မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ယုံကြည်ခြင်းနှင့် ဆိုင်၍ ကောင်းစွာသော တိုက်လှန်ခြင်းကိုပြုလော့”

“ယုံကြည်ခြင်းနှင့် ဆိုင်၍ ကောင်းစွာသော တိုက်လှန်ခြင်းကိုပြုလော့”

“ယုံကြည်ခြင်း​နှင့် ဆိုင်၍ ကောင်းစွာ​သော တိုက်လှန်​ခြင်း​ကို​ပြု​လော့”

စစ်​ကာလ​အတွင်း “အိမ်ပြန်​ပြီး ဇနီး၊ မိသားစုနဲ့​အတူ အချိန်​အတော်ကြာ​ပြန်နေ” ဟု ညွှန်ကြား​ခံရ​လျှင် ဝမ်းမသာ​မည့်​စစ်သည်​တစ်ဦးဦး ရှိ​နိုင်​ပါ​မည်​လော။

ဣသရေလ​ဘုရင်​ဒါဝိဒ်​အချိန်​က စစ်သည်​တစ်ဦး ထိုသို့​ညွှန်ကြားခံ​ခဲ့​ရ၏။ ဟိတ္တိ​လူမျိုး ဥရိယ​အား အိမ်သို့ပြန်​ရန် ဘုရင်​ကိုယ်တိုင် အမိန့်ပေး​တိုက်တွန်း​ခဲ့​သည်။ သို့​တိုင်၊ ဥရိယ​သည် သူ့​အိမ်သို့ပြန်​ရန် ငြင်းဆို​ခဲ့​၏။ သူ၏​ထူးခြားသော​အပြု​အမူ​နှင့်​ပတ်သက်​၍ မေးမြန်း​ခံရသော​အခါ ဥရိယ​က ဘုရားသခင့်​တည်ရှိမှု​ကို ကိုယ်စား​ပြု​သည့် ပဋိညာဉ်​သေတ္တာတော်​နှင့် ဣသရေလ​စစ်တပ်​သည် စစ်​မြေပြင်​တွင်​ရှိနေကြ​၍​ဖြစ်​ကြောင်း ပြန်ဖြေ​ကြား​ခဲ့​သည်။ သူက “ကျွန်တော်​သည် ကိုယ်​အိမ်​သို့​သွား​၍ စားသောက်​လျက်၊ မယား​နှင့်​ပျော်မွေ့​လျက် နေ​သင့်​ပါ​မည်​လော” ဟု မေးမြန်း​လေ​သည်။ ဤမျှ​ခဲယဉ်း​သည့်​အချိန်​အခါ​မျိုး​တွင် ထိုသို့​သော​လုပ်ရပ်​သည် ဥရိယ​အတွက် စိတ်​ပင်မ​ကူး​သင့်​သည့်​အရာ​ဖြစ်၏။—၂ ဓမ္မ​ရာဇဝင် ၁၁:၈-၁၁

ဥရိယ​၏​အမူအကျင့်​က စစ်​ကာလ​အတွင်း အသက်ရှင်​နေထိုင်​ရသော ကျွန်ုပ်​တို့အတွက် အရေးကြီး​သည့်​မေးခွန်းများ မေးစရာ​ပေါ်လာ​စေ​သည်။ လောလောဆယ်​ဖြစ်ပွား​နေသော​စစ်ပွဲ​သည် ကမ္ဘာ့​နိုင်ငံ​များ​တိုက်ခိုက်​ခဲ့​ကြ​သည့် မည်သည့်​စစ်ပွဲ​နှင့်​မျှ​မတူ​ပေ။ ဤ​စစ်ပွဲ​နှင့်​နှိုင်းယှဉ်​လိုက်​လျှင် ကမ္ဘာ့​စစ်ပွဲ​ကြီး​နှစ်ခု​မှာ သေးသိမ်​သွား​သည်​ဟု​ထင်​ရသည့်​အပြင် အသင်​သည် ဤ​စစ်ပွဲ​တွင် ပါဝင်​နေ​၏။ တိုက်ခိုက်မှု ပြင်းထန်​လှ​သည့်​အပြင် ရန်​သူ့​အင်အား​မှာလည်း ကြောက်​ခ​မ​န်း​လိ​လိ​ပင်။ ဤ​စစ်ပွဲ​တွင် လက်နက်​ဖြင့်​ပစ်ခတ်​ခြင်း၊ ဗုံးကြဲ​ခြင်း​တို့​မရှိ​သော်လည်း စစ်​သေ​န​င်္ဂ​ဗျူဟာ​မှာ​မူ နှယ်နှယ်​ရ​ရ​မဟုတ်ပေ။

