မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆေးပညာလောက၏ အနာဂတ် အသို့နည်း

ဆေးပညာလောက၏ အနာဂတ် အသို့နည်း

ဆေးပညာ​လောက​၏ အနာဂတ် အသို့နည်း

သမားတော်​များ​၏​အနာဂတ်​ကို မေးမြန်းခြင်း​သည် နည်း​ပညာ​တိုးတက်မှု​များနှင့် ယင်း​နည်း​ပညာ​တိုးတက်မှု​များ​က ဆရာဝန်​များ​အား လူနာ​တစ်ဦးချင်း​စီ​ကို အချိန်ပို​ပေး​နိုင်​ရန် သူတို့အား သာမန်​လုပ်ငန်းဆောင်တာ​များ​မှ လွတ်မြောက်​စေမည်​လော​ဟူ​သည့် မေးခွန်း​သို့ ဦးတည်​စေ​လေ့​ရှိသည်။ ဆရာဝန်​များ​၏​အနာဂတ်​သည် ပို​၍​ကျယ်ပြန့်​သည့် လူသား​တစ်ရပ်လုံး​၏​အနာဂတ်​နှင့် အနီးကပ် ဆက်စပ်​နေပါ​သည်။ ယင်း​အနာဂတ်​အပေါ် အလင်းထွန်းလင်း​ပေး​သည့် ကျမ်းစာ​နှစ်စောင်​က ယေရှု​နှင့် ကိုယ်တော့်​တမန်​တော်​များ​၏ သမိုင်းကြောင်း​ကို ပြောပြ​ပါ​သည်။ ထို​ကျမ်းစောင်​နှစ်စောင်​စ​လုံး​ကို သမားတော်​တစ်ဦး​က ရေးသားခဲ့​၏။

ထို​သမိုင်းကြောင်း​များ​တွင် သမားတော်​တစ်ဦး၏​ရှုမြင်ချက်​ပါရှိ​ခြင်း​က အဘယ်ကြောင့် အထူး​စိတ်ဝင်စားစရာ ဖြစ်စေ​သနည်း။ အဆိုပါ​သမိုင်းကြောင်း​များသည် သမားတော်​များ၊ လူနာများ​၏​အနာဂတ်​နှင့် မည်သို့​ပတ်သက်​နေသနည်း။ သမားတော်​တချို့​သည် အဘယ်ကြောင့် ၎င်းတို့၏​လုပ်ငန်း မလို​အပ်​တော့​မည့်​အချိန်ကို စောင့်မျှော်​နေကြ​သနည်း။

သမားတော်​များစွာ​တို့သည် ဂရုတစိုက် စောင့်ကြည့်​တတ်​သူများ​ဖြစ်​ကြသည်။ “ချစ်သော​ဆရာဝန်” ဟု​ခေါ်​သည့် လုကာ​သည် ကျမ်းစောင်​နှစ်စောင်​ကို ရေးသားသူ​ဖြစ်​ပြီး ယေရှု​အပြင် တမန်​တော်​များ​ပါ ကုသ​ပေး​ခဲ့​ကြ​သည့် လူနာ​တချို့​၏​အကြောင်းကို အသေးစိတ်​ဖော်ပြ​ပေး​ခဲ့​သည်။ (ကောလောသဲ ၄:၁၄သတင်းကောင်း) သို့​နှင့် သူသည် ဤ​မေးခွန်းများကို ကျွန်ုပ်​တို့​ဆင်ခြင်​သုံးသပ်ရန် ကူညီ​ပေး​လေ​သည်– ဤ​အရာ​တို့သည် အမှန်တကယ်​ဖြစ်ပျက်​ခဲ့​သလော။ သို့​ဖြစ်​လျှင် မျက်မှောက်ခေတ် လူနာများ​နှင့် ဆရာဝန်​များ​အတွက် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။

