သင်ခန်းစာ ၄၁

ဒါဝိဒ်နဲ့ ရှောလု

ဒါဝိဒ်နဲ့ ရှောလု

ဂေါလျတ်ကို ဒါဝိဒ် သတ်ပြီးနောက် ဘုရင်ရှောလုက ဒါဝိဒ်ကို စစ်တပ်ခေါင်းဆောင် ခန့်လိုက်တယ်။ ဒါဝိဒ်ဟာ တိုက်ပွဲအများကြီးကို အနိုင်ရလို့ နာမည်ကြီးလာတယ်။ စစ်ပွဲနိုင်ပြီး ဒါဝိဒ်ပြန်လာတဲ့အခါတိုင်း အမျိုးသမီးတွေက ‘ရှောလုသတ်တာ အထောင်ထောင်၊ ဒါဝိဒ်သတ်တာ အသောင်းသောင်း’ ဆိုပြီး သီချင်းဆို ကခုန်ကြတယ်။ ဒါနဲ့ ရှောလုဟာ ဒါဝိဒ်ကို မနာလိုဖြစ်လာပြီး သတ်ဖို့ ကြိုးစားတော့တယ်။

ဒါဝိဒ်ဟာ စောင်းကို ကောင်းကောင်းတီးတတ်တယ်။ တစ်နေ့၊ ရှောလုအတွက် ဒါဝိဒ်စောင်းတီးပေးနေတုန်း ဘုရင်က သူ့လှံနဲ့ ဒါဝိဒ်ကို ပစ်ပေါက်လိုက်တယ်။ ဒါဝိဒ် အချိန်မီရှောင်လိုက်လို့ လှံဟာ နံရံမှာ သွားစိုက်တယ်။ အဲဒီနောက်ပိုင်း ရှောလုဟာ ဒါဝိဒ်ကို သတ်ဖို့ ခဏခဏ ကြိုးစားတယ်။ နောက်ဆုံး ဒါဝိဒ်ထွက်ပြေးပြီး တောကန္တာရမှာ ပုန်းနေရတော့တယ်။

ရှောလုဟာ စစ်သား ၃,၀၀၀ နဲ့ ဒါဝိဒ်ကို လိုက်ဖမ်းရင်း ဒါဝိဒ်နဲ့ သူ့လူတွေပုန်းနေတဲ့ ဂူထဲ ဝင်မိသွားတယ်။ ဒါဝိဒ်လူတွေက ‘ရှောလုကို သတ်ဖို့ အခွင့်အရေးပဲ’ လို့ပြောကြတော့ ဒါဝိဒ်ဟာ ရှောလုနား သွားပြီး ဘုရင့်အင်္ကျီစကို ဖြတ်ယူလိုက်တယ်။ အဲဒါကို ရှောလု သိတောင်မသိလိုက်ဘူး။ ယေဟောဝါခန့်အပ်ထားတဲ့ ဘုရင်ကို မလေးစားရာရောက်သွားလို့ ဒါဝိဒ် နောင်တရမိတယ်။ သူ့လူတွေကိုလည်း ရှောလုကို မထိခိုက်ခိုင်းဘူး။ ဒီနောက် အခွင့်အရေးရလျက်နဲ့ ဘုရင့်ကိုမသတ်ခဲ့ဘူးလို့ ရှောလုကို လှမ်းအော်ပြောပြတယ်။ ရှောလု စိတ်ပြောင်းလဲသွားသလား။

မပြောင်းလဲဘူး။ ဒါဝိဒ်ကို လိုက်ဖမ်းနေတုန်းပဲ။ တစ်ည ဒါဝိဒ်နဲ့ သူ့တူအဘိရှဲဟာ ရှောလုရဲ့တပ်စခန်းထဲ ခိုးဝင်ကြတယ်။ ရှောလုရဲ့ သက်တော်စောင့် အာဗနာလည်း အိပ်ပျော်နေတယ်။ အဘိရှဲက ‘အခွင့်အရေးပဲ။ သူ့ကို သတ်ပါရစေ’ လို့ပြောတော့ ဒါဝိဒ်က ‘ယေဟောဝါပဲ ရှောလုကို စီရင်ပါစေ။ သူ့ရဲ့လှံနဲ့ ရေဘူးပဲ ယူသွားရအောင်’ တဲ့။

ဒါဝိဒ်ဟာ ရှောလုတပ်စခန်းကို မြင်ရတဲ့အနီးနားက တောင်ပေါ် တက်သွားပြီး ‘အာဗနာ၊ မင်းကြီးကို ဘာလို့ မကာကွယ်တာလဲ။ ဘုရင့် ရေဘူးနဲ့လှံတံ ဘယ်မှာလဲ’ လို့ အော်မေးတော့ ရှောလုက ဒါဝိဒ်အသံကို မှတ်မိသွားပြီး ‘မင်းငါ့ကို သတ်နိုင်လျက်နဲ့ မသတ်ခဲ့ဘူး။ မင်းဟာ နောက်တက်မယ့် ဘုရင် ဖြစ်မယ်ဆိုတာ ငါသိပြီ’ လို့ပြန်ပြောတယ်။ ရှောလုဟာ နန်းတော်ကို ပြန်သွားတယ်။ ရှောလုမိသားစုထဲမှာ ဒါဝိဒ်ကို မမုန်းတဲ့သူလည်း ရှိပါတယ်။

“ဖြစ်နိုင်မယ်ဆိုရင် လူအားလုံးနဲ့ သင့်မြတ်အောင် အတတ်နိုင်ဆုံး ကြိုးစားပါ။ ချစ်ရသူတို့၊ လက်စားမချေပါနဲ့။ အမျက်တော်ကိုသာ အခွင့်ပေးလိုက်ပါ။”—ရောမ ၁၂:၁၈၊ ၁၉