကိုယ်ကောင်းဆန်ခြင်း၊ မရိုးသားခြင်း၊ အကျင့်ယိုယွင်းခြင်းကို မြေတောင်မြှောက်ပေးရာတွင် တစ်ဖက်ကမ်းခပ်ကျွမ်းကျင်ကြသည်။—⁠၁ တိမောသေ ၄:၁၊ ၂

သင့်သားသမီးများ လှည့်ဖြားမခံရအောင် မည်သို့ကာကွယ်နိုင်သနည်း။ မှန်ကန်ရာ၊ လုပ်သင့်လုပ်ထိုက်ရာကို သိရှိလက်ခံနိုင်ရန် မည်သို့သင်ပေးနိုင်သနည်း။ အရေးကြီးဆုံးမှာ သင့်ကိုယ်သင် ပြန်ဆန်းစစ်ခြင်းဖြစ်သည်။ သင်သည် ပုံသက်သေကောင်းပြဖို့လို၏။ ထို့ပြင် သားသမီးများကို အချိန်ယူလေ့ကျင့်ပေးရမည့်တာဝန်ကို လက်ခံရန် အရေးကြီးသည်။ သို့သော် ထိုအချက်များကိုမသုံးသပ်မီ အကျိုးရှိသောပညာရေး၏အုတ်မြစ်ကို ဆန်းစစ်ကြည့်ကြစို့။

စစ်မှန်သောပညာရေး၏အုတ်မြစ်

ပညာအရှိဆုံးဖြစ်သော ဣသရေလဘုရင်ရှောလမုန်ထံမှ သင်ယူနိုင်ပါသည်။ ကျမ်းစာကဤသို့ဆို၏– “ဘုရားသခင်သည် များစွာသောဉာဏ်ပညာကိုလည်းကောင်း၊ သမုဒ္ဒရာသဲလုံးနှင့်အမျှ ကျယ်ဝန်းသောနှလုံးကိုလည်းကောင်း ပေးတော်မူသည်ဖြစ်၍ ပညာတော်သည် အရှေ့ပြည်သားပညာနှင့် အဲဂုတ္တုပြည်သားပညာကို လွန်ကဲ၏။” ရှောလမုန်စီရင်သော ‘ပညာရှိစကားသုံးထောင်နှင့် သီချင်းတစ်ထောင်ငါးခုရှိ၏။’ အပင်နှင့်တိရစ္ဆာန်များအကြောင်း သူကောင်းစွာသိနားလည်သည်။ (၃ ဓမ္မရာဇဝင် ၄:၂၉-၃၄) ယေရုရှလင်မြို့ရှိ ယေဟောဝါ၏ကြီးကျယ်ခမ်းနားသော ဝတ်ပြုရာအိမ်တော် ဆောက်လုပ်ခြင်းအပါအဝင် ဆောက်လုပ်ရေးစီမံကိန်းများကိုလည်း သူကြီးကြပ်ခဲ့သည်။

ဒေ.ကျမ်းကဲ့သို့သော ရှောလမုန်၏အရေးအသားများက လူ့သဘောသဘာဝကို သူကောင်းစွာနားလည်ကြောင်း ဖော်ပြသည်။ စစ်မှန်သောပညာရေး၏အုတ်မြစ်အကြောင်း ရေးသားရန် သူ့ကို ဘုရားသခင်လှုံ့ဆော်ခဲ့သည်။ ရှောလမုန် ဤသို့ဆို၏– ‘ထာဝရဘုရားသခင်ကို ကြောက်ရွံ့သောသဘောသည် ပညာ၏အချုပ်အခြာဖြစ်၏။’ ‘ထာဝရဘုရားသခင်ကို ကြောက်ရွံ့သောသဘောသည် ပညာ၏မူလအမြစ်ဖြစ်၏။’—⁠သု. ၁:၇; ၉:၁၀

ဘုရားသခင်ကို ကျွန်ုပ်တို့ကြောက်ရွံ့ပါက ကိုယ်တော်ကို ရိုသေခန့်ညားမည်ဖြစ်ပြီး ကိုယ်တော့်စိတ်တော်မငြိုငြင်စေရန် ဂရုစိုက်မည်ဖြစ်သည်။ ကိုယ်တော်သည် အကြီးမြတ်ဆုံးဖြစ်ကြောင်း၊ ကိုယ်တော်အား ကျွန်ုပ်တို့လက်အောက်ခံရမည်ဖြစ်ကြောင်း အသိအမှတ်ပြုကြသည်။ ကျွန်ုပ်တို့၏အသက်ပေးရှင်အား မလေးစားသူတို့ကို လူတို့က ပညာရှိများဟုယူမှတ်မည်ဖြစ်သော်လည်း သူတို့၏ပညာသည် “ဘုရားသခင့်ရှေ့၌ မိုက်မဲခြင်းဖြစ်၏။” (၁ ကောရိန္သု ၃:၁၉) သင့်သားသမီးများသည် “အထက်မှသက်ရောက်သောပညာ” ကိုအခြေပြုသည့် ပညာရေးလိုအပ်သည်။—⁠ယာကုပ် ၃:၁၇

