မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လှူဒါန်းခြင်းသည် လူ့ပြဿနာဖြေရှင်းနည်းလော

လှူဒါန်းခြင်းသည် လူ့ပြဿနာဖြေရှင်းနည်းလော

လှူဒါန်းခြင်းသည် လူ့ပြဿနာဖြေရှင်းနည်းလော

သဘာဝဘေးဒဏ်များ၊ ဆင်းရဲမွဲတေမှု၊ ငတ်မွတ်ခေါင်းပါးမှု၊ ရောဂါနှင့် ပတ်ဝန်းကျင်ကို ခြိမ်းခြောက်နေသည့် ထိတ်လန့်ဖွယ်ပြဿနာများစသော အကြောင်းအရာများသည် သတင်းများတွင် လွှမ်းမိုးနေသော်လည်း စိတ်ချမ်းသာစရာမှာ ရက်ရောစွာ လှူဒါန်းမှုများ တိုးများလာခြင်းဖြစ်သည်။ ချမ်းသာကြွယ်ဝသောပုဂ္ဂိုလ်များ၏ ဒေါ်လာဘီလီယံပေါင်းများစွာ လှူဒါန်းမှုများကို ကြေညာခြင်းသည် တစ်ခါတစ်ရံ သတင်းများ ဖြစ်လာ၏။ အကျော်အမော်များသည် မိမိတို့၏ ထင်ပေါ်ကျော်ကြားမှုကို အသုံးပြုကာ ကြီးကျယ်သောပြဿနာများကို လူအများအာရုံစိုက်လာစေရန် မီးမောင်းထိုးပြကြသည်။ ဆင်းရဲသားများပင်လျှင် အကြောင်းရင်းအမျိုးမျိုးအတွက် လှူဒါန်းကြသည်။ သို့သော် ရက်ရောစွာလှူဒါန်းခြင်းသည် အထူးသဖြင့် ရေရှည်တွင် မည်သည့်အတိုင်းအတာအထိ အကူအညီဖြစ်စေနိုင်သနည်း။

အရက်ရောဆုံးခေတ်

အချို့သောနိုင်ငံများတွင် လူများစွာသည် ပို၍ပို၍ လှူဒါန်းနေပုံရသည်။ “နှစ်ဆယ့်တစ်ရာစုအစတွင် နိုင်ငံများစွာ၌ တစ်ခါနှင့်မျှမတူအောင် ငွေကြေးများစွာပိုင်ဆိုင်ထားသော အလှူရှင်အဖွဲ့အစည်း အမြောက်အမြား ပေါ်ထွက်လာခဲ့သည်” ဟုစာအုပ်တစ်အုပ်ကဖော်ပြသည်။ ချမ်းသာကြွယ်ဝသူများ ပိုမိုများပြားလာသည့်အတွက် ပေးကမ်းလှူဒါန်းခြင်းလည်း ဆက်လက်ရှိနေဦးမည်ဟု မျှော်လင့်နိုင်သည်။ ချမ်းသာကြွယ်ဝသူအချို့ ပိုမိုပေးကမ်းလှူဒါန်းသည့်အပြင် သေဆုံးသွားကြသော ချမ်းသာကြွယ်ဝသူများသည် ၎င်းတို့၏ပိုင်ဆိုင်ရာများကို သေတမ်းစာဖြင့် အခြားသူများအား အမွေလွှဲပေးခဲ့ရာ ၎င်းအမွေများထဲမှ အချို့သည် လှူဒါန်းငွေများဖြစ်လာနိုင်သည် ဟုယူဆရသည်။ ထို့ကြောင့် အကြောင်းကောင်းရှိ၍ ဗြိတိသျှသတင်းဂျာနယ်တစ်စောင် (The Economist) က “အရက်ရောဆုံးခေတ်” ၏ အစကို မြင်နေရပြီဟု ဖော်ပြခဲ့ခြင်းဖြစ်သည်။

