မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှုမွေးဖွားခြင်းမှတ်တမ်းမှ သင်ခန်းစာများ

ယေရှုမွေးဖွားခြင်းမှတ်တမ်းမှ သင်ခန်းစာများ

ယေရှု​မွေးဖွားခြင်း​မှတ်တမ်း​မှ သင်ခန်းစာများ

လူ​သန်းပေါင်း​များစွာ​သည် ယေရှု​မွေးဖွားချိန်​က အဖြစ်အပျက်​များ​ကို အထူး​စိတ်ဝင်စား​ကြ​၏။ ယင်းကို ခရစ္စမတ်​အချိန်တွင် ကမ္ဘာ​တစ်ဝန်း​၌ ခင်းကျင်း​ပြသ​သော သူငယ်​တော်​ဖွားမြင်ခြင်း မြင်ကွင်း​အမျိုးမျိုးနှင့် သူငယ်​တော်​ပြကွက်​အမျိုးမျိုး​တို့အား​ဖြင့် တွေ့မြင်​ရသည်။ ယေရှု​မွေးဖွားချိန်​က အဖြစ်အပျက်​များသည် အထူး​စိတ်ဝင်စားစရာ​ကောင်း​သော်လည်း ၎င်းတို့ကို ဖျော်ဖြေမှု​တစ်ခု​အဖြစ် ကျမ်းစာ​တွင် မှတ်တမ်းတင်​ထားခြင်း မဟုတ်​ချေ။ ယင်းအစား၊ ထို​အဖြစ်အပျက်​များသည် သွန်သင်​ပေးဖို့​နှင့် ဖြောင့်မတ်​စွာ​ပြုပြင်ပေး​ဖို့ ဘုရားသခင်​မှုတ်သွင်း ရေးသား​စေတော်မူ​သော ကျမ်းစာ​ရှိသမျှ​၏ တစ်စိတ်​တစ်ပိုင်း​ဖြစ်သည်။—၂ တိမောသေ ၃:၁၆၊ ၁၇

ဘုရားသခင်​သည် ခရစ်ယာန်​များ​အား ယေရှု၏​မွေးနေ့ပွဲ​ကို ကျင်းပ​စေ​လိုလျှင် ကိုယ်တော်​မွေးဖွား​သည့်​နေ့ရက်​ကို သမ္မာကျမ်းစာ​တွင် အတိအကျ​ဖော်ပြ​ထား​ပေမည်။ ဖော်ပြ​ထား​ပါသလော။ ယေရှု​မွေးဖွားချိန်​တွင် သိုးထိန်း​များသည် သိုးအုပ်​များ​ကို အိမ်အပြင်​၌ ည​အခါ ထိန်းကျောင်း​နေကြ​ကြောင်း ဖော်ပြ​ပြီး​နောက် ၁၉ ရာစု ကျမ်း​ပညာရှင် အဲလ်ဘတ် ဘာ​န်စ်​ဆို​သူက ဤသို့​ကောက်ချက်​ချ​ခဲ့​သည်– “၎င်းကို​ထောက်ရှု​လျှင် ကျွန်ုပ်​တို့၏​ကယ်တင်ရှင်​သည် ဒီဇင်ဘာ ၂၅ ရက်​နေ့​မတိုင်မီ​က မွေးဖွား​ခဲ့​ကြောင်း ထင်ရှား​သည်။ . . . ထို​အချိန်တွင် ချမ်းစိမ့်​ပြီး အထူးသဖြင့် ဗက်လင်မြို့​အနီး ကုန်းမြင့်​ပိုင်း​နှင့် တောင်တန်း​ဒေသ​များ​တွင် ချမ်းအေး​လှ​သည်။ ဘုရားသခင်​သည် [ယေရှု] မွေးဖွား​သည့်​အချိန်ကို မဖော်ပြဘဲ ထိမ်ချန်​ထားခဲ့​သည်။ . . . ထို​အချိန်ကို သိရှိဖို့ အရေး​မကြီး​ချေ; အကယ်၍ သိစေ​လိုလျှင် ဘုရားသခင်​သည် ယင်း​အချိန်ကို မှတ်တမ်းတင်​စေ​လိမ့်​မည်​ဖြစ်သည်။”