ယေဟောဝါစိတ်တော်ငြိုငြင်မည်ကို စိုးရွံ့ခြင်းက ကိုယ်တော်အားချစ်ခြင်းနှင့် အနီးကပ်ဆက်စပ်နေသည်။ ယေဟောဝါသည် မိမိကျေးကျွန်များ မိမိကိုကြောက်ရွံ့ပြီး ချစ်မြတ်နိုးစေလိုတော်မူသည်။ မောရှေ ဤသို့ဆို၏– ‘အိုဣသရေလအမျိုး၊ သင်၏ဘုရားသခင်ကိုကြောက်ရွံ့၍ လမ်းတော်သို့လိုက်သွားခြင်း၊ သင်၏ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ချစ်၍ အမှုတော်ကိုဆောင်ရွက်ခြင်း၊ သင်၏အကျိုးကိုထောက်၍ ယနေ့ ငါ ဆင့်ဆိုသော ထာဝရဘုရားသခင်၏ပညတ်တော်ကို စောင့်ရှောက်ခြင်းအမှုမှတစ်ပါး သင်၏ဘုရားသခင်သည် အဘယ်အမှုကိုတောင်းတော်မူသနည်း။’—⁠တရားဟောရာ ၁၀:၁၂၊ ၁၃

ယေဟောဝါအားကြောက်ရွံ့တတ်လာအောင် သားသမီးများကို သွန်သင်ပေးမည်ဆိုလျှင် အမှန်ပညာရှိစေသော ပညာရေး၏အုတ်မြစ် ချပေးနေခြင်းဖြစ်သည်။ ကလေးများသည် ဘုရားသခင်အား ကြောက်ရွံ့သည့်စိတ် ဆက်မွေးမြူနေသည်နှင့်အမျှ စစ်မှန်သောအသိပညာ၏ရင်းမြစ်ဖြစ်သော ဖန်ဆင်းရှင်ကို လေးမြတ်တတ်လာမည်။ ယင်းက သင်ယူသိရှိရာများအပေါ် မျှတသောသဘောထားရှိစေပြီး မှားယွင်းသောကောက်ချက်များမချမိစေရန် ကူညီပေးသည်။ ဤနည်းဖြင့် ကလေးများသည် “ကောင်းကျိုးမကောင်းကျိုးကို ပိုင်းခြား၍သိနိုင်သောဉာဏ်” ရှိလာပါလိမ့်မည်။ (ဟေဗြဲ ၅:၁၄) ထိုအုတ်မြစ်က နှိမ့်ချမှုရှိစေပြီး မကောင်းမှုကို ရှောင်စေနိုင်သည်။—⁠သု. ၈:၁၃; ၁၆:⁠၆

သင့်သားသမီးများသင့်ကိုဂရုစိုက်စောင့်ကြည့်နေ

သို့သော် သင့်သားသမီးများ ယေဟောဝါကိုချစ်ကြောက်ရိုသေလာရန် အဘယ်အရာက ကူညီပေးနိုင်သနည်း။ ထိုမေးခွန်း၏အဖြေကို မောရှေမှတစ်ဆင့် ဣသရေလလူမျိုးအား ယေဟောဝါပေးခဲ့သောပညတ်တွင် တွေ့ရသည်။ ဣသရေလမိဘများကို ကိုယ်တော် ဤသို့မိန့်မှာ၏– ‘သင်၏ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့။ ယနေ့ငါမှာထားသောစကားကို နှလုံးသွင်းရမည်။ ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ ထိုစကားကိုပြောရမည်။’—⁠တရားဟောရာ ၆:၅-၇

