မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဘုရားသခင် တွဲဖက်ထား” တဲ့ အိမ်ထောင်ကို ဂုဏ်တင်ပါ

“ဘုရားသခင် တွဲဖက်ထား” တဲ့ အိမ်ထောင်ကို ဂုဏ်တင်ပါ

“ဘုရားသခင် တွဲဖက်​ထားသူတွေ​ကို ဘယ်သူမှ မခွဲကြနဲ့။”—မာ. ၁၀:၉

သီချင်း– ၁၃၁၊ ၁၃၂

၁၊ ၂။ ဟီဘရူး ၁၃:၄ က ဘာလုပ်ဖို့ လှုံ့ဆော်ပေး​သင့်သလဲ။

ယေဟောဝါကို သင် ဂုဏ်တင်​ချင်​သလား။ ဂုဏ်တင်​ချင်​မှာ သေချာ​ပါတယ်။ ဘုရားသခင်ဟာ သင့်ရဲ့ ဂုဏ်တင်မှု​ကို ရထိုက်​ပြီး သင့်ကို ဂုဏ်တင်မယ်​လို့ ကတိ​ပေးထားတယ်။ (၁ ရှ. ၂:၃၀။ ပညာ. ၃:၉။ ဗျာ. ၄:၁၁) အစိုးရ​အရာရှိ​တို့​လို လူလူချင်းကိုလည်း ဂုဏ်တင်​စေချင်တယ်။ (ရော. ၁၂:၁၀။ ၁၃:၇) အထူး ဂုဏ်တင်ဖို့ လိုအပ်တဲ့ ကဏ္ဍ​တစ်ခုကတော့ အိမ်ထောင်​ပါပဲ။

“အိမ်ထောင်မင်္ဂလာ​ကို လူတိုင်း လေးစား​ရမယ်။ အိမ်ထောင်မင်္ဂလာ​ကို မညစ်ညူးစေပါနဲ့” လို့ တမန်တော် ပေါလု ရေးခဲ့တယ်။ (ဟီ. ၁၃:၄) ဒါဟာ ပေါလုရဲ့ သာမန် ရှုမြင်ချက်​လောက်​သာ မဟုတ်ပါဘူး။ အိမ်ထောင်​ကို တန်ဖိုးထား​လေးမြတ်​ဖို့ ခရစ်ယာန်တွေကို အလေးအနက် တိုက်တွန်း​နေတာ​ဖြစ်တယ်။ သင်ဟာ အိမ်ထောင်​ကို၊ အထူးသဖြင့် အိမ်ထောင်သည်​ဆိုရင် သင့်​အိမ်ထောင်​ကို အဲဒီလို ရှုမြင်​သလား။

၃။ အိမ်ထောင်နဲ့​ပတ်သက်ပြီး ဘယ်​အရေးကြီးတဲ့ အကြံဉာဏ်​ကို ယေရှု ပေးခဲ့သလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့ ပုံကို ကြည့်ပါ။)

သင်ဟာ အိမ်ထောင်​ကို တန်ဖိုးထား​လေးမြတ်​တယ်​ဆိုရင် အလွန်​ကောင်းတဲ့ စံနမူနာရှင်​ကို တုပ​နေတာ​ပဲ။ ယေရှုဟာ အိမ်ထောင်​ကို ဂုဏ်​တင်ခဲ့တယ်။ ကွာရှင်းခြင်း​အကြောင်း ဖာရိရှဲတွေ မေးတဲ့အခါ ဦးဆုံး​အိမ်ထောင်​အတွက် ဘုရား​ပြောခဲ့တာကို ကိုးကား​ပြီး “ဒါကြောင့် ယောက်ျား​က မိဘကို ထားခဲ့​ပြီးနောက် သူတို့​နှစ်ယောက်ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်” လို့​ပြောတယ်။ “ဘုရားသခင် တွဲဖက်​ထားသူတွေ​ကို ဘယ်သူမှ မခွဲကြနဲ့” လို့​လည်း ဆက်ပြောတယ်။မာကု ၁၀:၂-၁၂ ကိုဖတ်ပါ။ က. ၂:၂၄

