မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပြောင်းလဲနေသောလောကရှိ ဆရာဝန်များ

ပြောင်းလဲနေသောလောကရှိ ဆရာဝန်များ

ပြောင်းလဲ​နေသော​လောက​ရှိ ဆရာဝန်​များ

မိုင်​မွန်​နီး​ဒီးစ်​သည် ၁၁၇၄ ခုနှစ်​တွင် အီဂျစ်ပြည့်ရှင်​များ​၏ နန်းတွင်း​သမားတော်​အဖြစ် ခန့်အပ်​ခံရ​ပြီး သူ၏​အချိန်​အများစုကို နန်းတော်​၌ ကုန်လွန်​စေ​ခဲ့​သည်။ နေ့စဉ် အိမ်​သို့ ပြန်ရောက်​လာချိန်​နှင့်​စပ်လျဉ်း၍ သူ​ဤသို့​ရေးသားခဲ့​သည်– “ကျွန်ုပ် အစာ နည်းနည်း​စား​သည်၊ နှစ်ဆ​ယ့်​လေး​နာရီ​တွင် ဤ​တစ်ကြိမ်​သာ​စား​သည်။ ထို့နောက် လူနာများ​ကို ကြည့်ရှု​ပေး​ပြီး သူတို့၏ ရောဂါ​များ​အတွက် ဆေး​ညွှန်း​များ၊ လမ်းညွှန်ချက်များ ရေး​ပေး​ရသည်။ နေဝင်​သည်​အထိ လူနာများ ဝင်လာ​မ​စဲ​ဖြစ်​ရာ တစ်ခါတစ်ရံ . . . စကား​မပြော​နိုင်​လောက်​အောင် အလွန်​မောပန်း​နွမ်း​နယ်​ခဲ့​ရ၏။”

ဆရာဝန်​တစ်ဦး​သည် အမြဲ​ကိုယ်ကျိုး​စွန့်​ရသည်။ သို့သော် ယနေ့​လောက​ရှိ ဆရာဝန်​များ​၏​လုပ်ငန်းမှာ လျင်မြန်​စွာ ပြောင်းလဲ​နေသည်။ ၎င်းတို့၏​အလုပ်ချိန်​ဇယား​သည် မိုင်​မွန်​နီး​ဒီးစ်​မောပန်း​ခဲ့​သလော​က်​ပင် ထပ်တူ​မောပန်း​စ​ရာ​ဖြစ်နေ​နိုင်​သည်။ သို့သော် ဆရာဝန်​များသည် ယခင်​က​လောက် ရိုသေ​လေးစား​ခံရ​ကြ​ပါသလော။ အခြေအနေ​အသစ်များ​က အ​နှီ​ဆရာဝန်​၏ ဘဝ​ပုံစံ​အပေါ် မည်သို့​အကျိုး​သက်ရောက်​ခဲ့ပြီ​နည်း။ မကြာသေးမီ​က ဖွံ့ဖြိုး​တိုးတက်မှု​များသည် ဆရာဝန်​နှင့်​လူနာ​စပ်ကြား​ဆက်ဆံ​ရေး​ကို မည်သို့​ပြောင်းလဲ​စေ​ခဲ့ပြီ​နည်း။

ပြောင်းလဲ​သွား​သည့်​ဆက်ဆံ​ရေး

ဆရာဝန်​သည် ဆေး​ကုသ​ရေး​ပစ္စည်း​များ အစုံ​အ​လင်​ကို အနက်ရောင် ဆေး​အိတ်​တွင်​ထည့်​ကာ ဆွဲ​သွား​နိုင်​သည့်​ခေတ်​ကို တချို့ ပြန်​အမှတ်ရနေ​ဆဲ​ဖြစ်​မည်။ ထို​ခေတ်​က ဆရာဝန်​များနှင့်​ပတ်သက်​၍ ယခု​ခေတ်​ကဲ့သို့​ပင် ခံစားမှု​အမျိုးမျိုး ရော​ပြွမ်း​လျက်​ရှိခဲ့​သည်။ ဆရာဝန်​အများစုမှာ ၎င်းတို့၏​စွမ်းရည်​ကြောင့် ကြည်ညို​ခံရ​ကြ​၏၊ ၎င်းတို့၏ လူမှု​အဆင့်အတန်း​ကြောင့် ရိုသေ​လေးစား​ခံရ​ကြ​၏၊ ၎င်းတို့၏​ကျင့်ဝတ်​တရား​ကြောင့် အထင်ကြီး​ခံရ​ကြ​၏။ သို့သော် တစ်ချိန်တည်း​တွင် ၎င်း​တို့​တောင်း​သည့် အခကြေးငွေ​ကြောင့် ဝေဖန်ခံ​ရနိုင်​သည်၊ မစွမ်းဆောင်​နိုင်​မှု​ကြောင့် ပြစ်တင်​ခံ​ရနိုင်​ပြီး ထောက်ထား​စာနာမှု​မဲ့သည့်​အတွက် ရှုတ်ချ​ပြောဆို​ခံရ​နိုင်​သည်။

