မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တလေးတစား ပြောဆိုခြင်းက အင်္ဂတေ​နဲ့ တူတယ်။ အိမ်ထောင်ကို ခိုင်မြဲ​စေတယ်။

ဇနီးမောင်နှံ​များ​အတွက်

၃– လေးစားခြင်း

၃– လေးစားခြင်း

ဆိုလိုရင်း

လေးစား​တတ်တဲ့ အိမ်ထောင်ဖက်တွေဟာ သဘာထား ကွဲလွဲ​ချိန်​မှာ​တောင် အချင်းချင်း ဂရုစိုက်​ကြတယ်။ “ဒီလို​အိမ်ထောင်ဖက်တွေဟာ အလျှော့မပေးဘဲ တင်းခံ​နေတာမျိုး မရှိကြဘူး။ သဘောထား​ကွဲလွဲမှု​ကို အပြန်အလှန် ဆွေးနွေး​ကြတယ်။ တစ်ဖက်သားရဲ့ သဘောထားကို တလေးတစား နားထောင်ပေးတယ်။ နှစ်ဦး​နှစ်ဖက် အလျှော့ပေးကြတယ်” လို့ Ten Lessons to Transform Your Marriage စာအုပ်မှာ ဖော်ပြထားတယ်။

ကျမ်းစာ အခြေခံမူ။ “မေတ္တာဟာ . . . ကိုယ်ကျိုး မ​ရှာ​တတ်​ဘူး။” —၁ ကောရိန္သု ၁၃:၄၊ ၅

“ကျွန်တော့်​ဇနီးကို လေးစားတယ်ဆိုတာ သူ့ကို တန်ဖိုးထားတာပါ။ ကိုယ့်​ဇနီး​နဲ့ အိမ်ထောင်ကို ထိခိုက်​စေမယ့်​အရာ မှန်သမျှ မလုပ်ချင်ဘူး။”—မိုက်ခါ။

ဘာကြောင့် အရေးကြီးသလဲ

လေးစားမှု မရှိရင် အိမ်ထောင်ဖက် အချင်းချင်း အပြစ်တင်ခြင်း၊ ခနဲ့ခြင်း၊ အထင်သေးခြင်း ဖြစ်လာနိုင်တယ်။ ဒါတွေဟာ ကွာရှင်း​ဖို့ အစပျိုး​တာ​လို့ သုတေသီ​တွေ ဆိုကြတယ်။

“ကိုယ့်​ဇနီးကို စောင်းမြောင်း​ပြောမယ်၊ နောက်ပြောင်မယ်၊ ဟာသ​လုပ်မယ်ဆိုရင် သူ့ကိုယ်သူ ယုံကြည်မှု၊ ကိုယ့်အပေါ် ယုံကြည်မှု မရှိတော့ဘူး။ အိမ်ထောင်ရေး ထိခိုက်​သွားမယ်။”—ဘရိုင်ယန်။

လုပ်ဆောင်နိုင်ရာ

ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်​ပါ

တစ်ပတ်တာ​အတွင်း ကိုယ့်​အပြောအဆို၊ လုပ်ရပ်တွေ​ကို သတိထားကြည့်ပါ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် မေးပါ–

  • ‘ငါ့​အိမ်ထောင်ဖက်​ကို ဘယ်နှစ်ကြိမ် အပြစ်တင်​ဝေဖန်​ခဲ့​သလဲ၊ ဘယ်နှစ်ကြိမ် ချီးမွမ်းခဲ့​သလဲ။’

  • ‘အိမ်ထောင်ဖက်​ကို လေးစားကြောင်း ဘယ်နည်းတွေနဲ့ ပြခဲ့သလဲ။’

အိမ်ထောင်ဖက်​နဲ့ ဆွေးနွေးပါ

  • ဘယ်​လုပ်ရပ်၊ ဘယ်​အပြောအဆို​တွေ​က လေးစား​ခံရတယ်လို့ ခံစားရစေသလဲ။

  • ဘယ်​လုပ်ရပ်၊ ဘယ်​အပြောအဆို​တွေ​က လေးစား​မခံရဘူး​လို့ ခံစားရစေသလဲ။

အကြံပြုချက်များ

  • လေးစားမှု ရချင်တဲ့​ကဏ္ဍသုံးခုကို ချရေးပါ။ အိမ်ထောင်ဖက်​ကိုလည်း ချရေးစေပါ။ စာရွက် အပြန်အလှန် လဲလှယ်ပြီး ရေးထားတဲ့​ကဏ္ဍ​တွေ​မှာ လေးစားမှု​ပြဖို့ ကြိုးစားပါ။

  • အိမ်ထောင်ဖက်​ကို လေးစား​ရတဲ့​အချက်တွေကို ချရေးပါ။ အဲဒီအချက်တွေကို တန်ဖိုးထားကြောင်း အိမ်ထောင်ဖက်​ကို ပြောပြပါ။

“ကျွန်မ​ခင်ပွန်း​ကို လေးစားတယ်ဆိုတာ သူ့ကို တန်ဖိုးထားတယ်၊ ပျော်ရွှင်စေချင်တယ်ဆိုတာ လုပ်ရပ်နဲ့ ပြတာ​ပါ။ ကြီးကြီးမားမား အမြဲ ဖြစ်စရာ မလိုပါဘူး။ တစ်ခါတလေ သေးငယ်တဲ့ လုပ်ရပ်လေးတွေနဲ့ တကယ်​လေးစားကြောင်း ပြနိုင်ပါတယ်။”—မေဂန်။

ငါ လေးစားမှု​ပြ​နေတာပဲ​လို့ ထင်​နေတာက အရေး​မကြီးဘူး။ လေးစား​ခံရတယ်လို့ အိမ်ထောင်ဖက် ခံစားရ၊ မ​ရ ဆိုတာက အရေးကြီးတယ်။

ကျမ်းစာ အခြေခံမူ။ “ချစ်ခင်​စာနာခြင်း၊ ကြင်နာခြင်း၊ စိတ်​နှိမ့်ချ​ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း​တို့ကို ဝတ်ဆင်​ကြ​ပါ။” —ကောလောသဲ ၃:၁၂