၄။ အိမ်ထောင်​အတွက် ဘယ်​စံနှုန်းကို ယေဟောဝါ ချမှတ်​ခဲ့သလဲ။

အိမ်ထောင်​ကို ဘုရား အစပြု​ပေးခဲ့​ကြောင်း ဒီ​နည်းနဲ့ ယေရှု ထောက်ခံ​ပြီး တစ်သက်လုံး​ပေါင်း​ဖို့ အလေးပေး​ပြောခဲ့တယ်။ ကွာရှင်း​တဲ့​နည်းနဲ့ အိမ်ထောင်​ကို အဆုံးသတ်​နိုင်တယ်လို့ အာဒံနဲ့ ဧဝကို ဘုရား မပြောခဲ့ဘူး။ ဧဒင်မှာ ချမှတ်​ခဲ့​တဲ့ စံနှုန်း​က တစ်​လင်​တစ်​မယား​စနစ်​ဖြစ်တယ်။ “နှစ်ယောက်” ဟာ ထာဝရ ပေါင်းစည်း​သွားဖို့​ပါပဲ။

အိမ်ထောင်​အတွက် ယာယီ အပြောင်းအလဲ​များ

၅။ သေခြင်းက အိမ်ထောင်ရေး​အပေါ် ဘယ်လို သက်ရောက်မှု​ရှိသလဲ။

အာဒံရဲ့ အပြစ်​ကြောင့် အပြောင်းအလဲ​တွေ ဖြစ်ခဲ့တယ်။ တစ်ခုကတော့ အိမ်ထောင်ရေး​အပေါ် သက်ရောက်မှု​ရှိတဲ့ သေခြင်း​ပါပဲ။ အဲဒီ​အချက်ကို တမန်တော် ပေါလု ရေး​တဲ့​စာမှာ တွေ့နိုင်တယ်။ သေခြင်းက အိမ်ထောင်​ကို အဆုံးတိုင်​စေပြီး ကျန်ရစ်သူ အိမ်ထောင်ဖက်​ကို နောက်​အိမ်ထောင်ပြု​စေနိုင်တယ်​လို့ ပေါလု ပြောခဲ့တယ်။—ရော. ၇:၁-၃

၆။ မောရှေ​ပညတ်​က အိမ်ထောင်နဲ့​ပတ်သက်တဲ့ ဘုရားရဲ့​အမြင်​ကို ဘယ်လို ဖော်ပြသလဲ။

အစ္စရေး​လူမျိုးကို ဘုရားသခင်​ပေးတဲ့ ပညတ်​မှာ အိမ်ထောင်ရေး​အကြောင်း အသေးစိတ် ဖော်ပြ​ထားတယ်။ အစ္စရေးတွေကို ပညတ်​မပေးခင်​ကတည်းက ရှိခဲ့တဲ့ မယား​အများယူ​တဲ့ ထုံးစံ​ကို ခွင့်ပြုခဲ့တယ်။ ဒါပေမဲ့ မတော်မတရား​ပြု​တာတွေကို တားဆီး​ပေးတဲ့ ကန့်သတ်ချက်​တွေ​တော့ ရှိတယ်။ ဥပမာ၊ အစ္စရေး​တစ်ယောက်က ကျွန်​မိန်းမကို လက်ထပ်​ယူပြီး နောက်​မိန်းမ ထပ်​ယူ​ခဲ့ရင် အရင်​ယူ​ထားတဲ့ ကျွန်​မိန်းမကို စားစရာ၊ ဝတ်စရာ ဆက်​ထောက်ပံ့​ပေးဖို့၊ အိမ်ထောင်သည်​ဝတ်​ကို မပျက်ကွက်​ဖို့၊ သူ့ကို ကာကွယ်​စောင့်ရှောက်​ဖို့ ဘုရား တောင်းဆိုတယ်။ (ထွ. ၂၁:၉၊ ၁၀) ကျွန်တော်တို့ဟာ မောရှေ​ပညတ်​အောက်မှာ မရှိတော့​ပေမဲ့ အိမ်ထောင်နဲ့​ပတ်သက်တဲ့ ယေဟောဝါရဲ့​အမြင်​ကို အဲဒီ​ပညတ်​ကနေ သိနိုင်တယ်။ ဒါက အိမ်ထောင်​ကို လေးမြတ်​ဖို့ ကူညီ​ပေးတယ် မဟုတ်လား။

၇၊ ၈။ (က) တရားဟောရာ ၂၄:၁ အရ ပညတ်တရားမှာ ကွာရှင်းခြင်းနဲ့​ပတ်သက်ပြီး ဘာ​ပြော​ထားသလဲ။ (ခ) ကွာရှင်းခြင်း​ကို ယေဟောဝါ ဘယ်လို ရှုမြင်​သလဲ။

