မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ

‘မိခင်သွားလေရာရာသို့ လိုက်ပါမည်’

‘မိခင်သွားလေရာရာသို့ လိုက်ပါမည်’

လေတဟူးဟူးတိုက်နေတဲ့ မောဘကုန်းပြင်မြင့်က လမ်းပေါ်မှာ ရုသနဲ့နောမိတို့ ခရီးသွားနေပါတယ်။ အဲဒီလွင်ပြင်ကျယ်ကြီးထဲမှာ သူတို့နှစ်ယောက်ပဲ ရှိနေတယ်။ ညနေစောင်းနေပြီဖြစ်လို့ ယောက္ခမဖြစ်သူ နောမိကို ရုသ ကြည့်လိုက်ပြီး အိပ်စက်အနားယူမယ့် နေရာတစ်နေရာကိုရှာဖို့ လိုမလို မေးနေတာကို မြင်ယောင်ကြည့်လိုက်ပါ။ နောမိကို ရုသ အရမ်းချစ်တဲ့အတွက် အစွမ်းကုန် ပြုစုစောင့်ရှောက်သွားမှာဖြစ်တယ်။

တကယ်ဆိုရင် သူတို့နှစ်ယောက်စလုံးက ပူဆွေးသောကရောက်နေကြတာပါ။ နောမိဟာ မုဆိုးမဖြစ်တာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပေမဲ့ သားတွေဖြစ်တဲ့ ခိလျုန်နဲ့ မဟာလုန်တို့ ဆုံးပါးသွားတာ မကြာသေးတဲ့အတွက် ပိုပြီးဝမ်းနည်းပူဆွေးနေပါတယ်။ ရုသလည်း ဝမ်းနည်းပူဆွေးနေပါတယ်။ အကြောင်းက ဆုံးပါးသွားတဲ့ မဟာလုန်က သူ့ရဲ့ခင်ပွန်းဖြစ်လို့ပါပဲ။ သမီးယောက္ခမနှစ်ယောက်စလုံးဟာ တစ်ခရီးတည်းဖြစ်တဲ့ အစ္စရေးပြည်က ဘက်သလီဟင်မြို့ငယ်လေးဆီကို သွားနေကြတာပါ။ ခရီးကတော့ တူပေမဲ့ မတူညီတဲ့အရာလည်း ရှိပါတယ်။ နောမိက သူ့ရဲ့ဇာတိမြေကို သွားနေတာဖြစ်တယ်။ ရုသကတော့ သူကိုးကွယ်တဲ့ နတ်ဘုရားတွေအပါအဝင် သူ့ရဲ့ဆွေမျိုး၊ နိုင်ငံနဲ့ ဓလေ့ထုံးစံတွေအားလုံးကို ထားခဲ့ပြီး သူစိမ်းနယ်မြေကို အရဲစွန့်သွားနေရတာပါ။—ရုသ ၁:၃-၆

ရုသဟာ ဘာကြောင့် အရဲစွန့်ပြီး သွားနေရတာလဲ။ ရုသအနေနဲ့ ဘဝအသစ်စပြီး နောမိကို စောင့်ရှောက်ဖို့ ဘယ်ကနေ ခွန်အားရရှိမလဲ။ အဖြေတွေကို ရှာရင်းနဲ့ မောဘပြည်သူ ရုသရဲ့ ယုံကြည်ခြင်းကိုတုပနိုင်တဲ့ အကြောင်းရင်းတွေကို အများကြီး တွေ့ရှိရပါလိမ့်မယ်။ အရင်ဆုံး၊ ဘက်သလီဟင်မြို့ငယ်ကို ဦးတည်သွားနေတဲ့လမ်းပေါ်မှာ အဲဒီအမျိုးသမီးနှစ်ယောက် ဘယ်လိုလုပ် ရောက်နေရတာလဲဆိုတာ ကြည့်ကြရအောင်။

အဖြစ်ဆိုးကြောင့် ဖရိုဖရဲဖြစ်သွားတဲ့ မိသားစုတစ်စု

ပင်လယ်သေရဲ့အရှေ့ဘက်မှာ တည်ရှိတဲ့ မောဘပြည်မှာ ရုသ ကြီးပြင်းလာတာပါ။ မောဘပြည်ရဲ့ မြေမျက်နှာသွင်ပြင် အများစုဟာ သစ်တောတွေ ပြောက်တိပြောက်ကြား ဖုံးလွှမ်းနေတဲ့ ကုန်းမြင့်တွေဖြစ်ပြီး အဲဒီကုန်းမြင့်တွေကြားမှာ နက်ရှိုင်းတဲ့ လျှိုမြောင်တွေ တည်ရှိတယ်။ အစ္စရေးပြည်မှာ အငတ်ဘေးဆိုက်နေတဲ့အချိန်မှာတောင် “မောဘပြည်” မှာ အစာရေစာ ပေါများနေတတ်ပါတယ်။ အဲဒါက မဟာလုန်နဲ့ရုသတို့ အကြောင်းပါဖို့ ဖန်တီးပေးသလို ဖြစ်စေခဲ့ပါတယ်။—ရုသ ၁:၁

အစ္စရေးပြည်မှာ အငတ်ဘေး ကျရောက်နေတဲ့အတွက် နောမိရဲ့ခင်ပွန်း ဧလိမလက်ဟာ မိသားစုကိုခေါ်ပြီး မောဘပြည်မှာ နေထိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီလိုပြောင်းရွှေ့သွားတဲ့အတွက် သူတို့တစ်ယောက်စီရဲ့ ယုံကြည်ခြင်း စမ်းသပ်ခံရမှာ သေချာတယ်။ ဘာဖြစ်လို့လဲဆိုရင် အစ္စရေးလူတွေဟာ ယေဟောဝါဘုရားသခင် သတ်မှတ်ထားတဲ့ ဝတ်ပြုရာနေရာကို မှန်မှန်သွားရောက်ပြီး ဝတ်ပြုရမှာဖြစ်တယ်။ (တရားဟောရာ ၁၆:၁၆၊ ၁၇) နောမိဟာ သူ့ရဲ့ယုံကြည်ခြင်း ခိုင်မြဲနေဖို့ လုပ်ဆောင်ခဲ့ရတယ်။ ဒါပေမဲ့ ခင်ပွန်း ဆုံးပါးသွားတဲ့အခါ သူ့ခမျာ ဝမ်းနည်းပူဆွေးခဲ့ရရှာတယ်။—ရုသ ၁:၂၊ ၃