ဆေးပညာ​အထောက်အထား​ကို စစ်ဆေးခြင်း

လုကာ​သည် အဆိုပါ​ကုသမှု​များ​၏ အံ့ဖွယ်ကောင်း​သည့် သဘောသဘာဝ​ကို မျက်မြင်​သက်သေ​များ​အား လူတွေ့မေးမြန်း​ခြင်း​ဖြင့် မှန်ကန်ကြောင်း သက်သေပြ​ခွင့်​ရခဲ့​၏။ ထို့​အပြင် သူသည် တမန်​တော်​ပေါလု​နှင့်အတူ နယ်​တကာ ခရီး​လှည့်လည်​ခဲ့​ရသည်။ လုကာ​ရှိနေ​ပုံ​ရ​စဉ် ပေါလု​သည် လူများစွာ​တို့အား ကုသ​ပေး​ခဲ့​၏။ ယင်း​ကုသမှု​များနှင့်​ပတ်သက်​၍ အဆိုပါ​သမားတော်​၏​မှတ်တမ်းများ​ကို ကျွန်ုပ်​တို့ သုံးသပ်​သောအခါ ယင်း​တို့​မည်မျှ​အသေးစိတ်​ကျ​ကြောင်း သတိပြုပါ​လေ။

ဥပမာတစ်ခု​ကို သုံးသပ်ကြည့်​ပါ။ လုကာ​သည် အဖြစ်အပျက်​တစ်ခု​၏ အချိန်၊ ရက်စွဲ​နှင့် နေရာ​ဒေသ​ကို ဖော်ပြ​ပေး​သည်– ယင်း​အဖြစ်အပျက်​သည် ရက်သတ္တပတ်​၏ ပထမ​ဆုံး​နေ့ ည​ဉ့်​သန်း​ခေါင်​အချိန်တွင်​ဖြစ်​ပြီး ခရစ်ယာန်​အုပ်စု​တစ်စု​သည် အာရှနယ်​အတွင်း ရောမ​ခရိုင် တ​ရော​မြို့ရှိ အိမ်​သုံးဆင့်​အထက်ခန်း​တွင် ရှိနေ​ခဲ့​ကြ​၏။ (တမန်​တော် ၂၀:၄-၈) အသေးစိတ်​ကို ဤသို့​ဖတ်​ရသည်– “ဥတု​ခု​အမည်​ရှိသော လုလင်​တစ်ယောက်​သည် ပြတင်းပေါက်​နား​မှာ​ထိုင်၍ အိပ်ပျော်​ကျူးလွန်​လျက်​နေ​၏။ ပေါလု​သည် ကြာမြင့်စွာ​ဟောပြော​သည်​တွင် ထို​သူသည် အိပ်ပျော်​လျက် အိမ်​သုံးဆင့်​အထက်​မှ အောက်​သို့​လျှော​ကျ​၍​သေ​သည်။” ထို​အခါ ပေါလု​သည် ဘုရားသခင်​၏​အစွမ်း​တန်ခိုး​ဖြင့် လူငယ်​၏​ဒဏ်ရာ​ကို ကုသ​ပေး​ကာ အသက်ပြန်ရှင်​စေ​ခဲ့​သည်။ အစာစား​ပြီး​နောက် “အသက်ရှင်​လျက်​ရှိသော ထို​လုလင်​ကို​ဆောင်ယူ​ခဲ့​၍ အလွန်​သက်သာခြင်း​ရှိကြ​၏။”—တမန်​တော် ၂၀:၉-၁၂

လုကာ​သည် မေလိတေ​ကျွန်း​၌​လည်း ပေါလု​နှင့်အတူ ရှိခဲ့​သည်။ နောက်​အံ့ဖွယ်အမှု​တစ်ခု​ကို ပေါလု​ပြုသော​အခါ ကျွန်း “သူကြီး” ပုဗလိ​က ၎င်း​တို့​နှစ်ဦး​အား ပျူပျူငှာငှာ ဧည့်ဝတ်ပြု​ခဲ့​၏။ ခေတ်​သစ် ပဋိဇီဝဆေး​ဝါး​များ​မပေါ်မီ ထို​ခေတ်​အခါ​က အသက်​အန္တရာယ်​ကြုံ​ကောင်း​ကြုံ​နိုင်​သည့် လူတစ်ဦး​၏​အခြေအနေ​နှင့်​ပတ်သက်​သည်။ လုကာ ဤသို့​ပြောပြ​သည်– “ပုဗလိ​မင်း​၏​အဘသည် ဖျားနာ​နှင့် ဝမ်း​ကျ​သွေးသွန်နာ​စွဲ၍ တုံးလုံး​နေသည်​ကို ပေါလု​ဝင်၍​ဆုတောင်း​ပြီး​မှ သူ့​အပေါ်​၌​လက်​တင်၍ အနာ​ကို​ငြိမ်း​စေ​၏။ ဤသို့​ပြုသော​ကြောင့် ထို​ကျွန်း​၌ အနာ​ရောဂါစွဲ​သော​အခြားသူ​ရှိသမျှ​တို့သည် လာ၍​ချမ်းသာခြင်း​ကို​ရ​ကြ​၏။”—တမန်​တော် ၂၈:၇-၉