သို့​တိုင် ဆရာဝန်​များစွာ​တို့သည် မိသားစု​အစဉ်အဆက် ကူညီ​ပေး​သွား​ရ​၍ အလွန်​ပင်​ကျေနပ်​အားရခဲ့​ကြ​၏။ သူတို့သည် လူနာ​ပေါင်း​များစွာ​ကို အိမ်တိုင်ရာရောက် ကြည့်ရှု​ပေး​လေ့​ရှိ၏၊ ကျေးလက်​ဒေသ​များ​တွင် တစ်ခါတစ်ရံ မီးဖွား​ပေး​ရသည့်​အခါ​မျိုး​၌ လူနာ​အိမ်​တွင် အစာစား​ခဲ့​ရ၊ ညအိပ်​ပင်​နေ​ပေး​ခဲ့​ကြ​ရ၏။ ဆရာဝန်​အများ​သည် မိမိတို့၏​လူနာများ​အတွက် စားဆေး​များ ကိုယ်တိုင်​ကိုယ်​ကျ ညွှန်း​ပေး​တတ်ကြ​သည်။ ကိုယ်ကျိုးမငဲ့​သည့် သမားတော်​များသည် ဆင်းရဲသား​များ​ကို အခမဲ့​ကုသ​ပေး​ခဲ့​ကြ​ပြီး တစ်ပတ်​လျှင် ၇ ရက်၊ တစ်နေ့​လျှင် ၂၄ နာရီ အဆင်သင့်​ရှိနေ​ခဲ့​ကြ​၏။

ဆရာဝန်​တချို့​သည် ထို​အတိုင်း အလုပ်လုပ်​နေဆဲ​ပင်၊ သို့သော် နေရာ​ဒေသ​အများ​တွင် ဆရာဝန်​နှင့်​လူနာ​စပ်ကြား​ဆက်ဆံ​ရေး သဘောသဘာဝ​သည် ရာစုနှစ်များစွာ​က ရှိခဲ့​သည့်​ဆက်ဆံ​ရေး​ထက် လွန်ခဲ့သော ဆယ်စုနှစ်​အနည်းငယ်​တွင် ပို​၍​ပြောင်းလဲ​သွား​ဖွယ်​ရှိခဲ့​သည်။ မည်သို့​ပြောင်းလဲ​သွားခဲ့ပြီ​နည်း။ ဦးစွာ အိမ်တိုင်ရာရောက် လူနာ​ကြည့်​ပေးခြင်း​ကို ဆန်းစစ်​ကြည့်​ကြ​စို့။

အိမ်တိုင်ရာရောက် လူနာ​ကြည့်​ပေးခြင်း​များ မည်သို့ ဖြစ်သွား​သနည်း

အိမ်များ​သို့ လူနာ​လာ​ကြည့်​ပေးခြင်း​သည် ဆေးပညာ​အရ လက်သင့်ခံ​နိုင်​သည့် အမူအကျင့်​အဖြစ် သတ်မှတ်​လေ့​ရှိပြီး နိုင်ငံ​တချို့​တွင် ယင်း​ဓလေ့​ရှိနေဆဲ​ပင်။ သို့သော် ကမ္ဘာ​တစ်ဝန်း​တွင် အဆိုပါ​ဓလေ့ ကျဆင်း​လာ​နေပြီ။ အိန္ဒိယ တိုင်းမ်​စ်​သတင်းစာ​က ဤသို့​ဆို​ခဲ့​၏– “မိသားစု​ဆရာဝန်​တစ်ဦး၏ လူနာ​နှင့်​ပြောဆို​ဆက်ဆံပုံ၊ ၎င်း​မိသားစု​နှင့်​တရင်းတနှီး​ရှိ​ပုံ​နှင့် လိုအပ်​လာ​တိုင်း လူနာ​လာ​ကြည့်​ရန် တလိုတလား​ရှိ​ပုံ​တို့သည် အထူးကု​များနှင့် ပါရဂူ​များ​ရှိသည့် ဤ​ခေတ်တွင် ထူးထူးခြားခြား ရှားပါး​လာ​နေပြီ​ဖြစ်သည်။”