နောက်ပိုင်းမှာ နောမိရဲ့သားနှစ်ယောက်က မောဘအမျိုးသမီးတွေနဲ့ လက်ထပ်လိုက်တဲ့အခါ ပိုပြီးဝမ်းနည်းခဲ့ရမှာ သေချာတယ်။ (ရုသ ၁:၄) အစ္စရေးဘိုးဘေးဖြစ်သူ အာဗြဟံဟာ သူ့သား ဣဇာက်အတွက် ဇနီးကို ယေဟောဝါဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တဲ့သူတွေကြားမှာ ရှာဖွေပေးခဲ့တယ်ဆိုတာ နောမိ သိရှိထားတယ်။ (ကမ္ဘာဦး ၂၄:၃၊ ၄) နောက်ပိုင်းမှာ မောရှေပညတ်အရ အစ္စရေးလူတွေဟာ ကိုယ့်ရဲ့သားသမီးတွေကို လူမျိုးခြားတွေနဲ့ လက်မထပ်ဖို့ သတိပေးခံရတယ်။ ဘာဖြစ်လို့လဲဆိုတော့ တခြားနတ်ဘုရားတွေကို ဝတ်ပြုသွားမှာစိုးလို့ပါ။—တရားဟောရာ ၇:၃၊ ၄ *

ဒါပေမဲ့လည်း မဟာလုန်နဲ့ ခိလျုန်တို့က မောဘအမျိုးသမီးတွေနဲ့ လက်ထပ်လိုက်ကြတယ်။ နောမိဟာ စိုးရိမ်မကင်းဖြစ်ပြီး စိတ်ပျက်ခဲ့ရပေမဲ့ ချွေးမတွေဖြစ်တဲ့ ရုသနဲ့သြရပတို့ကို ချစ်ခင်ကြင်နာစွာ ဆက်ဆံပြမှာ သေချာပါတယ်။ တစ်နေ့ကျရင် ယေဟောဝါဘုရားသခင်ကို ချွေးမနှစ်ယောက် ဝတ်ပြုကိုးကွယ်လာမှာပါဆိုပြီး မျှော်လင့်ထားဖွယ်ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ချွေးမနှစ်ယောက်စလုံးက နောမိကို ချစ်ခင်ကြင်နာကြတယ်။ သမီးယောက္ခမတွေကြားမှာရှိတဲ့ ချစ်ခင်ရင်းနှီးမှုကြောင့် အဖြစ်ဆိုးကြုံရတဲ့အခါ သူတို့ခံရပ်နိုင်ခဲ့ကြတယ်။ ချွေးမတွေကလည်း ကလေးမရခင်မှာပဲ မုဆိုးမတွေ ဖြစ်သွားရှာတယ်။—ရုသ ၁:၅

ရုသရဲ့ အရင်ဘာသာတရားက အဲဒီအဖြစ်ဆိုးကို ရုသ ခံရပ်နိုင်အောင် ကူညီပေးခဲ့သလား။ ကူညီပေးနိုင်ဖွယ်မရှိဘူး။ မောဘပြည်သားတွေဟာ နတ်ဘုရားအတော်များများကို ဝတ်ပြုကိုးကွယ်ကြတယ်။ သူတို့အတွက် တန်ခိုးအကြီးဆုံးနတ်ဘုရားက ခေမုရှဖြစ်တယ်။ (တောလည်ရာ ၂၁:၂၉) အဲဒီအချိန်တုန်းက မောဘဘာသာတရားမှာ ကလေးယဇ်ပူဇော်ခြင်းအပါအဝင် ရက်စက်ကြမ်းကြုတ်တဲ့ အလေ့အထတွေ ရှိပုံရတယ်။ အစ္စရေးလူတွေရဲ့ ဘုရားသခင် ယေဟောဝါဟာ မေတ္တာရှိပြီး သနားကြင်နာတတ်တယ်ဆိုတာကို မဟာလုန် ဒါမှမဟုတ် နောမိကနေတစ်ဆင့် ရုသ သိလိုက်ရတဲ့အခါ မောဘဘာသာတရားနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေတာကို တွေ့လိုက်ရတယ်။ ယေဟောဝါဘုရားသခင်ဟာ ရက်စက်ကြမ်းကြုတ်သူမဟုတ်ဘဲ မေတ္တာရှင်ဖြစ်ပါတယ်။ (တရားဟောရာ ၆:၅) ခင်ပွန်းဆုံးပါးသွားပြီးတဲ့နောက်မှာ ရုသဟာ နောမိနဲ့ ပိုပြီးတော့တောင် ရင်းနှီးလာတယ်။ ယေဟောဝါဘုရားသခင်အကြောင်း၊ ဖန်ဆင်းခြင်းအကြောင်း၊ လူတွေကို ချစ်ခင်ကြင်နာစွာ ဆက်ဆံတဲ့အကြောင်း နောမိ ပြောပြတာတွေကို စိတ်ဝင်တစား နားထောင်ခဲ့မှာဖြစ်တယ်။