လက်နက်​စွဲကိုင်​၍​မတိုက်ခိုက်​မီ ဤ​စစ်ပွဲ​သည် တရား​နည်းလမ်း​ကျ​မကျ၊ အဘယ်​အတွက် သင်​တိုက်ခိုက်​ရသည်ကို သိရှိ​ထား​ရမည်။ ၎င်း​သည် အကျိုးနပ်​သည့်​တိုက်ပွဲ​လော။ ဤ​ပြိုင်စံရှား​သော​တိုက်ပွဲ​၏ ရည်ရွယ်ချက်ကို တမန်​တော်​ပေါလု​က တိမောသေ​ထံ​ရေး​သည့်​စာ​တွင် ဤသို့​ရှင်းပြ​ထား​သည်– “ယုံကြည်ခြင်း​နှင့်​ဆိုင်၍ ကောင်းစွာ​သော​တိုက်လှန်​ခြင်း​ကို​ပြု​လော့။” မှန်ပါသည်၊ ဤ​စစ်ပွဲ​တွင် သင်သည် ခံတပ်​ကြီး​တစ်ခု​ကို​မဟုတ်ဘဲ သမ္မာကျမ်းစာ​တွင်​ဖော်ပြ​ထားသော ခရစ်ယာန် အမှန်တရား​၏​အချုပ်၊ “ယုံကြည်ခြင်း” ကို ခုခံ​ကာကွယ်​ရမည်။ သင်သည် ၎င်းကို​တိုက်ခိုက်​အောင်မြင်​ရန်​အတွက် “ယုံကြည်ခြင်း” ကို အကြွင်းမဲ့ ယုံကြည်​ထား​ရမည်​မှာ ရှင်း​ပါ​သည်။—၁ တိမောသေ ၆:၁၂

ပညာသတိ​ရှိသော​စစ်သည်​တစ်ဦး​သည် မိမိ၏​ရန်သူ​အကြောင်း​သိရှိ​ထား​ရန် ကြိုးစား​အားထုတ်​သည်။ တိုက်ခိုက်​ရမည့် ရန်သူ​မှာ စစ်​သေ​န​င်္ဂ​ဗျူဟာ​တွင် နှစ်ပေါင်း​များစွာ အတွေ့အကြုံ​ရှိ​ထား​၍ ကြောက်မက်​ဖွယ်​စစ်​အင်အား​နှင့် လက်နက်​အမျိုးမျိုး​တပ်ဆင် သုံးစွဲ​နိုင်​သူ​ဖြစ်သည်။ ထို့​ပြင် သူသည် လူ့​ထက်​လည်း အဆင့်မြင့်​၏။ ရက်စက်​ကြမ်းကြုတ်​ပြီး ကောက်ကျစ်​သည်၊ သူ​ကား စာတန်​ပင်​တည်း။ (၁ ပေတရု ၅:၈) ဤ​ရန်သူကို ခုခံ​တိုက်ခိုက်​ရန် ပကတိ​လက်နက်များ​ရော လူ့​ပရိယာယ်​နှင့် က​လိမ်​ဉာဏ်​များ​ပါ အသုံးမဝင်​ချေ။ (၂ ကောရိန္သု ၁၀:၄) သင်သည် အဘယ်အရာ​အားကိုး​ဖြင့် ဤ​စစ်ပွဲ​ကို​ဆင်နွှဲ​မည်​နည်း။

အဓိက​အားကိုး​လက်နက်​မှာ “ဘုရားသခင်​၏​နှုတ်[မြွက်]တော်​တည်း​ဟူသော ဝိညာဉ်​တော်​၏​ဓား” ဖြစ်သည်။ (ဧဖက် ၆:၁၇) ၎င်း​သည် အဘယ်မျှ​ထိရောက်​ကြောင်းကို တမန်​တော်​ပေါလု​က ဤသို့​ဖော်ပြ​၏– “ဘုရားသခင်​၏​နှုတ်[မြွက်]တရားတော်​သည် အသက်ရှင်ခြင်း၊ တန်ခိုး​နှင့်​ပြုပြင်ခြင်း၊ သန်လျက်​တကာ​တို့​ထက် ထက်​ခြင်း​နှင့်​ပြည့်စုံ​သည်​ဖြစ်၍၊ အသက်​နှင့်​စိတ်​ဝိညာဉ်​ကိုလည်း​ကောင်း၊ အရိုး​ဆစ်​နှင့်​ခြင်ဆီ​ကိုလည်း​ကောင်း ပိုင်းခြား​၍ ထုတ်​ချင်း​ခွင်း​တတ်၏။ စိတ်နှလုံး​အကြံအစည်​များ​ကိုလည်း သိမြင်​တတ်၏။” (ဟေဗြဲ ၄:၁၂) အလွန်​ထက်​၍ အလွန်​အနုစိတ်​တိကျသော ဤ​လက်နက်​သည် လူတစ်ဦး​၏ အတွင်းစိတ်​သဘော​နှင့် ရည်ရွယ်ချက်​တို့ကို ထုတ်​ချင်း​ခွင်း​နိုင်ရာ ယင်းကို ကျွမ်း​ကျွမ်းကျင်​ကျင်၊ ဂရုတစိုက် အသုံးပြု​ဖို့​လို​သည်။