ဆေးပညာ အကြီးအကျယ်​ထွန်းကား​လာ​မှု​ကြောင့် သမားတော်​များစွာ​သည် အထူးပြု​လေ့လာ​ထားမှု​များ​ရှိ​ထားပြီး အုပ်စု​တစ်စု​အနေ​နှင့် လုပ်ဆောင်ကြ​သည်၊ ယင်းကြောင့် လူနာများ​သည် ဖျားနာ​လာ​သည့်​အခါတိုင်း သီးခြား​ဆရာဝန်​တစ်ဦးထံ သွား​ပြ​ရ​ပေမည်။ သို့​နှင့် ဆရာဝန်​များစွာ​တို့​မှာ မိသားစု​များနှင့် ယခင်​က​ရှိလာ​ခဲ့​သည့် ရေရှည်​ဆက်ဆံ​ရေး​မျိုး မတည်​ဆောက်​နိုင်​တော့​ချေ။

ဓာတ်ခွဲခန်း​ဖြင့် စစ်ဆေးမှု​နှင့် ရောဂါ​ရှာဖွေရေး​ကိရိယာ​တို့ကို ဆရာဝန်​များ ပိုမို​အသုံးချ​လာ​သည့် လွန်ခဲ့သော​အနှစ်​တစ်​ရာ​မှ​စ၍ လူနာများ​အား အိမ်တိုင်ရာရောက် ကုသ​ပေး​မှု ရပ်တန့်​သွားလေသည်။ အိမ်တိုင်ရာရောက် လူနာ​ကြည့်​ပေးခြင်း​သည် သမားတော်​များ​၏​အချိန်ကို ဖြုန်းတီး​ရာ​ရောက်​သည်​ဟု နေရာ​ဒေသ​များစွာ​ရှိ ကျန်းမာ​ရေး​လုပ်ငန်း​ဌာန​များ​က ယူဆ​လာ​ကြ​၏။ ယနေ့ လူနာ​အများစု​သည် ဆရာဝန်​တစ်ဦး၏​ဆေးခန်း​သို့ သွားရောက်​ပြသ​နိုင်​ပေ​သည်။ ထို့​အပြင် ယခင်​က ဆရာဝန်​များ​လုပ်​ရမည့်​အလုပ်များ​ကို ယခု​အခါ အကူ​နှင့်​အရေးပေါ် ဆေး​ဘက်​ဆိုင်ရာ​ဝန်ဆောင်မှု​လုပ်ငန်းများ​က ဆောင်ရွက်​ပေး​နေကြ​သည်။

ပြောင်းလဲ​သွား​သည့် အခြေအနေ

ယနေ့ လောကတွင် သီးခြား​ရပ်တည်​နိုင်​သည့် ဆရာဝန် မရှိ​လောက်​တော့​ပေ။ ယခု​အခါ ဆေး​ဘက်​ဆိုင်ရာ​ဝန်ဆောင်မှု​များ​ကို ဆရာဝန်​များ​အား အလုပ်​ပေး​ထား​သည့် အစိုးရ​ဌာန​များ သို့​မဟုတ် ကျန်းမာ​ရေး​စောင့်ရှောက်မှု ကုမ္ပဏီ​များ​က အများအားဖြင့် စီမံ​ပေး​နေကြ၏။ သို့ရာတွင် ဆရာဝန်​များစွာ​တို့​က ဆရာဝန်​နှင့်​လူနာ​စပ်ကြား​ဆက်ဆံ​ရေး​တွင် ကြားလူ​ပါဝင်​လာ​ခြင်း​ကို မနှစ်မြို့​ကြ​ပေ။ ယင်း​သို့​သော ဌာန​များ​က အချိန်​နည်းနည်း​ဖြင့် လူနာများ​များ​ကြည့်​ကြ​ရန် ဆရာဝန်​များ​အား တောင်းဆို​လေ့​ရှိသည်။ “ခု​နစ်​မိနစ်​ကနေ ဆယ်မိနစ်​တိုင်း လူနာ​တစ်ယောက်ကို ကြည့်​ပေး​ရတယ်။ ဒါ့အပြင် အဲ့ဒီ​အချိန်​အများစုကို လူနာ​ရဲ့​သတင်း​အချက်အလက်​တွေ ကွန်ပျူတာ​ထဲ​ရိုက်သွင်း​ဖို့ အသုံးပြု​ရတယ်။ ဒီတော့ လူနာ​နဲ့ ပြောဆို​ဆက်သွယ်​ဖို့ အချိန်​ဘယ်​ရှိတော့မှာ​လဲ။ တော်​တော့်​ကို စိတ်ပျက်​စ​ရာ​ပဲ” ဟု ဗြိတိန်​နိုင်ငံ​မှ အထွေထွေ​ကု​ဆရာဝန် ဒေါက်တာ ရှီလာ ပါ​ကင်း​စ်​က​ဆို​သည်။