ယင်း​သမားတော်​ကို အဘယ်အရာက စိတ်ချ​စေ​ခဲ့​သနည်း

မိမိ၏​စာရှုသူ​များသည် မှတ်တမ်း​တွင် ပါဝင်​ခဲ့​သူတို့နှင့် စကားပြော​ဆို​ခြင်း​အားဖြင့် အချက်အလက်​များ​မှန်ကန်မှု​ရှိမရှိ ဆန်းစစ်​နိုင်​ဆဲ​ရှိချိန်​တွင် တမန်​တော်​ကျမ်း​ပါ ယင်း​မှတ်တမ်းများ​ကို လုကာ​က ရေးသားခဲ့​သည်။ မိမိ​အမည်​ဖြင့်​တပ်​ထားသော​ကျမ်းစောင်​၌ သူ​မှတ်တမ်း​တင်ထား​ရာ​နှင့်​စပ်လျဉ်း၍ လုကာ​ဤသို့​ရေးသားခဲ့​သည်– “ငါသည်​လည်း ထို​အတ္ထုပ္ပတ္တိ​အလုံးစုံ​တို့ကို ရှေးဦး​စွာ​မှ​စ၍ စေ့စေ့​ရှာဖွေ​လိုက်​စစ်​ပြီး​လျှင် . . . အကြောင်းအရာ​တို့သည် ဧကန်​အမှန်​ဖြစ်​ကြောင်းကို ကိုယ်တော်​သိစေ​ခြင်း​ငှာ အစဉ်​အတိုင်း​ရေးထား” ခဲ့​သည်။ (လုကာ ၁:၃) ဤ​သမားတော် မြင်တွေ့ခဲ့​ရာ​နှင့် ရှာဖွေ​လေ့လာ​ခဲ့​ရာ​တို့သည် ယေရှု၏​သွန်သင်ချက်​များ မှန်ကန်ကြောင်း သူ့​အား ယုံကြည်​စိတ်ချ​စေ​ခဲ့​လေ​သည်။ အံ့ဖွယ်​နည်းဖြင့် ကုသမှု​များသည် ထို​သွန်သင်ချက်​များ​အဝင်​ဖြစ်​ပြီး အဆုံး​တွင် ရောဂါ​သည် ဘုရားသခင်​၏ အနိုင်ယူ​ခြင်း​ကို​ခံ​ရတော့မည်​ဟူသော ကျမ်းစာ​ပရောဖက်ပြုချက်​ကို ယုံကြည်​ရန် အခြေပြု​ပေး​သည်။ (ဟေရှာယ ၃၅:၅၊ ၆) ဆေးဆရာ​ဝန်​တစ်ဦး​အနေ​နှင့် ဆင်းရဲ​ဝေဒနာ​တို့ကို ထိတွေ့​ဆက်ဆံ​ရလေ့​ရှိရာ လုကာ​သည် မိမိ၏​လုပ်ငန်း မလို​အပ်​တော့​မည့်​အချိန်​တစ်ချိန်​ကို မျှော်လင့်ခြင်းက အထူး​ကြည်နူး​အားရဖွယ်​ဖြစ်​ကြောင်း တွေ့ရှိ​ခဲ့​ရ​ပေမည်။ ယင်း​သို့​သော နှစ်သက်ဖွယ်​ကောင်း​သည့်​အလားအလာကို သင်​တွေ့ရှိ​ပါသလော။

