မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖိစီးမှုဒဏ်ခံ ဆရာဝန်များ

ဖိစီးမှုဒဏ်ခံ ဆရာဝန်များ

ဖိစီးမှု​ဒဏ်​ခံ ဆရာဝန်​များ

“ငယ်ရွယ်​တဲ့ စုံတွဲ​တစ်တွဲ​ဟာ သူတို့ရဲ့ မွေးကင်းစ​လေး​အတွက် တစ်ခုခု​လုပ်ပေး​နိုင်​မယ်​ဆို​တဲ့ မျှော်လင့်ချက်​အပြည့်​နဲ့ ကျွန်တော့်​ဆီ ရောက်​လာတယ်။ ကလေး​ကို စစ်ဆေး​ကြည့်​လိုက်တဲ့အခါ ကျွန်တော် အရမ်း​စိတ်မကောင်း​ဖြစ်​သွားတယ်။ ကလေး​ရဲ့​အခြေအနေ​က ကု​မရတော့ဘူး။ သူတို့ရဲ့ သားလေး​ဟာ ဘယ်တော့မှ မျက်စိ မြင်​ရမှာ​မဟုတ်ဘူးလို့ အဲ့ဒီ ပူပူနွေးနွေး​မိဘ​နှစ်ပါး​ကို ပြောပြ​ချိန်မှာ ကျွန်တော့်​ရဲ့​ခံစားချက်​တွေ​ကို တွေးကြည့်​နိုင်​မလား။ ကျွန်တော့်​ဆေးခန်း​ကနေ သူတို့လည်း​ထွက်သွား​ရော ကျွန်တော် စိတ်ထိခိုက်​ပြီး​ကျန်​ခဲ့တယ်။ ဒါပေမဲ့ ခဏ​ကြာ​တော့ နောက်​လူနာ​တစ်ယောက်​လာ​ပြ​တဲ့​အခါ ကျွန်တော့်​ရဲ့ လှိုက်လှဲ​တဲ့​အပြုံး​ကို သူ​မျှော်လင့်​နေ​လေ​ရဲ့! အဲဒါက​မှ တကယ့်​ဖိစီးမှု​ပဲ။”—တောင်​အမေရိက​နိုင်ငံ​မှ မျက်စိ​ခွဲစိတ်​ဆရာဝန်​တစ်ဦး။

လူနာများ​သည် မိမိတို့​ဆရာဝန်​၏ အခက်အခဲ​များ​ကို ဆင်ခြင်​သုံးသပ်​ဖို့ လူနာ​စမ်းသပ်​ခန်း​များ​သို့ သွားလည်​လေ့​မရှိကြ​ချေ။ လူနာ​တစ်ဦး၏​စိတ်ထဲ​တွင် သူကိုယ်တိုင်​လိုအပ်​သည့် အကူအညီ​နှင့် ပြည့်နေ​သည်။ ထို့​ကြောင့် ဖိစီးမှု​ဒဏ်​ကို ဆရာဝန်​များ မည်မျှ​ခံ​နေရ​ကြောင်း သိ​သူ​မရှိသလောက်​ပင်။

လူတိုင်း ဖိစီးမှုကို ကိုင်တွယ်​ဖြေရှင်း​ရမည်​မှာ မှန်ပါသည်၊ ဖိစီးမှုများ​သော​အလုပ်​သည် ဆေးပညာ​ဖြင့်​အသက်မွေး​မှု​တစ်ခု​တည်း မဟုတ်ပါ။ သို့သော် လူတိုင်း​နီးပါး​က ဆရာဝန်​နှင့်​လူနာ​စပ်ကြား​ဆက်ဆံ​ရေး​တွင် တစ်နည်း​မဟုတ်​တစ်နည်း ပါဝင်​ပတ်သက်​နေကြ​ရာ ဆရာဝန်​များ ကြုံတွေ့​နေရ​သည့် ဖိစီးမှု​နှင့် သူတို့​အပေါ် သက်ရောက်​နိုင်​သည့် အကျိုးဆက်များ​ကို နားလည်​ပေးခြင်း​က အကျိုးနပ်​ပေ​သည်။

