မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘စစ်မှန်၍ တစ်ပါးတည်းဖြစ်သော ဘုရားသခင်’ ကတိထားခဲ့ရာများ

‘စစ်မှန်၍ တစ်ပါးတည်းဖြစ်သော ဘုရားသခင်’ ကတိထားခဲ့ရာများ

‘စစ်မှန်​၍ တစ်ပါး​တည်း​ဖြစ်သော ဘုရားသခင်’ ကတိ​ထားခဲ့​ရာ​များ

ယေဟောဝါ​ဘုရားသခင်​သည် မြေကြီး​ပရဒိသု​ဖြစ်သော ဧဒင်ဥယျာဉ်​တွင် ကနဦး​လူသား​မောင်နှံ​ကို နေထိုင်​စေ​ခဲ့​သည်။ ၎င်း​တို့အား သားသမီး​များ​မွေးဖွား​စေ​ကာ မိသားစုကြီး​လာ​သည်​နှင့်​အမျှ မိမိတို့​နေအိမ်​ပရဒိသု​ကို တိုးချဲ့​ခြင်း​ဖြင့် “မြေကြီးကို​ပြည့်စေ​၍​နိုင်​ကြလော့” ဟု​ကိုယ်တော် ညွှန်ကြား​ခဲ့​သည်။ (ကမ္ဘာဦး ၁:၂၆-၂၈; ၂:၁၅) မြေကြီး​ပရဒိသု​တွင် လူသားများ ထာဝစဉ်​နေထိုင်သွား​ရန်​ဟူသော ဘုရားသခင့်​ရည်ရွယ်ချက် ပြီးမြောက်​ပါ​မည်​လော။

အမှန်​ပြီးမြောက်​ပါ​လိမ့်​မည်! ကျမ်းစာ​ပရောဖက်ပြုချက်​အရ “[ယေဟောဝါ​သည်] သေခြင်းကို​လည်း နစ်မွန်း​ဆုံးရှုံး​စေတော်မူ​လိမ့်​မည်၊” “ခပ်သိမ်း​သော​မျက်နှာ​တို့​မှ မျက်ရည်​ကို သုတ်​တော်​မူ​လိမ့်​မည်။” ယင်း​သို့​ဖြစ်လာ​ချိန်​တွင် ‘ကြည့်ရှု​လော့။ ဤ​အရှင်​ကား ငါ​တို့​မျှော်လင့်​သော ငါ​တို့၏​ဘုရားသခင်​တည်း။ ငါ​တို့ကို​ကယ်တင်​တော်​မူ​လိမ့်​မည်။ ဤ​အရှင်​ကား ငါ​တို့​မျှော်လင့်​သော ထာဝရ​ဘုရားသခင်​တည်း။ ကယ်တင်​တော်​မူ​ခြင်း​ကျေးဇူး​ကြောင့် ငါ​တို့သည် ဝမ်းမြောက်​ရွှင်လန်း​ကြ​ကုန်​အံ့​ဟု ဆို​ကြလိမ့်မည်။’—ဟေရှာယ ၂၅:၈၊ ၉

ကျမ်းစာ​၏​နောက်ဆုံး​စာစောင်​တွင် စာတန်​အုပ်ချုပ်မှု​အောက်​ရှိ ဤ​လက်ရှိ​လောက သို့​မဟုတ် ဤ​အစီအစဉ်​စနစ်​ပြီး​နောက်ပိုင်း အခြေအနေ​ကို ဖော်ပြ​ထား​သည်။ ဘုရားသခင်​အား ချစ်​မြတ်နိုးသူ​တို့အတွက်​ထား​ရှိသော “ကမ္ဘာသစ်” နှင့်​ပတ်သက်​၍ သမ္မာကျမ်းစာ​က ဤသို့​ဆို​၏– “ဘုရားသခင်​၏​တဲ​တော်​သည် လူ​တို့​တွင်​ရှိ၏။ လူ​တို့​နှင့်အတူ​ကျိန်းဝပ်​တော်​မူ​မည်၊ သူတို့သည် ကိုယ်တော်​၏​လူ​ဖြစ်​ကြလိမ့်မည်။ ဘုရားသခင်​သည် ကိုယ်တော်တိုင် သူတို့နှင့်​အတူ​ရှိ​နေ၍ သူတို့၏​ဘုရားသခင်​ဖြစ်​တော်​မူ​မည်။ ဘုရားသခင်​သည် သူတို့၏​မျက်စိ​၌ မျက်ရည်​ရှိသမျှ​တို့ကို သုတ်​တော်​မူ​မည်။ နောက်​တစ်ဖန် သေ​ဘေးမ​ရှိ​ရ။ စိတ်​မ​သာ​ညည်းတွား​ခြင်း၊ အော်ဟစ်​ခြင်း၊ ပင်ပန်းခြင်း​လည်း​မရှိ​ရ။ အကြောင်း​မူ​ကား ရှေး​ဖြစ်​ဖူး​သော​အရာ​တို့သည် ရွေ့သွား​ကြပြီ။”—ဗျာ. ၂၁: ၁-၄