စိတ်ဝင်စားစရာ​မှာ မည်သည့်​အရပ်ဒေသ​တွင်​ပင် နေထိုင်​ပါစေ ဘုရားသခင်​အား​ချစ်​မြတ်နိုးသူ​များ​အတွက် အနာဂတ်​က ယင်း​သို့​ဖြစ်ပျက်​လာ​မည်​ဖြစ်သည်။ ဘုရားသခင့်​နိုင်ငံတော်​အောက်တွင် “မြို့သား​က​လည်း ‘ငါ​နာ​သည်’ ဟု​မဆို​ရ” တော့​ဟူ၍ ကျမ်းစာ​ကတိတော်​ရှိ၏။ (ဟေရှာယ ၃၃:၂၄) ကျမ်းစာ​ကတိတော်​များ​ကို ယုံကြည်​ရန် ယုတ္တိတန်​သည့် အခြေခံ​အကြောင်းရင်း​တစ်ရပ်​ရှိကြောင်း မျက်မှောက်ခေတ် ဆရာဝန်​များစွာ​က ကောက်ချက်​ချ​ခဲ့​ကြပြီ။

‘ကျွန်တော့်​အတွက် အလွန်​နှစ်သက်စရာ​ကောင်းတယ်’

“လူအများစု​လို​ပဲ ရောဂါ​ဝေဒနာ​ခံစား​နေရသူ​တွေ​ကို ကူညီ​ပေးဖို့ ဆေးပညာ​ကို လေ့လာ​ဆည်းပူး​ခဲ့​ပါ​တယ်” ဟု မြောက်​အမေရိက​မှ မိသားစု​ဆရာဝန်​တစ်ဦး​ဖြစ်သူ ဒေါက်တာ ဂျွန်  စ​ခီ​လာ က​ဆို​၏။ “ရောဂါ​မရှိတော့တဲ့​ကမ္ဘာ​ကို မျှော်လင့်ခြင်းက ကျွန်တော့်​အတွက် အလွန် နှစ်သက်စရာ​ပါ​ပဲ။ ကောလိပ်​မှာ အနောက်​တိုင်း​ယဉ်ကျေးမှု သမိုင်းကြောင်း​နဲ့​ပတ်သက်​တဲ့ သင်တန်း​ပြီးသွား​တော့ ယေဟောဝါသက်သေ​တွေ​ရဲ့ အစည်းအဝေးတွေကို စတက်​ရောက်​ခဲ့​ပါ​တယ်။ အဲဒီ​အစည်းအဝေးတွေ​က ဘာသာ​တရား​တွေ​ဟာ ပြဿနာ​အများစု​ရဲ့ အခြေအမြစ်​ဖြစ်တယ်လို့ ဖော်ပြ​ထား​တယ်။ ပြီး​တော့ ဘာသာ​တရား​တွေ​ဟာ ကျမ်းစာ​ကို ဟန်ဆောင်​အသုံးပြု​နေကြ​တယ်လို့ ကျွန်တော်​မြင်တယ်။ ဒါ​ကြောင့် ‘ကျမ်းစာ​က ဘာကို အမှန်တကယ်​ပြော​သလဲ’ ဆိုတာ ကျွန်တော်​သိချင်ခဲ့တယ်။

“ယေဟောဝါသက်သေ​တွေ​ရဲ့ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​မှာ ဦးဆုံး ကျွန်တော့်​ကို​ဆွဲဆောင်​တာ​က ကျွန်တော့်​ရဲ့​အသိ​မိတ်ဆွေ အတော်များများ​နဲ့ သိသိသာသာ​ကွာခြား​တဲ့ ဖော်ရွေ​ခင်မင်​တတ်​တဲ့ လူတွေ​ဖြစ်​ကြတယ်။ သက်သေခံ​တစ်ယောက်​က ကျွန်တော့်​အနားကို​ရောက်လာ​ပြီး ကျမ်းစာ​အကြောင်း​ဆွေးနွေး​ဖို့ ကျွန်တော့်​ဆီ​ကိုလာ​လည်​မယ်​လို့ ကမ်း​လှမ်း​ခဲ့တယ်။ ကျွန်တော် ဘာ​မေးခွန်း​ပဲ​မေး​မေး ကျမ်းစာ​ထဲ​ကနေ အဖြေပေး​တဲ့​အတွက် ကျွန်တော်​အလွန်​စွဲမှတ်​သွားခဲ့တယ်။