စစ်တပ်​တစ်တပ်​တွင် အဆင့်​အမြင့်ဆုံး​လက်နက်များ​ရှိ​နေနိုင်​သော်လည်း စစ်သား​များသည် အဆိုပါ​လက်နက်များ​ကို ကျွမ်း​ကျွမ်းကျင်​ကျင် အသုံးမပြု​တတ်​လျှင် အချည်းနှီး​ပင်။ ထို​နည်း​ထပ်တူ အသင်​လည်း သင်၏​ဓားကို ထိထိရောက်ရောက် အသုံးပြုရန် လမ်းညွှန်ချက်​လိုအပ်​သည်။ ဝမ်းသာစရာ​မှာ အတွေ့အကြုံ​အရှိဆုံး တိုက်ခိုက်​ရေး​သမားများ​က သင့်ကို လေ့ကျင့်ပေး​နိုင်​ခြင်း​ပင်။ မိမိ၏​နောက်တော်လိုက်​များ​အတွက် အချိန်တန်​ဝိညာဉ်​အစာ၊ သို့​မဟုတ် လမ်းညွှန်ချက်ကို စီမံ​ပေး​ရန် တာဝန်​အပ်နှင်း​ခံရ​သော အဆိုပါ​တိုက်ခိုက်​နည်း သင်ကြား​ပေး​သူများကို ယေရှု​က “သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်” ဟု​ခေါ်ဆို​ထား​သည်။ (မဿဲ ၂၄:၄၅သ​မ) ကျွန်ုပ်​တို့သည် ၎င်း​၏​လုံ့လ​ဝီရိယ​ရှိ​ရှိ သွန်သင်ပေး​မှု​နှင့် ရန်သူ​၏​နည်း​ဗျူဟာ​နှင့်​စပ်လျဉ်း၍ အချိန်တန်​သတိပေး​ချက်​များ​ကို သတိပြု​ကြည့်ရှု​ခြင်း​အားဖြင့် ဤ​စုပေါင်း​ကျွန်​ကို ခွဲခြား​သိနိုင်​ပေ​သည်။ ယေဟောဝါသက်သေ​များ​၏ ခရစ်ယာန်​အသင်းတော်​မှ ဝိညာဉ်​တော်​ဖွား​များ​ဖြစ်​ကြောင်း အထောက်အထား​က ညွှန်ပြ​နေသည်။—ဗျာ. ၁၄:၁

ဤ​စုပေါင်း​ကျွန်​သည် သွန်သင်ပေး​ရုံ​မျှ​မကပါ။ သက်သာလောနိတ်​အသင်းတော်​သို့ ဤသို့​စာရေး​သား​ခဲ့​သူ တမန်​တော်​ပေါလု​၏​စိတ်ထား​ကိုလည်း တင်ပြ​ခဲ့​ကြသည်– “သင်တို့တွင် ဖြည်းညင်း​စွာ​ပြု​ကြ​၏။ သင်တို့ကို​ချစ်သော​ကြောင့် နို့​ထိန်း​သည် မိမိ​သူငယ်​ကို​ကျွေးမွေး​ပြုစု​သကဲ့သို့၊ ငါ​တို့သည် သင်တို့ကို​နှမြော​စုံမက်ခြင်း​နှင့်​တကွ၊ ဘုရားသခင်​၏[သတင်းကောင်း]ကို​မျှ​မ​က၊ ကိုယ်​အသက်ကို​ပင်​ပေး​ချင်​သော စေတနာ​စိတ်​ရှိကြ​၏။” (၁ သက်သာလောနိတ် ၂:၇၊ ၈) ခရစ်ယာန်စစ်​သည်​တော်​တိုင်း​သည် မေတ္တာပါ​စွာ စီမံ​ပေး​ထား​သည့် လေ့ကျင့်​သွန်သင်ပေး​မှု​ကို အသုံးပြုရန် တာဝန်​ရှိကြသည်။

လက်နက်​အပြည့်အစုံ

သင့်ကို​ကာကွယ်​ပေး​ရန် ပုံဆောင်​လက်နက်​အပြည့်အစုံကို ထောက်ပံ့​ပေး​ထား​ပါ​သည်။ ဤ​လက်နက်​အပြည့်အစုံ​၏​စာရင်း​ကို ဧဖက် ၆:၁၃-၁၈ တွင် တွေ့​နိုင်​ပေ​သည်။ သတိ​ဝီရိယ​ရှိသော စစ်သည်​တစ်ဦး​သည် မိမိ၏​ဝိညာဉ်​ရေး​လက်နက်​တချို့ ပျောက်ဆုံး​နေလျှင် သို့​မဟုတ် ပြုပြင်​ဖို့​လို​နေလျှင် စစ်တိုက်​ထွက်​မည်​မဟုတ်​ချေ။

ခရစ်ယာန်​တစ်ဦး​သည် မိမိ​အား​အကာအကွယ်​ပေး​သည့် လက်နက်​မှန်သမျှ အကုန်​လိုအပ်​သော်လည်း ယုံကြည်ခြင်း​တည်း​ဟူသော​လွှား​ကြီး​သည် အထူးသဖြင့်​အရေးပါ​သည်။ ထို့​ကြောင့်​ပင် ပေါလု​က ဤသို့​ရေးသားခဲ့​၏– “[စာတန်]ပစ်ခတ်​သော​မီးစက်​လက်နက်ကို ကာ​သတ်​နိုင်သော ယုံကြည်ခြင်း​တည်း​ဟူသော​လွှား​ကိုလည်း ခပ်သိမ်း​သော​လက်နက်​တို့​အပေါ်မှာ ထပ်ဆင့်၍​ယူဆောင်​ကြလော့။”—ဧဖက် ၆:၁၆