ထိုအခန်းငယ်က မိဘများကို အရေးကြီးသင်ခန်းစာပေး၏။ တစ်ခုမှာ မိဘတစ်ဦးအနေနှင့် သင်သည် ပုံသက်သေကောင်းပြရမည်။ သားသမီးများ ယေဟောဝါကိုချစ်တတ်ရန် သင်ပေးနိုင်ဖို့ သင်ကိုယ်တိုင် ယေဟောဝါကိုချစ်ရမည်၊ ကိုယ်တော့်စကားတော်များကို နှလုံးသွင်းရမည်။ ယင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။ အကြောင်းမှာ သင်သည် သင့်ကလေးများ၏လက်ဦးဆရာဖြစ်သောကြောင့်တည်း။ သင့်ပုံသက်သေမှ သူတို့သင်ယူသိရှိရာသည် သူတို့အပေါ် ကောင်းစွာအကျိုးသက်ရောက်သည်။ မိဘများ၏ပုံသက်သေလောက် ကလေးများ၏ဘဝကို ဩဇာလွှမ်းမိုးနိုင်သည့်အရာမရှိပေ။

သင့်စိတ်ကူးများ၊ စံနှုန်းများ၊ တန်ဖိုးထားရာများ၊ စိတ်ဝင်စားရာများသည် သင့်အပြောတွင်သာမက အလုပ်တွင်ပါ ပေါ်လွင်နေသည်။ (ရောမ ၂:၂၁၊ ၂၂) ကလေးများသည် နို့စို့အရွယ်မှစ၍ မိဘများထံမှ အတုမြင်အတတ်သင်ကြသည်။ မိဘများအတွက် အရေးကြီးသည့်အရာကို ကလေးများသိရှိ၍ ယင်းတို့သည် သူတို့အတွက်လည်း အရေးကြီးသည်။ သင်သည် ယေဟောဝါကို အမှန်ချစ်မြတ်နိုးမည်ဆိုလျှင် ယင်းကို သားသမီးများသိရှိကြပေမည်။ ဥပမာ၊ ကျမ်းစာဖတ်ရှုလေ့လာခြင်းသည် သင့်အတွက် အရေးကြီးကြောင်း သူတို့တွေ့မြင်ကြမည်။ သင့်အသက်တာတွင် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ရှေးဦးထားကြောင်း သူတို့တွေ့မြင်လာမည်။ (မဿဲ ၆:၃၃) ခရစ်ယာန်အစည်းအဝေးများကို မှန်မှန်တက်ခြင်း၊ ဟောပြောခြင်းလုပ်ငန်းတွင်ပါဝင်ခြင်းတို့က ယေဟောဝါ၏မြင့်မြတ်သောအမှုတော်သည် သင့်အတွက် အရေးကြီးဆုံးဖြစ်ကြောင်း သူတို့အား ဖော်ပြရာရောက်ပေမည်။—⁠မဿဲ ၂၈:၁၉၊ ၂၀; ဟေဗြဲ ၁၀:၂၄၊ ၂၅

သင့်တာဝန်ကို ထမ်းဆောင်ပါ

တရားဟောရာ ၆:၅-၇ မှ မိဘများသင်ယူနိုင်သော နောက်သင်ခန်းစာတစ်ခုမှာ သင့်တွင် သားသမီးများကို လေ့ကျင့်ပေးရမည့်တာဝန်ရှိသည်။ ရှေးခေတ် ယေဟောဝါလူမျိုးတွင် မိဘများသည် ကလေးများ၏ပညာရေးကို ဂရုစိုက်ပေးခဲ့ကြသည်။ ပထမရာစုတွင်လည်း ခရစ်ယာန်မိဘများသည် ကလေးများ၏ပညာရေးကို စိတ်ဝင်စားခဲ့ကြသည်။ (၂ တိမောသေ ၁:၅; ၃:၁၄၊ ၁၅) ခရစ်ယာန်ချင်းများထံ တမန်တော်ပေါလုစာရေးရာတွင် သားသမီးများကို ယေဟောဝါ၏ “အလိုတော်နှင့်ညီသော ဆုံးမသွန်သင်ခြင်းကိုပြုလျက် ကျွေးမွေးကြ” ရန် ဖခင်များအား အထူးသဖြင့်တိုက်တွန်းခဲ့သည်။—⁠ဧဖက် ၆:၄

မျက်မှောက်ခေတ်၏တောင်းဆိုချက်များ၊ အလုပ်အကိုင်နှင့် အချိန်ကုန်လူပန်းဖြစ်စေသော စိတ်ဝင်စားရာများ၏ဖိအားကြောင့် မိဘတို့သည် သားသမီးများ၏ပညာရေးအတွက် အချိန်မပေးနိုင်ကြတော့ပေ။ သို့ဖြင့် ကျောင်းဆရာဆရာမများ၊ ကလေးပြုစုစောင့်ရှောက်ရေးလုပ်ငန်းများကဲ့သို့သော အခြားသူတို့ထံ လွှဲပြောင်းပေးလိုက်ကြသည်။ သို့သော် မေတ္တာဖြင့်ဂရုစိုက်တတ်သော မိဘနေရာကို မည်သူနှင့်မျှ အစားမထိုးနိုင်ပါ။ ထို့ကြောင့် သင်၏အရေးပါမှုနှင့်သြဇာညောင်းမှုကို ဘယ်တော့မျှ လျှော့မတွက်ပါနှင့်။ သင်အကူအညီလိုအပ်ပါက ပညာရှိစွာရွေးချယ်နိုင်သည်။ သို့သော် ထိုဘုရားပေးတာဝန်ကို မည်သည့်အခါမျှ မရှောင်လွှဲပါနှင့်။