“အသက်ကြီး​လာ​လေ​လေ ယေဟောဝါသက်သေ​တစ်ယောက်​ဖြစ်​ရတာကို ကျွန်တော်​တန်ဖိုး​ထား​လေ​လေ​ပဲ။ နုပျို​တဲ့​ဆရာဝန်​တစ်ဦး​အဖြစ် သင်​အစ​ပြု​ချိန်မှာ အကျိုးနပ်​တဲ့​အရာ​တစ်ခုခု​ကို အထမြောက်​စေဖို့ သင်​မျှော်လင့်​မှာပဲ။ ဒါပေမဲ့ ဘဝမှာ ဖြစ်ဖြစ်မြောက်မြောက် မအောင်မြင်ခဲ့ဘူး​လို့ ခံစား​ရပြီး စိတ်ပျက်​နေကြ​တဲ့​သူတွေကို တွေ့​ရလေ့​ရှိတယ်။ ယေဟောဝါသက်သေ​တစ်ယောက်​ဖြစ်​ရခြင်း​နဲ့​ပတ်သက်​လို့ အထူးခြားဆုံး​အရာ​ကို ကျွန်တော်​စဉ်းစား​ကြည့်​လိုက်​တော့ ဘဝမှာ ရည်ရွယ်ချက်​ရှိပြီး အနာဂတ်​အတွက် မျှော်လင့်ချက် ကျွန်တော်​တို့​မှာ​ရှိနေတယ်။ ဆရာဝန်​ပဲ​ဖြစ်ဖြစ်၊ စက်ပြင်ဆရာ​ပဲ​ဖြစ်ဖြစ်၊ အစောင့်​ပဲ​ဖြစ်ဖြစ် ဘုရားသခင်ရဲ့​အမှုတော်ကို ကျွန်တော်​တို့​ထမ်းဆောင်​နေခြင်း​ဟာ အကျိုးနပ်​တယ်​ဆိုတာ​ကို ကျွန်တော်​တို့​သိထားတယ်; ကျွန်တော်​တို့ ယေဟောဝါ​အတွက် တစ်ခုခု လုပ်ဆောင်နေ​ကြ​ပါ​တယ်။ အဲဒါက ကျွန်တော်​တို့ကို ကျေနပ်မှု​ဖြစ်စေ​ပါ​တယ်။”

“ကျမ်းစာ​မူတွေကို ကျင့်သုံး​ခြင်း​က ကျွန်တော်​တို့​ရဲ့​မိသားစု​ဘဝကို တိုးတက်စေ”

ဒေါက်တာ ခရစ္စ​တာ ရဲ​န်ဗဲလ်​သည် ဖင်လန်​နိုင်ငံ​မှ ဆရာဝန်​တစ်ဦး​ဖြစ်​ပြီး ကလေး​သူငယ်​များနှင့် စကားပြော​ဆို​ရသည်ကို အမြဲ​ပျော်မွေ့​နေ​သူ​ဖြစ်သည်။ “တစ်ရက်​မှာ ကင်ဆာ​ရောဂါ​ကျွမ်း​နေပြီ​ဖြစ်​တဲ့ အသက် ၁၂ နှစ်အရွယ် မိန်းကလေး​နဲ့ ကျွန်တော်​စကားပြော​ဆို​ခဲ့​ပါ​တယ်” ဟု သူက​ဆို​လှာ​သည်။ “ကျွန်တော့်​ကို “စစ်မှန်သော​ငြိမ်းချမ်းမှု​နှင့် လုံခြုံရေး—ယင်းကို သင်​မည်သို့ ရှာဖွေ​နိုင်​သနည်း * လို့​ခေါ်​တဲ့ စာအုပ်​တစ်အုပ် သူ​ပေး​ခဲ့တယ်။ ရောဂါ​ကျွမ်း​နေချိန်​အတွင်း သူ့ရဲ့​ယုံကြည်ခြင်း ဖော်ပြချက်​တွေ​ကို ကျွန်တော်​စွဲမှတ်​သွားပေ​မဲ့ အဲဒီ​စာအုပ်​ကို​ဖတ်​ဖို့ အချိန်​မရခဲ့​ဘူး။ တကယ်တော့ အဲဒီအချိန်မှာ ကျွန်တော်​ဟာ ဟ​ယ်လ်​စင်​ကီ​မြို့က ဆေးခန်း​တစ်ခန်း​မှာ အရမ်း​အလုပ်​များနေ​တဲ့​အတွက် ကျွန်တော့်​မိသားစုကို အကြီးအကျယ်​ထိခိုက်​ခဲ့တယ်။

