မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရောဂါပိုးများ မည်သူ့ကိုမျှ အန္တရာယ်မပြုတော့ချိန်ဝယ်

ရောဂါပိုးများ မည်သူ့ကိုမျှ အန္တရာယ်မပြုတော့ချိန်ဝယ်

ရောဂါပိုးများ မည်သူ့ကိုမျှ အန္တရာယ်မပြုတော့ချိန်ဝယ်

ပိုးမွှားများသည် အသက်ရှင်ရေးအတွက် မရှိမဖြစ်ချေ။ ကမ္ဘာ့မြေဆီလွှာနှင့် ကျွန်ုပ်တို့ကိုယ်ခန္ဓာ၏ အစိတ်အပိုင်းအတော်များများကို ၎င်းတို့က နေရာယူထားသည်။ စာမျက်နှာ ၇ ရှိ “ရောဂါပိုးမွှားအမျိုးမျိုး” ဟူသောလေးထောင့်ကွက်က ဖော်ပြသည့်အတိုင်း “ကျွန်ုပ်တို့၏ကိုယ်ခန္ဓာတွင် ဗက်တီးရီးယားပိုး ကုဋေကုဋာချီ၍ရှိ၏။” အမှန်မှာ ၎င်းတို့အများစုသည် အလွန်အကျိုးပြုပြီး ကျန်းမာရေးအတွက် မရှိလျှင်မဖြစ်ချေ။ ပိုးမွှားအနည်းငယ်ကသာ ရောဂါဖြစ်စေသော်လည်း ပိုးမွှားများသည် မည်သူ့ကိုမျှ အန္တရာယ်မပြုတော့မည့်အချိန် ရောက်လာမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ပါသည်။

ပိုးမွှားများ၏ ဥပဒ်ဖြစ်စေသောဆိုးကျိုးမှန်သမျှ ဖယ်ရှားခံရတော့မည့်အကြောင်း ကျွန်ုပ်တို့မဆန်းစစ်မီ ရောဂါဖြစ်စေသောပိုးမွှားများကို နှိမ်နှင်းရန် လတ်တလောကြိုးပမ်းအားထုတ်မှုများကို သုံးသပ်ကြည့်ကြပါစို့။ “သင်ပြုလုပ်နိုင်သောအရာ” ဟူသော ပူးတွဲပါလေးထောင့်ကွက်အား စစ်ဆေးခြင်းအပြင် ခုခံနိုင်စွမ်းရှိသော ရောဂါပိုးမွှားများအား နှိမ်နှင်းရန် ကျန်းမာရေးပညာရှင်များ၏ ကြိုးပမ်းအားထုတ်မှုများကို ဆင်ခြင်သုံးသပ်ကြည့်ပါ။

ကမ္ဘာချီနည်းဗျူဟာများ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိပ်ခ်ျအို) ၏ ညွှန်ကြားရေးမှူးဟောင်း ဒေါက်တာ ဂရို ဟာလမ် ဘရွန်လန်သည် လုပ်ဆောင်လျက်ရှိသည့် ကြိုးပမ်းအားထုတ်မှုများအကြောင်း ပြောပြခဲ့၏။ ၂၀၀၀ ပြည့်နှစ် ကူးစက်ရောဂါများဆိုင်ရာ အစီရင်ခံစာရှိ “ရောဂါပိုးမွှားတိုက်ဖျက်ဆေးဝါး ခံနိုင်စွမ်းကို အနိုင်ယူခြင်း” ဟူသည့် သတင်းခေါင်းစဉ်တွင် ရောဂါပိုးများ၏ “ခုခံနိုင်စွမ်းကိုထိန်းချုပ်ရန် ကမ္ဘာချီနည်းဗျူဟာတစ်ခု” အကောင်အထည်ဖော်ဖို့လိုကြောင်း သူထောက်ပြခဲ့သည်။ ထို့ပြင် “ကျန်းမာရေးစောင့်ရှောက်မှု ပံ့ပိုးပေးသူများပါဝင်သည့် မဟာမိတ်အဖွဲ့များ” တည်ထောင်ခြင်းအကြောင်း ပြောကြားခဲ့ကာ “ကျွန်မတို့မှာ ကူးစက်ရောဂါများကို စုပေါင်းအားနဲ့တိုက်ဖျက်ကြဖို့ အခွင့်အလမ်းရှိပါတယ်” ဟု အလေးအနက်ပြုဖော်ပြလိုက်သည်။

