မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အန္တရာယ် မည်မျှ ကြီးမားသနည်း

အန္တရာယ် မည်မျှ ကြီးမားသနည်း

အန္တရာယ် မည်မျှ ကြီးမားသနည်း

အောက်တိုဘာလ ၁၉၉၇ တွင် သုံးပတ်သာရှိသေးသော ဟိုလီမျူလင်းသည် နားရောဂါရနေ၏။ ရက်အနည်းငယ်အတွင်း မသက်သာသဖြင့် ဆရာဝန်က ခေတ်မီပဋိဇီဝဆေးတစ်မျိုး ပေးလိုက်သည်။ ၎င်းဆေးသည်ပုံမှန်အားဖြင့် ရောဂါပျောက်သင့်သော်လည်း မသက်သာခဲ့ချေ။ ရောဂါပြန်ထလာရာ ပဋိဇီဝဆေးဝါးများဖြင့် ကုသမှုတစ်ကြိမ်ခံယူပြီးတိုင်း ပြန်ဖြစ်လာတတ်သည်။

ပထမတစ်နှစ်အတွင်း ဟိုလီလေးခမျာ ပဋိဇီဝဆေးဝါးအမျိုးမျိုးဖြင့် ကုသမှု ၁၇ ကြိမ် ခံယူခဲ့ရရှာသည်။ ၎င်းနောက် အသက် ၂၁ လ အရွယ်တွင် ရောဂါ အပြင်းထန်ဆုံးဖြစ်လာသည်။ မတတ်သာသည့်အဆုံး အကြောထဲ ပဋိဇီဝဆေးထိုးသွင်းပေးလိုက်ပြီးနောက် ၁၄ ရက်အကြာတွင် အဆိုပါရောဂါ ရှင်းရှင်းပျောက်ကင်းသွားတော့၏။

ယင်းကဲ့သို့သော ဖြစ်ပွားမှုများသည် ကလေးသူငယ်များ၌သာမက အသက်ကြီးသူများတွင်လည်း ဖြစ်နေကျအရာများ ဖြစ်လာခဲ့ပြီ။ အသက်အရွယ်အသီးသီးရှိ လူတို့သည် နာမကျန်းဖြစ်နေကြပြီး ယခင်က ပဋိဇီဝဆေးဝါးများဖြင့် အလွယ်တကူပျောက်ကင်းခဲ့သော ကူးစက်ရောဂါများကြောင့်ပင် သေဆုံးနေရ၏။ အမှန်တကယ်တွင် ၁၉၅၀ ပြည့်လွန်နှစ်များကတည်းက ဆေးရုံတချို့တွင် ပဋိဇီဝဆေးဝါးကုသမှုအစီအစဉ်များမှ ရှင်ကျန်ရစ်သော ရောဂါပိုးများကြောင့် ရတက်မအေးဖွယ်ပြဿနာ ဖြစ်လာနေလေပြီ။ ထို့နောက် ၁၉၆၀ ပြည့်လွန်နှစ်များနှင့် ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း ပဋိဇီဝဆေးဝါးများကို ခံနိုင်စွမ်းရှိသော ရောဂါပိုးများသည် လူနေရပ်ကွက်များအတွင်းသို့ ပျံ့နှံ့ဝင်ရောက်လာကြလေတော့၏။