ကိုယ်ခန္ဓာ​တစ်ခုလုံး​ကို ကာ​ထား​နိုင်​သည့် လွှား​ကြီး​သည် ယုံကြည်ခြင်း​၏​အရည်အသွေးကို တင်စား​သည်။ သင်သည် ယေဟောဝါ​၏​ညွှန်ကြားချက်​ကို အခိုင်အမာ​ယုံကြည်​ရမည်၊ ကိုယ်တော်​၏​ကတိတော်​များ​အားလုံး ပြည့်စုံ​လာ​မည်​ကို ယုံမှား​ခြင်း​မရှိ လက်ခံရ​မည်။ သင်သည် အဆိုပါ​ကတိတော်​များ​အား ပြည့်စုံ​ပြီး​နှင့်​သကဲ့သို့ ခံစား​နေ​သင့်​သည်။ စာတန့်​လောက​စနစ်​တစ်ခုလုံး​သည် မကြာမီ ဖျက်ဆီး​ခံ​ရတော့မည်​ဖြစ်​ကြောင်း၊ ကမ္ဘာ​မြေကြီး​သည် ပရဒိသု​အဖြစ်သို့ ပြောင်းလဲ​သွား​မည်​ဖြစ်​ကြောင်း၊ ဘုရားသခင့်​အပေါ်​တည်ကြည်သူ​တို့သည်​စုံလင်​လာ​ကြ​မည်​ဖြစ်​ကြောင်း​တို့ကို လုံးဝ​ယုံမှား​သံသယ မဖြစ်​ပါ​လေ​နှင့်။—ဟေရှာယ ၃၃:၂၄; ၃၅:၁၊ ၂; ဗျာ.၁၉:၁၇-၂၁။

သို့ရာတွင်၊ လက်ရှိ​ဆင်နွှဲ​နေသည့် သာမန်​မဟုတ်သော​တိုက်ပွဲ​တွင် တစ်စုံတစ်ရာ​ထပ်​လို​နေသည်၊ ယင်း​မှာ မိတ်ဆွေ​တစ်ဦး​ဖြစ်၏။ စစ်​ကာလ​တွင် တိုက်ခိုက်သူ​ချင်း​များသည် အားပေး​၍ အပြန်အလှန်​ကာကွယ်​ပေး​ကာ တစ်ခါတစ်ရံ အသက်​အန္တရာယ်​နှင့် ရင်ဆိုင်​ရ​လျှင်​ပင် အချင်းချင်း ကယ်တင်​ပေး​တတ်ကြ​သည့် ရင်းနှီး​ကျွမ်းဝင်​သော မိတ်ဆွေ​ရောင်းရင်း​များ​ဖြစ်​ကြသည်။ အဖော်အဖက်​များ​က အရေးပါ​သော်လည်း ဤ​တိုက်ပွဲ​တွင် အသက်ရှင်​ကျန်ရစ်​ရန် တခြား​မည်သူ​ထက်​မဆို ယေဟောဝါ​နှင့်​မိတ်ဆွေဖွဲ့​ဖို့​လိုအပ်​သည်။ ထို့​ကြောင့် ပေါလု​က လက်နက်စုံ​တွင်​ပါဝင်​သည့်​စာရင်း​ကို ဤ​စကား​များ​ဖြင့် နိဂုံး​ချုပ်​လိုက်​သည်– “ကာလ​အစဉ် ဆုတောင်း ... ခြင်း​အမျိုးမျိုးဖြင့် ဝိညာဉ်​တော်​၌ ဆုတောင်း​ကြလော့။”—ဧဖက် ၆:၁၈သမ္မာ။

ကျွန်ုပ်​တို့သည် ရင်းနှီး​သည့်​မိတ်ဆွေ​နှင့် အတူ​ရှိနေ​ရခြင်း​ကို ပျော်မွေ့​ကြသည်။ သူနှင့်​အတူ အချိန်ကုန်​ခံ​ပေါင်းသင်း​ရန် ကျွန်ုပ်​တို့​ကြိုးစား​ကြသည်။ ဆုတောင်း၍ ယေဟောဝါ​ထံ​မှန်မှန်​စကားပြော​ဆို​ခြင်း​အားဖြင့် ကျွန်ုပ်​တို့အတွက် ကိုယ်တော်​သည် တကယ့်​ပုဂ္ဂိုလ်​တစ်ပါး​ဖြစ်​လာ၍ ယုံကြည်​စိတ်ချ​ထိုက်​သော မိတ်ဆွေ​တစ်ဦး​ဖြစ်လာ​လေ​သည်။ တပည့်​ဖြစ်သူ​ယာကုပ်​က “ဘုရားသခင်​၌​ချဉ်းကပ်​ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ ချဉ်းကပ်​တော်​မူ​လိမ့်​မည်” ဟု အားပေး​တိုက်တွန်း​သည်။—ယာကုပ် ၄:၈