၂၀၀၁ ခုနှစ်တွင် ဒဗလျူအိပ်ခ်ျအိုသည် “ရောဂါပိုးမွှားတိုက်ဖျက်ဆေးဝါး ခံနိုင်စွမ်းကို ထိန်းချုပ်ရန် ကမ္ဘာချီနည်းဗျူဟာ” တစ်ခုကို အဆိုသွင်းခဲ့သည်။ ယင်းမှတ်တမ်းက “အဘယ်အရာပြုရန်နှင့် မည်သို့ပြုရန်” နှင့်စပ်လျဉ်း၍ ကျန်းမာရေးစောင့်ရှောက်မှု ပံ့ပိုးပေးသူများနှင့် အများပြည်သူတို့အတွက် ရည်ရွယ်ထားသည့် စီမံချက်တစ်ရပ်ကို တင်ပြခဲ့သည်။ အဆိုပါနည်းဗျူဟာတွင် လူတို့အား မဖျားမနာအောင် နေထိုင်နည်းကို သင်ကြားပေးခြင်းအပြင် ရောဂါကူးစက်ခံရသည့်အခါ ပဋိဇီဝဆေးများနှင့် တခြားရောဂါပိုးမွှားတိုက်ဖျက်ဆေးများကို မည်သို့အသုံးပြုနိုင်ကြောင်း ညွှန်ကြားပေးခြင်းလည်း ပါဝင်သည်။

ထို့အပြင် ကူးစက်မှုမပျံ့နှံ့စေရန် ပိုမိုကောင်းမွန်သော ကြိုတင်ကာကွယ်မှုများပြုကြဖို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်သားများဖြစ်ကြသော ဆရာဝန်များနှင့် သူနာပြုများအပြင် ဆေးရုံများနှင့် ဘိုးဘွားရိပ်သာများတွင် အလုပ်လုပ်သည့် အခြားသူများကိုပါ တိုက်တွန်းခဲ့ကြသည်။ ဝမ်းနည်းစရာမှာ၊ ကျန်းမာရေးပညာရှင် များစွာတို့သည် လူနာတစ်ဦးမှတစ်ဦးသို့သွားစဉ် လက်များဆေးကြောရန် သို့မဟုတ် လက်အိတ်များလဲရန် ပျက်ကွက်နေကြဆဲဖြစ်ကြောင်းလေ့လာမှုများက ဖော်ပြခဲ့ကြ၏။

ဆရာဝန်များသည် ပဋိဇီဝဆေးများကို မပေးသင့်ဘဲ ပေးကြကြောင်းကိုလည်း ဆန်းစစ်လေ့လာမှုများက ဖော်ပြသည်။ ယင်းသို့ဖြစ်ရသည့် အကြောင်းရင်းတစ်ရပ်မှာ လူတို့သည် ပဋိဇီဝဆေးကို အမြန်ပျောက်ဆေးအဖြစ် ဆရာဝန်ထံမှ အတင်းတောင်းသောက်ခြင်းဖြစ်သည်။ သို့နှင့် ဆရာဝန်များသည် လူနာများအကြိုက် အလွယ်တကူလိုက်ကြလေတော့သည်။ ဆရာဝန်များသည် လူနာများကို အချိန်ယူ၍ ပညာပေးလေ့မရှိသည့်အပြင် ကူးစက်ရောဂါပိုးကို ခွဲခြားပြနိုင်သည့် နည်းလမ်းများလည်း သူတို့၌မရှိချေ။ ထို့ပြင် ၎င်းတို့သည် ပိုဈေးကြီးပြီး ပိုးမွှားအပေါင်းကို သုတ်သင်ပစ်နိုင်သည့် ပဋိဇီဝဆေးများကို ညွှန်းကြပေမည်။ ယင်းကလည်း ဆေးဝါးခံနိုင်စွမ်းပြဿနာကို တိုးများလာစေသည်။

ဒဗလျူအိပ်ခ်ျအို၏ ကမ္ဘာချီနည်းဗျူဟာတွင် အထူးရည်စူးထားသည့် အခြားနယ်ပယ်များမှာ ဆေးရုံများ၊ အမျိုးသားကျန်းမာရေးအဖွဲ့များ၊ အစားအစာထုတ်လုပ်သူများ၊ ဆေးဝါးကုမ္ပဏီများနှင့် ဥပဒေပြဋ္ဌာန်းသူများကို ဖြစ်သည်။ အစီရင်ခံစာက ဆေးဝါးခံနိုင်စွမ်းရှိသည့် ရောဂါပိုးမွှားများ၏ ကမ္ဘာချီအန္တရာယ်ကို နှိမ်နှင်းဖို့ ၎င်းတို့အားလုံးပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းသည်။ သို့သော် ဤသို့သောအစီအစဉ်က ထိရောက်မှုရှိပါမည်လော။