ကွာရှင်းခြင်း​ကော။ အိမ်ထောင်​ကို ဘုရား အလွန်​လေးမြတ်​ပေမဲ့ ခြွင်းချက်​အနေနဲ့ ကွာရှင်း​ခွင့် ပေးခဲ့တယ်။ (တရားဟောရာ ၂၄:၁ ကိုဖတ်ပါ။) အစ္စရေး​တစ်ယောက်ဟာ “အပြစ်​တင်စရာ​တစ်ခုခု တွေ့” ရင် မိန်းမကို ကွာရှင်း​နိုင်တယ်။ ဘာ “အပြစ်” ဆိုတာကို​တော့ ပညတ်တရားမှာ မဖော်ပြထားဘူး။ အသေးအဖွဲ​အပြစ်တွေ မဟုတ်ဘဲ ရှက်​စရာ​ကောင်းတဲ့၊ ကြီးလေး​တဲ့​အပြစ်တွေ ဖြစ်နိုင်တယ်။ (တရား. ၂၃:၁၄) ဒါပေမဲ့ ယေရှု​ခေတ်​က ဂျူး​များစွာက​တော့ “ဘာ​အကြောင်း​နဲ့​ပဲ​ဖြစ်ဖြစ်” ကွာရှင်း​ခဲ့​ကြတယ်။ (မ. ၁၉:၃) အဲဒီလို သဘောထားမျိုး ကျွန်တော်တို့မှာ မရှိ​ချင်​ကြပါဘူး။

ပရောဖက် မာလခိ​က ကွာရှင်းခြင်းနဲ့​ပတ်သက်တဲ့ ဘုရားရဲ့​အမြင်​ကို ဖော်ပြခဲ့တယ်။ သူ့​ခေတ်​က ယောက်ျား​တွေဟာ ယေဟောဝါကို မကိုးကွယ်တဲ့ မိန်းမငယ်​ငယ်​လေး​တွေကို ယူဖို့ “ငယ်​ပေါင်း​မယား” ကို သစ္စာဖောက် ကွာရှင်း​ကြတယ်။ “ကွာရှင်းတာကို ငါ​မုန်းတယ်” ဆိုပြီး ဘုရား​အမြင်​ကို မာလခိ ရေးခဲ့တယ်။ (မာ​လ. ၂:၁၄-၁၆) ‘ယောက်ျား​က ဇနီးနဲ့ မခွဲအတူ နေလိမ့်မယ်။ သူတို့ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်’ ဆိုတဲ့ ဦးဆုံး​အိမ်ထောင်နဲ့​ပတ်သက်ပြီး ကျမ်းစာ​ပြောတာနဲ့ ကိုက်ညီ​ပါတယ်။ (က. ၂:၂၄) အိမ်ထောင်နဲ့​ပတ်သက်တဲ့ ဖခင်ရဲ့​အမြင်​ကို ထောက်ခံ​တဲ့​အနေနဲ့ “ဘုရားသခင် တွဲဖက်​ထားသူတွေ​ကို ဘယ်သူမှ မခွဲကြနဲ့” လို့ ယေရှု ပြောတယ်။—မ. ၁၉:၆