တကယ့်​အံ့ချီးဖွယ် ကတိတော်​များ​ပင်​တည်း! ယင်း​တို့ကို ကျွန်ုပ်​တို့​ယုံကြည်​နိုင်​သလော။ ယေရှု၏​ပူဇော်ရာ​ယဇ်​သေခြင်းနှင့် ကိုယ်တော်​ပြုလုပ်​ခဲ့​သော အံ့ဖွယ်အမှု​များ​က ဘုရားသခင်​ကတိ​ထားခဲ့​သမျှ ပြီးမြောက်​အောင်မြင်​မည်​ဖြစ်​ကြောင်း မည်သို့​ယုံကြည်​စိတ်ချ​စေ​သည်ကို သုံးသပ်ကြည့်​ပါ။—၂ ကောရိန္သု ၁:၂၀

ရွေးနုတ်ဖိုး​အဖြစ် ယေရှု၏​အသက်

ဘုရားသခင်​၏​စကား​ကို အာဒံ မနာခံ​ဘဲ အပြစ်ကျူးလွန်​ရန် စာတန်​သွေးဆောင်​ခဲ့​ပြီး​သောအခါ အာဒံ​၏​သားစဉ်မြေးဆက်​အားလုံး အပြစ်ကို အမွေခံ​ခဲ့​ကြ​ရသည်။ “အပြစ်​တရားသည် တစ်ယောက်​သော​သူအား​ဖြင့် ဤ​လောက​သို့​ဝင်၍ အပြစ်​တရား​အားဖြင့် သေခြင်း​တရားဝင်​သည်​နှင့်​အညီ လူအပေါင်း​တို့သည် အပြစ်ရှိ​သောကြောင့် သေခြင်း​သို့​ရောက်​ရ​ကြ​၏” ဟု​သမ္မာကျမ်းစာ​က​ဆို​၏။ သို့​တိုင် “တစ်ယောက်​သော​သူသည် [စုံလင်သော​လူသား​ယေရှု] နားထောင်​သော​အားဖြင့် လူများ​တို့သည် ဖြောင့်မတ်​ရာ​သို့​ရောက်​ရ​ကြ​၏” ဟု​လည်း​ဆက်​ဖော်ပြ​ထား​သည်။ (ရောမ ၅:၁၂၊ ၁၉) ဤ​အခန်းဆက်​၏​ပထမ​ဆောင်းပါး​တွင် ဖော်ပြ​ထား​သကဲ့သို့ ယေရှုသည် “နောက်ဆုံး​ဖြစ်သော​အာဒံ”—“ကောင်းကင်ဘုံ​က​ဖြစ်​တော်​မူ​သော” သခင်​ဖြစ်​ပြီး မိမိ​အသက်ကို​စွန့်​၍ “လူများ​ကို​ရွေး” ခဲ့​လေ​၏။—၁ ကောရိန္သု ၁၅:၄၅၊ ၄၇; မဿဲ ၂၀:၂၈

ထို့​ကြောင့် ယေရှုကို​ယုံကြည်သူ​အားလုံး “အပြစ်လွှတ်​တော်​မူ​ခြင်း​တည်း​ဟူသော ရွေးနုတ်​တော်​မူ​ခြင်း​ကျေးဇူး” နှင့်​ထာဝရ​အသက် ရရှိနိုင်​ကြသည်။ (ဧဖက် ၁:၈; ယောဟန် ၃:၃၆) ယေဟောဝါ​သည် လူသား​တို့ကို အလွန်​ချစ်​မြတ်နိုးသော​ကြောင့် ကျွန်ုပ်​တို့၏​ကယ်တင်ရှင်​အဖြစ် သားတော်ကို​စွန့်ခဲ့​ရာ ကျွန်ုပ်​တို့ အမှန်​အားရ​ရွှင်လန်း​နိုင်​ကြသည်! (လုကာ ၂:၁၀-၁၂; ယောဟန် ၃:၁၆) ဆင်းရဲ​ခက်ခဲ​မှုကြုံ​နေရ​သော ပထမ​ရာစု​မှ​လူ​တို့အတွက် ယေရှု​လုပ်ဆောင်ခဲ့​ရာ​ကို ဆန်းစစ်ခြင်း​က အနာဂတ်​ကို ထိုးထွင်း​သိမြင်​စေ​သည်။ ထို့​ပြင် ယေရှု​ပြုလုပ်​ခဲ့​ရာ​များသည် အမှန်​အံ့ဖွယ်ကောင်း​လှ​၏!