ပြောင်းလဲ​နေသည့် ဤ​လောက​ရှိ ဆရာဝန်​များ​၏​လုပ်ငန်း​သည် လူနာများ​၏​ဩဇာ​အောက် ရောက်​သည်ထက်​ရောက်လာ​ခဲ့ပြီ။ တစ်ချိန်က “ဆရာဝန်​၏​ညွှန်ကြားချက်​များ” ကို စောဒကတက်​၍​မရချေ။ သို့သော် ယနေ့ နိုင်ငံ​များစွာ​တို့​တွင် လူနာ​သည် ကုသမှု​နှင့်​စပ်လျဉ်း၍ အသိပညာ​ရှိ​ရှိ​သဘောတူညီ​မှု ပေး​နိုင်​ရန် ဆရာဝန်​များ​က ကုသမှု​ဆိုင်ရာ​ရွေးချယ်​နိုင်​သည့်​နည်းလမ်းများ​နှင့် ဖြစ်​နိုင်​ခြေ အကျိုး​ရလဒ်များ​နှင့်​ပတ်သက်ပြီး လူနာ​ကို အသိ​ပေးဖို့​တာဝန်​ရှိသည်။ ထို့​ကြောင့် ဆရာဝန်​နှင့်​လူနာ​စပ်ကြား​ဆက်ဆံ​ရေး ချိန်ခွင်လျှာ ဘက်​ပြန်သွား​လေ​သည်။ အချို့​၏​အမြင်​တွင် ဆရာဝန်​သည် နည်း​ပညာရှင်​ရုပ်​ပေါက်​သွား​လေ​ပြီ။

လျင်မြန်​စွာ ပြောင်းလဲ​နေသည့် ကျွန်ုပ်​တို့၏​လူ့​ဘောင်​အဖွဲ့အစည်း​တွင် ဆရာဝန်​အများစုမှာ အမျိုးသမီးများ​ဖြစ်​ကြသည်။ အမျိုးသမီး​ဆရာဝန်​များ​ကို ပို​၍​လူကြိုက်များ​လာ​ကြ​ခြင်း​မှာ ၎င်းတို့သည် သာ၍​နားထောင်ပေး​တတ်သော​ကြောင့်​ဖြစ်သည်၊ ဤ​လုပ်ငန်း​အပေါ် ၎င်း​တို့ ဩဇာ​ညောင်း​ခြင်း​က ယင်း​လုပ်ငန်း​ကို သာ၍​အကြင်နာတရား​ရှိ​ပုံ​ပေါက်​စေ​သည်။

လူနာ​၏​ခံစားချက်​များနှင့် ကြုံတွေ့​ရသည့် ဖိစီးမှုကို နားလည်​ပေး​တတ်​သည့် ဆရာဝန်​တစ်ဦး​ကို လူအများစုက တန်ဖိုး​ထား​၏။ သို့သော် အကျိုးသင့်အကြောင်းသင့်​ရှိ​ရှိ​မေး​ရန်​မှာ ဆရာဝန်​၏​ခံစားချက်​များနှင့် ၎င်း​ကြုံတွေ့​နေရ​သည့် ဖိစီးမှုကို နားလည်​ပေး​တတ်​သည့် လူနာ မည်မျှ​ရှိ​သနည်း။ ယင်း​သို့​မေးခွန်းထုတ်​ခြင်း​ဖြင့် ဆရာဝန်​နှင့်​လူနာ​စပ်ကြား​ဆက်ဆံ​ရေး တိုးတက်​နိုင်​မည်​မှာ သေချာ​ပါ​သည်။ ယင်းကို နောက်​ဆောင်းပါး​က ကူညီ​ပေး​ပါ​မည်။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

မိုင်​မွန်​နီး​ဒီးစ်

[Credit Line]

Brown Brothers

[စာမျက်နှာ ၄ ပါ ရုပ်ပုံများ]

ယခင်​က ဆရာဝန်​များသည် အိမ်တိုင်ရာရောက် လူနာ​လာ​ကြည့်​ပေး​တတ်ကြ