မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | ဘယ်ကနေ လွတ်မြောက်ဖို့ ယေရှု ကူညီပေးမှာလဲ

ယေရှုရဲ့ သေခြင်းနဲ့ အသက်ပြန်ရှင်လာခြင်း—သင့်အတွက် ဘာအကျိုးရှိနိုင်

ယေရှုရဲ့ သေခြင်းနဲ့ အသက်ပြန်ရှင်လာခြင်း—သင့်အတွက် ဘာအကျိုးရှိနိုင်

“သခင်ယေရှုကို ယုံကြည်လော့။ ယုံကြည်လျှင် သင် . . . ကယ်တင်ခြင်း ရလိမ့်မည်။”—တမန်တော် ၁၆:၃၁

အရေးပါတဲ့ဒီစကားတွေကို မက်ဆီဒိုးနီးယားပြည်၊ ဖိလိပ္ပိမြို့က ထောင်မှူးတစ်ယောက်ကို တမန်တော်ပေါလုနဲ့ သိလတို့ ပြောခဲ့တာပါ။ သူတို့ ဘာပြောချင်တာလဲ။ ယေရှုကို ယုံကြည်တာနဲ့ သေခြင်းကနေ လွတ်မြောက်တာက ဘယ်လိုဆက်စပ်သလဲဆိုတာ နားလည်နိုင်ဖို့ လူတွေသေရတဲ့အကြောင်းရင်းကို ဦးဆုံးသိဖို့လိုတယ်။ ကျမ်းစာအဆိုတွေကို သုံးသပ်ကြည့်ရအောင်။

လူဟာ သေမျိုးမဟုတ်

“ထာဝရအရှင် ဘုရားသခင်သည် လူကိုယူ၍ ဧဒင်ဥယျာဉ်ကို ပြုစုစောင့်နေစေခြင်းငှာ ထားတော်မူ၏။ ထာဝရအရှင် ဘုရားသခင်ကလည်း ‘ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတစ်ပါး ထိုဥယျာဉ်၌ ရှိသမျှသော အပင်တို့၏အသီးကို သင်သည် စားရသောအခွင့်ရှိ၏။ ထိုအပင်၏အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန် သေရမည်’ ဟုလူကို ပညတ်ထားတော်မူ၏။” —ကမ္ဘာဦး ၂:၁၅–၁၇

တိရစ္ဆာန်တွေအများကြီးရှိပြီး သစ်ပင်ပန်းမန်တွေနဲ့ လှပဝေဆာနေတဲ့ ဧဒင်ဥယျာဉ်မှာ ပထမဆုံးလူအာဒံကို ဘုရားသခင် နေစေခဲ့တယ်။ ဥယျာဉ်မှာရှိတဲ့ အပင်တွေရဲ့အသီးတွေကို အာဒံ စိတ်ကြိုက်စားခွင့်ရှိပေမဲ့ အပင်တစ်ပင်ရဲ့အသီးကို မစားဖို့၊ စားရင် သေမယ်လို့ ယေဟောဝါဘုရား တိတိကျကျ မိန့်မှာခဲ့တယ်။

ဘုရားသခင်ရဲ့တားမြစ်ချက်ကို အာဒံ ဘယ်လို သဘောပေါက်ခဲ့သလဲ။ တိရစ္ဆာန်တွေ သေနေတာကို သူ တွေ့နေတာမို့ သေခြင်းက ဘာကိုဆိုလိုမှန်း သိထားတယ်။ တစ်နေ့ အာဒံ သေရမယ်ဆိုရင် ဘုရားသခင်ရဲ့ သတိပေးချက်က သူ့အတွက် ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။ ဘုရားသခင့်စကား နားထောင်ပြီး တားမြစ်ထားတဲ့အသီးကို မစားရင် သူ သေမှာမဟုတ်ဘူးဆိုတာ နားလည်ခဲ့တယ်။