လူအများ ပေးကမ်းစွန့်ကြဲရသည့် အကြောင်းရင်းတစ်ခုမှာ အရေးတကြီးဖြစ်နေသော ကမ္ဘာချီပြဿနာများကို ဖြေရှင်းခြင်းတွင် အာဏာပိုင်များ၏ ပျက်ကွက်မှုကြောင့်ဖြစ်သည်။ အာဖရိကတွင် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ကိစ္စအတွက် ယူအဲန်၏ အထူးသံတမန်က “အုပ်ချုပ်ရေးအရ ဦးဆောင်မှုမဲ့ခြင်း” သည် ကျော်ကြားသူများ ကမ္ဘာချီကျန်းမာရေးကိစ္စတွင် ပိုမိုပါဝင်လာရသည့် အကြောင်းရင်းတစ်ရပ်ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ ပြဿနာမှာ ဆင်းရဲမွဲတေမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပတ်ဝန်းကျင်၊ ပညာရေးဖြစ်စေ၊ လူမှုရေးမျှတမှုဖြစ်စေ ချမ်းသာသူများသည် အထူးသဖြင့် “၎င်းပြဿနာများကို ဖြေရှင်းရန် သို့မဟုတ် တိုးတက်ကောင်းမွန်လာစေရန် အာဏာပိုင်များနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့တို့၏ အားထုတ်မှုနည်းခြင်းကို စိတ်မရှည်နိုင်အောင်ဖြစ်လာကြသည်” ဟု ဂျိုဝဲလ် ဖလစ်ရှ်မန်းက ၎င်း၏စာအုပ်တစ်အုပ် (The Foundation: A Great American SecretHow Private Wealth Is Changing the World) တွင်ပြောခဲ့သည်။ တိုးတက်ကောင်းမွန်စေလိုသည့်ဆန္ဒဖြင့် ယခုအခါတွင် အချို့သော ချမ်းသာကြွယ်ဝသူ အလှူရှင်များသည် စီးပွားရေးတွင် ၎င်းတို့အား အောင်မြင်မှုပေးသည့် နည်းလမ်းများကို အသုံးပြုရန် ကြိုးစားလာကြသည်။

လှူဒါန်းခြင်း၏အစွမ်း

၂၀ ရာစု၏အစပိုင်းတွင် အစောပိုင်းကခေါ်ဆိုခဲ့သော အရက်ရောဆုံးခေတ်ကို မြင်တွေ့ခဲ့ရသည်။ အန်ဒရူး ကာနစ်ဂျီနှင့် ဂျွန် ဒီ. ရော့ကီဖယ်လာတို့ကဲ့သို့သော အောင်မြင်သည့် စီးပွားရေးသမားများသည် ၎င်းတို့၏စည်းစိမ်ဥစ္စာများကို အသုံးပြုကာ လိုအပ်သူများကို ကူညီရန် ဆုံးဖြတ်ခဲ့ကြသည်။ ငတ်မွတ်နေသူများကို ကျွေးမွေးခြင်း သို့မဟုတ် ဖျားနာသော ကလေးသူငယ်များကို ပြုစုစောင့်ရှောက်ခြင်းဟူသည့် အစဉ်အလာအရပြုလုပ်သော လှူဒါန်းမှုများသည် ယင်းပြဿနာများဖြစ်ပွားရသည့် အကြောင်းရင်းများကို မဖြေရှင်းနိုင်ခဲ့ကြောင်း ထိုအလှူရှင်များ တွေ့ မြင်ခဲ့ကြသည်။ ပေးကမ်းလှူဒါန်းရာတွင် ပို၍စနစ်ကျရန်လိုအပ်ကြောင်း သူတို့သိမြင်လာကာ ပြဿနာများ၏ရင်းမြစ်ကိုဖယ်ရှားရန် ရည်ရွယ်၍ လူမှုရေးဆိုင်ရာအပြောင်းအလဲနှင့် ရန်ပုံငွေရှာဖွေရေးကို အားပေးသည့် အသင်းအဖွဲ့များ တည်ထောင်ခဲ့ကြသည်။ အစောပိုင်းနှစ်များစွာကတည်းက ကမ္ဘာတစ်ဝန်းတွင် ထိုသို့သောအဖွဲ့အစည်းများကို သောင်းနှင့်ချီ၍ တည်ထောင်ပြီးဖြစ်သည်။ ယင်းတို့အနက် အဖွဲ့အစည်းပေါင်း ၅၀ ကျော်သည် ဒေါ်လာသန်းတစ်ထောင်ကျော် ကိုယ်စီပိုင်ဆိုင်ထားကြသည်။