အောင်မြင်မှုအတွက် အတားအဆီးများ

ဒဗလျူအိပ်ခ်ျအိုကမ္ဘာချီနည်းဗျူဟာသည် ကျန်းမာရေးပြဿနာများဖြေရှင်းရန် အဓိကအဟန့်အတားဖြစ်နေသည့်အရာတစ်ခုကို အရိပ်အမြွက်ဖော်ပြပေးခဲ့သည်။ ၎င်းမှာ ငွေ—အမြတ်ရရေး ရည်မှန်းချက်ဖြစ်၏။ သမ္မာကျမ်းစာက ငွေကိုတပ်မက်ခြင်းသည် “မကောင်းသောအမှုအပေါင်းတို့” အတွက် အဓိကတရားခံဖြစ်၏ဟု ဆိုသည်။ (၁ တိမောသေ ၆:၉၊ ၁၀) “ဆေးအရောင်းကိုယ်စားလှယ်များမှသည် ဆေးပေးခန်းဝန်ထမ်းအထိ တော်သင့်သောထိန်းချုပ်မှုပြုလုပ်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးသူများအတွက် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းက ကြီးမှူးကျင်းပပေးသည့် ပညာပေးအစီအစဉ်များကို ကြီးကြပ်ပေးခြင်းအပါအဝင် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းနှင့် အပြန်အလှန် သက်ရောက်မှုများကိုလည်း စဉ်းစားသုံးသပ်ကြ” ရန် ဒဗလျူအိပ်ခ်ျအိုက တိုက်တွန်းလိုက်သည်။

ဆေးဝါးကုမ္ပဏီများသည် ၎င်းတို့၏ဆေးပစ္စည်းများကို ဆရာဝန်များထံ အင်တိုက်အားတိုက် တင်သွင်းခဲ့ကြသည်။ ယခု သူတို့သည် တီဗွီကြော်ငြာမှတစ်ဆင့် အများပြည်သူထံ တိုက်ရိုက်တင်သွင်းနေကြ၏။ ယင်းက ဆေးဝါးအလွန်အကျွံသုံးစွဲမှုဖြစ်စေသည်၊ တစ်နည်းအားဖြင့် ဆေးဝါးခံနိုင်စွမ်းရှိသည့် ရောဂါပိုးများ တစ်ဟုန်ထိုး တိုးပွားလာစေရာတွင် အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်နေလေပြီ။

အစားအစာအတွက် ထုတ်လုပ်သည့် တိရစ္ဆာန်များတွင် ရောဂါပိုးမွှားတိုက်ဖျက်ဆေးများ အသုံးပြုမှုနှင့်စပ်လျဉ်းသည့်ကဏ္ဍတွင် ဒဗလျူအိပ်ခ်ျအို ကမ္ဘာချီနည်းဗျူဟာက ဤသို့ဖော်ပြသည်– “တချို့နိုင်ငံရှိ တိ/မွေးကုများသည် ဆေးများရောင်းခြင်းဖြင့် ၎င်းတို့ဝင်ငွေ၏ ၄၀ ရာခိုင်နှုန်းထက်မက ရနိုင်ကြသည်၊ ထို့ကြောင့် ရောဂါပိုးမွှားတိုက်ဖျက်ဆေးအသုံးပြုမှုကို ကန့်သတ်ရေးတွင် အတားအဆီးရှိနေသည်။” ပဋိဇီဝဆေးဝါးများကို လွန်လွန်ကျွံကျွံသုံးစွဲသည့်အတွက် ခုခံနိုင်စွမ်းရှိပိုးမွှားများ ပေါ်ထွက်ခဲ့ရကြောင်း ခိုင်လုံသောအထောက်အထားရှိသည်။

အမှန်ဆိုရလျှင် ပဋိဇီဝဆေးဝါးများထုတ်လုပ်မှုမှာ အလွန်အံ့သြစရာကောင်းသည်။ အမေရိကန်နိုင်ငံတစ်နိုင်ငံတည်းတွင် ပဋိဇီဝဆေးဝါးများ ပေါင်ချိန် သန်း ၅၀ ခန့်ကို နှစ်စဉ် ထုတ်လုပ်လျက်ရှိ၏! ကမ္ဘာ့စုစုပေါင်းထုတ်လုပ်မှု၏ ထက်ဝက်ခန့်သာလျှင် လူများအတွက် အသုံးပြုသည်။ ကျန်တစ်ဝက်ကို ကောက်ပဲသီးနှံများအတွက် ပက်ဖျန်းရန် သို့မဟုတ် တိရစ္ဆာန်များကိုကျွေးရန် အသုံးပြုသည်။ များသောအားဖြင့် အစားအစာအတွက် မွေးမြူသည့် တိရစ္ဆာန်များ ကြီးထွားမြန်ရန် အစာထဲတွင် ပဋိဇီဝဆေးဝါးများရော၍ တိုက်ကျွေးကြသည်။