ရန်သူ​၏​နည်း​ပရိယာယ်​များ

ဤ​လောကကို​ရင်ဆိုင်​ရာ​တွင် တစ်ခါတစ်ရံ မြေ​မြှုပ်​မိုင်း​များ​ရှိနေ​သည့် နယ်မြေ​တွင် ဖြတ်သန်း​သွား​ရခြင်း​နှင့်​တူ​နိုင်​သည်။ တိုက်ခိုက်မှု​သည် အဘ​က်​ဘက်​မှ​လာနိုင်​ပြီး ရန်သူက​လည်း သင့်​အား အ​ငိုက်​ဖမ်း​ဖို့​ကြိုးစား​ပေမည်။ သို့သော် သင်လို​အပ်​သည့် အကာအကွယ်​မှန်သမျှကို ယေဟောဝါ​ထောက်​မပေး​ထား​ကြောင်း ယုံကြည်​စိတ်ချ​ပါ။—၁ ကောရိန္သု ၁၀:၁၃

ရန်သူ​သည် သင့်​ယုံကြည်ခြင်း​အတွက် ပဓာန​ကျ​သည့် ကျမ်းစာ​အမှန်တရား​များ​ကို တိုက်ခိုက်​ပြောဆိုခြင်း​အားဖြင့် အလဲ​ထိုး​ရန် ကြိုးပမ်း​ပေမည်။ အယူဖောက်ပြန်သူ​များသည် ချောမွေ့​သော​စကား​များ၊ မြှောက်ပင့်​ပြောဆိုမှု​များနှင့် ကောက်ကျစ်​သော​အတွေးအခေါ်​တို့ကို​အသုံးပြု၍ သင့်ကို အနိုင်တိုက်​ဖို့ ကြိုးစား​ပေမည်။ သို့သော် အဆိုပါ​အယူဖောက်ပြန်သူ​သည် သင့်​ကောင်းကျိုး​ကို ဂရုမစိုက်​ချေ။ နယပုံပြင် ၁၁:၉ က “[အယူဖောက်ပြန်]သူသည် နှုတ်ဖြင့် မိမိ​အပေါင်းအဖော်​ကို ဖျက်ဆီး​လို​သော​စိတ်​ရှိ၏။ ဖြောင့်မတ်​သော​သူတို့မူကား အသိပညာ​အားဖြင့် လွတ်မြောက်​တတ်ကြ​၏” ဟု​ဆို​သည်။

အယူဖောက်ပြန်သူ​တို့၏​စကား​ကို နားထောင်ဖို့ သို့​မဟုတ် ၎င်းတို့၏​ဆင်ခြေ​ဆင်​လက်​များ​ကို​ချေပ​ရန် ၎င်းတို့၏​စာပေ​များ​ကို ဖတ်ရှု​ဖို့​လို​သည်​ဟု သင်​စဉ်းစားခြင်း​သည် မှား​ပေမည်။ ၎င်းတို့၏ လိမ်လည်​၍ အဆိပ်အတောက်​ပြင်း​သော စဉ်းစား​ဆင်ခြင်​ပုံ​သည် ဝိညာဉ်​ရေး​ကို​ထိခိုက်​စေနိုင်​ပြီး လျင်မြန်​စွာ​ပျံ့နှံ့​သွားသော ခူနာ​ကဲ့သို့ သင်၏​ယုံကြည်ခြင်းကို စား​သွား​နိုင်​သည်။ (၂ တိမောသေ ၂:၁၆၊ ၁၇) သို့​အစား အယူဖောက်ပြန်သူ​တို့​အပေါ် ဘုရားသခင်​၏​တုံ့ပြန်​ပုံ​ကို အတုယူ​ပါ။ ယေဟောဝါ​နှင့်​ပတ်သက်​၍ ယောဘ​က “[အယူဖောက်ပြန်သူ]သည် အထံတော်​သို့​မဝင်​ရ” ဟု​ဆို​ခဲ့​သည်။—ယောဘ ၁၃:၁၆

ရန်သူ​သည် အတိုင်းအတာ​တစ်ခု​အထိ အောင်မြင်မှု​ရထား​သည့် ခြားနား​သော​နည်း​ပရိယာယ်​တစ်ခု​ကို လက်​တည့်​စမ်း​ပေမည်။ ချီတက်​လာသော စစ်တပ်​တစ်တပ်​ကို ချီတက်​ရာ​လမ်းကြောင်း​မှ​ထွက်​ကာ စည်း​မဲ့​ကမ်း​မဲ့​ကိုယ်ကျင့်တရား​ဖောက်ပြန်​ရန် ဖြားယောင်း​သွေးဆောင်​နိုင်​မည်​ဆိုလျှင် ချီတက်မှု ဖရိုဖရဲ​ဖြစ်သွား​နိုင်​လေ​သည်။