နောက်ဆုံးတွင် ဆေးသုတေသီများသည် လူသားများနှင့် တိရစ္ဆာန်များတွင် ပဋိဇီဝဆေးဝါးများအသုံးလွန်မှုကို ပဋိဇီဝဆေးဝါးများအား ခံနိုင်စွမ်းရှိသည့် ရောဂါပိုးများ တိုးပွားလာမှု၏ အဓိကအကြောင်းရင်းအဖြစ် ထောက်ပြလာကြသည်။ ၁၉၇၈ ခုနှစ်တွင် ဆေးအမှုထမ်းတစ်ဦးက “အထိန်းအကွပ် လုံးလုံးမရှိ” သည့်အလား ပဋိဇီဝဆေးဝါးကို အလွန်အကျွံသုံးစွဲနေကြကြောင်း ပြောဆိုခဲ့သည်။ ထို့ကြောင့် ၁၉၉၀ ပြည့်လွန်နှစ်များသို့ရောက်လေသော် အောက်ပါသတင်းခေါင်းစီးများသည် ကမ္ဘာတစ်ဝန်း ပေါ်ထွက်လာလေတော့သည်– “အာဂဘတ်ပိုးများ ရောက်လာနေ၊” “အာဂဘတ်ပိုးများက စိုးမိုး၊” “အန္တရာယ်ရှိသော ဆေးဝါးများ—ပဋိဇီဝဆေးဝါး အလွန်အကျွံသုံးစွဲခြင်းသည် အာဂဘတ်ပိုးများကို ပေါက်ပွားစေ။”

အကျယ်ချဲ့ခြင်းလော။ ဂုဏ်အသရေရှိ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများ၏အဆိုအရ အကျယ်ချဲ့ခြင်းမဟုတ်ချေ။ ၂၀၀၀ ပြည့်နှစ်တွင် ကူးစက်ရောဂါများနှင့်ပတ်သက်သည့် သတင်းတစ်ပုဒ်၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိပ်ခ်ျအို) ၏ အထွေထွေညွှန်ကြားရေးမှူးက ဤသို့ပြောဆိုခဲ့၏– “ထောင်စုနှစ်သစ်အစတွင် လူသားတို့သည် နောက်အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်နေရကြ၏။ ယခင်က ကုသ၍ရသောရောဂါများသည် . . . ယခုအခါ ရောဂါပိုးမွှားတိုက်ဖျက်ဆေးများ၏ ထိုးဖောက်မှုကို သာ၍ခံနိုင်စွမ်းရှိလာသော သံချပ်ကာဝတ်စုံများ ဝတ်ဆင်ထားကြပြီ။”

အဆိုပါအကျပ်အတည်းသည် အဘယ်မျှစိုးရိမ်ရသနည်း။ “[ဆေးဝါးခံနိုင်စွမ်းရှိသည့် ပိုးမွှားများ၏] အနှောင့်အယှက်များပေါ်လာခြင်းက ကူးစက်ရောဂါများအား ကုသရန် အခွင့်အလမ်းများကို ပိတ်ပစ်နေသည်” ဟု ဒဗလျူအိပ်ခ်ျအိုက အစီရင်ခံခဲ့သည်။ ယနေ့ အာဏာပိုင်အဖွဲ့အစည်းအတော်များများက ကူးစက်ရောဂါများအားကုသရန် “ပဋိဇီဝဆေးဝါးများ မရှိခဲ့သည့်ခေတ်” သို့ လူသားတို့ပြန်သွားဖို့အကြောင်းပင် ပြောလာကြသည်။

ပညာသားပါပြီး ခေတ်မီဆန်းပြားသော သိပ္ပံဆိုင်ရာတိုးတက်မှုများ ရှိနေလျက်ကယ် ခုခံနိုင်စွမ်းရှိသော ပိုးမွှားများသည် ဤကမ္ဘာလောကတွင် မည်သို့အခြေချနိုင်ခဲ့သနည်း။ မိမိကိုယ်ကို သို့မဟုတ် အခြားသူများကို ကာကွယ်ရန် လုပ်ဆောင်နိုင်ရာတစ်ခုခု ရှိပါသလော။ ပဋိဇီဝဆေးဝါးများအား ခံနိုင်စွမ်းရှိသည့် ရောဂါပိုးများကို နှိမ်နှင်းရန် အဘယ်ဖြေရှင်းနည်းများ ရှိလာနိုင်သနည်း။ အဖြေတချို့ကို နောက်ဆောင်းပါးများတွင် တင်ပြထားပါသည်။