အစိုးရများ၏အခန်းကဏ္ဍ

ဒဗလျူအိပ်ခ်ျအိုကမ္ဘာချီနည်းဗျူဟာ၏ အလုပ်အမှုဆောင်အဖွဲ့၏ အကျဉ်းချုပ်ထုတ်ပြန်ချက်တွင် “နည်းဗျူဟာအကောင်အထည်ဖော်ဆောင်ရာတွင် တာဝန်အများစုသည် နိုင်ငံအသီးသီး၏တာဝန်ဖြစ်မည်။ အစိုးရများ ထမ်းဆောင်ရမည့် အရေးပါခက်ခဲသောတာဝန်ဖြစ်သည်” ဟုဖော်ပြပါရှိသည်။

အစိုးရအတော်များများသည် မိမိတို့၏ နိုင်ငံနယ်နိမိတ်အတွင်းအပြင် ပူးပေါင်းဆောင်ရွက်မှုအပေါ် အလေးအနက်ပြု၍ ရောဂါပိုးမွှားတိုက်ဖျက်ဆေးများ ခံနိုင်စွမ်း ထိန်းချုပ်ရေးအစီအစဉ်များကို အမှန်ပင် ဖော်ထုတ်ခဲ့ကြသည်။ အဆိုပါအစီအစဉ်များတွင် ရောဂါပိုးမွှားတိုက်ဖျက်ဆေးများအသုံးပြုမှု၊ ခံနိုင်စွမ်းရှိသောပိုးမွှားများ၊ တိုးတက်မှုရှိသော ကူးစက်ရောဂါထိန်းချုပ်မှု၊ ဆေးပညာနှင့် စိုက်ပျိုးရေးတို့တွင် ရောဂါပိုးမွှားတိုက်ဖျက်ဆေးများကို လျောက်ပတ်စွာအသုံးပြုမှု၊ ခံနိုင်စွမ်းကိုနားလည်ရန် သုတေသနပြုမှုနှင့် ဆေးဝါးအသစ်များပေါ်ထွက်လာမှုတို့ကို မှတ်တမ်းကောင်းကောင်းထားခြင်း ပါဝင်သည်။ ဒဗလျူအိပ်ခ်ျအို၏ ၂၀၀၀ ပြည့်နှစ် ကူးစက်ရောဂါဆိုင်ရာ အစီရင်ခံစာကမူ အကောင်းဘက်မမြင်ချေ။ အဘယ်ကြောင့်နည်း။

“အများပြည်သူကျန်းမာရေးသည် နိုင်ငံအများ၏ ဦးစားပေးကိစ္စမဟုတ်ချေ” ဟု အဆိုပါအစီရင်ခံစာက ထောက်ပြခဲ့သည်။ “ထို့အပြင် ပြည်တွင်းမငြိမ်မသက်ဖြစ်မှု၊ ဆင်းရဲမွဲတေမှု၊ အလုံးအရင်းပြောင်းရွှေ့မှုနှင့် နေထိုင်မှုနိမ့်ကျခြင်းအစရှိသည့် လူအများက ကူးစက်ရောဂါကို ဂရုမထားတတ်သည့် အခြေအနေများတွင် ရောဂါအဖြစ်များရာ ဆေးဝါးခံနိုင်စွမ်းလည်းတိုးလာသည်” ဟု ထပ်၍ဆိုခဲ့သည်။ ဝမ်းနည်းစရာမှာ ဖော်ပြပါပြဿနာများသည် လူ့ခေါင်းဆောင်များ တစ်ခါမျှ မဖြေရှင်းနိုင်ခဲ့သည့် ပြဿနာများဖြစ်နေခြင်းပင်။

သို့သော်ရောဂါဖြစ်စေသည့်ပြဿနာများကိုဖြေရှင်းပေးမည်သာမက ဖျားနာခြင်းကိုပါ ဖယ်ရှားပေးမည့် စိုးရတစ်ခုအကြောင်း သမ္မာကျမ်းစာတွင် ဖော်ပြထားသည်။ အချို့သောရောဂါပိုးမွှားများသည် အမြဲတမ်း ဥပဒ်ပေးမည်ဟု သင်ယူဆပေမည်၊ သို့သော် ထင်သည်ထက် ပိုကောင်းလာမည့်အနာဂတ်ကိုယုံကြည်ရန် အကြောင်းကောင်းများရှိပါသည်။