အကျင့်ပျက်​ရုပ်ရှင်​များနှင့် ရုပ်မြင်သံကြား​ပြကွက်​များ၊ ဆူပူ​ကြမ်းတမ်းသော​တေးဂီတ​ကဲ့သို့​သော လောက​ဖျော်ဖြေမှု​သည် အင်မတန် ဟပ်​ရလွယ်​သော ငါး​စာ​ဖြစ်သည်။ ထိခိုက်မှု​မရှိဘဲ အကျင့်ပျက်​ဇာတ်ကွက်​များ​ကို ကြည့်ရှု​နိုင်​သည် သို့​မဟုတ် အကျင့်ပျက်​စာပေ​ကို ဖတ်ရှု​နိုင်​သည်​ဟု တချို့က ဆို​ကြသည်။ သို့သော် လိင်ကို​ကွက်ကွက်ကွင်းကွင်း​ဖော်ပြ​သည့် ရုပ်ရှင်​များ​ကို မှန်မှန်​ကြည့်ရှု​ခဲ့​သူ​တစ်ဦး​က ဤသို့​ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့​သည်– “အဲဒီ​ပြကွက်​တွေ​ကို ဘယ်တော့မှ မေ့​မသွား​ဘူး။ အဲဒါတွေကို တွေးကြည့်​လေ​လေ၊ မြင်ခဲ့တဲ့​အတိုင်း လုပ်ချင်​လာ​လေ​လေ​ပဲ ... အဲ့ဒီ​ရုပ်ရှင်​က မိမိဟာ တကယ်ပဲ လက်လွှတ်​ဆုံးရှုံး​နေပြီ​လို့ ယူမှတ်​စေတယ်။” ဤ​သိမ်မွေ့​သော တိုက်ခိုက်မှု​ကြောင့် ထိခိုက်​နစ်နာ​ခံ​ခြင်း​သည် တန်​ပါသလော။

ရန်​သူ့​လက်နက်​တိုက်​မှ ပစ်လွှတ်​လိုက်​သည့် နောက်​ဒုံးကျည်​တစ်ခု​မှာ ရုပ်​ဝါဒ​ဖြင့်​ဆွဲဆောင်ခြင်း​ဖြစ်သည်။ ကျွန်ုပ်​တို့အားလုံး​သည် ရုပ်ပစ္စည်း​လိုအပ်မှု​များ​ရှိနေ​သောကြောင့် အန္တရာယ်ကို ခွဲခြား​ရ​ခက်​တတ်​သည်။ ကျွန်ုပ်​တို့သည် အိမ်၊ အစားအစာ​နှင့် အဝတ်အစား​လိုအပ်​ကြသည်၊ ကောင်းသော​အရာများ​ရှိ​ခြင်း​က မမှား​ပါ။ သို့သော် အန္တရာယ်​မှာ ရုပ်ပစ္စည်း​အပေါ် လူတစ်ဦး​၏​ရှုမြင်ချက်​ဖြစ်သည်။ ငွေ​သည် ဝိညာဉ်​ရေးရာ​များ​ထက် ပို​၍​အရေးပါ​လာပေမည်။ ကျွန်ုပ်​တို့သည် ငွေ​ကို​တပ်မက်သူ​များ​ဖြစ်လာ​နိုင်​သည်။ ချမ်းသာ​ကြွယ်ဝမှု​၏ အကန့်အသတ်​ဖြစ်မှု​များနှင့်​ပတ်သက်​၍ မိမိတို့​ကိုယ်ကို ပြန်​သတိပေး​သင့်​သည်။ ရုပ်ပစ္စည်း​ကြွယ်ဝမှု​သည် ပျောက်လွင့်​သွား​တတ်​သည်၊ ဝိညာဉ်​ရေး​ကြွယ်ဝမှု​မှာ အမြဲ​ထာဝရ​တည်​သည်။—မဿဲ ၆:၁၉၊ ၂၀

စစ်တပ်​၏​စိတ်ဓာတ် ပျော့​ညံ့​နေ​မည်​ဆိုလျှင် အောင်မြင်မှု​အခွင့်အလမ်း နည်း​သည်။ “သင်သည်​အမှုရောက်​သော​ကာလ​၌ စိတ်ပျက်​လျှင် အားနည်း​၏။” (သု. ၂၄:၁၀) စိတ်ပျက်​အားလျော့ခြင်း​သည် စာတန် ထိရောက်​စွာ​အသုံးပြု​ခဲ့​သည့် လက်နက်​တစ်မျိုး​ဖြစ်၏။ “ကယ်တင်ခြင်း​သို့​ရောက်မည်​ဟု မျှော်လင့်ခြင်း​တည်း​ဟူသော သံခမောက်” ကို​ဆောင်း​ထားခြင်း​က စိတ်ပျက်​အားလျော့​မှု​ကို တွန်းလှန်​ဖို့ သင့်​အား အကူအညီ​ပေး​ပါ​လိမ့်​မည်။ (၁ သက်သာလောနိတ် ၅:၈သမ္မာ) သင်၏​မျှော်လင့်ခြင်း​ကို အာဗြဟံ​၏​မျှော်လင့်ခြင်း​ကဲ့သို့ ခိုင်မာ​စေရန် ကြိုးစား​ပါ။ မိမိ၏​တစ်ဦးတည်း​သော​သားကို ယဇ်​ပူဇော်​ဖို့ တောင်းဆို​ခံရသော​အခါ အာဗြဟံ​မတွန့်​ဆုတ်​ခဲ့​ချေ။ သူ၏​သားစဉ်မြေးဆက်​မှ​တစ်ဆင့် လူမျိုးအပေါင်း​ကို ကောင်းချီး​ပေး​မည်​ဟူသော​ကတိတော်​ကို ဘုရားသခင်​ပြည့်စုံ​စေမည်​ဖြစ်​ကြောင်း၊ အဆိုပါ​ကတိတော်​ကို ပြည့်စုံစေရန် လိုအပ်​မည်​ဆိုလျှင် ဣဇာက်​ကို သေ​ရာ​မှ ထမြောက်​စေနိုင်​ကြောင်း အာဗြဟံ​ယုံကြည်​စိတ်ချ​သည်။—ဟေဗြဲ ၁၁:၁၇-၁၉