ဆရာဝန်​များသည် ဆေး​ကျောင်း​ဝင်နိုင်ဖို့ ကြိုးစား​ရုန်းကန်​ကြ​သည့် ဘဝ​အစောပိုင်း​တွင် ဖိစီးမှုကို စ၍​ခါးစည်း​ခံ​တတ်လာ​သည်။ သို့သော် ဆေးပညာ​သင်တန်း အစပြု​သောအခါ စိတ်​လှုပ်ရှားမှုများ​ဖြင့် မေ့​မရနိုင်​သော တုန်လှုပ်​ချောက်ချား​မှု​တစ်ခု ဖြစ်လေ့​ရှိ၏။ ယင်းသည် ဆေး​ကျောင်းသား​၏ ခံစားချက်​များ၊ သူ၏​တကယ့်​ပင်ကိုစရိုက်​ကို ပြောင်းလဲ​စေနိုင်​သည့် ဖြစ်​စဉ်​၏​အစ​ဖြစ်သည်။

ဆေးပညာ​သင်တန်း—တုန်လှုပ်​ဖွယ်​အတွေ့အကြုံ

ခွဲစိတ်​လေ့လာ​ခန်း​ထဲ​သို့ ဦးဆုံး​အကြိမ် ထိတ်​ထိတ်လန့်​လန့်​ဖြင့် ရောက်ရှိ​သွားခြင်း​သည် ဆေးပညာ​လေ့လာမှု​၏ ဦးဆုံး​ရက်သတ္တပတ်​လောက်​ကတည်းက ဖြစ်​နိုင်​သည်။ ကျောင်းသား​များစွာ​တို့သည် လူသေ​အလောင်းကို ယခင်​က မ​တွေ့​ဘူး​ခဲ့​ဘဲ​ဖြစ်​နိုင်​သည်။ ခန္ဓာဗေဒ​ကို အဆင့်ဆင့် ဖြတ်တောက်​ပြသထား​သည့် ကိုယ်လုံးတီး၊ ရှုံ့တွ​နေသော​အလောင်း​များ​၏ မြင်ကွင်းက အတော်ပင် စက်ဆုပ်​စ​ရာ​ကောင်း​နိုင်​သည်။ ကျောင်းသား​များသည် မိမိတို့၏ စိတ်​လှုပ်ရှားမှုများ​ကို ကိုင်တွယ်​ဖြေရှင်း​တတ်​ဖို့ နည်း​ဗျူဟာ​များ သင်ယူ​ကြ​ရမည်။ မတတ်သာ​သည့်​အဆုံး ရ​ယ်​ရွှင်​ဖွယ်​ဖြစ်စေ​ရန် လူသေ​အလောင်း​တစ်​လောင်း​စီ​ကို နာမည်​ပြောင်​ပေး​ကြ​လေ​သည်။ အပြင်လူ​တစ်ဦး​အတွက်​မူ ယင်း​အပြု​အမူ​သည် စာနာစိတ်​ကင်းမဲ့​၍ မရိုမသေ​ပြု​ရာ​ကျ​ပုံ​ပေါက်​သော်လည်း အဆိုပါ​လူသေ​အလောင်း​အကြောင်း မစဉ်း​စားဖို့ ကြိုးစား​နေကြ​သည့် ကျောင်းသား​များ​အတွက်​မူ ယင်း​အပြု​အမူ လိုအပ်​ပေ​သည်။

သည့်​နောက် ဆေးရုံ​တစ်ရုံ​တွင် လက်တွေ့​ကွင်း​ဆင်း​ဖို့ အချိန်​ရောက်လာ​တော့​သည်။ လူအများစု​သည် လူလတ်ပိုင်း​အရွယ်​မရောက်မချင်း အသက်တာ​၏ အချိန်တို​တောင်း​မှု​ကို အလေးအနက် မစဉ်း​စား​ကြ​ချေ။ သို့သော် ဆေး​ကျောင်းသား​များ​မှာ​မူ ကုသ​၍​မရ​သော​ရောဂါ​များနှင့် သေဆုံးမှု​တို့ကို ငယ်ရွယ်စဉ်​က​ပင် ရင်ဆိုင်​လာ​ကြ​ရ၏။ ကျောင်းသား​တစ်ဦး​က မိမိ၏ ဦးဆုံး​ဆေးရုံ​အတွေ့အကြုံကို “အော်​ဂ​လီ​ဆန်​သည်​အထိ ဖြစ်​ခဲ့​ရသည်” ဟု ဖော်ပြ​ခဲ့​လေ​သည်။ ထို့​အပြင် လူနာများ​သည် ငွေကြေး​မလုံလောက်​သည့်​အတွက် လိုအပ်​သည့်​ကုသမှု​ကို အကြိမ်ကြိမ် မရရှိ​ခဲ့​ကြ​ပုံ​ကို ချမ်းသာ​သည့်​နိုင်ငံ​များနှင့် ဆင်းရဲ​သည့်​နိုင်ငံ​များ​ရှိ ဆေး​ကျောင်းသား​များ ဦးဆုံး​အကြိမ် သဘောပေါက်​နားလည်​လာ​ကြသောအခါ သူတို့​အတွက် ယင်းသည်​လည်း အတော်​တုန်လှုပ်​စ​ရာ​ဖြစ်​နိုင်​ပါ​သည်။