ဥပဒ်ပေးမည့်ပိုးမွှား မရှိတော့ချိန်ဝယ်

ကျမ်းစာပရောဖက်ဟေရှာယသည် လူ့ထက်စွမ်းသည့်အစိုးရတစ်ခုကို ညွှန်ပြခဲ့ပြီး ၎င်း၏အုပ်စိုးရှင်ကိုပါ ကြာမြင့်စွာကတည်းက တိတိပပဖော်ပြပေးခဲ့သည်။ အဆိုပါပရောဖက်ပြုချက်ကို ဂျိမ်းစ်ဘုရင်ဘာသာပြန်ကျမ်းတွင် ဤသို့တွေ့ရသည်– “ငါတို့အဖို့ သူငယ်ကိုဖွားမြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ ဤအစိုးရ [အုပ်စိုးခြင်းကို] သူတာဝန်ယူလိမ့်မည်၊ သူ၏အမည်ကို အံ့သြဖွယ်၊ အကြံပေးသူ၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်းချမ်းရေးမင်းသားဟု ခေါ်ဝေါ်လိမ့်မည်။”—ဟေရှာယ ၉:၆၊ ကျွန်ုပ်တို့ စာလုံးစောင်းထား။

ဤသူငယ်၊ ဤမင်းသားကား မည်သူနည်း၊ အုပ်ချုပ်မှုကို မည်သူလက်ခံရယူမည်နည်း။ သူမမွေးမီကပင် သူ့ကို မည်သို့ခွဲခြားပြခဲ့ကြောင်း မှတ်သားပါ။ ကောင်းကင်တမန် ဂါဗြေလသည် အပျိုစင်မာရိအား “သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသားကို ယေရှုအမည်ဖြင့်မှည့်ရမည်။ ထိုသားသည်ကား၊ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ . . . သူ၏နိုင်ငံသည်လည်း ဆုံးခြင်းမရှိရ” ဟုပြောဆိုခဲ့သည်။—လုကာ ၁:၃၁-၃၃

ယေရှုအရွယ်ရောက်လာသည့်အခါ သူသည် ဘုရားသခင့်နိုင်ငံတော်အစိုးရ၏ ကတိထားရာအုပ်စိုးရှင် အမှန်ပင်ဖြစ်ကြောင်း သက်သေပြခဲ့၏။ ယေရှုသည် ‘ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း’ ကြွေးကြော်ရန် နိုင်ငံတစ်ဝန်းလုံးသွားခဲ့သည်သာမက အနာရောဂါဝေဒနာမှန်သမျှ ဖယ်ရှားပစ်နိုင်သည့်အစွမ်းကိုလည်း ပြခဲ့၏။ သမ္မာကျမ်းစာက “များစွာသောလူအပေါင်းတို့သည် အထံတော်သို့ရောက်လာ၍ ခြေမစွမ်း၊ မျက်စိကန်း၊ စကားအ၊ အင်္ဂါချို့တဲ့သောသူမှစ၍ အခြားသောလူနာအများတို့ကိုဆောင်ခဲ့လျက် ခြေတော်ရင်း၌ချထားကြ၏။ သူတို့၏အနာရောဂါများကို ငြိမ်းစေတော်မူသဖြင့်၊ အသောသူတို့သည် စကားပြောသည်ကိုလည်းကောင်း၊ ချို့တဲ့သောသူတို့သည် ပကတိဖြစ်သည်ကိုလည်းကောင်း၊ ခြေမစွမ်းသောသူတို့သည် လှမ်းသွားသည်ကိုလည်းကောင်း၊ မျက်စိကန်းသောသူတို့သည် မြင်ရသည်ကိုလည်းကောင်း လူအစုအဝေးတို့သည်မြင်လျှင် အံ့သြခြင်းသို့ရောက် ... ကြ၏” ဟုပြောပြသည်။—မဿဲ ၉:၃၅; ၁၅:၃၀၊ ၃၁