ကွာရှင်းဖို့ တစ်ခုတည်းသော အကြောင်းရင်း

၉။ မာကု ၁၀:၁၁၊ ၁၂ မှာပါတဲ့ ယေရှုရဲ့ စကားကို ဘယ်လို နားလည်​ရမလဲ။

‘ခရစ်ယာန်​တစ်ယောက် ကွာရှင်း​ပြီး နောက်​အိမ်ထောင်ပြုလို့​ရတဲ့ အကြောင်းရင်း ရှိသလား’ လို့ မေး​မိ​နိုင်တယ်။ ကွာရှင်းခြင်းနဲ့​ပတ်သက်ပြီး ယေရှု ဒီလို​ပြောတယ်– “ကိုယ့်​ဇနီးကို ကွာရှင်း​ပြီး တခြား​မိန်းမ​နဲ့ လက်ထပ်​တဲ့​သူဟာ​ အိမ်ထောင်ရေး​ဖောက်ပြန်သူ၊ ကိုယ့်​ဇနီးကို ပြစ်မှားသူ​ပဲ။ ကိုယ့်​ယောက်ျားကို ကွာရှင်း​ပြီး တခြား​တစ်ယောက်ကို လက်ထပ်​တဲ့ မိန်းမလည်း အိမ်ထောင်ရေး​ဖောက်ပြန်သူ​ပဲ။” (မာ. ၁၀:၁၁၊ ၁၂။ လု. ၁၆:၁၈) ဒီ​နည်းနဲ့ အိမ်ထောင်​ကို ယေရှု ဂုဏ်​တင်ခဲ့တယ်။ တခြား​သူတွေကိုလည်း အဲဒီလို ဂုဏ်တင်​စေချင်တယ်။ သစ္စာ​ရှိတဲ့ အိမ်ထောင်ဖက်​ကို ကွာရှင်း​ပြီး နောက်​အိမ်ထောင်ပြု​တဲ့ ယောက်ျား​ဖြစ်စေ၊ မိန်းမ​ဖြစ်စေ အိမ်ထောင်ရေး​ဖောက်ပြန်သူ ဖြစ်တယ်။ ကွာရှင်း​ရုံ​နဲ့ အိမ်ထောင်ရေး အဆုံးတိုင်​သွားတာ မဟုတ်ဘူး။ ဘုရား​ရှေ့မှာ “တစ်သားတစ်ကိုယ်တည်း” ဖြစ်​နေတုန်းပဲ။ အဲဒီအပြင် အပြစ်မဲ့တဲ့ ဇနီးကို ကွာရှင်း​တဲ့ ယောက်ျား​ဟာ ဇနီးကို အိမ်ထောင်ရေး​ဖောက်ပြန်သူ ဖြစ်အောင် လုပ်​ရာ​ရောက်တယ်​လို့ ယေရှု ပြောတယ်။ ဘယ်လို​နည်းနဲ့လဲ။ ကွာရှင်း​ထားတဲ့ မိန်းမဟာ ငွေကြေး​အထောက်အပံ့​ရဖို့ နောက်​အိမ်ထောင်​ပြုရမယ်​လို့ ခံစား​ရနိုင်တယ်။ အဲဒီလိုမျိုး နောက်​အိမ်ထောင်ပြုတာဟာ အိမ်ထောင်ရေး​ဖောက်ပြန်မှု​ပါပဲ။

၁၀။ ခရစ်ယာန်​တစ်ယောက် ကွာရှင်း​ပြီး နောက်​အိမ်ထောင်ပြု​နိုင်တဲ့ အကြောင်းရင်း​က ဘာလဲ။

၁၀ အိမ်ထောင်​အဆုံးသတ်​နိုင်တဲ့ အကြောင်းရင်းကို ယေရှု ပြောခဲ့တယ်– “ကျွန်တော်​ပြောမယ်။ ကိုယ့်​ဇနီးကို လိင်​အကျင့်​ယိုယွင်းမှုကြောင့် မဟုတ်ဘဲ တခြား​အကြောင်းကြောင့် ကွာရှင်း​ပြီး တခြား​သူနဲ့ လက်ထပ်​တဲ့​သူဟာ အိမ်ထောင်ရေး ဖောက်ပြန်သူ​ပဲ။” (မ. ၁၉:၉) တောင်ပေါ်​တရားတော်​မှာလည်း အဲဒီလို ပြောခဲ့တယ်။ (မ. ၅:၃၁၊ ၃၂) နှစ်ကြိမ်စလုံးမှာ “လိင်​အကျင့်​ယိုယွင်းမှု” [ဂရိ၊ ပေါ်နီယာ] အကြောင်း ယေရှု ပြောတယ်။ အဲဒီ​စကားလုံးမှာ အိမ်ထောင်​ပြင်ပ လိင်ဆိုင်ရာ​အပြစ်အားလုံး အကျုံးဝင်​တယ်။ အိမ်ထောင်ရေး​ဖောက်ပြန်​တာ၊ ပြည့်တန်ဆာ​လုပ်တာ၊ လက်မ​ထပ်​ထား​ဘဲ လိင်ဆက်ဆံတာ၊ လိင်​တူ​ချင်း​ဖြစ်စေ၊ တိရစ္ဆာန်​နဲ့​ဖြစ်စေ လိင်ဆက်ဆံတာ​တွေ ပါဝင်​တယ်။ ဥပမာ၊ လင်​ယောက်ျား​ဟာ လိင်​အကျင့်​ယိုယွင်း​ခဲ့ရင် ဇနီးသည်​က ကွာရှင်းမယ်၊ မ​ကွာရှင်း​ဘူးဆို​တာ ဆုံးဖြတ်​နိုင်တယ်။ ကွာရှင်းဖို့ ဆုံးဖြတ်​ခဲ့ရင် ဘုရား​ရှေ့မှာ အိမ်ထောင်ရေး အဆုံးတိုင်​သွားပြီ။

၁၁။ ကွာရှင်းဖို့ ကျမ်းစာ​အကြောင်းရင်း ရှိပေမဲ့ မ​ကွာရှင်းဖို့ ဘာကြောင့် ဆုံးဖြတ်​နိုင်သလဲ။