ရလဒ်ကောင်းများစွာ ရရှိခဲ့သည်ကို မငြင်းဆိုနိုင်ပါ။ ထိုအချက်ကို မရေမတွက်နိုင်သော စာသင်ကျောင်းများ၊ စာကြည့်တိုက်များ၊ ဆေးရုံများ၊ ပန်းခြံများနှင့် ပြတိုက်များက သက်သေထူနေသည်။ အလားတူ သီးနှံအထွက်တိုးစေသည့် အစီအစဉ်များသည် ချို့ငဲ့သောနိုင်ငံများကို အစားအစာပိုမိုထောက်ပံ့နိုင်ရန် အကူအညီဖြစ်စေခဲ့သည်။ ဆေးသုတေသနအတွက် ရန်ပုံငွေများရရှိခြင်းသည် ကျန်းမာရေးပြုစုစောင့်ရှောက်မှုနှင့် ငန်းဝါအဖျားရောဂါကဲ့သို့သော ရောဂါများ တိုက်ဖျက်ရေးတို့တွင် တိုးတက်မှုရရှိစေခဲ့သည်။

ယနေ့အချိန်တွင် ကမ္ဘာချီပြဿနာများကို တစ်ခါနှင့်မျှမတူအောင် ပိုမိုများပြားသည့် ဥစ္စာအင်ခွင်များဖြင့် အရေးတကြီး ဖြေရှင်းနေကြသောကြောင့် လူများစွာအတွက် အောင်မြင်ရန်အခွင့်အလမ်း ပိုကောင်းနေပုံရသည်။ ၂၀၀၆ ခုနှစ်တွင် အမေရိကန်သမ္မတဟောင်းတစ်ဦးက အလှူရှင်အုပ်စုကို ဤသို့ကြေညာခဲ့သည်– “တစ်ဦးချင်းဖြင့်ဖြစ်စေ၊ အဖွဲ့အစည်းများဖြင့်ဖြစ်စေ လှူဒါန်းသော ငွေကြေးများသည် အများပြည်သူတို့၏ လူနေမှုဘဝကို တိုးတက်လာစေရန် အလွန်အထောက်အကူပြုလိမ့်မည်ဟုပြောခြင်းမှာ ချဲ့ကားနေခြင်းမဖြစ်နိုင်ပါ။”

သို့သော် လူများစွာကမူ သတိဖြင့် ရှုမြင်သုံးသပ်ကြသည်။ ကမ္ဘာချီကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်တွင် ကျွမ်းကျင်သူ လော်ရီဂရက်က ဤသို့ရေးသားခဲ့သည်– “ရရှိလာသောငွေကြေးများဖြင့် ကမ္ဘာချီကျန်းမာရေးပြဿနာများစွာကို မကြာမီ ဖြေရှင်းနိုင်လိမ့်မည်ဟု တစ်စုံတစ်ယောက်က ယူဆကောင်းယူဆမည်။ သို့သော် ယင်းသို့ယူဆခြင်းက အဆုံး၌ မှားနေပါလိမ့်မည်။” အဘယ်ကြောင့်နည်း။ အကုန်အကျများသော ဗျူရိုကရေစီစနစ်၊ အကျင့်ယိုယွင်းခြင်း၊ ညှိနှိုင်းလုပ်ဆောင်မှုမရှိခြင်းနှင့် ဥပမာအနေဖြင့် အလှူရှင်များကြားတွင် အေအိုင်ဒီအက်စ်ကဲ့သို့သော ကျန်းမာရေးကဏ္ဍတွင်သာ ၎င်းတို့၏လှူဒါန်းငွေများကို အသုံးပြုရန် ကန့်သတ်ထားခြင်းတို့ကို သူထောက်ပြသည်။