နောမိကတော့ သူ့ဇာတိမြေက သတင်းတွေကိုပဲ နားစွင့်နေတယ်။ တစ်နေ့ကျတော့ အစ္စရေးပြည်မှာ အငတ်ဘေး မရှိတော့ဘူး၊ ယေဟောဝါဘုရားသခင်က အစ္စရေးလူတွေကို စပြီး ကူညီထောက်မနေပြီဆိုတဲ့ သတင်းကို ခရီးသွား ကုန်သည်တစ်ယောက်ဆီကနေတစ်ဆင့် ကြားလိုက်ရတယ်။ မုန့်တိုက်လို့ အဓိပ္ပာယ်ရှိတဲ့ ဘက်သလီဟင်မြို့ငယ်လေးဟာ နာမည်နဲ့လိုက်အောင် အစာရေစာ ပြန်ပေါများလာနေပါပြီ။ ဒါကြောင့် နောမိဟာ ဇာတိမြေဖြစ်တဲ့ အစ္စရေးပြည်ကို ပြန်သွားဖို့ ဆုံးဖြတ်လိုက်တယ်။—ရုသ ၁:၆

ရုသနဲ့သြရပတို့ ဘာလုပ်ကြမလဲ။ (ရုသ ၁:၇) သူတို့ရဲ့အဖြစ်ဆိုးကို အတူတူ မျှဝေခံစားရင်း နောမိနဲ့ ရင်းနှီးသည်ထက် ရင်းနှီးလာကြတယ်။ အထူးသဖြင့် ရုသဟာ နောမိရဲ့ ကြင်နာမှုနဲ့ ယေဟောဝါဘုရားသခင်အပေါ်ထားရှိတဲ့ ခိုင်မြဲတဲ့ ယုံကြည်ခြင်းကို သဘောကျပုံရတယ်။ မုဆိုးမသုံးဦးဟာ ယုဒပြည်ကို စတင်ခရီးထွက်ခဲ့ကြတယ်။

ရိုးသားဖြောင့်မတ်တဲ့သူတွေဟာ ဆိုးသွမ်းတဲ့လူတွေလိုပဲ အဖြစ်ဆိုးတွေ ကြုံတွေ့ရနိုင်တယ်ဆိုတာကို ရုသကျမ်းကနေ သိနိုင်ပါတယ်။ (ဒေသနာ ၉:၂၊ ၁၁) မခံစားနိုင်လောက်တဲ့ ဆုံးရှုံးမှုနဲ့ ကျွန်ုပ်တို့ ရင်ဆိုင်ရတဲ့အခါ တခြားသူတွေ၊ အထူးသဖြင့် ယေဟောဝါဘုရားသခင်ကို အားကိုးတဲ့သူတွေဆီကနေ အားပေးနှစ်သိမ့်မှု ရှာယူခြင်းက ပညာရှိရာရောက်တယ်ဆိုတာကိုလည်း အဲဒီကျမ်းကနေ သိရှိနိုင်ပါတယ်။—သုတ္တံ ၁၇:၁၇

ရုသ ပြသခဲ့တဲ့ ခိုင်မြဲသောမေတ္တာ

မုဆိုးမသုံးယောက်ဟာ ခရီးအတော်ဝေးဝေးကို ရောက်သွားပြီးတဲ့နောက် နောမိဟာ နောက်တစ်မျိုး စိုးရိမ်ပူပန်လာတယ်။ သူ့ဘေးနားက ချွေးမနှစ်ယောက်အကြောင်း၊ သူနဲ့သားနှစ်ယောက်အပေါ် ထားရှိခဲ့တဲ့ သူတို့ရဲ့မေတ္တာအကြောင်း စဉ်းစားလိုက်တယ်။ ချွေးမနှစ်ယောက် ထပ်ကြုံရမယ့် ဒုက္ခတွေအကြောင်း စဉ်းစားမိလိုက်တဲ့အခါမှာတော့ နောမိခမျာ မခံစားနိုင်တော့ဘူး။ သူတို့နှစ်ယောက်ဟာ မောဘပြည်ကိုစွန့်ပြီး သူ့နောက်ကိုလိုက်လာမယ်ဆိုရင် ဘက်သလီဟင်မြို့ငယ်လေးမှာ သူတို့အတွက် နောမိ ဘာလုပ်ပေးနိုင်မှာလဲ။

နောက်ဆုံးမှာ နောမိက ‘သင်တို့သည် ကိုယ့်အမိအိမ်သို့ ပြန်သွားကြလော့။ သေလွန်သောသူ၌လည်းကောင်း၊ ငါ၌လည်းကောင်း ကျေးဇူးပြုသည်နှင့်အညီ ထာဝရဘုရားသခင်သည် သင်တို့၌ ကျေးဇူးပြုတော်မူပါစေသော’ လို့ပြောတယ်။ ဒါ့အပြင် နောက်အိမ်ထောင်ပြုပြီး ဘဝသစ်ထူထောင်ရာမှာ သူတို့ကို ဘုရားသခင် ကောင်းချီးပေးပါစေလို့လည်း ဆုမွန်ကောင်းတောင်းပေးလိုက်တယ်။ အဲဒီနောက် နောမိက “သူတို့ကို နမ်း” တယ်။ သူတို့ကလည်း “အသံကိုလွှင့်၍ ငိုကြွေး” ကြတယ်။ ကြင်နာတတ်ပြီး အတ္တကင်းတဲ့ နောမိကို ရုသနဲ့သြရပတို့ ဘာကြောင့် ချစ်ခင်တွယ်တာရတယ်ဆိုတာကို သိမြင်နိုင်ပါတယ်။ ဒါပေမဲ့ ချွေးမနှစ်ယောက်စလုံးက ‘အကျွန်ုပ်တို့သည် မိခင်နှင့်အတူ မိခင်၏အမျိုးထံသို့ လိုက်သွားပါမည်’ ဆိုပြီး မရမကပြောဆိုကြတယ်။—ရုသ ၁:၈-၁၀

ဒါပေမဲ့ နောမိကို သူတို့ လွယ်လွယ်နဲ့ ဖျောင်းဖျလို့မရခဲ့ဘူး။ သူ့မှာ ထောက်ပံ့ပေးမယ့် ခင်ပွန်းသည်လည်းမရှိ၊ သူတို့ကို လက်ထပ်ပေးဖို့ သားတွေလည်း မရှိ၊ ဘာဆိုဘာမှ မျှော်လင့်စရာမရှိတော့လို့ အစ္စရေးပြည်မှာ သူတို့အတွက် ဘာမှမလုပ်ပေးနိုင်ဘူးဆိုပြီး နောမိက ကျိုးကြောင်းရှင်းပြတယ်။ သူတို့ကို မစောင့်ရှောက်ပေးနိုင်တာကြောင့် အရမ်းစိတ်မကောင်းဖြစ်ရတယ်လို့လည်း ပြောပြတယ်။—ရုသ ၁:၁၁-၁၃