၁၁ အိမ်ထောင်ဖက်ရဲ့ အကျင့်​ယိုယွင်းမှု (ပေါ်နီယာ) ကြောင့် မဖြစ်​မနေ ကွာရှင်း​ရမယ်လို့ ယေရှု မပြောဘူး။ ဥပမာ၊ ယောက်ျား​ဖြစ်သူ လိင်​အကျင့်​ယိုယွင်း​ပေမဲ့ ဇနီးက ဆက်ပေါင်း​ဖို့ ဆုံးဖြတ်​နိုင်တယ်။ ဇနီးက ယောက်ျား​ကို ချစ်​နေဆဲ​ဖြစ်လို့ ခွင့်လွှတ်​ပြီး အိမ်ထောင်ရေး အဆင်ပြေ​အောင် အတူ​ကြိုးစား​ဖို့ ဆန္ဒရှိ​နေ​နိုင်တယ်။ အဲဒီအပြင် ဇနီးက ကွာရှင်း​ပြီး နောက်​အိမ်ထောင် မပြု​ရင် အခက်အခဲ​တွေ ရင်ဆိုင်​ရနိုင်တယ်။ ရုပ်ပိုင်း၊ လိင်​ပိုင်း လိုအပ်ချက်​တွေ ဘယ်သူ ဖြည့်ဆည်း​ပေး​မလဲ။ အထီးကျန်​လာ​ရင်​ကော။ ထည့်​စဉ်းစားရမယ့် သားသမီးတွေ ရှိသလား။ ကွာရှင်း​လိုက်ရင် သားသမီးတွေကို အမှန်တရား​မှာ ပြုစု​ပျိုးထောင်​ဖို့ ပို​ခက်​သွား​မလား။ (၁ ကော. ၇:၁၄) အပြစ်မဲ့တဲ့ အိမ်ထောင်ဖက်ဟာ ကွာရှင်း​လိုက်ရင် ကြီးမားတဲ့ အခက်အခဲ​တွေ ရင်ဆိုင်​ရနိုင်တယ်။

၁၂၊ ၁၃။ (က) ဟောရှေရဲ့ အိမ်ထောင်ရေး ဘယ်လို​ဖြစ်ခဲ့သလဲ။ (ခ) ဂေါမာကို ဟောရှေ ဘာကြောင့် ပြန်​ပေါင်း​တာလဲ။ အဲဒီကနေ ဘာသင်ယူနိုင်သလဲ။

၁၂ ပရောဖက် ဟောရှေရဲ့ အဖြစ်​က အိမ်ထောင်​အပေါ်​ ဘုရား​သခင့် ရှုမြင်ပုံကို မြင်သာ​စေတယ်။ ဘုရားက​ ဟောရှေ​ကို ဂေါမာလို့​ခေါ်တဲ့ “ပြည့်တန်ဆာ​တစ်ယောက်ကို လက်ထပ်ပါ။ ပြည့်တန်ဆာ​လုပ်ပြီး မွေး​လာမယ့် သားသမီးတွေကို မင်း​ရလိမ့်မယ်” လို့​ပြောတယ်။ “ဂေါမာမှာ ကိုယ်ဝန်​ရှိလာပြီး သားတစ်ယောက် မွေးတယ်။” (ဟော. ၁:၂၊ ၃) နောက်ပိုင်း ဂေါမာ အိမ်ထောင်ရေး​ဖောက်ပြန်​ပြီး သမီး​တစ်ယောက်၊ သားတစ်ယောက် မွေးလာတယ်။ ဂေါမာ အကြိမ်ကြိမ် ဖောက်ပြန်​ပေမဲ့ ဟောရှေ ဆက်ပေါင်း​ခဲ့​တယ်။ နောက်ဆုံး ဟောရှေ​ကို ပစ်​သွားပြီး ကျွန်ဘဝ ရောက်​သွားတယ်။ ဒါတောင် ဟောရှေ ပြန်​ဝယ်တယ်။ (ဟော. ၃:၁၊ ၂) အစ္စရေးတွေရဲ့ ဖောက်ပြန်မှု​ကို အကြိမ်ကြိမ် ခွင့်လွှတ်​ကြောင်း ဖော်ပြဖို့ ဟောရှေ​ကို ယေဟောဝါ အသုံးပြုခဲ့တယ်။ ကျွန်တော်တို့ ဘာသင်ယူနိုင်သလဲ။