ညှိနှိုင်းလုပ်ဆောင်မှုများ အစီအစဉ်တကျမရှိခြင်းနှင့် ငွေများကို “အများပြည်သူတို့၏ ကျန်းမာရေးကိစ္စထက် လူသိများသည့်ရောဂါများတွင်သာ အသုံးပြုရန် ညွှန်ကြားခြင်း” တို့ကြောင့် “လက်ရှိကာလ၏ ရက်ရောခြင်းသည် မျှော်လင့်ထားသလို ဖြစ်မလာနိုင်ရုံသာမက အမှန်အားဖြင့် ကိစ္စရပ်များကို ပိုဆိုးသွားစေနိုင်သည့်အထိ အလွန်အန္တရာယ်များသည်” ဟုဂရက်က ယူဆသည်။

ငွေနှင့်သာ မဖြစ်နိုင်

ငွေကြေးလှူဒါန်းမှု၏ရည်ရွယ်ချက်မှာ မည်သို့ပင်ဖြစ်ပါစေ၊ ယင်းမှ ရရှိသောအောင်မြင်မှုမှာ အမြဲပင် အကန့်အသတ်ဖြင့်သာ ရှိနေပေလိမ့်မည်။ အဘယ်ကြောင့်နည်း။ အကြောင်းရင်းတစ်ခုမှာ၊ ငွေကြေးကဖြစ်စေ၊ ကောင်းမွန်သော လောကပညာရေးကဖြစ်စေ လိုဘကြီးခြင်း၊ မုန်းတီးခြင်း၊ ဘက်လိုက်ခြင်း၊ လူမျိုးရေးစိတ်ဓာတ်၊ လူမျိုးနွယ်စုချစ်စိတ်ဓာတ်နှင့် မှားယွင်းသောဘာသာရေးယုံကြည်ချက်များ စသည့်ပြဿနာတို့ကို မဖယ်ရှားပေးနိုင်သောကြောင့်ဖြစ်သည်။ ထိုကဲ့သို့သောအရာများသည် လူသားတို့၏ပြဿနာများကို ပိုတိုးလာစေသော်လည်း ဆင်းရဲခက်ခဲမှုကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းများတော့မဟုတ်ပေ။ သမ္မာကျမ်းစာထောက်ပြသကဲ့သို့ပင် ပို၍အခြေခံကျသောအကြောင်းရင်းများ ပါဝင်ပတ်သက်နေသည်။

အခြေခံအကြောင်းရင်းတစ်ရပ်မှာ အပြစ်ဖြင့်မွေးဖွားလာသည့် လူ့မစုံလင်မှုကြောင့် ဖြစ်သည်။ (ရောမ ၃:၂၃; ၅:၁၂) ကျွန်ုပ်တို့၏ မစုံလင်သောအခြေအနေက မှားယွင်းသောအတွေးအခေါ်နှင့် လုပ်ရပ်များကို လုပ်မိစေသည်။ “လူတို့သည် ငယ်သောအရွယ်မှစ၍ စိတ်နှလုံးအကြံအစည် ဆိုးကြ၏” ဟု ကမ္ဘာဦး ၈:၂၁ ကဆိုသည်။ ဤမှားယွင်းသောစိတ်ဆန္ဒနောက် လိုက်ခြင်းကြောင့် သန်းပေါင်းများစွာသောသူတို့သည် လိင်အကျင့်ယိုယွင်းခြင်းနှင့် မူးယစ်ဆေးအလွဲသုံးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ ဤကဲ့သို့သောအကျင့်အကြံများက တစ်ဖန် အေအိုင်ဒီအက်စ်အပါအဝင် ရောဂါအမျိုးမျိုးကို ပိုမိုပျံ့နှံ့စေသည်။—ရောမ ၁:၂၆၊ ၂၇

လူသားများ ဆင်းရဲခက်ခဲရသည့် ဒုတိယအခြေခံအကြောင်းရင်းမှာ မိမိဘာသာ မှန်ကန်စွာအုပ်ချုပ်နိုင်စွမ်း မရှိသောကြောင့်ဖြစ်သည်။ “လူသည် မိမိသွားရာလမ်းကိုအစိုးမရ။ . . . မိမိခြေရာတို့ကို မစီရင်တတ်” ဟု ယေရမိ ၁၀:၂၃ ကဆိုသည်။ အစောပိုင်းတွင် ဖော်ပြခဲ့သည့် “အုပ်ချုပ်ရေးအရ ဦးဆောင်မှုမဲ့ခြင်း” သည် များစွာသော အလှူရှင်အဖွဲ့အစည်းများ အဘယ်ကြောင့် အာဏာပိုင်များ၏ အကူအညီကိုမရှာရသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။ လူသားများသည် အချင်းချင်းကိုမဟုတ်ဘဲ ဖန်ဆင်းရှင်ကိုသာ အုပ်စိုးရှင်အဖြစ် မျှော်ကိုးရန်လိုကြောင်း သမ္မာကျမ်းစာကရှင်းပြသည်။—ဟေရှာယ ၃၃:၂၂