မောဘပြည်မှာ ဩရပရဲ့ မိသားစုရှိနေတယ်၊ သူ့ကို မိခင်နဲ့ ဆွေမျိုးသားချင်းတွေက စောင့်ကြိုနေမှာဖြစ်တဲ့အတွက် နောမိရဲ့စကားကို ဩရပ လက်ခံလိုက်တယ်။ သူ့အတွက် မောဘပြည်မှာ နေရစ်တာက ပိုပြီးလက်တွေ့ကျပုံပဲ။ ဒီလိုနဲ့ ဩရပဟာ နောမိကို နှုတ်ဆက်အနမ်းပေးပြီး နောက်ပြန်လှည့်သွားတယ်။—ရုသ ၁:၁၄

ရုသကကော။ နောမိရဲ့စကားက သူ့အတွက်လည်း လက်တွေ့ကျပုံတော့ရပါတယ်။ ဒါပေမဲ့ ရုသဟာ နောမိနားကနေ တစ်ဖဝါးမှမခွာဘဲ နေရစ်ခဲ့ပါတယ်။ နောမိဟာ စကားပြောပြီးတာနဲ့ ခရီးဆက်ပုံရပါလိမ့်မယ်။ ဒါပေမဲ့ သူ့နောက်မှာ ရုသ တကောက်ကောက်လိုက်လာတာကို သတိပြုမိလိုက်တယ်။ ဒါနဲ့ နောမိက “သင့်အစ်မသည် အမျိုးသားရင်း၊ ဘုရားရင်းတို့ထံသို့ ပြန်သွားပြီ။ အစ်မနောက်သို့ လိုက်သွားပါ” လို့ပြောတယ်။ (ရုသ ၁:၁၅) နောမိရဲ့စကားတွေကနေ အရေးကြီးတဲ့အချက်တစ်ချက်ကို သိရှိရပါတယ်။ ဩရပဟာ သူ့ရဲ့ဆွေမျိုးသားချင်းတွေဆီကိုသာမက သူ့ရဲ့ “ဘုရား” တွေဆီကိုပါ ပြန်သွားတာဖြစ်တယ်။ ဩရပဟာ ခေမုရှနဲ့ တခြားနတ်ဘုရားတွေကို ဝတ်ပြုရတာ နှစ်သက်တယ်။ ရုသကော အဲဒီလိုပဲလား။

လူသွားလူလာကင်းမဲ့နေတဲ့ လမ်းပေါ်မှာ ရုသဟာ နောမိကို မျက်နှာချင်းဆိုင်လိုက်ပြီး သူနဲ့ ယေဟောဝါဘုရားသခင်ကို ချစ်မြတ်နိုးကြောင်း ရင်ဖွင့်ပြောပြလိုက်တယ်။ အဲဒါကို ရုသ ဒီလိုဖော်ပြခဲ့တယ်– ‘ကျွန်မသည် မိခင်ကို မစွန့်ပါရစေနှင့်။ နောက်တော်သို့မလိုက်ဘဲ ပြန်သွားစေခြင်းငှာ မပြုပါနှင့်။ မိခင်သွားလေရာရာသို့ ကျွန်မလိုက်ပါမည်။ မိခင်အိပ်လေရာရာ၌ ကျွန်မအိပ်ပါမည်။ မိခင်အမျိုးသည် ကျွန်မအမျိုး၊ မိခင်၏ဘုရားသည် ကျွန်မဘုရားဖြစ်ပါစေ။ မိခင်သေရာအရပ်၌ ကျွန်မသေ၍ သင်္ဂြိုဟ်ခံပါမည်။ သေခြင်းမှတစ်ပါး အခြားသောအမှုကြောင့် မိခင်နှင့်ကျွန်မကွာလျှင် ယေဟောဝါဘုရားသခင်သည် ကျွန်မ၌ ထိုမျှမက ပြုတော်မူပါစေသော။’—ရုသ ၁:၁၆၊ ၁၇

ရုသရဲ့စကားတွေက မှတ်သားထိုက်ပါတယ်။ ဘယ်လောက်ထိတောင်လဲဆိုရင် သူသေဆုံးပြီး အနှစ် ၃,၀၀၀ ကြာပြီးတဲ့နောက်မှာတောင် လူတွေက သူ့ရဲ့စကားကို အမှတ်ရနေတုန်းပါပဲ။ ရုသရဲ့စကားတွေကနေ အကောင်းဆုံး အရည်အသွေးဖြစ်တဲ့ ခိုင်မြဲသောမေတ္တာအကြောင်း သိရှိရပါတယ်။ နောမိအပေါ်ထားရှိတဲ့ ရုသရဲ့မေတ္တာက အရမ်းကို ခိုင်မြဲပြီး တည်တံ့တဲ့အတွက် နောမိ ဘယ်သွားသွား နောက်ကနေ တကောက်ကောက် လိုက်မှာဖြစ်တယ်။ သေခြင်းကပဲ သူတို့နှစ်ယောက်ကို ခွဲခွာသွားစေနိုင်တယ်။ နောမိရဲ့လူမျိုးက ရုသရဲ့လူမျိုး ဖြစ်လာပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ရုသဟာ မောဘပြည်မှာရှိတဲ့ အရာမှန်သမျှ၊ မောဘနတ်ဘုရားတွေကိုတောင် စွန့်လွှတ်ဖို့ အသင့်ရှိနေပါပြီ။ ဩရပနဲ့မတူတာက ရုသဟာ နောမိဝတ်ပြုတဲ့ ဘုရားသခင် ယေဟောဝါကို သူ့ရဲ့ဘုရားသခင်အဖြစ် ကိုးကွယ်ချင်တယ်လို့ အားတက်သရော ပြောပြနိုင်ခဲ့တာဖြစ်တယ်။ *