၎င်းနှင့်​ခြားနား​စွာ ခရစ်ဝင်​ကျမ်း​ရေးသူ လေးဦး​စ​လုံး​သည် ယေရှု​သေဆုံး​သည့်​နေ့ရက်​ကို​မူ အတိအကျ​ဖော်ပြ​သည်။ ဂျူး​ပြက္ခဒိန်​၏ နိသန်လ ၁၄ ရက် နွေဦး​ပေါက်​ရာသီ​တွင် ကျင်းပ​သော ပသခါပွဲ​နေ့၌ ကိုယ်တော်​သေဆုံး​ခဲ့​၏။ ထို့​ပြင် ယေရှု​က ထို​နေ့တွင် မိမိ​အတွက် အောက်မေ့ရာပွဲ ကျင်းပ​ရန် နောက်လိုက်​များ​ကို သေချာ​စွာ မိန့်မှာ​တော်​မူ​ခဲ့​သည်။ (လုကာ ၂၂:၁၉) သမ္မာကျမ်းစာ​တွင် မွေးနေ့ပွဲ​နှင့်​ပတ်သက်​၍​မူ ယေရှု၏​မွေးနေ့ပွဲ​ကို​သာမက အခြား​မည်သူ​၏​မွေးနေ့ပွဲ​ကို​မျှ ကျင်းပ​ရန် မိန့်မှာ​ထားခြင်း​မရှိ​ချေ။ ဝမ်းနည်းစရာမှာ ယေရှု​မွေးဖွား​သည့်​နေ့ကို အငြင်းပွားမှုများ​သည် ထို​အချိန်ခန့်​က ဖြစ်ပျက်​ခဲ့​သော သာ၍​မှတ်သားထိုက်​ဖွယ် အဖြစ်အပျက်​များ​ကို မှေးမှိန်​သွား​စေ​ပေမည်။

ဘုရားသခင်​ရွေးချယ်​ခဲ့​သော မိဘများ

ဘုရားသခင်​သည် မိမိ၏​သားတော်ကို မွေးမြူ​ပေး​ရန် ထောင်နှင့်ချီ​ရှိသော ဣသရေလ​မိသားစု​များ​မှ အဘယ်​မိဘ​မျိုးကို ရွေးချယ်​ခဲ့​သနည်း။ ထင်ပေါ်​ကျော်ကြား​ဖို့​နှင့် ချမ်းသာ​ကြွယ်ဝ​ဖို့ အရေးကြီး​သည်​ဟု ကိုယ်တော်​ယူမှတ်ခဲ့​သလော။ မယူမှတ်​ခဲ့​ပေ။ ၎င်း​အစား၊ ယေဟောဝါ​သည် ထို​မိဘများ​၏​ဝိညာဉ်​ရေး အရည်အသွေးများ​ကို ဂရုစိုက်​တော်​မူ​ခဲ့​၏။ လုကာ ၁:၄၆-၅၅ တွင်​မှတ်တမ်း​တင်ထား​သည့်​အတိုင်း မာရိသည် မေရှိယ​၏​မိခင်​ဖြစ်​ရမည့် အခွင့်ထူး​ကို ကြား​ရပြီး​နောက် သူ​သီဆို​ခဲ့​သည့် ချီးမွမ်း​သီချင်းကို ဆန်းစစ်​ကြည့်​ပါ။ သူသည် အခြား​အရာများ​အပြင် ဤသို့​လည်း ပြော​ခဲ့​သည်– “ငါ့​စိတ်နှလုံး​သည် ထာဝရ​ဘုရား​ကို ချီးမွမ်း​၏။ . . . အကြောင်း​မူ​ကား၊ မိမိ​ကျွန်မ​၏ နှိမ့်ချသော​အဖြစ်ကို ကြည့်ရှု​တော်​မူ​ပြီ။” မာရိသည် မိမိကိုယ်ကို ယေဟောဝါ​၏ ‘နိမ့်ကျ’ သော​ကျွန်မ​အဖြစ် နှိမ့်ချစွာ​ရှုမြင်ခဲ့​၏။ ထို​ထက်​အရေးကြီး​သည်​မှာ မာရိ​၏​ချီးမွမ်း​သီချင်း​ပါ နှစ်သက်ဖွယ်​အသုံးအနှုန်း​များ​က သူသည် ကျမ်းစာ​အသိပညာ​ကောင်းစွာ​ရှိ​ထား​သူ ဝိညာဉ်​ရေး​လူ​ဖြစ်​ကြောင်း ဖော်ပြ​သည်။ သူသည် အပြစ်ရှိ​သော အာဒံ​၏​သားစဉ်မြေးဆက်​တစ်ဦး​ဖြစ်သော်လည်း ဘုရားသခင့်​သားတော်​၏ မြေကြီး​မိခင်​အဖြစ် သူ့ကို သင့်တော်​စွာ ရွေးချယ်​ခဲ့​သည်။