၁၃ အိမ်ထောင်ဖက်​က လိင်​အကျင့်​ယိုယွင်း​တဲ့အခါ အပြစ်မဲ့တဲ့ အိမ်ထောင်ဖက်​အနေနဲ့ ဆုံးဖြတ်​ရတော့မယ်။ အပြစ်မဲ့​သူက ကွာရှင်း​ပြီး လွတ်လပ်​စွာ နောက်​အိမ်ထောင်ပြု​နိုင်တယ်လို့ ယေရှု ပြောတယ်။ ဒါပေမဲ့ ခွင့်လွှတ်လို့လည်း ရတယ်။ ဒါဟာ မမှားပါဘူး။ ဂေါမာကို ဟောရှေ ပြန်​ပေါင်းတယ်။ ဟောရှေ​နဲ့ ပြန်​ပေါင်း​ချိန်​က​စပြီး တခြား​ယောက်ျားတွေနဲ့ ဂေါမာ မဆက်ဆံ​ရတော့ဘူး။ ဟောရှေ​ဟာ အချိန်​အတိုင်းအတာ​တစ်ခု​အထိ ဂေါမာနဲ့​အတူ “မအိပ်​ဘူး။” (ဟော. ၃:၃) နောက်ပိုင်း ဟောရှေ အတူ​ပြန်​အိပ်ခဲ့​မှာ​ပဲ။ ဒါဟာ လူမျိုးတော်ကို ပြန်​လက်ခံ​ပြီး ဆက်သွယ်​လို​တဲ့ ဘုရား​ဆန္ဒ​ကို ဖော်ပြတယ်။ (ဟော. ၁:၁၁။ ၃:၃-၅) ဒီနေ့​ခေတ် အိမ်ထောင်ရေး​နဲ့​ပတ်သက်ပြီး ဘာသိ​စေ​သလဲ။ အပြစ်မဲ့တဲ့ အိမ်ထောင်ဖက်​က ဖောက်ပြန်တဲ့ အိမ်ထောင်ဖက်​နဲ့ ပြန်​လိင်ဆက်ဆံတာ​က သူ့ကို ခွင့်လွှတ်​ကြောင်း ဖော်ပြရာ​ရောက်တယ်။ (၁ ကော. ၇:၃၊ ၅) ဒါက ကွာရှင်း​နိုင်တဲ့ အကြောင်းရင်းကို ပျက်ပြယ်​စေတယ်။ နောက်ပိုင်း အိမ်ထောင်နဲ့​ပတ်သက်ပြီး ဘုရားရဲ့​အမြင်​မျိုး​ရှိအောင် အတူ​ကြိုးစား​သင့်တယ်။

အိမ်ထောင်ရေး အဆင်မပြေ​ရင်တောင် ဂုဏ်တင်ပါ

၁၄။ ၁ ကောရိန္သု ၇:၁၀၊ ၁၁ အရ အိမ်ထောင်မှာ ဘာဖြစ်​နိုင်သလဲ။

၁၄ ခရစ်ယာန်​အားလုံးဟာ အိမ်ထောင်​ကို ယေဟောဝါနဲ့ ယေရှု​လို အလေးထား​သင့်တယ်။ ဒါပေမဲ့ မစုံလင်သူတွေ​ဖြစ်လို့ အလေးထား​ဖို့ ပျက်ကွက်​မိ​နိုင်တယ်။ (ရော. ၇:၁၈-၂၃) ပထမရာစု​တုန်း​က ခရစ်ယာန်​တချို့လည်း အိမ်ထောင်ရေး အဆင်မပြေ​ခဲ့​ကြဘူး။ “ဇနီးဟာ ခင်ပွန်း​နဲ့ ခွဲ​မနေ​ရ​ဘူး” လို့ ပေါလု ရေး​ပေမဲ့ ခွဲနေ​သူတွေ ရှိခဲ့တယ်။၁ ကောရိန္သု ၇:၁၀၊ ၁၁ ကိုဖတ်ပါ။

အဆင်မပြေတဲ့ အိမ်ထောင်ရေးကို တိုးတက်ကောင်းမွန်လာအောင် ဘယ်လို လုပ်နိုင်မလဲ (အပိုဒ် ၁၅ ကိုကြည့်ပါ)

၁၅၊ ၁၆။ (က) အိမ်ထောင်ရေး အဆင်မပြေ​ရင်တောင် ဘာလုပ်ဖို့ ကြိုးစား​သင့်သလဲ။ ဘာကြောင့်လဲ။ (ခ) အဲဒါက မယုံကြည်သူ အိမ်ထောင်ဖက် ရှိသူတွေနဲ့ ဘယ်လို သက်ဆိုင်​သလဲ။