အရည်အချင်း​ပြည့်မီ​ခါ​စ ဆရာဝန်​များသည် အဆိုပါ​ဖိစီးမှုကို မည်သို့​ကိုင်တွယ်​ဖြေရှင်း​ကြ​သနည်း။ ဆေး​ဝန်ထမ်း​တစ်ဦး​သည် လူနာများ​ကို စိတ်ပိုင်း​အရ ရင်းနှီး​ဖော်ရွေမှု​မပြ ခပ်​ခွာ​ခွာ​နေ​ရလေ့​ရှိသည်။ ဝန်ထမ်း​က ကုသ​ပေးဖို့​လိုအပ်သူ​ဟု ရည်ညွှန်း​မည့်​အစား “ဒေါက်တာ၊ အခန်း​နှစ်မှာ ကျိုး​နေတဲ့ ခြေထောက်​ရှိတယ်” ဟု ဆို​ပေမည်။ ထိုသို့​ပြော​ရခြင်း​၏ အကြောင်းရင်းကို သင်​နားမလည်​ပါ​က ရ​ယ်​စ​ရာ​ဖြစ်သွား​ပေမည်။

နွမ်းလျ​စေသော ထောက်ထား​စာနာမှု

ဆရာဝန်​များသည် သိပ္ပံ​ပညာရှင်​များ​အဖြစ် လေ့ကျင့်​ခံရ​သည်၊ သို့သော် များစွာ​သော​ဆရာဝန်​များ​အတွက် ၎င်း​တို့​အလုပ်​၏ အများစု​အပိုင်း​တွင် လူနာများ​နှင့်​ပြောဆို​ဆွေးနွေးခြင်း ပါဝင်​လေ​သည်။ ဆရာဝန်​တချို့က​မူ ဆရာဝန်​နှင့်​လူနာ​စပ်ကြား​ဆက်ဆံ​ရေး​ကြောင့် ဖြစ်ပေါ်​လာ​သည့်​စိတ်​လှုပ်ရှားမှု​အတွက် အသင့်ပြင်​ဆင်​ထားခြင်း​မရှိ​ဟု ခံစား​ကြ​ရ၏။ နိဒါန်း​တွင် ဖော်ပြ​ထား​သည့်​အတိုင်း ဆရာဝန်​တစ်ဦး​အတွက် အခက်ခဲဆုံး​အခြေအနေ​တစ်ခု​မှာ သတင်းဆိုး​ပြောပြ​ရခြင်း​ဖြစ်​ပေ​သည်။ တချို့​မှာ နေ့စဉ်​နှင့်​အမျှ ပြောဆို​နေရ​၏။ အကျပ်အတည်း​ကြုံနေ​ရသူ​တို့သည် မိမိတို့၏​မချိတင်ကဲ​ဖြစ်မှု​ကို ဖော်ပြ​ဖို့​လို​ပြီး သမားတော်​များ​က​လည်း နားထောင်ပေး​ရ​ပေမည်။ စိုးရိမ်​ပူပန်​၍ ကြောက်လန့်​နေသူတို့​နှင့် ပြောဆို​ဆက်ဆံ​ရခြင်း​က အလွန်​ပင်ပန်း​နိုင်​စေ​လေ​ရာ တချို့​ဆရာဝန်​များသည် နွမ်းလျ​စေသော ထောက်ထား​စာနာမှု​ဟု ယခု​ခေါ်ဆို​သည့် ကိုယ်​အား​စိတ်အား ချုံးချုံးကျ​ခြင်း​ပုံစံ​မျိုးကို ခံစား​နေကြ​ရသည်။

