မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အလုပ်​ကြိုးစားခြင်း​ဟာ လေ့ကျင့်ခန်း​လုပ်တာနဲ့ တူတယ်။ အခုရော နောင်ရော အကျိုးပြုတယ်။

လူငယ်များ​အတွက်

၁၁– လုံ့လဝီရိယ

၁၁– လုံ့လဝီရိယ

ဆိုလိုရင်း

ဝီရိယ​ရှိသူတွေက အလုပ်ကို မရှောင်​ကြ​ဘူး။ ကိုယ့်​လိုအပ်ရာ​အတွက်၊ တခြားသူတွေကို ကူညီပေးဖို့​အတွက် ဂုဏ်မရှိတဲ့​အလုပ် လုပ်​ရရင်တောင်မှ အလုပ်ကို ကြိုးကြိုးစားစား လုပ်ကြတယ်။

ဘာကြောင့် အရေးကြီးသလဲ

ကြိုက်ကြိုက် မကြိုက်ကြိုက် ဘဝမှာ လုပ်စရာ​တာဝန်တွေ အပြည့်​ပဲ။ အလုပ်​ကြိုးစားချင်​သူ နည်းတဲ့​လောက​မှာ ဝီရိယ​ရှိခြင်းက အကျိုး​ခံစား​ရ​စေတယ်။—ဒေသနာ ၃:၁၃

“အလုပ်​ကြိုးစားတဲ့အခါ ဂုဏ်ယူ​တယ်။ စိတ်​ကျေနပ်မှု ခံစားရတယ်။ စိတ်​ကျေနပ်မှု​ကြောင့် အလုပ်ကို နှစ်​သက်​လာတယ်။ အလုပ်​ကြိုးစား​တာ​က နာမည်ကောင်း​လည်း ရစေတယ်။”—ရေယွန်။

ကျမ်းစာ အခြေခံမူ။ “ကြိုးစားပမ်းစား​လုပ်တဲ့ အလုပ်​မှန်သမျှ အကျိုးရှိတယ်။”—ပညာအလိမ္မာ ၁၄:၂၃

လုပ်ဆောင်နိုင်ရာ

အောက်ဖော်ပြပါ အချက်တွေကို လိုက်နာပြီး အလုပ်အပေါ် အကောင်းမြင်စိတ် ပျိုးထောင်​ပါ။

လုပ်တတ်ကိုင်တတ်တာကို ဂုဏ်ယူ​ပါ။ အိမ်အလုပ်​ဖြစ်ဖြစ်၊ အိမ်စာ​ဖြစ်ဖြစ်၊ တခြား​အလုပ်​ဖြစ်ဖြစ် အလုပ်မှာ စိတ်​နှစ်​ထားပါ။ အလုပ်​ပြီးသွား​ရင် ပိုမြန်အောင်၊ ပိုကောင်းအောင် လုပ်နိုင်မယ့်​နည်းလမ်းတွေ ရှာကြံပါ။ ကျွမ်းကျင်​လာ​လေ အလုပ်လုပ်ရတာ ပိုပျော်လာလေပါပဲ။

ကျမ်းစာ အခြေခံမူ။ “အလုပ်ကို ကျွမ်းကျင်ပိုင်နိုင်တဲ့သူကို တွေ့ဖူးသလား။ အဲဒီလိုလူဟာ သာမန်​လူတွေရှေ့မှာ မဟုတ်ဘဲ ဘုရင့်​ရှေ့တော်မှာ ခစား​ရလိမ့်မယ်။”—ပညာအလိမ္မာ ၂၂:၂၉

အကျိုးဆက်ကို ကြည့်ပါ။ များသောအားဖြင့် ကိုယ့်​တာဝန်ကို ကျေပွန်​တဲ့အခါ တခြားသူတွေကို အကျိုးပြုတယ်။ ဥပမာ၊ အိမ်အလုပ်ကို ဝီရိယရှိရှိ​လုပ်တဲ့အခါ တခြား​မိသားစုဝင်တွေကို ဝန်ပေါ့​စေတယ်။

ကျမ်းစာ အခြေခံမူ။ “ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတယ်။”—တမန်တော် ၂၀:၃၅

ပို​လုပ်လိုက်ပါ။ တာဝန်ကျေရုံ လုပ်မယ့်အစား ပို​လုပ်လိုက်ပါ။ သူများ​ခိုင်းလို့ မဟုတ်ဘဲ ကိုယ့်​စိတ်နဲ့​ကိုယ် ပိုလုပ်တာမို့ ကိုယ့်​ဘဝကို ကိုယ်တိုင်​ထိန်းကျောင်း​နေတာပဲ။—မဿဲ ၅:၄၁

ကျမ်းစာ အခြေခံမူ။ “အတင်းအကျပ်​ခိုင်းလို့ မဟုတ်ဘဲ စိတ်လိုကိုယ်လျောက် ကောင်းမှုပြုတာမျိုး ခင်ဗျား​ကို ဖြစ်စေချင်တယ်။” —ဖိလေမုန် ၁၄

မျှတပါ။ ဝီရိယ​ရှိသူတွေဟာ အပျင်း​မ​ကြီး​သ​လို အလုပ်​သရဲတွေလည်း မဟုတ်ကြဘူး။ အလုပ်​ကြိုးစား​သ​လို အနား​လည်း ယူ​ကြတယ်။

ကျမ်းစာ အခြေခံမူ။ “လက်တစ်ဆုပ်​စာ အနားယူ​ရတာဟာ လက်နှစ်ဆုပ်စာ တပင်တပန်း လုပ်ဆောင်ပြီး လေကို ဖမ်းဆုပ်ဖို့ အားထုတ်နေတာထက် ပိုကောင်းတယ်။”—ဒေသနာ ၄:၆