“ဒါပေမဲ့ ရက်​အနည်းငယ်​အကြာမှာ ကျွန်တော့်​ဇနီး​က စာအုပ်စင်​ပေါ်ကနေ အဲဒီ​စာအုပ်​ကို ယူ​ဖတ်​ကြည့်​လိုက်တယ်။ သူ​ဖတ်နေ​တာ​ဟာ အမှန်တရား​ပဲ​လို့ ချက်ချင်း လက်ခံ​ယုံကြည်​ခဲ့တယ်။ ယေဟောဝါသက်သေ​တစ်ယောက် သူ့​ဆီ​ရောက်လာ​ပြီး သူနဲ့အတူ ကျမ်းစာ​စလေ့လာ​ပါ​လေ​ရော။ အစပိုင်း​မှာ ကျွန်တော့်​ဇနီး​ဟာ ကျွန်တော့်​ကို​ပြောပြ​ဖို့ နည်းနည်း​စိုးရိမ်​နေခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်​ကို သူ​ပြောပြ​တဲ့​အခါမှာ ကျွန်တော်​က ‘ငါ​တို့​မိသားစုကို အထောက်အကူ​ပေး​မယ့် ဘယ်အရာ​မဆို ကောင်း​တာပေါ့’ လို့ ပြော​လိုက်တယ်။ အဲဒီ​လေ့လာမှု​မှာ ကျွန်တော်​လည်း ပါဝင်​ခဲ့တယ်။ ကျမ်းစာ​မူတွေကို လက်တွေ့​ကျင့်သုံး​ခြင်း​က ကျွန်တော်​တို့​ရဲ့​မိသားစု​ဘဝကို တိုးတက်စေ​ပြီး ဘဝကို ရှုထောင့်​အသစ်​နဲ့ ကြည့်မြင်​စေ​ခဲ့တယ်။ နာ​ဖျား​မှု​ကင်း​တဲ့​ကမ္ဘာ​ကို မျှော်လင့်ခြင်း​နဲ့​ပတ်သက်ပြီး သင်ယူ​လေ့လာ​ရတာကို ကျွန်တော်​နှစ်ခြိုက်​ခဲ့​ပါ​တယ်; လူသား​တစ်ရပ်လုံး​အတွက် အဲလို​ရည်ရွယ်ချက်​မျိုး ဘုရားသခင်​မှာ ရှိ​ထား​တာ သဘာဝ​ကျ​သလိုပဲ။ သိပ်​မကြာ​ဘူး ကျွန်တော်​နဲ့ ကျွန်တော့်​ဇနီး​ရ​ယ်၊ နောက်ဆုံး ကျွန်တော့်​သားသမီးတွေ​အားလုံး နှစ်ခြင်း​ခံ​လိုက်ကြတယ်။ ကျွန်တော့်​ကို ဦးဆုံး​စကားပြော​ဆို​ခဲ့​တဲ့ အဲဒီ​မိန်းကလေးဟာ ဆုံးသွား​ပြီ​ဖြစ်​ပေမဲ့ သူ့ရဲ့​ယုံကြည်ခြင်းက အသက်ရှင်နေ​ဆဲ​ပါ။”