ကနေဒါ​နိုင်ငံ​ရှိ မိသားစု​ဆရာဝန်​တစ်ဦး​က သူ၏​အစောပိုင်း​နှစ်များ​အကြောင်းကို ဤသို့​စာရေး​ပြောပြ​ခဲ့​သည်– “ကျွန်တော့်​ကို အလုပ်​က လွှမ်းမိုး​ထား​သည်– အကူအညီ​လို​နေသူတို့​သည် ကျွန်တော်​၏​အချိန်ကို ရယူ​ချင်​ကြ​၏; ရတက်မအေး​ဖြစ်နေ​သူတို့သည် ၎င်းတို့၏​ပူ​ပင်​သောက​ကို ပုံအပ်​ထားချင်​ကြသည်; ဖျားနာ​နေသူတို့​သည် ကျွန်တော်​၏ အရေးတယူ​ဆောင်ရွက်​ပေး​မှု​ကို လိုအပ်​နေကြ​သည်; ခြယ်လှယ်​တတ်​သူတို့သည် တွန်းအား​ပေး​၍ တောင်းဆို​ကြ​၏; လူတို့သည် ကျွန်တော့်​ထံ​လာ​ပြသ​ကြ​၏; သူတို့​ထံ​သွားဖို့​လည်း ကျွန်တော့်​ကို အတင်းအကျပ်​တိုက်တွန်း​နေကြ၏; ကျွန်တော့်​အိမ်၊ ကျွန်တော့်​အိပ်ခန်း​ထဲ​ထိ​ပင် လူ​တို့​ဖုန်း​ဆက်​ကြသည်။ လူတွေ၊ လူတွေနဲ့​ချည်း ထပ်​နေပါတော့​သည်။ ကျွန်တော် အကူအညီ​ပေး​ချင်​သော်လည်း အခြေအနေ​က လွန်​လွန်း​အားကြီး​နေ​၏။”—ဆရာဝန်​တစ်ဦး၏ အကျပ်ရိုက်​နေ​မှု၊ ဂျော်န် ဒဗလျူ. ဟော်​လ​န် ရေးသား​သည်။

နှစ်များ​ကုန်လွန်​သွား​သည်​နှင့်​အမျှ ဖိစီးမှု​က လျော့ပါး​သွား​မည်​လော။ အသက်ကြီး​၍ ဝါရင့်​လာ​ခြင်း​သည် အများအားဖြင့် တာဝန်​ပို​လာလေ့​ရှိ၏။ သေရေးရှင်ရေး ဆုံးဖြတ်ချက်​များ​ကို ကျေနပ်ဖွယ်​မရှိသည့် အချက်အလက်​ကို​အခြေခံ​၍ မပြတ်​ချ​နေ​ရလေ့​ရှိသည်။ “ကျွန်တော်​ငယ်ငယ်​တုန်း​က အဲဒီ​အတွက် စိတ်​မ​ပူ​ခဲ့​ပါ​ဘူး၊ အန္တရာယ်​ဖြစ်​လောက်​အောင် ကားမောင်း​ကြမ်း​တာ​ကို လူငယ်တွေ စိတ်​မ​ပူ​သလို​မျိုး​ပေါ့။ ဒါပေမဲ့ အသက်အရွယ်​လည်း​ရလာ​ရော အသက်ကို ပို​တန်ဖိုး​ထား​လာတယ်။ အခု၊ ကုသ​ဖို့​ဆုံးဖြတ်ချက်​တွေ​က ကျွန်တော့်​ကို ခါတိုင်းထက်​ပို​ပြီး စိုးရိမ်​ပူပန်မှု​တွေ ဖြစ်နေ​စေတယ်” ဟု ဗြိတိသျှ ဆရာဝန်​တစ်ဦး​က ရှင်းပြသည်။