တားမြစ်ထားတဲ့အပင်က ဖိုမဆက်ဆံခြင်းကို တင်စားတယ်လို့ တချို့လူတွေ ယူမှတ်ကြပေမဲ့ လုံးဝမဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ယေဟောဝါဘုရားက အာဒံနဲ့ဧဝကို “များပြားစွာ မွေး” ပြီး “မြေကြီးကို ပြည့်စေ၍ နိုင်ကြ” လို့ မိန့်မှာပြီးသားဖြစ်တယ်။ (ကမ္ဘာဦး ၁:၂၈) ဒီအပင်က လူတွေအတွက် ယေဟောဝါဘုရားရဲ့ အမှားအမှန်ဆုံးဖြတ်ပိုင်ခွင့်ကို ကိုယ်စားပြုလို့ “ကောင်းမကောင်းသိကျွမ်းရာ အပင်” ဆိုပြီး အမည်ပေးထားတယ်။ ဒါကြောင့် အဲဒီတားမြစ်ချက်က တကယ့်အပင်နဲ့ပဲ သက်ဆိုင်ပါတယ်။ အာဒံသာ အပင်ရဲ့အသီးကို မစားရင် ဘုရားစကားကို နာခံတဲ့အပြင် သူ့ကို ဖန်ဆင်းပြီး လိုအပ်သမျှ အလျှံပယ်ပေးထားတဲ့ ကိုယ်တော့်ကို ကျေးဇူးတင်လေးမြတ်ကြောင်းလည်း ဖော်ပြရာရောက်တယ်။

ဘုရားသခင်ကို မနာခံတဲ့အတွက် အာဒံသေဆုံးခဲ့

အာဒံကိုလည်း “ထိုအပင်၏အသီးကိုမစားရဟု ငါပညတ်သော်လည်း သင် စားမိသောကြောင့် သင်ထွက်ရာ မြေသို့မပြန်မီတိုင်အောင် သင်၏မျက်နှာမှ ချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်းမူကား သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ပြန်ရမည်” ဟုဘုရားသခင် မိန့်တော်မူ၏။—ကမ္ဘာဦး ၃:၁၇၊ ၁၉

မစားနဲ့လို့ တားမြစ်ထားတဲ့အသီးကို အာဒံ စားလိုက်တယ်။ အဲဒီလိုလုပ်တာကို ဘာမဟုတ်တဲ့ကိစ္စလို့ ယူမှတ်လို့ မရဘူး။ ဒါက ဘုရားကို ပုန်ကန်တာဖြစ်ပြီး သူ့အတွက် ယေဟောဝါဘုရား လုပ်ပေးရာမှန်သမျှကို စော်ကားလိုက်တာပဲ။ တားမြစ်ထားတဲ့အသီးကို စားခြင်းအားဖြင့် အာဒံက ယေဟောဝါဘုရားကို ကျောခိုင်းပြီး ကိုယ့်လမ်းကိုယ်လျှောက်ဖို့ ရွေးချယ်ခဲ့တယ်။ ဒါကြောင့် ဆိုးကျိုးတွေ ဖြစ်လာတယ်။

ယေဟောဝါဘုရား ကြိုပြောထားတဲ့အတိုင်း အာဒံ သေဆုံးသွားတယ်။ ဘုရားသခင်က အာဒံကို “မြေမှုန့်” နဲ့ ဖန်ဆင်းခဲ့တဲ့အတွက် သူသေတဲ့အခါ “မြေမှုန့်” ပြန်ဖြစ်သွားတယ်။ မြေမှုန့်လိုပဲ သူ အသက်မဲ့သွားတဲ့အတွက် ဘယ်နေရာမှာမှ တခြားပုံစံတစ်မျိုးမျိုးနဲ့ အသက်ဆက်မရှင်တော့ဘူး။—ကမ္ဘာဦး ၂:၇; ဒေသနာ ၉:၅၊ ၁၀

ကျွန်ုပ်တို့ဟာ အာဒံရဲ့ သားစဉ်မြေးဆက်တွေဖြစ်လို့ သေဆုံးရ

“အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ ဝင်လာ၏။ သေခြင်းတရားသည်လည်း အပြစ်တရားအားဖြင့် ဝင်လာ၏။ သို့ဖြစ်၍ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းတရားသည် လူအပေါင်းတို့ထံ ပြန့်ပွားရ၏။”—ရောမ ၅:၁၂