ပြောင်းလဲမှု​မြန်ဆန်​လှ​သည့် ကျွန်ုပ်​တို့၏ ဤ​ကမ္ဘာ​တွင် ဆရာဝန်​များ​အတွက် ဘဝ​သည် ဖိစီးမှုများ​လာ​နေသည်​ဖြစ်​ရာ နာမကျန်း​သူကို ကိုယ်ကျိုး​စွန့်​၍ ကူညီ​ပေးခြင်း​က အမှန်ပင် ချီးကျူးထိုက်​ပေ​သည်။ သို့သော် လူသားထု​တစ်ရပ်လုံး​အပေါ် အကျိုး​သက်ရောက်​စေ​မည့် အကြီးမားဆုံး ပြောင်းလဲမှု​များသည် လျင်မြန်​စွာ​ပင် ချဉ်းကပ်​လာ​နေ​ပေ​ပြီ။ ယနေ့ ဆရာဝန်​များစွာ​တို့သည် သမ္မာကျမ်းစာ ကတိပြု​ထား​သည့် အနာဂတ်—ရောဂါ​ကင်းမဲ့​သည့် ကမ္ဘာ—ကို ယုံကြည်​စိတ်ချ​စွာ စောင့်မျှော်​နေကြ၏! (ဗျာ. ၂၁:၁-၄) ယင်းသည် ကိုယ်တိုင်​ကိုယ်​ကျ ရှာဖွေ​လေ့လာ​ထိုက်သည့် အကြောင်းအရာ​ပင်​ဖြစ်​ပေ​သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 17 ယေဟောဝါသက်သေ​များ ထုတ်ဝေ​သည်။

[စာမျက်နှာ ၁၀ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

“ဘဝမှာ ရည်ရွယ်ချက်​ရှိတယ်ဆိုတာ ကျွန်မ​နားလည်ခဲ့”

“မစွမ်းမသန်​ဖြစ်​နေတဲ့ ကျောင်းသား​လေး​တွေ​ကို စာသင်​ပေး​တုန်း​က ယေဟောဝါသက်သေ​တွေ​ဖြစ်​ကြ​တဲ့ မိဘတွေဟာ အတော်လေး​ထူးခြား တာ​ကို ကျွန်မ​သတိပြုမိတယ်။ သူတို့ဟာ မသန်စွမ်း​တဲ့​ကလေး​ရှိတာ​ခြင်း​တူ​တဲ့ တခြား​မိဘတွေ​ထက် ပို​ပြီး​ကိုင်တွယ်​ဖြေရှင်း​တတ်​သလိုပဲ။ ပြီး​တော့ သူတို့မှာ​ရှိတဲ့ အလုပ်အကိုင်​က တောင်းဆို​တဲ့​ပညာ​ထက် ပို​ပြီး​ပညာတတ်​ကြ​တာ​ကိုလည်း သတိပြုမိတယ်။ သူတို့ရဲ့​ယုံကြည်ခြင်းကို ကျွန်မ​လေးစား​မိတယ်။ ကျွန်မ​ရဲ့​ယုံကြည်ခြင်းက​တော့ ဆင့်ကဲ​သီအိုရီ​ကို သွန်သင်ပေး​ကြ​တဲ့ ဆရာ​တွေ​ကြောင့် ပျက်စီး​လု​ပဲ။ ဒါပေမဲ့ ကျွန်မ​ရဲ့ ဆေးပညာ​လေ့လာမှု တွေ​က ဘဝရဲ့​ဖြစ်​စဉ်​တွေ​ကို သိလိုစိတ်​ပြင်းပြ​စေ​ခဲ့​ပါ​တယ်။

“တစ်ချိန်တည်း​မှာ ကျွန်မ​ရဲ့​သားသမီးတွေကို ဘယ်လို​ပြုစု ပျိုးထောင်​ပေး​ရမယ်ဆိုတာ ကျွန်မ,မသိ​ပါ​လား​ဆိုတာ သိလိုက်​ရတယ်။ ဘာတွေကို ရှောင်ကြဉ်​သင့်သလဲ။ ဘယ်လို​အားပေး​ရမလဲ။ ဘယ်အရာ​ကို ဘဝ​ရည်ရွယ်ချက်​တစ်ခု​အဖြစ် သူတို့ကို​ပေး​ရမလဲ။ ကျွန်မ​ရဲ့​ဘဝဟာ အဓိပ္ပာယ်မဲ့​လာခဲ့တယ်။ အကူအညီ​အတွက် ကျွန်မ ဆု​လည်း​တောင်း​ခဲ့​သေး​တယ်။