သင့်သားသမီးများကို အချိန်ယူလေ့ကျင့်ပေးပါ

တရားဟောရာ ၆:၅-၇ မှရရှိသော နောက်သင်ခန်းစာတစ်ခုမှာ ဤသို့ဖြစ်၏– သားသမီးများကိုလေ့ကျင့်ပေးရန် အချိန်နှင့်ကြိုးစားအားထုတ်မှု လိုအပ်သည်။ ဣသရေလမိဘများသည် ဘုရားသခင်နှင့်ပတ်သက်သော အမှန်တရားကို သားသမီးများအား “သွန်သင်” ပေးရမည်။ “သွန်သင်” ဟူသောစကားလုံး၏ မူရင်းဟေဗြဲအဓိပ္ပာယ်မှာ “ထပ်ခါထပ်ခါ၊” “အကြိမ်ကြိမ်ပြောရန်” ဖြစ်သည်။ ယင်းက “အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ” တစ်နေ့လုံး၊ မိုးလင်းမှမိုးချုပ်တိုင်အောင် သွန်သင်ပေးရန်ဖြစ်သည်။ ထိုသို့သွန်သင်ပေးရန်၊ သူတို့၏အတွေးအခေါ်နှင့် အပြုအမူကို ပုံသွင်းပေးရန် အချိန်နှင့် ကြိုးစားအားထုတ်မှုလိုသည်။ သို့ဆိုလျှင် သူတို့လေးများကို ဘုရားသခင်နှစ်သက်လာမည်ဖြစ်သည်။

ထို့ကြောင့် သားသမီးများ ပညာတတ်ဖြစ်လာရန် သင် မည်သို့ကူညီနိုင်မည်နည်း။ များစွာကြိုးစားအားထုတ်ဖို့လိုသည်။ ယေဟောဝါကို သူတို့ချစ်ကြောက်ရိုသေတတ်လာရန် သင်ပေးပါ။ ပုံသက်သေကောင်းပြပါ။ သားသမီးများအား သွန်သင်ရမည့်တာဝန်ကို ထမ်းဆောင်ပါ။ သူတို့ကိုလေ့ကျင့်ပေးဖို့ အချိန်ယူပါ။ သင်သည် မစုံလင်သူဖြစ်သောကြောင့် ထိုသို့သွန်သင်ပေးစဉ် အမှားများပြုလုပ်မိပေမည်။ သို့သော် ဘုရားသခင့်အလိုတော်အတိုင်း စိတ်ရင်းမှန်ဖြင့် ကြိုးစားလုပ်ဆောင်ပါက သင့်သားသမီးသည် သင့်ကြိုးပမ်းအားထုတ်မှုများကို တန်ဖိုးထားလေးမြတ်မည်ဖြစ်ပြီး ယင်းတို့မှ အကျိုးကျေးဇူးခံစားရမည်ဖြစ်သည်။ “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်းမှမလွှဲ လိုက်သွားလိမ့်မည်” ဟု နယပုံပြင် ၂၂:၆ ကဆိုသည်။

ပညာရေးသည် တစ်သက်တာနှင်ရမည့် ခရီးရှည်ဖြစ်၏။ သင်နှင့်သင့်သားသမီးများသည် ဘုရားသခင်ကိုချစ်မြတ်နိုးပါက ထိုခရီးကို ထာဝရနှင်နိုင်မည်ဖြစ်သည်။ အကြောင်းမှာ ယေဟောဝါအကြောင်း၊ ကိုယ်တော့်ရည်ရွယ်ချက်များနှင့်အညီ အမှုဆောင်နိုင်ပုံအကြောင်း သင်ယူစရာများစွာ အမြဲရှိနေမည်ဖြစ်သောကြောင့်တည်း။—⁠ဒေ. ၃:၁၀၊ ၁၁

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

သားသမီးများကို သင် ကျမ်းစာဖတ်ပြသလော

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ဖန်ဆင်းရှင်အကြောင်း သားသမီးများကို သင်ပေးရန် အချိန်ယူပါလေ