၁၅ ဘာကြောင့် ခွဲနေ​ကြတယ်ဆိုတာ ပေါလု မပြောဘူး။ ယောက်ျား လိင်​အကျင့်​ယိုယွင်း​လို့​တော့ မဟုတ်ဘူး။ အဲဒီလိုသာ​ဆိုရင် ဇနီး​ဖြစ်သူ ကွာရှင်း​ပြီး နောက်​အိမ်ထောင်ပြုလို့ ရတယ်။ ဇနီးဟာ ယောက်ျား​နဲ့ ခွဲ​နေတယ်​ဆိုရင် “နောက်​အိမ်ထောင်​မပြု​ဘဲ နေရမယ်။ ဒါမှမဟုတ် ကိုယ့်​ခင်ပွန်း​နဲ့ ပြန်​ပေါင်း​ရမယ်” လို့ ပေါလု ရေးတယ်။ ဘုရား​ရှေ့မှာ သူတို့ဟာ လင်မယား​ဖြစ်​နေတုန်းပဲ။ ဘာ​ပြဿနာ​ပဲ​ဖြစ်ပါစေ လိင်​အကျင့်​ယိုယွင်းမှု မဟုတ်​ရင် ပြန်​ပေါင်း​သင့်တယ်လို့ ပေါလု အကြံ​ပေးတယ်။ အသင်းတော် အကြီးအကဲ​တွေ​ဆီက ကျမ်းစာ​အခြေပြု အကူအညီ​ရယူ​သင့်တယ်။ အကြီးအကဲ​တွေ​က ဘက်မလိုက်​ဘဲ ကျမ်းစာ​ကနေ အကြံဉာဏ်​ပေး​နိုင်တယ်။

၁၆ ခရစ်ယာန်​တစ်ယောက်က ယေဟောဝါကို ဝတ်​မပြု​သူနဲ့ လက်ထပ်​ထားတယ် ဆိုရင်ကော။ ပြဿနာ​ဖြစ်တာ​နဲ့ ခွဲနေလို့ ရ​သလား။ လိင်​အကျင့်​ယိုယွင်း​ရင် ကွာရှင်း​နိုင်တယ်လို့ ကျမ်းစာ​ပြောပေမဲ့ ခွဲနေလို့​ရတဲ့ အကြောင်းရင်း​တွေကို​တော့ မဖော်ပြထားဘူး။ ‘ညီအစ်မ​တစ်ယောက်မှာ မယုံကြည်သူ ခင်ပွန်း​ရှိတယ် ဆိုပါစို့။ သူ့​ခင်ပွန်းက အတူ​ပေါင်းသင်း နေထိုင်​ချင်တယ်​ဆိုရင် ခင်ပွန်း​နဲ့ ခွဲ​မနေ​ရ​ဘူး’ လို့ ပေါလု ရေးတယ်။ (၁ ကော. ၇:၁၂၊ ၁၃) ဒါဟာ ဒီနေ့​ခေတ်နဲ့လည်း သက်​ဆိုင်တယ်။

၁၇၊ ၁၈။ အိမ်ထောင်ရေး အဆင်မပြေ​ရင်တောင် ခရစ်ယာန်​တချို့ ဘာကြောင့် ဆက်ပေါင်း​ကြတာလဲ။

၁၇ “မယုံကြည်သူ ခင်ပွန်း” နဲ့ “အတူ​ပေါင်းသင်း​နေထိုင်” ဖို့ မဖြစ်​တော့​တဲ့အခါ​တွေ ရှိ​နိုင်တယ်။ ကျန်းမာရေး ထိခိုက်​တဲ့​အထိ၊ အသက်​အန္တရာယ်​ရှိတဲ့​အထိ နှိပ်စက်တာ၊ မိသားစုကို မထောက်ပံ့​တာ၊ ဝတ်ပြုရေး​ကို အကြီးအကျယ် နှောင့်ယှက်​တာ ဖြစ်နိုင်တယ်။ အဲဒီလို အခြေအနေ​မှာ ခရစ်ယာန်​ဇနီးသည်​က အိမ်ထောင်ဖက် ဘာပဲ​ပြောပါစေ “အတူ​ပေါင်းသင်း​နေထိုင်” ဖို့ မဖြစ်​တော့​ဘူး၊ ခွဲနေဖို့ လို​ပြီလို့ ဆုံးဖြတ်​နိုင်တယ်။ ဒါပေမဲ့ ခရစ်ယာန်​တချို့ကတော့ ခွဲ​နေမယ့်​အစား ဆက်ပေါင်း​ပြီး အိမ်ထောင်ရေး အဆင်ပြေ​အောင် ကြိုးစား​ကြတယ်။ ဘာကြောင့်လဲ။