ယေရှု၏​မွေးစား​ဖခင်​ဖြစ်လာ​မည့် မာရိ​၏​ခင်ပွန်း​နှင့်​ပတ်သက်​၍​ကော အသို့နည်း။ ယောသပ်​သည် လက်သမား​လုပ်ငန်း​ကို တတ်ကျွမ်း​သူ​တစ်ဦး​ဖြစ်၏။ သူ၏​ကြိုးစား​လုပ်ဆောင်မှု​ကြောင့် နောက်ဆုံး​တွင် သား​ငါး​ဦး​နှင့် အနည်းဆုံး​သမီး​နှစ်ဦး​ရှိသည့် မိသားစုကို ကျွေးမွေး​ပြုစု​နိုင်​ခဲ့​သည်။ (မဿဲ ၁၃:၅၅၊ ၅၆) ယောသပ်​သည် ချမ်းသာ​ကြွယ်ဝသူ​မဟုတ်​ချေ။ မာရိသည် မိမိ၏​သားဦး​ကို ဘုရားသခင်​၏​ဝတ်ပြုရာ​အိမ်တော်​သို့ ခေါ်ဆောင်​သွား​၍ ဆက်သ​သောအခါ သိုး​ယဇ်ကို မ​ပူဇော်​နိုင်​ခဲ့​သည့်​အတွက် ယောသပ် စိတ်မကောင်း​ဖြစ်​ခဲ့​ပေမည်။ သူတို့သည် ဆင်းရဲသား​များ​အတွက် သတ်မှတ်​ထားသော​အရာ​ကို ပူဇော်​ခဲ့​ကြ​၏။ ဖွားမြင်​ခါ​စ​သား​၏ မိခင်​နှင့်​စပ်လျဉ်း၍ ဘုရားသခင့်​ပညတ်တရား​က ဤသို့​ဆို​သည်– “သိုးသငယ်​ကို မတတ်နိုင်​လျှင် ခို​နှစ်ကောင်​ဖြစ်စေ၊ ချိုးကလေး​နှစ်ကောင်​ဖြစ်စေ၊ မီးရှို့​ရာ​ယဇ်​ဖို့​တစ်ကောင်၊ အပြစ်ဖြေရာ​ယဇ်​ဖို့​တစ်ကောင်​ကို ဆောင်​ခဲ့​၍ ယဇ်ပုရောဟိတ်​သည် သူ့​အဖို့ အပြစ်ဖြေ​ခြင်း​ကို​ပြု​သဖြင့် သူသည် သန့်ရှင်း​ရ​လိမ့်​မည်။”—ဝတ်ပြုရာ ၁၂:၈; လုကာ ၂:၂၂-၂၄

ယောသပ်​သည် “ဖြောင့်မတ်​သော​သူ” ဖြစ်သည်ဟု ကျမ်းစာ​က​ဆို​၏။ (မဿဲ ၁:၁၉သမ္မာ) ဥပမာ၊ သူသည် ယေရှုကို​မမွေးဖွား​မီ​တိုင်အောင် မိမိ၏​အပျိုစင်​ဇနီး​နှင့် ဆက်ဆံခြင်း​ဝတ်​ကို မပြု​ခဲ့​ချေ။ ဤသို့​ပြုခြင်း​အားဖြင့် ယေရှု၏​ဖခင်​အမှန်​ကား မည်သူ​ဖြစ်သည်​ကို နားလည်မှု​မလွဲ​မှား​စေရန် တားဆီး​ပေး​ခဲ့​သည်။ လက်ထပ်​ခါ​စ​မောင်နှံ​တစ်စုံ​သည် တစ်အိမ်​တည်း​တွင် အတူ​နေထိုင်ကြ​စဉ် လက်​ပွန်း​တ​တီး​ဆက်ဆံမှု​ကို ရှောင်ကြဉ်​ရန် လွယ်ကူ​နိုင်​မည်​မဟုတ်သော်လည်း ထိုသို့​ပြုခြင်း​က ဘုရားသခင့်​သားတော်ကို မွေးမြူ​ရသည့်​အခွင့်ထူး​ကို သူတို့​နှစ်ဦးစလုံး တန်ဖိုး​ထား​ကြ​ကြောင်း ဖော်ပြ​သည်။—မဿဲ ၁:၂၄၊ ၂၅

