မာတိကာဆီ ကျော်သွား

နောဧနဲ့ ရေလွှမ်းမိုးဘေးကြီးအကြောင်း—ဒဏ္ဍာရီသက်သက်ပဲလား

နောဧနဲ့ ရေလွှမ်းမိုးဘေးကြီးအကြောင်း—ဒဏ္ဍာရီသက်သက်ပဲလား

ကျမ်းစာအဖြေ

 ရေလွှမ်းမိုးဘေးဟာ တကယ့်ဖြစ်ရပ်ပါ။ လူဆိုးတွေကို ဖျက်ဆီးဖို့ ဘုရားသခင်က ရေလွှမ်းမိုးဘေး ကျရောက်စေခဲ့တယ်။ ဒါပေမဲ့ လူကောင်းတွေနဲ့ တိရစ္ဆာန်တွေ ရှင်သန်ကျန်ရစ်စေဖို့ နောဧကို သင်္ဘော ဆောက်ခိုင်းတယ်။ (ကမ္ဘာဦး ၆:၁၁-၂၀) ဒီအကြောင်းကို “ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးထားတဲ့” ကျမ်းစာမှာ မှတ်တမ်းတင်ထားလို့ ရေလွှမ်းမိုးဘေး တကယ်ဖြစ်ခဲ့မှန်း ယုံကြည်စိတ်ချနိုင်ပါတယ်။—၂ တိမောသေ ၃:၁၆

 ဖြစ်ရပ်မှန်လား၊ ဒဏ္ဍာရီပုံပြင်လား

 နောဧဟာ တကယ့်ပုဂ္ဂိုလ် ဖြစ်ပြီး ရေလွှမ်းမိုးဘေးကလည်း ဒဏ္ဍာရီပုံပြင် မဟုတ်ဘဲ တကယ်ဖြစ်ခဲ့ကြောင်း ကျမ်းစာမှာ ဖော်ပြတယ်။

  •   နောဧဟာ တကယ့်ပုဂ္ဂိုလ် ဖြစ်ကြောင်း ကျမ်းရေးသူတွေ ယုံကြည်ကြတယ်။ သမိုင်းပညာရှင်လည်း ဖြစ်၊ ကျမ်းရေးသူလည်း ဖြစ်ကြတဲ့ ဧဇရနဲ့ လုကာတို့က အစ္စရေးဆွေစဉ်မျိုးဆက်စာရင်းမှာ နောဧကို ထည့်သွင်းခဲ့ကြတယ်။ (၁ ရာဇဝင်ချုပ် ၁:၄။ လုကာ ၃:၃၆) မဿဲနဲ့ လုကာကလည်း နောဧနဲ့ ရေလွှမ်းမိုးဘေးအကြောင်း ယေရှုရဲ့ စကားကို ခရစ်ဝင်ကျမ်းမှာ မှတ်တမ်းတင်ကြတယ်။—မဿဲ ၂၄:၃၇-၃၉။ လုကာ ၁၇:၂၆၊ ၂၇

     ဒီ့ပြင် ပရောဖက်ယေဇကျေလနဲ့ တမန်တော်ပေါလုတို့ကလည်း နောဧကို ယုံကြည်ခြင်း၊ ဖြောင့်မတ်ခြင်း စံနမူနာရှင်အဖြစ် ဖော်ပြကြတယ်။ (ယေဇကျေလ ၁၄:၁၄၊ ၂၀။ ဟီဘရူး ၁၁:၇) ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ယောက်ကို စံနမူနာရှင်အဖြစ် ရေးသားဖော်ပြရင် အဓိပ္ပာယ်ရှိပါ့မလား။ ယုံကြည်ခြင်း ပြည့်ဝသူ နောဧနဲ့ တခြားအမျိုးသား/သမီးတို့ဟာ တကယ့်ပုဂ္ဂိုလ်တွေ ဖြစ်ကြလို့သာ သူတို့ရဲ့ စံနမူနာကို အတုယူခိုင်းနေတာပါ။—ဟီဘရူး ၁၂:၁။ ယာကုပ် ၅:၁၇