ဘုရားသခင်ကို အာဒံ မနာခံခဲ့တဲ့အတွက် ဒီနေ့အထိ ဆိုးကျိုးတွေ ခံစားနေရတယ်။ သာမန်လူ့သက်တမ်းဖြစ်တဲ့ နှစ်ပေါင်း ၇၀၊ ၈၀ အသက်ရှင်ရတဲ့ အသက်တာမျိုးကိုသာမက ထာဝစဉ်အသက်ရှင်ခွင့်ကိုပါ အာဒံ ဆုံးရှုံးခဲ့ရတယ်။ သူဟာ အပြစ်သားဖြစ်လာတဲ့အပြင် သားစဉ်မြေးဆက်အားလုံးလည်း သူ့ကြောင့် အပြစ်သားတွေအဖြစ် မွေးဖွားလာကြရတယ်။

ကျွန်ုပ်တို့အားလုံးဟာ အာဒံရဲ့ သားစဉ်မြေးဆက်တွေဖြစ်လို့ ဒီအပြစ်အနာအဆာရှိတဲ့ ကိုယ်ခန္ဓာကို ရရှိထားပြီး နောက်ဆုံးမှာ သေဆုံးသွားကြရတယ်။ လူ့အဖြစ်ဆိုးကို ကောင်းကောင်းသိတဲ့ ယေရှုတပည့် ပေါလုက ဒီလိုဖော်ပြခဲ့တယ်– “ငါမူကား လူဇာတိသဘောရှိသူ၊ အပြစ်တရားလက်သို့ ရောင်းချခံရသူဖြစ်၏။ ငါ့အဖြစ် ဆိုးလိုက်လေခြင်း။ ငါ့ကို သေခြင်းသို့ပို့ဆောင်သော ဤခန္ဓာကိုယ်မှ မည်သူ ကယ်နုတ်မည်နည်း။” ဒီမေးခွန်းကို ပေါလုကိုယ်တိုင်ပဲ ပြန်ဖြေခဲ့ပါတယ်– “ငါတို့ သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော် ကြီးလှပေ၏။”—ရောမ ၇:၁၄၊ ၂၄၊ ၂၅

လူတွေ ထာဝရအသက်ရဖို့ ယေရှု အသက်စွန့်ခဲ့

“ခမည်းတော်သည် မိမိ၏သားတော်အား ဤလောက၏ ကယ်တင်ရှင်အဖြစ် စေလွှတ်တော်မူ . . . ၏။” —၁ ယောဟန် ၄:၁၄

အပြစ်ရဲ့ဆိုးကျိုးနဲ့ သေခြင်းတရား အပြစ်ဒဏ်ကနေ လွတ်မြောက်ဖို့ ယေဟောဝါဘုရား စီစဉ်ပေးထားပါတယ်။ ဘာအစီအစဉ်လဲ။ အာဒံလို အပြစ်မရှိတဲ့ လူတစ်ယောက်အဖြစ် မွေးဖွားလာဖို့ အချစ်ဆုံးသားတော်ကို ကောင်းကင်ကနေ ဘုရားသခင် စေလွှတ်ခဲ့ပါတယ်။ ဒါပေမဲ့ အာဒံလို ယေရှု “အပြစ်မပြု” ခဲ့ပါဘူး။ (၁ ပေတရု ၂:၂၂) ယေရှုဟာ အပြစ်သားမဟုတ်တဲ့အတွက် အပြစ်ကြောင့် သေဆုံးရမှာ မဟုတ်ဘဲ ထာဝစဉ်အသက်ရှင်နိုင်တယ်။