ဒါနဲ့ သမီးယောက္ခမနှစ်ယောက်ဟာ ဘက်သလီဟင်မြို့ငယ်ကို ဦးတည်နေတဲ့ ခရီးရှည်ကြီးကို ဆက်သွားကြတယ်။ အဲဒီခရီးက တစ်ပတ်လောက်ကြာနိုင်တယ်လို့ ခန့်မှန်းရတယ်။ သူတို့ဟာ ဝမ်းနည်းပူဆွေးနေရပေမဲ့လည်း အတူတူ ခရီးဆက်နေကြတဲ့အတွက် အတိုင်းအတာတစ်ခုထိတော့ ဖြေသိမ့်မှုရနိုင်မယ်ဆိုတာ သေချာတယ်။

ကနေ့ခေတ်မှာလည်း လူအတော်များများဟာ ဝမ်းနည်းပူဆွေးနေကြပါတယ်။ “ခက်ခဲကျပ်တည်းသောကာလ” လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့ အခုအချိန်မှာ ကျွန်ုပ်တို့ဟာ ဆုံးရှုံးမှုအမျိုးမျိုးအပြင် ပူဆွေးမှုတွေကိုပါ ခံစားနေရတယ်။ (၂ တိမောသေ ၃:၁) ဒါကြောင့် ရုသရဲ့ အရည်အသွေးတစ်ခုဖြစ်တဲ့ ခိုင်မြဲသောမေတ္တာကို အခုချိန်မှာ ပိုပြီးတော့ လိုအပ်လာနေပါတယ်။ ခိုင်မြဲသောမေတ္တာဆိုတာ တစ်ဦးတစ်ယောက်အပေါ် ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အမြဲ ဆက်ချစ်မြတ်နိုးသွားတာကို ဆိုလိုတယ်။ အဲဒီလိုမေတ္တာမျိုးက အခုလိုမေတ္တာမဲ့နေတဲ့ လောကမှာ အလွန်အစွမ်းထက်တဲ့ အရည်အသွေးတစ်ခုဖြစ်တယ်။ အိမ်ထောင်ရေးမှာ၊ မိသားစုအတွင်းမှာ၊ မိတ်ဆွေတွေအကြားမှာ၊ ခရစ်ယာန်အသင်းတော်မှာ အဲဒီအရည်အသွေး လိုအပ်ပါတယ်။ အဲဒီလိုမေတ္တာမျိုးကို မွေးမြူတာက ရုသ တင်ပြခဲ့တဲ့ စံနမူနာကောင်းကို တုပနေတာဖြစ်တယ်။

ရုသနဲ့နောမိတို့ရဲ့ ဘက်သလီဟင်မြို့နေဘဝ

ခိုင်မြဲသောမေတ္တာဆိုတာ အပြောနဲ့မဟုတ်ဘဲ လုပ်ရပ်နဲ့ တင်ပြ ရမယ့် အရည်အသွေးတစ်ခုဖြစ်တယ်။ ရုသဟာ နောမိကိုသာမက ယေဟောဝါဘုရားသခင်ကိုလည်း စွဲစွဲမြဲမြဲ ချစ်မြတ်နိုးတယ်ဆိုတာကို ပြသဖို့ အခွင့်အရေးရှိနေပါတယ်။

နောက်ဆုံးမှာ သမီးယောက္ခမနှစ်ယောက်ဟာ ဘက်သလီဟင်မြို့ငယ်ကို ရောက်လာပါတော့တယ်။ အဲဒီမြို့က ဂျေရုဆလင်မြို့ရဲ့တောင်ဘက် ခြောက်မိုင်အကွာလောက်မှာ တည်ရှိတယ်။ နောမိပြန်ရောက်လာတဲ့ သတင်းလည်းကြားရော တစ်မြို့လုံး ပွက်လောရိုက်သွားတာကိုကြည့်ရင် တစ်ချိန်တစ်ခါက နောမိတို့မိသားစုဟာ အဲဒီမြို့ငယ်လေးမှာ မြို့မျက်နှာဖုံးဖြစ်ခဲ့ပုံရတယ်။ မြို့ခံအမျိုးသမီးတွေဟာ နောမိကိုကြည့်ပြီး “ဤသူကား နောမိဟုတ်သလော” လို့ မေးကြတယ်။ နောမိရဲ့ပုံစံက မောဘပြည်ကို ထွက်သွားတုန်းကနဲ့ မတူဘဲ တော်တော့်ကို အိုစာသွားပြီ။ သူ့ရဲ့ရုပ်သွင်က ဆင်းရဲခက်ခဲမှုဒဏ်နဲ့ ပူဆွေးမှုဒဏ်တွေကို နှစ်ပေါင်းများစွာ ခါးစည်းခံလာရတဲ့ပုံပေါက်နေတယ်။—ရုသ ၁:၁၉

နောမိဟာ သူ့ရဲ့ဘဝမှာ ခါးသီးတဲ့အရာတွေကို ဘယ်လို ကြုံတွေ့ခံစားလာရတယ်ဆိုတာ နှစ်ပေါင်းများစွာ ကင်းကွာလာခဲ့တဲ့ သူ့ရဲ့ဆွေမျိုးသားချင်းတွေ၊ အိမ်နီးချင်းတွေကို ပြောပြတယ်။ ကျွန်ုပ်၏သာယာခြင်းလို့ အဓိပ္ပာယ်ရှိတဲ့ နောမိဆိုတဲ့ နာမည်ကနေ ခါးသီးသောလို့ အဓိပ္ပာယ်ရှိတဲ့ မာရလို့တောင် ပြောင်းသင့်တယ်လို့ နောမိ ခံစားခဲ့ရတယ်။ တကယ့်ကို သနားစရာကောင်းတဲ့ နောမိပါပဲ။ ယေဟောဝါဘုရားသခင်က သူ့အပေါ်မှာ ဆင်းရဲခက်ခဲမှုတွေကို ကျရောက်စေတယ်လို့ ယောဘလိုပဲ သူယူမှတ်ခဲ့တယ်။—ရုသ ၁:၂၀၊ ၂၁; ယောဘ ၂:၁၀; ၁၃:၂၄-၂၆