မှန်ပါသည်၊ လူတစ်ဦးသည် အဘယ်ရောဂါ သို့မဟုတ် အဘယ်မသန်မစွမ်းမှုမျိုးပင်ဖြစ်ပါစေ ယင်းကို ပျောက်ကင်းအောင် ယေရှုကုသပေးတော်မူခဲ့၏။ ကိုယ်တော်သည် သေဆုံးသွားသူအတော်များများကိုပင် အသက်ပြန်ရှင်စေခဲ့သည်တကား! (လုကာ ၇:၁၁-၁၇; ၈:၄၉-၅၆; ယောဟန် ၁၁:၃၈-၄၄) ကုသပေးခံခဲ့ရသူတို့နှင့် ပြန်လည်ထမြောက်လာခဲ့သူတို့ပင် နောက်ဆုံး သေခဲ့ရသည်မှာ မှန်ပါသည်။ သို့တိုင်၊ ယေရှု၏အံ့ဖွယ်အမှုများက ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်ရှိ ကမ္ဘာမြေကြီးပေါ်နေထိုင်ကြမည့်သူတို့အတွက် အနာဂတ်တွင် ကိုယ်တော်ပြုလုပ်ပေးမည့်အရာကို ဖော်ပြပေးခဲ့သည်။ သမ္မာကျမ်းစာက ထိုအချိန်တွင် “မြို့သားကလည်း ‘ငါနာသည်’ ဟုမဆိုရ” ဟု ကတိပေးသည်။—ဟေရှာယ ၃၃:၂၄; ဗျာ. ၂၁:၃၊ ၄

ယနေ့ ကျွန်ုပ်တို့အားလုံး ကောင်းကောင်းသိကြသည့်အတိုင်း လူတိုင်း ဖျားနာကာ သေဆုံးနေကြရ၏။ ရောဂါပိုးများက လူသန်းပေါင်းများစွာတို့ကို ဥပဒ်ပေးနေကြပြီး တစ်ခါတစ်ရံ အသက်ဆုံးရလေသည်။ သို့တိုင်၊ လူ့ကိုယ်ခန္ဓာကို အံ့ဖွယ်နည်းဖြင့် ပုံစံပြုထားရာ အဘယ်ကြောင့် မကျန်းမမာဖြစ်ရကြောင်းကို တချို့သိလိုကြသည်။ ဆရာဝန် လူးဝစ္စ သောမတ်စ်က ဗက်တီးရီးယားများ၏ အရေးကြီးအခန်းကဏ္ဍအကြောင်း ရေးသားကာ မကျန်းမာခြင်းသည် “မတော်တဆမှုကဲ့သို့ပင်” အမှတ်မထင်ဖြစ်တတ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ သူက “ရောဂါဖြစ်နေသည့် လူနာများ၏ ခုခံကာကွယ်မှုယန္တရားသည် တစ်နည်းနည်းဖြင့် ထူးထူးခြားခြား ချွတ်ယွင်းနေခြင်းဖြစ်နိုင်သည်” ဟုဆိုခဲ့သည်။

အမှန်ဆိုရလျှင် ကိုယ်ခံအားစနစ်ကောင်းသူတို့သည် ဗက်တီးရီးယားပိုးကူးစက်ခံရခြင်းမျိုး ရှိလျှင်ပင် ရှားပါသည်။ မည်သို့ပင်ဖြစ်စေ လူတို့သည် နောက်ဆုံးတွင် အိုရ၊ သေဆုံးရသည်သာဖြစ်သည်။ စုံလင်သောပထမလူသား အာဒံမှ အမွေရခဲ့သည့်အပြစ်တရား၏ ချွတ်ယွင်းမှုကြောင့် ဖျားနာခြင်းနှင့် သေခြင်းတို့ဖြစ်ရသည်ဟု ကျမ်းစာကဆို၏။ “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏” ဟု ကျမ်းစာကရှင်းပြသည်။—ရောမ ၅:၁၂

သို့ရာတွင်၊ ဘုရားသခင်သည် မိမိ၏သားတော်ကို ကမ္ဘာမြေသို့စေလွှတ်၍ လူသားတို့ကို အပြစ်တရား၏ဆိုးကျိုးများမှ လွတ်မြောက်စေရန် သားတော်၏စုံလင်သောအသက်ကို ရွေးနုတ်ဖိုးအဖြစ်ပေးဖို့ စီစဉ်ပေးတော်မူသည်။ (မဿဲ ၂၀:၂၈) သမ္မာကျမ်းစာက “အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း” ဟုရှင်းပြသည်။ (ရောမ ၆:၂၃; ၁ ယောဟန် ၅:၁၁) ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်တွင် ခရစ်တော်၏ရွေးဖိုးပူဇော်ရာယဇ်၏ အနာငြိမ်းစေနိုင်သောအကျိုးဆက်များသည် အကောင်အထည်ပေါ်လာမည်။ ထိုအချိန်တွင် ပိုးမွှားမှန်သမျှ၊ ယခု ရောဂါဖြစ်စေသည့်ပိုးမွှားများပင်လျှင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဥပဒ်ပေးတော့မည်မဟုတ်ချေ။