ရန်သူတွေရဲ့လက်ချက်နဲ့ ယေရှုသေဆုံးဖို့ ယေဟောဝါဘုရား ခွင့်ပြုခဲ့ပေမဲ့ နောက်သုံးရက်မှာ သူ့ကို နာမ်ခန္ဓာကိုယ်နဲ့ အသက်ပြန်ရှင်စေခဲ့တယ်။ ဒါမှသာ အချိန်တန်တဲ့အခါ ယေရှု ကောင်းကင်ပြန်သွားနိုင်မှာ ဖြစ်တယ်။ အဲဒီမှာ ယေရှုက မိမိရဲ့စုံလင်တဲ့ လူ့အသက်တန်ဖိုးကို ဘုရားသခင်ထံ ဆက်သခြင်းအားဖြင့် အာဒံရဲ့သားမြေးတွေ ဆုံးရှုံးခဲ့ရာတွေကို ပြန်ရစေခဲ့တယ်။ ယေရှု ဆက်သတဲ့ အသက်ကို ဘုရားသခင် လက်ခံတဲ့အတွက် ယေရှုကို ယုံကြည်ကြောင်း တင်ပြသူတိုင်း ထာဝရအသက် ရရှိနိုင်မှာဖြစ်တယ်။—ရောမ ၃:၂၃၊ ၂၄; ၁ ယောဟန် ၂:၂

ဒီလိုနည်းနဲ့ အာဒံကြောင့် ဆုံးရှုံးသွားရာတွေကို ယေရှု ပြန်ဝယ်ခဲ့ပါတယ်။ လူတွေ ထာဝရအသက်ရဖို့ ယေရှု အသက်စွန့်ခဲ့တယ်။ ယေရှုဟာ “ဘုရားသခင်၏ မဟာကရုဏာတော်အားဖြင့် လူအားလုံးအတွက် အသေခံခဲ့ရ၏” လို့ကျမ်းစာမှာ ဖော်ပြထားတယ်။—ဟေဗြဲ ၂:၉

ဒီအစီအစဉ်က ယေဟောဝါဘုရားအကြောင်း အများကြီး ဖော်ပြတယ်။ ဘုရားသခင်ရဲ့ မြင့်မားတဲ့တရားမျှတမှု စံနှုန်းကြောင့် အပြစ်ရှိတဲ့ ဘယ်လူသားကမှ ကိုယ့်ကိုယ်ကိုယ် သေခြင်းကနေ လွတ်မြောက်အောင် မလုပ်နိုင်ဘူး။ ဒါပေမဲ့ လူတွေ အပြစ်ကနေ လွတ်မြောက်ဖို့ အကြီးအကျယ် အနစ်နာခံပြီး သားတော်ကို စွန့်ခဲ့တာက ဘုရားသခင်ရဲ့ မေတ္တာကရုဏာကြောင့် ဖြစ်တယ်။ ဒါက မိမိရဲ့စံနှုန်းတွေအတိုင်း လုပ်ဆောင်တာဖြစ်တယ်။—ရောမ ၅:၆-၈

ယေရှု အသက်ပြန်ရှင်လာခဲ့သလို အခြားသူတွေလည်း အသက်ပြန်ရှင်လာမှာဖြစ်

“ခရစ်တော်သည် သေခြင်း၌ အိပ်ပျော်သူတို့တွင် ဦးဆုံးထမြောက်တော်မူပြီ။ အကြောင်းမူကား တစ်ယောက်သောသူအားဖြင့် သေခြင်းတရား ဖြစ်ပေါ်လာသကဲ့သို့ တစ်ယောက်သောသူအားဖြင့် လူသေတို့၏ ရှင်ပြန်ထမြောက်ခြင်းလည်း ဖြစ်ပေါ်လာ၏။ လူအပေါင်းတို့သည် အာဒံကြောင့် သေဆုံးကြရသည့်နည်းတူ လူအပေါင်းတို့သည်လည်း ခရစ်တော်ကြောင့် အသက်ရှင်ကြရလိမ့်မည်။”—၁ ကောရိန္သု ၁၅:၂၀–၂၂

ယေရှု အသက်ရှင်ပြီး သေဆုံးခဲ့တယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့ သူ အသက်ပြန်ရှင်လာတဲ့ အထောက်အထားရှိသလား။ ရှိပါတယ်။ အခိုင်မာဆုံး အထောက်အထားက ယေရှုအသက်ပြန်ရှင်လာပြီးနောက် မတူညီတဲ့ နေရာနဲ့အချိန်အခါတွေမှာ လူအများရှေ့ ကိုယ်ယောင်ထင်ရှားပြခဲ့တာ ဖြစ်တယ်။ တစ်ချိန်မှာ လူ ၅၀၀ ကျော်ရှေ့ ကိုယ်ယောင်ထင်ရှားပြခဲ့တယ်။ အဲဒီလူတွေထဲက တချို့ဟာ ကောရိန္သုမြို့ကို တမန်တော်ပေါလု စာရေးတဲ့အချိန်ထိ အသက်ရှင်နေဆဲဖြစ်လို့ မြင်ခဲ့၊ ကြားခဲ့ရာတွေကို သက်သေထွက်ဆိုနိုင်တယ်လို့ ပေါလု ဖော်ပြခဲ့တယ်။—၁ ကောရိန္သု ၁၅:၃-၈