စိတ်ဖိစီးမှု​သည် ဆရာဝန်​များ​အား မည်သို့​ထိခိုက်​လျက်​ရှိ​သနည်း။ လူနာများ​နှင့် စိတ်ပိုင်း​အရ ခပ်​ခွာ​ခွာ​နေသည့်​အကျင့်​က မိသားစု​ဆက်ဆံ​ရေး​အထိ အကျိုး​သက်ရောက်​နိုင်​ပေ​သည်။ ထို​သဘောထားကို ရှောင်ကြဉ်​ခြင်း​က စိန်ခေါ်ချက်​ဖြစ်စေ​နိုင်​ပါ​သည်။ ဆရာဝန်​တချို့​သည် လူနာများ​၏ ခံစားချက်​များ​ကို ထူးထူးခြားခြား ထောက်ထား​စာနာ​ပေး​တတ်ကြ​သည်။ သို့သော် နွမ်းလျ​စေသော ထောက်ထား​စာနာမှု မဖြစ်ရ​လေ​အောင် သူတို့သည် အဘယ်မျှ​အတိုင်းအတာ​အထိ ယင်းကို လုပ်ဆောင်​နိုင်​ကြ​မည်​နည်း။ ယင်းသည် ဆရာဝန်​၏ အကျပ်ရိုက်​မှု​ပင်​ဖြစ်​လေ​သည်။

ဆက်ဆံ​ရ​ခက်​သည့် လူနာများ​ကို ကိုင်တွယ်​ဖြေရှင်းခြင်း

ဆရာဝန်​နှင့်​လူနာ​စပ်ကြား​ဆက်ဆံ​ရသည့် ဖိစီးမှု​နှင့်​ပတ်သက်​၍ မေးမြန်း​ကြည့်​သောအခါ ဆရာဝန်​များသည် ဆက်ဆံ​ရ​ခက်​သည့်​လူနာများ​အကြောင်း အစချီ​၍ ဖော်ပြ​တတ်ကြ​သည်။ အောက်ပါ​ပုံစံ​တချို့​ကို သင်​သိရှိ​ကောင်း​သိရှိ​ပေမည်။

ဦးဆုံး​အနေ​နှင့်၊ လိုရင်းချက်​သို့​မ​ရောက်​ဘဲ တောင်​စဉ်​ရေ​မရ လျှောက်​ပြော​ပြီး မိမိ၏​ရောဂါ​အကြောင်းကို ရှင်းပြ​ခြင်း​ဖြင့် ဆရာဝန်​၏​အချိန်ကို ဖြုန်း​တတ်​သည့် လူနာ​မျိုး​ဖြစ်သည်။ နောက်​တစ်မျိုး​မှာ ဆရာဝန်​ကို အရေးပေါ်​မဟုတ်သည့် ကိစ္စ​များ​အတွက် ည​အချိန်တွင် သို့​မဟုတ် ရက်သတ္တပတ်​အဆုံး​ရက်​များ​တွင် ခေါ်​တတ်သော၊ ဆရာဝန်​မထောက်ခံ​သည့် ကုသမှု​ကို တောင်းဆို​တတ်သော လူနာ​မျိုး​ဖြစ်သည်။ သည့်​အပြင် အယုံအကြည်မဲ့​တတ်​သည့် လူနာ​မျိုး​လည်း​ရှိ​လေ​သည်။ လူတချို့​သည် မိမိတို့၏​အခြေအနေ​နှင့်​ပတ်သက်​၍ အသုံးဝင်​သည့် သတင်း​အချက်အလက်​များ​ကို အင်တာနက်​တွင် ရှာဖွေ​တတ်ကြ​ရာ ယင်းက အထောက်အကူ​ပြု​နိုင်​ပါ​သည်။ သို့သော် ယင်း​သို့​သော ရှာဖွေမှု​က ၎င်း​တို့​လာရောက်​တိုင်ပင်​ကြ​သည့် ဆေး​ဘက်​ပညာရှင်​အပေါ် အယုံအကြည်မဲ့​စေနိုင်​သည်။ ဆရာဝန်​၌​လည်း ၎င်းတို့၏​ရှာဖွေမှု​နှင့်​ပတ်သက်​သည့် အားသာချက်​များနှင့် အားနည်းချက်များ​ကို အချေအတင်​ဆွေးနွေး​ဖို့ အချိန်​ရှိ​မည်​မဟုတ်ပေ။ အယုံအကြည်မဲ့​မှု​ကြောင့် မိမိ၏​လူနာ​သည် မိမိ၏​ညွှန်ကြားချက်​များ​ကို လိုက်နာ​လို​စိတ်​မရှိသည့်​အခါ ဆရာဝန်​တစ်ဦး​အတွက် စိတ်​အနှောင့်အယှက်​ဖြစ်စရာ​ပင်။ နောက်ဆုံး​တစ်မျိုး​မှာ စိတ်မရှည်​တတ်​သည့် လူနာ​မျိုး​ဖြစ်​လေ​သည်။ အာနိသင်​ပြ​မည့် အချိန်​မတိုင်မီ ကုသမှု​ကို လက်လွှတ်​လိုက်ပြီး အခြား​တစ်​နေရာ​ရာ​မှ အကြံဉာဏ်​ရယူ​ပေမည်။