ထို့ပြင် ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်သည် လူသားများအား ပူပင်သောကရောက်စေသော ပြဿနာအားလုံးကို ဖြေရှင်းပေးမည်ဖြစ်ကြောင်း သမ္မာကျမ်းစာက ကတိပေးထားသည်။ အမှန်မှာ၊ ကိုယ်တော်သည် ထိုပြဿနာများကို အဆုံးတိုင်စေမည့် အဓိကလုပ်ဆောင်ချက်များကိုပင် ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။

အကြီးမြတ်ဆုံးသော အလှူရှင်

မည်သူကမျှ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်လောက် လူသားများကို မချစ်နိုင်ပါ။ ယောဟန် ၃:၁၆ ကဤသို့ဆိုသည်– ‘ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကသားတို့ကိုချစ်တော်မူ၏။’ မှန်ပါသည်၊ ယေဟောဝါသည် အပြစ်နှင့် သေခြင်း၏ချုပ်နှောင်မှုမှ လူသားများ လွတ်မြောက်စေရန် ငွေကြေးထက်မက များစွာစွန့်ကြဲပေးကမ်းခဲ့သည်။ ကိုယ်တော်သည် မိမိချစ်မြတ်နိုးရသော သားတော်အား “လူများကိုရွေးရန်” ပေးကမ်းခဲ့သည်။ (မဿဲ ၂၀:၂၈) ယေရှုနှင့်ပတ်သက်၍ တမန်တော်ပေတရုက “ငါတို့သည် အပြစ်နှင့်ဆိုင်သောအရာ၌ သက်သေဖြစ်၍၊ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်စေမည်အကြောင်း၊ ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာခံတော်မူပြီ။ ဒဏ်ချက်တော်များအားဖြင့် သင်တို့သည် အနာပျောက်လျက်ရှိကြ၏” ဟု ရေးခဲ့သည်။—၁ ပေတရု ၂:၂၄

ယေဟောဝါသည် အုပ်ချုပ်မှုပြဿနာ ပြေလည်စေရန် အစီအစဉ်များကိုလည်း ပြုလုပ်တော်မူခဲ့သည်။ ကိုယ်တော်သည် ထိုပြဿနာများကိုဖြေရှင်းရန် ဘုရားသခင့်နိုင်ငံတော်ဟုခေါ်သော ကမ္ဘာ့အစိုးရတစ်ခုကို အစားထိုးမည်။ ထိုဘုရားသခင့်နိုင်ငံတော်သည် ကောင်းကင်မှအုပ်ချုပ်ကာ ကမ္ဘာဂြိုဟ်ပေါ်မှ ဆိုးညစ်မှုအားလုံးကို ဖယ်ရှားပေးပြီး ငြိမ်သက်မှုနှင့် စည်းလုံးညီညွတ်မှုကို ဆောင်ကြဉ်းပေးမည်။—ဆာလံ ၃၇:၁၀၊ ၁၁; ဒံယေလ ၂:၄၄၊ ၄၅; ၇:၁၃၊ ၁၄

ဘုရားသခင်သည် လူ့ဆင်းရဲခက်ခဲမှုကို ဖြစ်ပေါ်စေသည့် အခြေခံအကြောင်းရင်းများကို အပြည့်အဝဖြေရှင်းပေးခြင်းဖြင့် တစ်ဦးချင်းစီဖြစ်စေ၊ အုပ်စုလိုက်အနေဖြင့်ဖြစ်စေ လူသားများပြုလုပ်ပေးနိုင်ရာထက် အောင်မြင်ပြီးမြောက်စေလိမ့်မည်။ သို့ဖြစ်၍ ယေဟောဝါသက်သေများသည် အလှူရှင်အဖွဲ့အစည်းများတည်ထောင်မည့်အစား ယေရှုခရစ်ကို တုပကာ ‘ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း’ ကြေညာရန် မိမိတို့၏ အချိန်နှင့်ငွေကြေးများ ပေးဆက်ရခြင်းကို ပိုနှစ်သက်ကြပါသည်။—မဿဲ ၂၄:၁၄၊ လုကာ ၄:၄၃ကဘ။