“အဲဒီအချိန်မှာ ကျွန်မ​ဖတ်​ဖို့ သားသမီးတွေကို မေတ္တာနဲ့ ဘယ်လို​ပြုပြင်​ဆုံးမ​ပေး​ရတဲ့​အကြောင်းပါ​တဲ့ မဂ္ဂဇင်း​တစ်စောင် ယေဟောဝါ သက်သေ​တွေ​က ယူလာ​ပေးတယ်။ ကျမ်းစာ​မှာ​ရှင်းပြ​ထား​တဲ့ မူတွေ​က တကယ်​အထောက်အကူ​ဖြစ်စေ​တာ​ကို ကျွန်မ​တွေ့​လိုက်ရတယ်၊ ဒါနဲ့ ကျမ်းစာ​လေ့လာ​ဖို့ သူတို့​ကမ်း​လှမ်း​တာ​ကို ကျွန်မ​လက်ခံ​လိုက်တယ်။ အသက်ကို ယေဟောဝါ ဘာကြောင့်​ဖန်ဆင်း​တယ်၊ ယေရှု ဘာကြောင့်​သေရ​တယ်​ဆိုတာ​တွေ​ကို ကျွန်မ​သင်ယူ​လေ့လာ​တာ​နဲ့​အမျှ ဘဝမှာ ရည်ရွယ်ချက်​ရှိတယ်ဆိုတာ နားလည်ခဲ့​ရတယ်။ (ယောဟန် ၃:၁၆; ရောမ ၅:၁၂၊ ၁၈၊ ၁၉) ဆင့်ကဲဖြစ်စဉ်​ဟာ ကျွန်မ​ရဲ့​အတွေးအခေါ်ကို မ​လိမ့်​တစ်ပတ်​လုပ်လိုက်တာ​ကိုး။ ရောဂါ​နဲ့​သေခြင်း​တို့​ဟာ ဘုရားသခင့်​မူလ​ရည်ရွယ်ချက်​ရဲ့ အစိတ်အပိုင်း​မဟုတ်ဘူးဆိုတာ သိလိုက်​ရတဲ့အခါ​ကျ​မှ စိတ်သက်သာရာ​ရသွားတယ်! ဘုရားသခင်ဟာ မကြာခင် ရောဂါ ရှိရှိသမျှကို ဘယ်လို​ကုသ​ပေး​မယ့်​အကြောင်း စိတ်​ရိုး​ဖြောင့်​တဲ့​သူတွေကို သွန်သင်ပေး​ရာ​မှာ စစ်မှန်တဲ့ ကျေနပ်​ရောင့်ရဲမှု​ကို က​နေ့​ထိ ကျွန်မ တွေ့ရှိ​နေတုန်းပဲ။”

[ရုပ်ပုံများ]

ဟာ​လာ​နာ ဘိုး​ဝ​စ္စ​သည် နယ်သာလန်​နိုင်ငံ​မှ ကျောင်းသား​လေး​များ​၏ ဆရာဝန်​တစ်ဦး​ဖြစ်သည်

[စာမျက်နှာ ၉ ပါ ရုပ်ပုံများ]

တမန်​တော်​ပေါလု​သည် ပုဗလိ​မင်း​၏​ဖခင်​ကို ကုသ​ပေး​ပြီး ဥတု​ခု​ကို အသက်ပြန်ရှင်​စေ​ခဲ့​ချိန်​က ဆရာဝန်​နှင့်​ကျမ်း​ရေးသူ လုကာ​သည် တမန်​တော်​၏ ခရီး​သွား​ဖော်​ဖြစ်​ခဲ့

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံများ]

ဒေါက်တာ ဂျွန် စ​ခီ​လာ၊ အမေရိကန်​ပြည်ထောင်စု

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံများ]

ဒေါက်တာ ခရစ္စ​တာ ရဲ​န်ဗဲလ်၊ ဖင်လန်​နိုင်ငံ