ကမ္ဘာသစ်​၏​ကြိုတင်​မြင်ကွင်း

ယေရှုသည် မိမိ​ထံ​ခေါ်ဆောင်​လာသော ဖျားနာသူ၊ ရောဂါ​သည်​မှန်သမျှကို ကုသ​ပေး​နိုင်​သည်။ မည်မျှ​ပင်​ဖျားနာ​ပြီး မစွမ်းမသန်​ဖြစ်နေ​စေ​ကာ​မူ ပြန်​ကျန်းမာ​လာရန် ကိုယ်တော်​ကုသ​ပေး​နိုင်​ခဲ့​၏။ ထို့​ပြင် ကိုယ်တော်​သည် မုန့်​နှင့်​ငါး​အနည်းငယ်​မျှ​ဖြင့် လူ​ထောင်ချီ​တို့အား အံ့ဖွယ်​ကျွေးမွေး​တော်​မူ​ပြီး ယင်း​ကဲ့သို့ တစ်ကြိမ်​ထက်မက ကျွေးမွေး​တော်​မူ​ခဲ့​သည်။—မဿဲ ၁၄:၁၄-၂၂; ၁၅:၃၀-၃၈

မွေးရာပါ​မျက်မမြင်​တစ်ဦး​ကို မျက်စိ​ပြန်မြင်​အောင် ကုသ​ပေး​ခဲ့​ပြီး အိမ်နီးချင်း​နှင့်​အသိအကျွမ်း​တို့​က ယင်းသည် အံ့ဖွယ်အမှု​ဖြစ်​ကြောင်း ယုံကြည်​ကြသော်လည်း ဂျူး​ဘာသာရေး​ခေါင်းဆောင်​တို့​မူ သံသယဝင်​ခဲ့​ကြသည်။ ထို​အခါ မျက်စိ​ပြန်မြင်​လာ​သူက “အမိ​ဝမ်း​တွင်း​က​ပင် မျက်စိကန်း​သော​သူကို မျက်စိ​မြင်​စေခြင်း​ငှာ တတ်နိုင်​သည်ကို ကမ္ဘာဦး​မှ​စ၍ မကြားစဖူး။ ထို​သူသည် ဘုရားသခင်​စေလွှတ်​တော်​မူ​သော​သူ​မဟုတ်လျှင် အဘယ်​အမှုကို​မျှ မတတ်နိုင်” ဟု​ကျိုးကြောင်း​ညီ​ညီ ပြောဆို​ခဲ့​သည်။—ယောဟန် ၉:၃၂၊ ၃၃

ယေရှု၏​ဓမ္မ​အမှုဆောင်ချိန်​အတွင်း ထောင်ကျ​နေသော အစ်ကို​ဝမ်းကွဲ​ဖြစ်သူ နှစ်ခြင်း​ဆရာ​ယောဟန်​က ယေရှု၏​သတင်း မှန်​မမှန်​သေချာ​စေရန် တမန်​တို့ကို​စေလွှတ်​၍ စုံစမ်း​စေ​ခဲ့​သည်။ “ထို​အချိန်နာရီ​၌ ယေရှုသည် လူများ​တို့ကို အနာ​ရောဂါ​ဝေဒနာ​ဘေး၊ နတ်ဆိုး​ဘေး​နှင့်​ကင်းလွတ်​စေတော်မူ​၏။ မျက်စိကန်း​သော​သူများ​တို့ကို​လည်း မျက်စိ​မြင်​စေခြင်း​ငှာ ကျေးဇူးပြု​တော်​မူ​၏” ဟု​သမ္မာကျမ်းစာ​က ဆို​သည်။ ထို​အခါ ယေရှု​က တမန်​တို့အား “သင်တို့သည် ကြား​ရ​သမျှ၊ မြင်ရ​သမျှ​တို့ကို သွား​၍ ယောဟန်​အား ကြားလျှောက်​ကြလော့။ မျက်စိကန်း​သော​သူတို့သည် မျက်စိ​မြင်ရ​ကြ​၏။ ခြေမစွမ်း​သော​သူတို့သည် လှမ်း​သွား​ရ​ကြ​၏။ နူနာ​စွဲ​သော​သူတို့သည် သန့်ရှင်းခြင်း​သို့​ရောက်​ရ​ကြ​၏။ နားပင်း​သော​သူတို့သည် နား​ကြား​ရ​ကြ​၏။ သေ​သော​သူတို့သည် ထမြောက်ခြင်း​သို့​ရောက်​ရ​ကြ​၏” ဟု​မိန့်ဆိုခဲ့သည်။—လုကာ ၇:၁၈-၂၂