သမီးယောက္ခမနှစ်ယောက် ဘက်သလီဟင်မြို့ငယ်မှာ အခြေချလိုက်တာနဲ့ ရုသခေါင်းထဲမှာ သူနဲ့ နောမိတို့ ဘယ်လိုရပ်တည်ကြမလဲဆိုပြီး အတွေးဝင်လာတယ်။ အစ္စရေးလူတွေကို ယေဟောဝါဘုရားသခင် ပေးထားတဲ့ ပညတ်ထဲမှာ ဆင်းရဲသားတွေအတွက် မေတ္တာပါတဲ့အစီအစဉ်တစ်ခု ပါဝင်တယ်ဆိုတာ ရုသ သိထားတယ်။ ရိတ်သိမ်းချိန်ရောက်ရင် ဆင်းရဲသားတွေဟာ လယ်ကွက်တွေဆီသွားပြီး ရိတ်သိမ်းသူတွေရဲ့နောက်ကနေ ကျကျန်ရစ်တဲ့ ကောက်နှံတွေကို လိုက်ကောက်သိမ်းခွင့်၊ လယ်ကွက်ထောင့်တွေမှာ ချန်ထားတဲ့ ကောက်နှံတွေကို ရိတ်သိမ်းခွင့်ရှိတယ်။ *ဝတ်ပြုရာ ၁၉:၉၊ ၁၀; တရားဟောရာ ၂၄:၁၉-၂၁

မုယောစပါးရိတ်သိမ်းချိန် ရောက်ပါပြီ၊ ခေတ်သစ်ပြက္ခဒိန်အရ အဲဒီအချိန်ဟာ ဧပြီလမှာ ဖြစ်နိုင်ပါတယ်။ ဒီအခါမှာ ရုသဟာ လယ်ကွက်တွေဆီသွားပြီး သူ့ကို ကောက်သင်းကောက်ခွင့်ပေးမယ့်သူကို လိုက်ရှာတယ်။ ဗောဇလို့ခေါ်တဲ့ အမျိုးသားတစ်ယောက်ရဲ့ လယ်ကွက်တွေကို အမှတ်မထင် သူတွေ့သွားတယ်။ အဲဒီအမျိုးသားဟာ ချမ်းသာတဲ့ မြေပိုင်ရှင်ဖြစ်ပြီး နောမိရဲ့ သေဆုံးသွားတဲ့ခင်ပွန်း ဧလိမလက်နဲ့ ဆွေမျိုးတော်တယ်။ မောရှေပညတ်အရ ရုသဟာ ကောက်သင်းကောက်ခွင့်ရှိပေမဲ့လည်း ရိတ်သိမ်းသူတွေကို ကြီးကြပ်တဲ့သူဆီသွားပြီး ခွင့်ပြုချက်တောင်းခဲ့တယ်။ သူ့ရဲ့ ခွင့်ပြုချက် ရပြီးတဲ့နောက်မှ ရုသ ကောက်သင်းကောက်ပါတယ်။—ရုသ ၁:၂၂-၂:၃၊

ရိတ်သိမ်းသူတွေနောက်ကနေ လိုက်ပြီး ကောက်သင်းကောက်နေတဲ့ ရုသကို မြင်ယောင်ကြည့်လိုက်ပါ။ ရိတ်သိမ်းသူတွေ တံစဉ်နဲ့ရိတ်ပြီး ကျကျန်ရစ်ခဲ့တဲ့ ဒါမှမဟုတ် ချန်ရစ်ခဲ့တဲ့ ကောက်နှံတွေကို ရုသ လိုက်ကောက်သိမ်းပြီး စည်းလိုက်တယ်။ ပြီးတော့ ကောက်နှံတွေကို ရိုက်ခြွေမယ့်နေရာဆီကို ယူသွားတယ်။ ကောက်သင်းကောက်တဲ့အလုပ်က ဖြည်းဖြည်းနဲ့ ပင်ပင်ပန်းပန်း လုပ်ရတဲ့အလုပ်ဖြစ်တယ်၊ နေမြင့်လာလေ ပိုပြီး ပင်ပန်းလာလေပဲ။ ဒါပေမဲ့ ရုသဟာ မနားတမ်း လုပ်နေပါတယ်။ နဖူးပေါ်ကနေ စီးကျလာတဲ့ ချွေးတွေကို သုတ်ဖို့နဲ့ နေ့လယ်စာစားဖို့လောက်ပဲ ခဏနားတယ်။ သူနေ့လယ်စာစားတဲ့နေရာက အလုပ်သမားတွေအတွက် ထိုးထားတဲ့ တဲလေးဖြစ်နိုင်ပါတယ်။

ရုသဟာ သူ့ကိုအာရုံစိုက်လာအောင် မလုပ်ခဲ့သလို မျှော်လည်း မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမဲ့ သူ အာရုံစိုက်ခံလိုက်ရပါတယ်။ ဗောဇက ရုသကို တွေ့သွားပြီး ကြီးကြပ်သူတဲ့သူကို ရုသအကြောင်း မေးလိုက်တယ်။ ယေဟောဝါဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တဲ့ ဗောဇရဲ့လယ်ကွက်တွေထဲမှာ နေ့စားအလုပ်သမားတွေအပြင် လူမျိုးခြားတွေတောင်ရှိတယ်။ သူတို့တွေကို ဗောဇက ‘ယေဟောဝါဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူပါစေ’ လို့နှုတ်ဆက်တတ်တယ်။ အလုပ်သမားတွေကလည်း သူ့ကို အဲဒီလိုပြန်နှုတ်ဆက်ကြတယ်။ ယေဟောဝါဘုရားသခင်ကိုချစ်တဲ့ သက်ကြီး ဗောဇဟာ ရုသကို သမီးတစ်ယောက်လို စိတ်ဝင်စားခဲ့တယ်။—ရုသ ၂:၄-၇