ခရစ်တော်ဟာ အသက်ပြန်ရှင်လာတဲ့သူတွေထဲမှာ “ဦးဆုံး” ဖြစ်တယ်လို့ ပေါလု ရေးတာကြောင့် အသက်ပြန်ရှင်လာမယ့်သူတွေ ရှိဦးမှာဖြစ်တယ်။ ယေရှုကိုယ်တိုင်လည်း “သင်္ချိုင်းများမှာ ရှိသောသူအပေါင်းတို့သည် . . . ထွက်ရမည့်အချိန်ကာလ ရောက်လိမ့်မည်” လို့ ပြောခဲ့တယ်။—ယောဟန် ၅:၂၈၊ ၂၉

ယေရှုကို ယုံကြည်ကြောင်းတင်ပြမှသာ ထာဝရအသက်ရရှိမှာဖြစ်

“ဘုရားသခင်၏သားတော်ကို ယုံကြည်ကြောင်း တင်ပြသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ၊ ထာဝရအသက်ကိုရစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် ဤလောကကို ချစ်တော်မူ၏။”—ယောဟန် ၃:၁၆

သေခြင်းတရားဖြစ်ပေါ်လာပုံ၊ ဧဒင်ဥယျာဉ် ပျောက်ဆုံးသွားပုံအကြောင်း သမ္မာကျမ်းစာရဲ့ အစပိုင်းမှာ ဖော်ပြထားတယ်။ မြေကြီးပေါ်မှာ သေခြင်းမရှိတော့ဘဲ သာယာလှပတဲ့ ဧဒင်ဥယျာဉ်ပြန်ဖြစ်လာအောင် ဘုရားသခင် လုပ်ပေးမယ့်အကြောင်း ကျမ်းစာရဲ့နောက်ဆုံးအပိုင်းမှာ ဖော်ပြထားတယ်။ အဲဒီအခါ လူတွေဟာ လိုလေသေးမရှိ၊ ပျော်ပျော်ရွှင်ရွှင် ထာဝစဉ်အသက်ရှင်ကြပါလိမ့်မယ်။ “သေခြင်း ရှိတော့မည်မဟုတ်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ အဲဒီကတိကို ယုံကြည်စိတ်ချနိုင်ဖို့ ဒီလိုဆက်ဖော်ပြထားတယ်– “ဤစကားတို့သည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။” (ဗျာဒိတ် ၂၁:၄၊ ၅) ယေဟောဝါဘုရားက ကတိပေးထားတဲ့အတိုင်း ပြည့်စုံအောင် လုပ်ပေးနိုင်ပါတယ်။

“ဤစကားတို့သည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်” တယ်ဆိုတာ သင် ယုံကြည်ပါသလား။ ယေရှုခရစ်အကြောင်း ထပ်သိအောင် လေ့လာပါ၊။ ကိုယ်တော့်ကို ယုံကြည်တယ်ဆိုတာ လုပ်ရပ်နဲ့တင်ပြပါ အဲဒီလိုလုပ်မယ်ဆိုရင် ယေဟောဝါဘုရားရဲ့ မျက်နှာသာ ရရှိပါလိမ့်မယ်။ အခုချိန်မှာ ဘုရားသခင်ဆီက ဆုကျေးဇူးတွေ ရရှိမယ့်အပြင် “ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့” ရှိတော့မှာမဟုတ်တဲ့ သာယာလှပတဲ့ မြေကြီးပေါ်မှာ ထာဝစဉ်နေထိုင်ခွင့် ရရှိပါလိမ့်မယ်။