  •   ကျမ်းစာမှာ ရေလွှမ်းမိုးဘေးအကြောင်း အသေးစိတ် ဖော်ပြထားတယ်။ ရေလွှမ်းမိုးဘေးအကြောင်း ကျမ်းစာမှတ်တမ်းကို ဒဏ္ဍာရီပုံပြင်တွေလို “ဟိုးရှေးရှေးတုန်းက” ဆိုတဲ့စကားနဲ့ အစပြုမထားဘူး။ ရေလွှမ်းမိုးတဲ့ နှစ်၊ လ၊ ရက် အတိအကျ ဖော်ပြထားတယ်။ (ကမ္ဘာဦး ၇:၁၁။ ၈:၄၊ ၁၃၊ ၁၄) နောဧ ဆောက်လုပ်တဲ့သင်္ဘော အရွယ်အစားကိုလည်း ဖော်ပြထားတယ်။ (ကမ္ဘာဦး ၆:၁၅) ဒီအသေးစိတ် အချက်အလက်တွေက ရေလွှမ်းမိုးဘေးဟာ ဒဏ္ဍာရီပုံပြင် မဟုတ်ဘဲ ဖြစ်ရပ်မှန် ဖြစ်ကြောင်း ဖော်ပြတယ်။

 ဘာကြောင့် ရေလွှမ်းမိုးခဲ့သလဲ

 ကျမ်းစာအရ ရေလွှမ်းမိုးဘေး မတိုင်ခင် “လူတွေ သိပ်ဆိုးသွမ်းနေ” ကြတယ်။ (ကမ္ဘာဦး ၆:၅) အကြမ်းဖက်မှု၊ လိင်အကျင့်ပျက်မှုတွေ ပြည့်နေလို့ “ကမ္ဘာမြေဟာ ဘုရားသခင့်အမြင်မှာ ပျက်စီးယိုယွင်းနေ” ပြီ လို့လည်း ဖော်ပြထားတယ်။—ကမ္ဘာဦး ၆:၁၁။ ယုဒ ၆၊ ၇

 လူ့သမီးတွေနဲ့ ဆက်ဆံဖို့ ကိုယ့်နေရာကို စွန့်ခွာခဲ့တဲ့ ကောင်းကင်တမန်ဆိုးတွေကြောင့် ဒီလိုဆိုးသွမ်းနေခြင်း ဖြစ်တယ်လို့ ကျမ်းစာ ဆိုတယ်။ ဒီကောင်းကင်တမန်တွေရဲ့သား နက်ဖလင်တွေက လူတွေကို ဒုက္ခအမျိုးမျိုး ပေးကြတယ်။ (ကမ္ဘာဦး ၆:၁၊ ၂၊) ဒါကြောင့် ဘုရားသခင်က ကမ္ဘာပေါ်မှာရှိတဲ့ လူဆိုးတွေကို ဖျက်ဆီးပစ်ပြီး လူကောင်းတွေနဲ့ ပြန်အစပြုဖို့ ဆုံးဖြတ်လိုက်တယ်။—ကမ္ဘာဦး ၆:၆၊ ၇၊ ၁၇

 ရေလွှမ်းမိုးမှာကို လူတွေ သိကြသလား

 သိကြပါတယ်။ ရေလွှမ်းမိုးဘေး ကျရောက်တော့မယ်၊ အိမ်သားနဲ့ တိရစ္ဆာန်တွေကို ကယ်တင်ဖို့ သင်္ဘောဆောက်ရမယ်လို့ နောဧကို ဘုရားသခင် မိန့်မှာတယ်။ (ကမ္ဘာဦး ၆:၁၃၊ ၁၄။ ၇:၁-၄) ရောက်လာတော့မယ့် ဖျက်ဆီးခြင်းဘေးအကြောင်း နောဧ သတိပေးပေမဲ့ လူတွေ ဂရုမစိုက်ကြဘူး။ (၂ ပေတရု ၂:၅) “ရေလွှမ်းမိုးဘေး ရောက်ပြီး အားလုံးကို သုတ်သင်ပယ်ရှင်းလိုက်ချိန်အထိ သတိမဲ့နေကြတယ်” လို့ ကျမ်းစာက ဆိုတယ်။—မဿဲ ၂၄:၃၇-၃၉