ဗောဇဟာ ရုသကို “သမီး” လို့ခေါ်ပြီး သူ့လက်ကွက်တွေမှာ ကောက်သင်းကောက်ဖို့၊ အလုပ်သမားတွေ ရုသကို အနှောင့်အယှက်မပေးနိုင်အောင် သူ့အိမ်က အလုပ်သမတွေအနားမှာပဲနေဖို့ ပြောတယ်။ ရုသမှာ နေ့လယ်စာ ရှိအောင်လည်း စီမံပေးတယ်။ အဲဒါတွေအပြင် ရုသ ကို ချီးမွမ်းပြီး အားပေးခဲ့တယ်။ ဘယ်လိုနည်းအားဖြင့်လဲ။—ရုသ ၂:၈၊ ၉၊ ၁၄

ရုသက လူမျိုးခြားဖြစ်တဲ့ သူ့အနေနဲ့ ဗောဇရဲ့မျက်နှာသာရအောင် ဘာလုပ်ရမလဲလို့ ဗောဇကို မေးတယ်၊ အဲဒီအခါ ယောက္ခမနောမိကို ရုသ လုပ်ကျွေးနေတယ်ဆိုတာကို ကြားတယ်လို့ ဗောဇ ပြန်ဖြေတယ်။ ချစ်ရတဲ့ ချွေးမအကြောင်း ဘက်သလီဟင်မြို့သူတွေကို နောမိပြောပြတာကို သူတို့ကနေတစ်ဆင့် ဗောဇ ကြားသွားတာဖြစ်နိုင်တယ်။ ယေဟောဝါဘုရားသခင်ကို ရုသ ဝတ်ပြုလာတဲ့အကြောင်း ဗောဇသိရှိထားတယ်ဆိုတာကို ဒီကျမ်းချက်အရ သိရပါတယ်– ‘သင့်အမှု၏အကျိုးကို ထာဝရဘုရားသခင် ပေးတော်မူပါစေသော၊ သင်သည် အတောင်တော်အောက်၌ ခိုလှုံခြင်းငှာ ချဉ်းကပ်သော အစ္စရေးအမျိုး၏ဘုရားသခင် ယေဟောဝါသည် စုံလင်သောဆုကို ချတော်မူပါစေသော။’—ရုသ ၂:၁၂

အဲဒီစကားတွေက ရုသအတွက် အားရှိစရာဖြစ်မှာ သေချာပါတယ်။ ငှက်ပေါက်စလေးဟာ အကာအကွယ်ရရှိဖို့ ငှက်မကြီးရဲ့အတောင်အောက်မှာ နေသလိုမျိုး ရုသကလည်း ယေဟောဝါဘုရားသခင်ကို ခိုလှုံဖို့ ဆုံးဖြတ်ချက်ချထားပြီးဖြစ်တယ်။ အဲဒီလိုအားပေးတဲ့အတွက် ဗောဇကို ရုသ ကျေးဇူးတင်တယ်။ အဲဒီနောက် ရုသဟာ ညနေစောင်းသွားတဲ့အထိ အလုပ်ကို မနားတမ်း ဆက်လုပ်သွားပါတယ်။—ရုသ ၂:၁၃၊ ၁၇

လုပ်ရပ်နဲ့တင်ပြတဲ့ ရုသရဲ့ ယုံကြည်ခြင်းက စီးပွားရေးကျပ်တည်းတဲ့ ကနေ့ခေတ်မှာ အသက်ရှင်နေရတဲ့ ကျွန်ုပ်တို့အားလုံးအတွက် အတုယူထိုက်တဲ့ စံနမူနာကောင်းတစ်ရပ် ဖြစ်ပါတယ်။ တခြားသူတွေမှာ ကိုယ့်ကိုလုပ်ပေးရမယ့်တာဝန် ရှိတယ်လို့ ရုသ မယူဆတဲ့အတွက် တခြားသူတွေ လုပ်ပေးသမျှကို ကျေးဇူးတင်လေးမြတ်စွာ ခံယူခဲ့တယ်။ ရုသဟာ ချစ်မြတ်နိုးရတဲ့သူအတွက်ဆိုရင် ဘယ်လောက်ပဲ ပင်ပန်းပါစေ နိမ့်ကျတဲ့အလုပ်ဖြစ်ရင်တောင် မရှက်မကြောက် လုပ်ခဲ့တယ်။ ဘေးမသီရန်မခ ဘယ်လိုအလုပ်လုပ်ရမယ်၊ ဘယ်သူတွေနဲ့ ပေါင်းသင်းရမယ်ဆိုတဲ့ ပညာရှိအကြံဉာဏ်တွေကို ရုသ ကျေးဇူးတင်စွာ လက်ခံပြီး ကျင့်သုံးခဲ့တယ်။ အရေးကြီးဆုံးက ရုသဟာ ဖခင်တစ်ဦးသဖွယ် ကာကွယ်ပေးတဲ့ ယေဟောဝါဘုရားသခင်ကို အမြဲ မှီခိုအားထားခဲ့တယ်။