သို့သော် ကမ္ဘာ့​ဒေသ​တချို့​တွင် ဆရာဝန်​များ စိတ်ဖိစီး​ရသည့် အဓိက​အကြောင်းရင်း​မှာ လူနာ​ကြောင့်​မဟုတ်ဘဲ ရှေ့နေ​ကြောင့်​ဖြစ်​လေ​သည်။

ဆေးပညာ​ကာကွယ်​ရေး

နိုင်ငံ​များစွာ​တို့​တွင် မ​သ​မာ​သည့်​နည်းဖြင့် ဆရာဝန်​များ​အား တရားစွဲ​ဆို​သည့်​အမှု အရေအတွက်​တိုးများ​လာ​ကြောင်း ဖော်ပြ​၏။ ရှေ့နေ​တချို့​သည် ငွေကြေး​ရဖို့​အတွက် မဖြစ်​စ​လောက်​ကိစ္စ​လေး​ဖြင့် တရားစွဲ​ဆို​နေကြ​သည်။ “ယင်း​သို့​သော မ​သ​မာ​တရားစွဲ​ဆို​မှုများ​က ဆေး​ဘက်​ဆိုင်ရာ​တာဝန်​မကင်း ပ​ရီ​မီယံ​အာမခံကြေး​ကို တစ်ဟုန်ထိုး​မြင့်တက်​လာ​စေ​သည်” ဟု အမေရိကန် ဆေး​အဖွဲ့ ဥက္ကဋ္ဌ​က ရှင်းပြ​ခဲ့​သည်။ “ဤ​တရားမမှု​များသည် အခြား​ပူပန်မှု​ဝေဒနာ​များ​ကို​ပါ ဖြစ်စေ​သည်။ မှားယွင်းစွာ တရားစွဲ​ဆို​ခြင်း​သည် ဆရာဝန်​တစ်ဦး​အတွက် အကြီးအကျယ် ထိခိုက်​နစ်နာမှု—ကသိကအောက်​ဖြစ်​ရ​မှု၊ အချိန်ကုန်​မှု၊ . . . စိတ်ဖိစီးမှု​နှင့် စိုးရိမ်​ပူပန်မှု—ဖြစ်စေ​နိုင်​ပါ​သည်။” ဆရာဝန်​တချို့​သည် ကိုယ့်​ကိုယ်ကို​ပင် သတ်​သေသွား​ခဲ့​ကြပြီ။

ထို့​ကြောင့် ဆရာဝန်​များစွာ​တို့သည် “ဆေးပညာ​ကာကွယ်​ရေး” ကို ကျင့်သုံး​ဖို့ တာဝန်​ရှိသည်​ဟု ခံစား​ကြ​ရပြီး လူနာ​အတွက် အကောင်းဆုံး​ဖြစ်သည့်​အရာ​ပေါ် အခြေပြု​မည့်​အစား တရားရုံး​တွင် သူတို့ကိုယ်သူတို့​ကာကွယ်​ဖို့ လိုအပ်​နိုင်​ဖွယ်​ရှိရာ​အပေါ် အခြေပြု​၍ ဆုံးဖြတ်ချက်​များ ချ​ကြ​လေ​သည်။ “ယခု​အချိန်တွင် နောက်ကြောင်း​ရှင်း​ရန် အခြေအနေ​ပေါ်​မူတည်၍ ဆေး​ကုသ​ပေးခြင်း​သည် ထုံးစံ​ဖြစ်လာ​ပြီ” ဟု ဖီ​ဇ​စ်​ရှင် န​ယူးစ် ဒို​င်​ဂျက်​စ် သတင်းစာ​က​ဆို​သည်။