လူသားတစ်ရပ်လုံး၏ ပြဿနာများကို ဖြေရှင်းပေးမည်ဟူသော ကျမ်းစာကတိပြုထားသည့် ဘုရားသခင့်နိုင်ငံတော်အစိုးရအကြောင်း သင်ယူခြင်းသည် ပညာရှိရာမကျပေလော။ ယေဟောဝါသက်သေများက သင်ပိုမိုသိရှိရန် ဝမ်းမြောက်စွာ ကူညီပေးလိုကြပါသည်။

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်]

သင်လုပ်ဆောင်နိုင်သည့်အရာ

ဆေးဝါးခံနိုင်စွမ်းရှိသောရောဂါပိုးများ၏ အန္တရာယ်ကို နည်းနိုင်သမျှနည်းစေရန် သင်အဘယ်အရာ လုပ်ဆောင်နိုင်သနည်း။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လမ်းညွှန်ချက်တချို့ ပေးထားသည်။ ဦးဆုံးအနေနှင့်၊ ရောဂါဖြစ်ပွားမှုနှင့် ရောဂါကူးစက်မှုကို လျှော့ချနိုင်ရန် ကျွန်ုပ်တို့လုပ်ဆောင်နိုင်သည့် စီမံဆောင်ရွက်ချက်များကို အကြမ်းဖျင်းဖော်ပြပေးသည်။ ဒုတိယမှာ၊ ရောဂါပိုးမွှားတိုက်ဖျက်ဆေးများကို လူတို့အသုံးပြုမှု တိုးတက်စေနိုင်ပုံကို ဖော်ပြပေးသည်။

ဆင်ခြင်တုံတရားအရ၊ ရောဂါဖြစ်ပွားမှုနှင့်ပျံ့နှံ့မှုကို လျှော့ချဖို့ အကောင်းဆုံးနည်းလမ်းမှာ ကျန်းမာနေစေရန် လိုအပ်သမျှကို လုပ်ဆောင်ခြင်းဖြစ်သည်။ မဖျားမနာစေရန် သင်အဘယ်အရာ လုပ်ဆောင်နိုင်သနည်း။

မဖျားမနာစေရန် စီမံဆောင်ရွက်ချက်များ

၁။ သင့်တော်သည့်အာဟာရ၊ လုံလောက်သော ကိုယ်လက်လှုပ်ရှားမှုနှင့် အလုံအလောက်အနားယူမှုဟူသော အရာသုံးမျိုးကို အတတ်နိုင်ဆုံးရယူပါ။

၂။ တစ်ကိုယ်ရေသန့်ရှင်းမှုကို အကျင့်ဖြစ်စေပါ။ မဖျားမနာစေရန်နှင့် အခြားသူများထံ လက်ဆင့်ကမ်းမကူးစက်စေရန် အထိရောက်ဆုံး အစီအစဉ်မှာ လက်ဆေးခြင်းဖြစ်သည်ဟု ကျန်းမာရေးအာဏာပိုင်များက အလေးပေးပြောကြားကြသည်။

၃။ သင်နှင့် သင့်မိသားစုစားသုံးသော အစားအစာသည် ပိုးမွှားကင်းရှင်းကြောင်း သေချာစေပါ။ အထူးသဖြင့် သင့်လက်များနှင့် အစားအသောက်ပြင်ဆင်သည့်နေရာသည် သန့်ရှင်းနေစေရန် သတိပြုပါ။ ထို့ပြင် သင့်လက်များနှင့် အစားအစာကိုဆေးကြောဖို့ သုံးစွဲသောရေသည် သန့်ရှင်းကြောင်း သေချာစေပါ။ ရောဂါပိုးများသည် အစားအသောက်၌ ရှင်သန်ပေါက်ပွားတတ်သောကြောင့် အသားများကို နူးအောင်ချက်ပြုတ်ပါ။ အစားအသောက်ကို ကောင်းစွာထည့်သိုပြီး ရေခဲသေတ္တာတွင် ထားပါ။

၄။ ပျံသန်းသောအင်းဆက်ပိုးမွှားများကြောင့် ဆိုးရွားသည့်ရောဂါကူးစက်တတ်သော နိုင်ငံများတွင် အဆိုပါအင်းဆက်ပိုးမွှားများ အလှုပ်ရှားဆုံးအချိန်ဖြစ်သည့် ညအချိန် သို့မဟုတ် နံနက်စောစောအချိန်တို့၌ အပြင်ဘက်လှုပ်ရှားသွားလာမှုကို ကန့်သတ်ပါ။ အကာအကွယ်ဖြစ်စေသော သံဇကာ၊ ခြင်ထောင်တို့ကို မှန်မှန်အသုံးပြုပါ။