 နောဧသင်္ဘော ဘာနဲ့ တူသလဲ

 သင်္ဘောဟာ လေးထောင့်သေတ္တာကြီးနဲ့ တူတယ်။ အလျား ၁၃၃ မီတာ (၄၃၇ ပေ)၊ အနံ ၂၂ မီတာ (၇၃ ပေ)၊ အမြင့် ၁၃ မီတာ (၄၄ ပေ) ရှိတယ်။ a ထင်းရှူးသားနဲ့ ဆောက်ပြီး အတွင်းအပြင်ကို ကတ္တရာစေး သုတ်ထားတယ်။ သုံးထပ် ရှိပြီး အခန်းတွေ ဖွဲ့ထားတယ်။ သင်္ဘောနံဘေးမှာ တံခါးပေါက် တစ်ပေါက်၊ အမိုးအောက်နားတစ်လျှောက်မှာ လေသာပေါက်တွေ ရှိတယ်။ သင်္ဘောအမိုးဟာ အလယ်မှာ နည်းနည်းလေး မြှင့်ထားလို့ ရေမတင်တာ ဖြစ်နိုင်တယ်။—ကမ္ဘာဦး ၆:၁၄-၁၆

 သင်္ဘောဆောက်ဖို့ ဘယ်လောက်ကြာသလဲ

 နောဧ ဘယ်လောက်ကြာကြာ သင်္ဘောဆောက်ခဲ့ရတယ်ဆိုတာ ကျမ်းစာမှာ မဖော်ပြထားပေမဲ့ ဆယ်စုနှစ်အတော်ကြာ အချိန်ယူခဲ့ပုံရတယ်။ နောဧဟာ အသက် ၅၀၀ ကျော်မှာ သားဦးကို ရပြီး ရေလွှမ်းမိုးတဲ့အခါ အသက် ၆၀၀ ရှိနေပြီ။ bကမ္ဘာဦး ၅:၃၂။ ၇:၆

 ဘုရားသခင်က နောဧကို သင်္ဘော ဆောက်ခိုင်းချိန်မှာ သားသုံးယောက်စလုံး အရွယ်ရောက်လို့ အိမ်ထောင်သည်တွေ ဖြစ်နေကြပြီဆိုတော့ အနှစ် ၅၀၊ ၆၀ လောက် ကြာမယ်။ (ကမ္ဘာဦး ၆:၁၄၊ ၁၈) ဒီအချက်အရ သင်္ဘော ဆောက်လုပ်ပြီးစီးဖို့ အနှစ် ၄၀၊ ၅၀ လောက် ကြာနိုင်တယ်လို့ ကောက်ချက်ချရမယ်။

a ကျမ်းစာမှာ သင်္ဘော အရွယ်အစားကို တောင်နဲ့ ဖော်ပြထားတယ်။ “စံသတ်မှတ်ချက်အရ ဟီဘရူး တစ်တောင်က ၁၇.၅ လက်မ (၄၄.၅ စမ) ရှိတယ်။”—The Illustrated Bible Dictionary, Revised Edition, Part 3, page 1635.

b နောဧလိုလူတွေ သက်တမ်းနဲ့ပတ်သက်ပြီး ၂၀၁၀၊ ဒီဇင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင်ကျမ်းစာခေတ်က လူတွေ တကယ်ပဲ အသက်ရှည်ရှည်နေခဲ့သလား” ဆောင်းပါးကို ကြည့်ပါ။