ယောသပ်​သည် မာရိ​နည်းတူ ဝိညာဉ်​ရေး​ကို ဦးစားပေး​သူ​တစ်ဦး​ဖြစ်၏။ သူသည် နှစ်စဉ်​ကျင်းပ​သည့် ပသခါပွဲ​ကို တက်ရောက်​ရန် သူ၏​လုပ်ငန်း​ကို ပိတ်​ပြီး မိသားစု​နှင့်အတူ နာဇရက်​မြို့မှ ယေရုရှလင်​မြို့​သို့ သုံးရက်​ခရီး ထွက်​ခဲ့​ကြသည်။ (လုကာ ၂:၄၁) ထို့​ပြင် ယောသပ်​သည် သူငယ်​ယေရှု​အား ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို ဖတ်ရွတ်​၍ ရှင်းပြ​သည့် ဒေသန္တရ​တရား​ဇရပ်​တွင် အပတ်စဉ်​ဝတ်ပြု​သည့် ထုံးစံ​၌​ပါဝင်​ဖို့ လေ့ကျင့်ပေး​ခဲ့​ပေမည်။ (လုကာ ၂:၅၁; ၄:၁၆) သို့​ဖြစ်၍ ဘုရားသခင်​သည် မိမိ​သားတော်​အတွက် မြေကြီး​မိခင်​နှင့် မွေးစား​ဖခင်​ကို မှန်ကန်​စွာ​ရွေးချယ်​ခဲ့​ကြောင်း ယုံမှားဖွယ်​မရှိ​ချေ။

သာမည​သိုးထိန်း​များ​အတွက် မဟာ​ကောင်းချီး​တစ်ရပ်

ယခု ကိုယ်ဝန်​ကိုး​လ​ရှိပြီ​ဖြစ်သော မိမိ၏​ဇနီး​အတွက် ခက်ခဲ​မည်​ဖြစ်သော်လည်း ဆီဇာ​၏​အမိန့်အရ ဘိုးဘေး​မြို့တွင် မှတ်ပုံတင်​ရန် ယောသပ် ခရီးထွက်​ခဲ့​ရသည်။ ထို​မောင်နှံ​သည် ဗက်လင်မြို့​သို့ ရောက်​သောအခါ လူပြည့်​ကျပ်​နေသည့်​မြို့တွင် တည်းခို​စ​ရာ​နေရာ ရှာမတွေ့​နိုင်​ခဲ့​ချေ။ သို့ဖြင့် နွား​စား​ခွက်​တွင် ယေရှုကို​မွေးဖွားပြီး နွား​တင်းကုပ်​၌ တည်းခို​ရန် အခြေအနေ ဖန်တီး​လာ​သည်။ ယေဟောဝါ​သည် ထို​သာမည​မိဘများ​၏ ယုံကြည်ခြင်းကို ခိုင်ခံ့​စေရန် ယင်း​သို့​မွေးဖွားခြင်း​ကား မိမိ၏​အလိုတော်​ပင်​ဖြစ်​ကြောင်း သူတို့ကို စိတ်ချ​စေ​ခဲ့​သည်။ ထို​မောင်နှံ ထပ်ဆင့်​ယုံကြည်​စိတ်ချမှု​ရှိစေရန် ဗက်လင်မြို့​မှ အထင်ကရ​အသက်ကြီးသူ​ကိုယ်စားလှယ်​အဖွဲ့ကို ကိုယ်တော် စေလွှတ်ခဲ့​သလော။ မ​စေလွှတ်ခဲ့​ပါ။ ၎င်း​အစား၊ ည​အချိန်၌ အိမ်အပြင်​တွင် သိုးအုပ်​များ​ကို ထိန်းကျောင်း​နေကြ​သော အလုပ်​ကြိုးစား​သည့် သိုးထိန်း​များ​အား ထို​အကြောင်းကို ယေဟောဝါ​ဘုရားသခင် အသိပေး​တော်​မူ​ခဲ့​သည်။