ဆရာဝန်​များ​အပေါ် တိုး၍​ဖိအားပေး​လာ​သည်​နှင့်​အမျှ ၎င်း​တို့​အများစုက အနာဂတ်​မည်သို့​ဖြစ်လာ​မည်​ကို သိ​လို​ကြသည်။ ဆေး​သိပ္ပံ​တွင် တိုးတက်မှု​များ​ရှိ​လင့်​ကစား ရောဂါ​တချို့​ကို တိုး၍​ခံစားရ​ကြောင်း တွေ့​သိလာ​သည်​နှင့်​အမျှ လူနာများ​စွာ​တို့​က​လည်း ထပ်တူ​မေးခွန်း​မေး​လာ​ကြ​လေ​သည်။ နောက်​ဆောင်းပါး​က ဆရာဝန်​များနှင့် လူနာများ​၏ အနာဂတ်​ကို အရှိ​ကို​အရှိ​တိုင်း​ရှုမြင်​စေပါ​သည်။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သင်၏​ဆရာဝန်​နှင့် ပူးပေါင်း​ဆောင်ရွက်ခြင်း

၁။ သင့်​ဆရာဝန်​အား သင်၏​ဦးစားပေး​ပြဿနာ​ကို တိုတိုတုတ်တုတ်​နှင့် ပြည့်ပြည့်စုံစုံ မည်သို့​ရှင်းပြ​မည်​ကို အသင့်ပြင်​ထားခြင်း​ဖြင့် သင်၏​အချိန်ကို ပညာရှိရှိ အသုံးပြုပါ

၂ အရေးပေါ်​မဟုတ်သည့်​ကိစ္စ​များ​အတွက် ရုံး​ချိန်​ပြင်ပ​တွင် ဆရာဝန်​ခေါ်​ပင့်​ခြင်း​ကို ရှောင်ကြဉ်ပါ

၃။ စိတ်ရှည်ပါ။ လျောက်ပတ်​သည့် ရောဂါ​ရှာဖွေ မှု​နှင့် ကုသမှု​သည် အချိန်​ယူရ​၏

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

‘သာမန်​လူနာများ​ပင် အားရ​ကျေနပ်​စေနိုင်’

“ဒီမှာ ဆေး​ကုသ​ပုံ​နဲ့ ပို​ပြီး​ဖွံ့ ဖြိုး​တိုးတက်​တဲ့ ဒေသ​တွေ​မှာ ဆေး​ကုသ​ပုံ​တွေ​က အရမ်း​ကို​ကွာ​တယ်။ ဒီမှာ​ဆိုရင်၊ သက်​မွေး​ဝမ်း​ကျောင်း​ပညာ​လိုက်စားခြင်း​ကို ဆင်းရဲ​တွင်း​က​လွတ်မြောက်​စေ​တဲ့​နည်းလမ်း​လို့ ရှုမြင်​ထား​ကြ​တဲ့​အတွက် ဆေးပညာ​လေ့လာ​လိုက်စားခြင်း​က ရေပန်းစား​နေတယ်။ ဒါပေမဲ့ ဆရာဝန်​တွေ​က​များနေ​ပြီး အလုပ်​က နည်း​နေတယ်။ ဒါ​ကြောင့် ဆရာဝန်​တွေ​ဟာ ဝင်ငွေ မဆိုစလောက်​လေး​ပဲ​ရ​ကြတယ်။ ဆရာဝန်​နဲ့​သီးသန့်​တွေ့ ပြီး လူနာ​ကြည့်​ခ​ပေး​နိုင်​တဲ့​သူက အရမ်း​နည်းတယ်။ အခြေခံ​အ​ကျဆုံး ကိရိယာ​လောက်​ပဲ​ရှိပြီး မိုး​ယို​တဲ့ ခေတ်​ဟောင်း​ဆေးရုံ​အို​ကြီး​တစ်ခု​မှာ ကျွန်တော်​အလုပ်,လုပ်တယ်။ ကျွန်တော်​တို့​ရဲ့ ဆေးရုံ​အမှုထမ်းတွေ​က ဆရာဝန်​နှစ်ယောက်​နဲ့ အကူ​သူနာပြု ငါး​ယောက်​ပဲ။ ကျွန်တော်​တို့​ဟာ လူနာ ၁၄,၀၀၀ ကို ကြည့်ရှု​ပေး​ကြရတယ်။