ကျွန်ုပ်တို့လည်း ရုသလိုပဲ ခိုင်မြဲသောမေတ္တာကို ပြသပြီး၊ ရုသရဲ့ နှိမ့်ချမှု၊ လုံ့လဝီရိယရှိမှုနဲ့ ကျေးဇူးတင်လေးမြတ်မှုတွေကို တုပမယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းက တခြားသူတွေ တုပထိုက်တဲ့ စံနမူနာကောင်း ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ ယေဟောဝါဘုရားသခင်ဟာ ရုသနဲ့နောမိတို့ကို ဘယ်လိုထောက်မခဲ့ပါသလဲ။ ဒီအကြောင်းကို ဒုတိယအပိုင်းအနေနဲ့ ဆက်ဖော်ပြပါမယ်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 22 ရုသဟာ တခြားလူမျိုးခြားတွေလို “ဘုရားသခင်” ဆိုတဲ့ ဘွဲ့ကိုပဲ ပြောခဲ့တာမဟုတ်ဘဲ ယေဟောဝါဆိုတဲ့ ဘုရားသခင်ရဲ့ ကိုယ်ပိုင်အမည်ကိုလည်း ပြောခဲ့တာက မှတ်သားထိုက်ပါတယ်။ ဘာသာပြန်ကျမ်း (The Interpreter’s Bible) တစ်ကျမ်းမှာ ဒီလိုဖော်ပြထားတယ်– “လူမျိုးခြားဖြစ်တဲ့ ဒီအမျိုးသမီးဟာ စစ်မှန်တဲ့ ဘုရားသခင်ကို ဝတ်ပြုတဲ့သူဖြစ်တယ်ဆိုပြီး ကျမ်းရေးသူက အလေးအနက် ဖော်ပြခဲ့တယ်။”

^ အပိုဒ်၊ 29 ကောက်သင်းကောက်ခွင့်ပညတ်က မောဘပြည်က ပညတ်တွေနဲ့ လုံးဝမတူတဲ့ အလွန်ကောင်းတဲ့ ပညတ်တစ်ခုဖြစ်မှာ သေချာပါတယ်။ ရှေးခေတ်က အရှေ့အလယ်ပိုင်းဒေသမှာ မုဆိုးမတွေဟာ မတရားအနိုင်ကျင့်ခံခဲ့ရတယ်။ အကိုးအကားစာအုပ်တစ်ခုမှာ ဒီလိုဖော်ပြထားတာကို သတိပြုကြည့်ပါ– “အများအားဖြင့် မုဆိုးမတစ်ယောက်ဟာ သားတွေရဲ့ ထောက်ပံ့မှုကို မှီခိုအားထားရမှာဖြစ်တယ်။ သားတစ်ယောက်မှ မရှိဘူးဆိုရင် သူ့အနေနဲ့ ကျွန်အဖြစ် ကိုယ့်ကိုယ်ကိုယ် ရောင်းစားမယ်၊ မတတ်သာတဲ့အဆုံး ပြည့်တန်ဆာလုပ်ရင်လည်း လုပ်လိုက်မယ်။ အဲဒီလိုမှမလုပ်ရင် သူသေဖို့ပဲရှိတယ်။”

[စာမျက်နှာ ၂၆ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

လက်ရာမြောက်တဲ့ စာပေလေး

ရုသကျမ်းကို လက်ရာမြောက်တဲ့ အဖိုးတန်စာပေလေးအဖြစ် ခေါ်စမှတ်ပြုခဲ့ကြပါတယ်။ ရုသကျမ်းက တရားသူကြီးမှတ်စာလောက် ကျယ်ကျယ်ပြန့်ပြန့် ရေးသားဖော်ပြထားတဲ့ကျမ်းမဟုတ်ပါဘူး။ တရားသူကြီးမှတ်စာက ရုသကျမ်းရဲ့ အရှေ့မှာရှိပြီး ရုသကျမ်းမှာပါတဲ့ ဖြစ်ရပ်တွေရဲ့ အချိန်ကာလကို သိရှိစေပါတယ်။ (ရုသ ၁:၁) အဲဒီကျမ်းနှစ်ကျမ်းစလုံးကို ပရောဖက် (ကြိုဟောသူ) ရှမွေလ ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာကို သင် ဖတ်ရှုလေ့လာတဲ့အခါ ရုသကျမ်းကို ကျမ်းတစ်ကျမ်းအနေနဲ့ ထည့်သွင်းသင့်တယ်လို့ သင် ယူမှတ်မှာဖြစ်တယ်။ စစ်ပွဲတွေနဲ့ ကျူးကျော်တိုက်ခိုက်မှုတွေအကြောင်း မှတ်တမ်းတင်ထားတဲ့ တရားသူကြီးမှတ်စာကို ဖတ်ပြီးတဲ့နောက် နေ့စဉ် ပြဿနာတွေနဲ့ လုံးချာလိုက်နေတဲ့ ငြိမ်သက်အေးချမ်းတဲ့သူတွေကိုလည်း ယေဟောဝါဘုရားသခင် အမြဲ ဂရုစိုက်တယ်ဆိုတာကို သိရှိစေတဲ့ ရုသကျမ်းကို သင် ဖတ်ရပါလိမ့်မယ်။ မိသားစုဘဝအကြောင်း ပြဇာတ်ဆန်ဆန် ဖော်ပြထားတဲ့ ဒီကျမ်းစောင်ထဲမှာ မေတ္တာ၊ ဆုံးရှုံးမှု၊ ယုံကြည်ခြင်း၊ သစ္စာစောင့်သိမှုတို့နဲ့ပတ်သက်ပြီး အရေးကြီးသင်ခန်းစာတွေ ပါရှိတဲ့အတွက် ကျွန်ုပ်တို့အားလုံး အကျိုးရယူနိုင်ပါတယ်။

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ကြေကွဲမှုနဲ့ ဆုံးရှုံးမှုတွေ ကြုံနေရတဲ့အချိန်မှာ ရုသဟာ နောမိအနားကနေ တစ်ဖဝါးမှမခွာဘဲနေခဲ့

[စာမျက်နှာ ၂၄၊ ၂၅ ပါ ရုပ်ပုံ]

“မိခင်အမျိုးသည် ကျွန်မအမျိုး၊ မိခင်၏ဘုရားသည် ကျွန်မဘုရားဖြစ်ပါစေ”

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

ကိုယ်ကိုယ်တိုင်နဲ့နောမိအတွက် ပင်ပန်းခက်ခဲပြီး နိမ့်ကျတဲ့အလုပ်ကို ရုသ စိတ်ပါလက်ပါ လုပ်ဆောင်ခဲ့