တိုက်လှန်​ခြင်း​ကို ဒူးထောက်​အညံ့​မခံ​လေ​နှင့်

အချိန်​ကြာမြင့်စွာ​ကတည်းက ရဲရဲရင့်ရင့် တိုက်လှန်​ခဲ့​ကြ​သူတချို့​သည် စစ်​ပန်း​လာ​ကြ​သဖြင့် ထပ်တူ​သတိ​ဝီရိယ​မျိုး​ဖြင့် တိုက်ခိုက်​ခြင်း​မရှိတော့​ချေ။ ဤ​ဆောင်းပါး​၏​အစ​တွင်​ဖော်ပြ​ခဲ့​သည့် ဥရိယ​၏​ပုံ​နမူနာ​က တိုက်ပွဲဝင်​နေရသူ​အားလုံး မှန်ကန်သော​ရှုမြင်ပုံကို ဆက်​ရှိနေ​စေရန် ကူညီ​ပေး​နိုင်​ပါ​သည်။ များစွာသော ကျွန်ုပ်​တို့၏ ခရစ်ယာန်စစ်​သည်​ချင်း​များသည် ဘေးအန္တရာယ်​ကြုံနေ​ကြ​ရသည်၊ သို့​မဟုတ် အချမ်းဒဏ်​နှင့် ငတ်မွတ်မှု​ကို​ခံ​ကာ ခက်ခဲ​ဆင်းရဲမှု​များ​ကို ကြံ့ကြံ့ခံ​နေကြ​ရမည်။ ဥရိယ​နည်းတူ ကျွန်ုပ်​တို့​လည်း ယခု​ပင်​ခံစား​ရနိုင်​သည့် သာယာ​ချမ်းမြေ့​စ​ရာ​အားလုံး​အကြောင်း မတွေး​တော​လို​ကြ သို့​မဟုတ် သက်သောင့်သက်သာ​နေ​လို​စိတ်​မရှိကြ​ချေ။ ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​ကမ္ဘာချီ တည်ကြည်သော​တိုက်လှန်သူ​များနှင့် အတူ​နေချင်​ကြ​ပြီး ကျွန်ုပ်​တို့အတွက် သိုမှီး​ထားသော ထူးမြတ်​လှ​သည့်​ကောင်းချီး​များ ခံစား​ရနိုင်​သည်​အထိ ဆက်၍​တိုက်ပွဲဝင်​သွား​လို​ကြသည်။—ဟေဗြဲ ၁၀:၃၂-၃၄

အဆုံးသတ်​တိုက်ပွဲ​သည် အဝေးကြီး​လို​ပါ​သေး​သည် ဟူ၍ တွေးတော​ကောင်း​တွေးတော​ကာ သတိ​လျှော့​လိုက်​မည်​ဆိုလျှင် အန္တရာယ်​ရှိသည်။ ဘုရင်​ဒါဝိဒ်​၏​ပုံ​နမူနာ​က အဆိုပါ​အန္တရာယ်ကို မီး​မောင်း​ထိုး​သည်။ အကြောင်းရင်း​တချို့​ကြောင့် သူသည် တိုက်ပွဲ​တွင် သူ၏​စစ်တပ်​နှင့်အတူ​မရှိခဲ့​ချေ။ ယင်းကြောင့်​ပင် ဒါဝိဒ်​သည် သူ၏​ကျန်ရှိ​သည့်​အသက်တာတွင် သူ့​အား ကိုယ်​စိတ်​ဆင်းရဲမှု​ဖြစ်စေ​ခဲ့​သည့် ဆိုးရွား​လှ​သော​အပြစ်ကို ကျူးလွန်​မိ​လေ​သည်။—၂ ဓမ္မ​ရာဇဝင် ၁၂:၁၀-၁၄

ဤ​တိုက်ပွဲ​တွင်​ပါဝင်​တိုက်ခိုက်​ခြင်း၊ တိုက်ပွဲ​၏​အခက်အခဲ​ကို​ရင်ဆိုင်​ခြင်း၊ ပြက်ရယ်ပြု​မှု​ကို​ခံနိုင်​ခြင်း​နှင့် ဒွိဟ​ဖြစ်ဖွယ်​လောက​ဖိအားများ​ကို စွန့်လွှတ်​ခြင်း​တို့​က အကျိုးနပ်​ပါသလော။ အဆိုပါ​တိုက်လှန်မှု​တွင် အောင်မြင်စွာ ဆက်လက်​ပါဝင်​တိုက်ခိုက်​နေသူတို့​က ဤ​လောက​ကမ်း​လှမ်း​သည့်​အရာ​သည် ပြိုးပြိုးပြက်ပြက် ရော​င်​ပြား​ကဲ့သို့ ဆွဲဆောင်အား​ကောင်း​နိုင်​သော်လည်း ယင်းကို အနီးကပ်​စစ်ဆေး​ကြည့်​သည့်​အခါ တန်ဖိုး​မရှိကြောင်း သဘောတူ​ကြသည်။ (ဖိလိပ္ပိ ၃:၈) ထို့​အပြင် အဆိုပါ​ပျော်မွေ့​စ​ရာ​များသည် အဆုံး​တွင် နာကျင်မှု​နှင့် စိတ်ပျက်​ရ​မှု​တို့​နှင့်​သာ စခန်း​သိမ်း​ရလေ့​ရှိ၏။