၅။ ကာကွယ်ဆေးထိုးခြင်းက သင်နေထိုင်ရာအရပ်တွင် အတွေ့ရများသည့် ပိုးမွှားတချို့ကို တိုက်ဖျက်ဖို့ သင့်ကိုယ်ခံအားစနစ်ကို ကျင့်သားရစေနိုင်ပါသည်။

ရောဂါပိုးမွှားတိုက်ဖျက်ဆေးများကို အသုံးပြုပါ

၁။ ပဋိဇီဝဆေး သို့မဟုတ် ရောဂါပိုးမွှားတိုက်ဖျက်ဆေး မဝယ်မီ သို့မဟုတ် မသုံးစွဲမီ ကျန်းမာရေးပညာရှင်တစ်ဦးနှင့်တိုင်ပင်ပါ။ သုံးစွဲသူတိုက်ရိုက်ဝယ်ယူ အရောင်းမြှင့်တင်မှုများသည် ဝယ်သူထက် ရောင်းသူကသာ ပို၍အကျိုးဖြစ်လေ့ရှိ၏။

၂။ ပဋိဇီဝဆေးညွှန်းပေးရန် သင့်ဆရာဝန်ကို ဖိအားမပေးပါနှင့်။ သင်ဖိအားပေးလိုက်ပါက သူသည် သင့်အား လူနာအဖြစ် အဆုံးရှုံးမခံလိုသည့်အတွက် သင့်ကို ဆေးတစ်မျိုးတည်းသာ ပေးပေမည်။ ဥပမာ၊ အအေးမိခြင်းသည် ဗိုင်းရပ်စ်များကြောင့်ဖြစ်ရာ ပဋိဇီဝဆေးများက အအေးမိခြင်းကို မပျောက်စေပါ။ သင်၌ ဗိုင်းရပ်စ်ပိုးရှိနေသည့်အခါ ပဋိဇီဝဆေးသောက်သုံးလိုက်မည်ဆိုလျှင် အထောက်အကူပြုဗက်တီးရီးယားပိုးများအား နှိမ်နှင်းပစ်ရာရောက်ပြီး ဆေးခံနိုင်စွမ်းရှိသောပိုးများကိုပင် ပေါက်ပွားစေပေမည်။

၃။ နောက်ဆုံးပေါ်ဆေးဝါးများကို အတင်းအကျပ် မတောင်းဆိုပါနှင့်၊ သင့်အတွက် အကောင်းဆုံးဖြစ်ချင်မှဖြစ်ကာ လိုအပ်သည်ထက် ပို၍အကုန်အကျများစေနိုင်သည်။

၄။ ယုံကြည်စိတ်ချရသည့်ရင်းမြစ်မှ ဆေးဝါးတစ်မျိုးမျိုးကို လေ့လာပါ– ယင်းသည် အဘယ်အတွက်ဆေးဖြစ်သနည်း။ ဖြစ်နိုင်ခြေ ဘေးထွက်ဆိုးကျိုးများကား အဘယ်နည်း။ ဆေးဝါး၏ အပြန်အလှန်အကျိုးသက်ရောက်မှုများနှင့် ဆေးဝါးမျိုချပြီးနောက် အန္တရာယ်ဖြစ်စေနိုင်သည့် အခြားအကြောင်းရင်းများကား အဘယ်အရာနည်း။

၅။ ဤပဋိဇီဝဆေးဝါးသည် အမှန်တကယ် သင့်လျော်သည်ဆိုလျှင် ဆေးမကုန်မီ ကျန်းမာလာသည်ဟု သင်ခံစားရလျှင်ပင် ညွှန်းထားသောဆေးကို ဆေးပတ်လည်အောင်သောက်သုံးဖို့ အကြံပြုထားသည်။ နောက်ဆုံးဆေးတစ်ခွက်က ကူးစက်ရောဂါမှန်သမျှ ကင်းကင်းရှင်းရှင်းပျောက်သွားရန် သေချာစေပါသည်။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ဘုရားသခင့်ဖြောင့်မတ်သောအစိုးရအောက် လူတို့သည် ဥပဒ်ပေးသည့် ပိုးမွှားများမရှိဘဲ ဘဝကို ပျော်မွေ့ကြမည်