“တစ်ခါ​တ​လေ ကျေနပ်ဖွယ်​ကောင်း​လောက်​အောင် မ​စစ်ဆေး​ပေး​ဘူးလို့ လူနာ​တွေ​က ထင်​တတ်ကြ​ပေမဲ့ လူနာ ၂၅ ယောက်​က​စောင့်နေ​တော့ ကြာကြာ​ဆွေးနွေး​တိုင်ပင်​ဖို့ အချိန်​မပေး​နိုင်ဘူး။ ဒါပေမဲ့ သာမန်​လူနာ​တွေ​ဖြစ်သည့်​တိုင် သူတို့နဲ့​ပြောဆို​ဆက်ဆံ​ရတာကို ကျွန်တော်​အားရ​ကျေနပ်​မိ​ပါ​တယ်။ ဥပမာ၊ မိခင်​တွေ​ဟာ အာဟာရချို့​တဲ့၊ ပိန်လှီ​ခြောက်ကပ်​နေပြီး ဝမ်း​လျှော​နေတဲ့ သူတို့ရဲ့​ကလေး​တွေ​ကို ခေါ်လာ​ပြ​တတ်ကြ​တယ်။ ကလေး​တွေ​ဟာ မျက်တွင်း​တွေ​က ဟောက်​ပက်၊ စိုးရိမ်​စ​ဖွယ် မျက်နှာ​ပေး​လေး​တွေ​နဲ့။ ဒါနဲ့ ဓာတ်​ဆား​ရည် ဘယ်လို​ဖျော်​တိုက်​ရမယ်၊ ကပ်​ပါး​သတ်​ဆေး​နဲ့ ပဋိဇီဝဆေး​ဝါး​တွေ​ကို ဘယ်လို​အသုံးပြု​ရမယ်ဆိုတာ မိခင်​ကို​ပြောပြ​ရတယ်။ အဲဒါတွေ​က ထိရောက်​တော့ ကလေး​က ပြန်​ပြီး အစာစား​လာ​ပါ​တယ်။ တစ်ပတ်​လောက်​လည်း​ကြာ​ရော ကလေး​ဟာ မျက်လုံး​တောက်​တောက်၊ ပြုံးပြုံးရွှင်ရွှင်​နဲ့ ပြေးလွှား​ဆော့​ကစား​နေ​လိုက်တာ။ အဲလို​အတွေ့အကြုံ​တွေ​ကို ခံစားချင်​တဲ့​အတွက် ဆရာဝန်​လုပ်ချင် စေ​တာ​ပါ။

“ငယ်ငယ်​တုန်း​က ဖျားနာ​တဲ့​သူတွေကို ဆေးကု​ပေးတယ်​လို့ အိပ်မက်,မက်​ဖူး​တယ်။ ဒါပေမဲ့ ဆေးပညာ​သင်တန်း​က ကျွန်တော်​မျှော်လင့်​မထားတဲ့​နည်းနဲ့ ကျွန်တော့်​ကို ပြောင်းလဲ​ပစ်လိုက်​တယ်။ အသက်ကယ်​ကုသမှု​အတွက် သူတို့​လိုအပ်​တဲ့​ဆေး​ဖိုး​ဝါး​ခ နည်းနည်းမှ​မရှိတဲ့​အတွက် လူတွေ​သေကြ​ရတာကို ကျွန်တော်​တွေ့​လိုက်ရတယ်၊ စိတ်​မထိခိုက်​ရလေ​အောင် ကျွန်တော့်​ကိုယ်​ကျွန်တော် စာနာစိတ်​ကင်း​တဲ့​သူ​လုပ်လိုက်​ရတယ်။ ဝေဒနာ​ခံစား​ရတဲ့​အကြောင်းရင်းကို ကျမ်းစာ​ထဲမှာ ဖော်ပြ​ထား​တာ တွေ့​လိုက်ရ​တဲ့​အခါ​ကျ​မှ ဘုရားသခင်ရဲ့ ထောက်ထား​စာနာမှု​ကို သဘောပေါက်​သွားပြီး သူ​တစ်ဖက်သားကို ပြန်​ခံစား​ပေး​နိုင်​ခဲ့​ပါ​တယ်။ အဲဒီနောက် ကျွန်တော် ပြန်​မျက်ရည်ကျ​နိုင်​ခဲ့တယ်။”

[ရုပ်ပုံများ]

ဒေါက်တာ မာ​ကို ဘီယာ​ဂတ်​စ်​သည် ဘိုလီးဗီးယား​နိုင်ငံ​ရှိ အာမဇိုးနီးယန်း မြို့​ခေါင်​ခေါင်​တွင် အလုပ်,လုပ်