ဤ​ဝိညာဉ်​ရေး​တိုက်ပွဲဝင်​ခရစ်ယာန်​တစ်ဦး​သည် မိတ်ဆွေစစ်​များနှင့် ရင်းရင်းနှီးနှီး​ပေါင်းဖော်​ရသည်၊ ကြည်လင်​သော​သိစိတ်​နှင့် ထူးမြတ်​သော​မျှော်လင့်ချက်​တို့ကို ခံစားရ​သည်။ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​တို့သည် ခရစ်တော်​ယေရှု​နှင့်အတူ မသေ​နိုင်သော​ကောင်းကင်​အသက်တာ စောင့်စား​ကြသည်။ (၁ ကောရိန္သု ၁၅:၅၄) ခရစ်ယာန်​တိုက်ခိုက်​ရေး​သ​မား​အများစုက မြေကြီး​ပရဒိသု​တွင် စုံလင်သော​လူ့​အသက်တာကို မျှော်လင့်​ကြသည်။ ဤသို့​သော​ဆုကျေးဇူး​များသည် မည်မျှ​ပင်​ပေး​ရ​ပါစေ တန်​ပါ​သည်။ ထို့​ပြင် လောက​စစ်ပွဲ​များနှင့်​မတူဘဲ ကျွန်ုပ်​တို့​တည်ကြည်​နေ​သ၍ ဤ​တိုက်ခိုက်မှု​တွင် ကျွန်ုပ်​တို့​အောင်မြင်​မည်​ဟု အာမခံ​ထား​သည်။ (ဟေဗြဲ ၁၁:၁) သို့ရာတွင်၊ စာတန်​ထိန်းချုပ်​ထား​သည့် ဤ​စနစ်​အတွက် ရလဒ်​မှာ လုံးလုံးလျားလျား ဖျက်ဆီး​ပစ်​ခြင်း​ပင်​ဖြစ်၏။—၂ ပေတရု ၃:၁၀

သင်သည် ဤ​တိုက်ပွဲ​တွင် ဆက်​ပါဝင်​နေသည်​နှင့်​အမျှ ယေရှု၏ ဤ​စကား​များ​ကို သတိရပါ​လေ– “အားယူ​ကြလော့။ ငါသည် ဤ​လောကကို​အောင်ပြီ။” (ယောဟန် ၁၆:၃၃သမ္မာ) ကိုယ်တော်​သည် စမ်းသပ်မှု​အောက်တွင် သတိ​ဝီရိယ​ရှိ​ရှိ​နှင့် သစ္စာ​စောင့်သိ​ခြင်း​အားဖြင့် အောင်မြင်​ခဲ့​လေ​သည်။ ကျွန်ုပ်​တို့​လည်း ထပ်တူ​အောင်မြင်​နိုင်​ကြ​ပါ​သည်။

[စာမျက်နှာ ၂၇ ပါ အကျဉ်း​ဖော်ပြချက်]

လက်နက်​ဖြင့်​ပစ်ခတ်​ခြင်း၊ ဗုံးကြဲ​ခြင်း မရှိ​သော်လည်း စစ်​သေ​န​င်္ဂ​ဗျူဟာ​မှာ​မူ နှယ်နှယ်​ရ​ရ​မဟုတ်

[စာမျက်နှာ ၃၀ ပါ အကျဉ်း​ဖော်ပြချက်]

ကျွန်ုပ်​တို့​တည်ကြည်​နေ​သ၍ ဤ​တိုက်လှန်မှု​တွင် ကျွန်ုပ်​တို့ အောင်မြင်​မည်​ဟု အာမခံ​ထား

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ကယ်တင်ခြင်း​တည်း​ဟူသော သံခမောက်​က စိတ်ပျက်​အားလျော့ မှု​ကို တွန်းလှန်​စေနိုင်

စာတန် “ပစ်ခတ်​သော မီးစက်​လက်နက်” ကို ကာကွယ်​ရန် ယုံကြည်ခြင်း​တည်း​ဟူသော လွှား​ကြီး​ကို အသုံးပြုပါ​လေ

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

“ဘုရားသခင်​၌ ချဉ်းကပ်​ကြလော့။ သို့ပြုလျှင် သင်တို့၌ ချဉ်းကပ်​တော်​မူ​လိမ့်​မည်”

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

ဘုရားသခင့်​ကတိတော်​များ ပြည့်စုံ​လာ​မည်​ကို ကျွန်ုပ်​တို့ ယုံကြည်​ထား​သင့်