၁၈ ခွဲ​နေရင်တောင် သူတို့ဟာ အိမ်ထောင်ဖက်​တွေ ဖြစ်​နေတုန်းပဲ။ ခွဲ​နေမယ်​ဆိုရင် အထက်မှာ​ဖော်ပြခဲ့တဲ့​အတိုင်း နှစ်ယောက်စလုံး အခက်အခဲ​တွေ ကြုံရ​နိုင်တယ်။ မ​ခွဲ​သင့်တဲ့ နောက်​အကြောင်းရင်း​တစ်ခုကို တမန်တော် ပေါလု ဒီလို​ပြောတယ်– “ခင်ပွန်းဟာ မယုံကြည်သူ​ဖြစ်ပေမဲ့ ညီအစ်မ​နဲ့ စုံဖက်​ထားတဲ့​အတွက် သန့်စင်တယ်။ ဇနီးကလည်း မယုံကြည်သူ​ဖြစ်ပေမဲ့ ညီအစ်ကို​နဲ့ စုံဖက်​ထားတဲ့​အတွက် သန့်စင်တယ်။ ဒီလို​မှ​မဟုတ်​ရင် သားသမီးတွေဟာ ဘုရားရဲ့​အမြင်မှာ စင်ကြယ်​နေမှာ မဟုတ်ဘူး။ အခုတော့ သူတို့ သန့်ရှင်း​နေတယ်။” (၁ ကော. ၇:၁၄) သစ္စာရှိ ခရစ်ယာန်​များစွာဟာ အခက်အခဲ​တွေ​ကြားမှာ​တောင် မယုံကြည်သူ အိမ်ထောင်ဖက်​နဲ့ ဆက်ပေါင်း​ကြတယ်။ သူတို့ ယေဟောဝါကို ကိုးကွယ်​သူတွေ ဖြစ်လာတဲ့​အခါ ဆက်ပေါင်း​ရကျိုးနပ်​လို့ သိပ်​ပျော်ရွှင်​ကြတယ်။၁ ကောရိန္သု ၇:၁၆ ကိုဖတ်ပါ။ ၁ ပေ. ၃:၁၊ ၂

၁၉။ ခရစ်ယာန်​အသင်းတော်မှာ အောင်မြင်​တဲ့ အိမ်ထောင်​တွေ ဘာကြောင့် အများကြီး ရှိနေ​တာလဲ။

၁၉ ယေရှု​က ကွာရှင်းခြင်း​အကြောင်း ပြောခဲ့​သလို တမန်တော် ပေါလုက ခွဲနေခြင်း​နဲ့​ပတ်သက်ပြီး အကြံ​ပေးခဲ့တယ်။ သူတို့​နှစ်ယောက်စလုံး​က ဘုရား​ကျေးကျွန်တွေ အိမ်ထောင်​ကို ဂုဏ်တင်​စေချင်တယ်။ ဒီနေ့ ခရစ်ယာန်​အသင်းတော်မှာ အောင်မြင်​တဲ့ အိမ်ထောင်​တွေ အများကြီး ရှိတယ်။ သင့်ရဲ့ ဒေသခံ​အသင်းတော်မှာ ပျော်ရွှင်​နေတဲ့ အိမ်ထောင်သည်တွေကို တွေ့နိုင်တယ်။ သူတို့ဟာ ဇနီးကို ချစ်တဲ့ သစ္စာရှိ ညီအစ်ကို​တွေ၊ ခင်ပွန်းကို လေးစားတဲ့ ဇနီး​တွေ​ပါပဲ။ သူတို့​အားလုံး​က အိမ်ထောင်​ကို ဂုဏ်တင်​နိုင်ကြောင်း ဖော်ပြတယ်။ “ဒါကြောင့် ယောက်ျား​က မိဘကို​ထားခဲ့ပြီး ဇနီးနဲ့ မခွဲအတူ နေလိမ့်မယ်။ သူတို့​နှစ်ယောက်ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်” ဆိုတဲ့ ကျမ်းစကား မှန်ကန်ကြောင်း သက်သေထူ​သူ သန်းပေါင်း​များစွာ ရှိနေလို့ ကျွန်တော်တို့ ဝမ်းမြောက်​နိုင်ပါတယ်။—ဧ. ၅:၃၁၊ ၃၃