ဘုရားသခင်​၏​ကောင်းကင်တမန်​သည် သူတို့ရှေ့ ထင်ရှား​လာပြီး “နွား​စား​ခွက်​၌ သိပ်​ထားသော” ဖွားမြင်​ခါ​စ​မေရှိယကို တွေ့မြင်​ရမည့် ဗက်လင်မြို့​သို့​သွား​ရန် မိန့်မှာ​ခဲ့​သည်။ ဖွားမြင်​ခါ​စ မေရှိယ​သည် နွား​တင်းကုပ်​တွင် ရှိသည်​ကို ဤ​သာမည​လူသားများ ကြားသိ​ရသည့်​အခါ ထိတ်လန့်​သွား​ကြ​သလော၊ စိတ်​အနှောင့်အယှက်​ဖြစ်​ခဲ့​ကြ​သလော။ လုံးဝ​မဖြစ်​ပါ​လေ! သူတို့သည် ဖင့်နွှဲခြင်း​မရှိဘဲ သူတို့၏​သိုးအုပ်​များ​ကို ထားရစ်​ခဲ့​၍ ဗက်လင်မြို့​သို့ ခရီးနှင်​လေ​တော့​သည်။ ယေရှုကို သူတို့​တွေ့သော​အခါ ဘုရားသခင်​၏​ကောင်းကင်တမန် မိန့်ကြား​သော​စကား​များ​ကို ယောသပ်​နှင့် မာရိ​တို့အား ပြောပြ​ကြ​၏။ ယင်းက အရာခပ်သိမ်း​သည် ဘုရားသခင်​ရည်ရွယ်​တော်​မူ​သည့်​အတိုင်း ဖြစ်ပျက်​နေကြောင်း ထို​မောင်နှံစုံ ယုံကြည်​စိတ်ချ​လာ​သည်​မှာ သေချာ​ပါ​သည်။ “သိုးထိန်း​တို့သည် . . . ကြား​မြင်​သမျှ​သော အကြောင်းအရာကို​ထောက်၍ ဘုရားသခင်​ကို အံ့သြ​ချီးမွမ်း​လျက် ပြန်သွား​ကြ​၏။” (လုကာ ၂:၈-၂၀) မှန်​ပါ​၏၊ ဘုရားသခင်​ကို​ကြောက်ရွံ့​သူ သိုးထိန်း​များ​အား အသိပေး​ရာ​တွင် ယေဟောဝါ​သည် ရွေးချယ်မှု မှန်​ခဲ့​သည်။

ယေဟောဝါ​၏​မျက်နှာသာ​ရလိုလျှင် ကျွန်ုပ်​တို့သည် အဘယ်​လူစားမျိုး​ဖြစ်​ဖို့​လို​ကြောင်း အထက်ပါ​ဖော်ပြချက်များ​မှ သိရှိ​ရသည်။ ထင်ပေါ်​ကျော်ကြား​ရန်၊ ချမ်းသာ​ကြွယ်ဝ​ရန် မလို​ချေ။ ယင်းအစား ယောသပ်၊ မာရိနှင့် သိုးထိန်း​များ​နည်းတူ ကျွန်ုပ်​တို့သည် ဘုရားသခင်​အား နာခံမှု​ပြပြီး စည်းစိမ်ဥစ္စာ​ထက် ဝိညာဉ်​ရေး​အကျိုး​စီးပွား​ကို ဦးစားပေး​ခြင်း​ဖြင့် ကိုယ်တော့်​အား ချစ်​မြတ်နိုး​ကြောင်း သက်သေထူ​ဖို့​လို​သည်။ မှန်ပါသည်၊ ယေရှု​မွေးဖွားချိန်​ခန့်​က အဖြစ်အပျက်​များ​ကို တွေးတော​ဆင်ခြင်ခြင်း​ဖြင့် သိရှိ​ခဲ့​ရသည့် သင်ခန်းစာ​ကောင်း​များ​ဖြစ်သည်။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ခို​နှစ်ကောင်ကို မာရိ​ပူဇော်​ခြင်း​က အဘယ်အရာ​ထင်ရှား​သနည်း

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဘုရားသခင်​သည် ယေရှု​မွေးဖွား​ကြောင်းကို သာမည​သိုးထိန်း​လူနည်းစု​အား ဖော်ပြ​ရန် ရွေးချယ်​ခဲ့