[စာမျက်နှာ ၁၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

“စေတနာစိတ်နှင့်လှူသောသူကိုသာ ဘုရားသခင်နှစ်သက်တော်မူ၏”

သမ္မာကျမ်းစာမှ ၂ ကောရိန္သု ၉:၇ တွင်တွေ့ရသော ထိုဖော်ပြချက်မှာ ယေဟောဝါသက်သေများအတွက် လမ်းညွှန်ပေးသည့်မူတစ်ခုဖြစ်သည်။ ထိုသူတို့သည် မိမိတို့၏အချိန်၊ ခွန်အားနှင့် ရုပ်ပစ္စည်းပိုင်ဆိုင်ရာများကို အခြားသူများအကျိုးအတွက် ပေးဆက်သောအခါ ဤတိုက်တွန်းချက်ကို ကြိုးစားလိုက်နာနေခြင်းဖြစ်သည်– “ငါတို့သည် စကားပြောကာမျှအားဖြင့်သာမချစ်ဘဲ၊ စိတ်ပါကိုယ်ရောက် ဧကန်အမှန်ချစ်ကြကုန်အံ့။”—၁ ယောဟန် ၃:၁၈

သဘာဝဘေးဒဏ်များ ကြုံရ၍ အကူအညီလိုအပ်လာသောအခါ သက်သေခံများသည် ဘေးဒဏ်ကြုံတွေ့နေရသူတို့အား ကူညီရသည်ကို အခွင့်ထူးတစ်ခုအဖြစ် ရှုမြင်ကြသည်။ ဥပမာ၊ ကက်ထရီနာဟာရီကိန်းပြီးနောက် ရီတာနှင့် ဝီလ်မာဟာရီကိန်းသည် အမေရိကန်ပြည်ထောင်စု၏ တောင်ပိုင်းဒေသများသို့ ဝင်ရောက်တိုက်ခတ်ခဲ့သည်။ ထောင်ပေါင်းများစွာသော သက်သေခံများသည် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဖြင့် ထောက်မကူညီရန် ဘေးသင့်ရာအရပ်ဒေသများသို့ ရောက်ရှိလာခဲ့ကြသည်။ ဒေသခံကယ်ဆယ်ရေးကော်မတီ၏ ဦးစီးကြီးကြပ်မှုအောက်တွင် စေတနာ့ဝန်ထမ်းများသည် ယေဟောဝါသက်သေများ၏ ပျက်စီးလုနီးပါးဖြစ်နေသော နေအိမ် ၅,၆၀၀ ကျော်နှင့် ဘုရားသခင့်နိုင်ငံတော်ခန်းမအလုံးပေါင်း ၉၀ တို့ကို ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ကြသည်။

ယေဟောဝါသက်သေများသည် ဆယ်ဖို့တစ်ဖို့ ကောက်ခံခြင်း သို့မဟုတ် မရမကတောင်းခံခြင်း မပြုလုပ်ကြပါ။ ၎င်းတို့၏လုပ်ငန်းကို စေတနာအလျောက်ထည့်ဝင်သော အလှူငွေများဖြင့် ထောက်ပံ့ထားခြင်းဖြစ်သည်။—မဿဲ ၆:၃၊ ၄; ၂ ကောရိန္သု ၈:၁၂

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံများ]

ငွေသည် လူသားများ၏ ဆင်းရဲခက်ခဲမှုနှင့် ဖျားနာမှုတို့ကို ဖြစ်ပေါ်စေသည့် အခြေခံအကြောင်းရင်းများကို အပြီးသတ်မဖယ်ရှားပေးနိုင်ပါ

[Credit Line]

© Chris de Bode/​Panos Pictures