ယင်း​အကြောင်း စဉ်းစား​ကြည့်​ပါ– အတိတ်​က ကောင်းသော​အရာ တစ်စုံတစ်ခု​ဖြစ်ပျက်​ခဲ့​လျှင် နောင်​၌​လည်း ဖြစ်ပျက်​လာနိုင်​သည်​ဟု ယုံကြည်​နိုင်​သည်မဟုတ်​လော။ ယေရှု​ပြုလုပ်​ခဲ့​သော အံ့ဖွယ်အမှု​များ​က မိမိသည် ဘုရားသခင့်​နိုင်ငံတော်​ဘုရင်​အဖြစ် အုပ်စိုးချိန်​တွင် အကြီးအကျယ်​ပြုလုပ်​ပေး​မည်​ဖြစ်​ကြောင်း အသေးစား​အနေ​နှင့် ဖော်ပြ​ပေး​၏။ ယင်း​အံ့ဖွယ်အမှု​များ​က ကိုယ်တော်​သည် ဘုရားသခင်​စေလွှတ်​ခံရ​သူနှင့် ဘုရားသခင့်​သားတော်​အမှန်​ဖြစ်​ကြောင်းကို​လည်း သက်သေထူ​သည်။

ဘုရားသခင့်​နိုင်ငံတော် အုပ်ချုပ်​စဉ်​အတွင်း အံ့ဖွယ်​ပရောဖက်ပြုချက်​များ စာသား​အတိုင်း ပြည့်စုံ​လာ​ပါ​လိမ့်​မည်။ ကြို​ဟောထား​သည့်​အတိုင်း မျက်စိကန်း​သူများ မျက်စိ​ပြန်မြင်​လာ​မည်၊ နားပင်း​သူများ နား​ပြန်ကြား​လာ​မည်၊ ခြေမစွမ်း​သူများ ဒရယ်​ကဲ့သို့​ခုန်​လိမ့်​မည်၊ မည်သူမျှ ဖျားနာ​တော့​မည်​မဟုတ်ပေ။ မြေတစ်ပြင်လုံး​တွင် ငြိမ်သက်​လုံခြုံမှု​လည်း​ရှိလာ​မည်။ ယနေ့​အချိန်တွင် အန္တရာယ်​ပြု​နိုင်သော သား​ရိုင်း​များ​ပင် လူသား​တို့ကို ရန်မူ​တော့​မည်​မဟုတ်ပေ။—ဟေရှာယ ၉:၆၊ ၇; ၁၁:၆-၉; ၃၃:၂၄; ၃၅:၅၊ ၆; ၆၅:၁၇-၂၅

အဆိုပါ​အခြေအနေ​မျိုး​တည်ရှိ​သည့် ဘုရားသခင့်​နိုင်ငံတော်​အောက်တွင် သင်​ထာဝစဉ်​နေထိုင်​လို​သလော။ ခမည်းတော်​ထံ ယေရှု​ဆုတောင်း​သည့်​အခါ သင်​လုပ်ဆောင်​ရမည့်​အရာ​ကို ဤသို့​ဖော်ပြ​ခဲ့​၏– ‘ထာဝရ​အသက်​ဟူ​မူ​ကား မှန်သော​ဘုရားသခင်​တစ်ပါး​တည်း​ဖြစ်​တော်​မူ​သော ကိုယ်တော်​ကိုလည်း​ကောင်း၊ စေလွှတ်​တော်​မူ​သော ယေရှု​ခရစ်​ကိုလည်း​ကောင်း သိကျွမ်းခြင်း​တည်း။’ (ယောဟန် ၁၇:၃) ဤ​အသက်​ရစေသော​အသိပညာကို ဆက်လက်​ဆည်းပူး​ရာ​တွင် အဘယ်အရာကမျှ သင့်​အား အဟန့်အတား​မဖြစ်စေ​ပါ​နှင့်။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ယင်းသည် ကမ္ဘာ​မြေ​အတွက် ဘုရားသခင် ကတိ​ထားခဲ့​ရာ​များ​ဖြစ်