မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပျော်ရွှင်မှုရရှိနိုင်ပုံ

ပျော်ရွှင်မှုရရှိနိုင်ပုံ

ယေရှုထံမှ ကျွန်ုပ်တို့ သင်ယူရရှိရာ

ပျော်ရွှင်မှုရရှိနိုင်ပုံ

ပျော်ရွှင်မှုရရှိဖို့ ဘယ်အရာက အဓိကကျသလဲ။

▪ တောင်ပေါ်မှာ  ယေရှုဟောခဲ့တဲ့  အကျော်ကြားဆုံး ဟောပြောချက်မှာ ပျော်ရွှင်မှုအကြောင်းကို ဦးဆုံးဟောခဲ့တယ်။ “ဘုရားသခင်ကို မှီခိုရန် လိုကြောင်း သိမှတ်သူတို့သည် ပျော်ရွှင်ကြ၏” ဆိုပြီး ကိုယ်တော်မိန့်တော်မူတယ်။ (မဿဲ ၅:၃) အဲဒါ ဘာကို ဆိုလိုတာလဲ။

တိရစ္ဆာန်တွေလိုပဲ  ကျွန်ုပ်တို့လည်း  အသက်ရှင်ရပ်တည်နိုင်ဖို့ အသက်ရှူရတယ်။ စားသောက်ရတယ်။ ဒါပေမဲ့ ပျော်ရွှင်မှုရဖို့အတွက် တိရစ္ဆာန်တွေမှာမရှိတဲ့ လိုအပ်ချက် ကျွန်ုပ်တို့မှာ ရှိထားရမယ်။ အဲဒါကတော့ ဘဝရည်ရွယ်ချက်ကို သိနားလည်ထားဖို့ပဲ။ အဲသည်လိုအပ်ချက်ကို အသက်ပေးပိုင်ရှင်ကသာ ဖြည့်ဆည်းပေးနိုင်တာ။ ဒါကြောင့် ယေရှုက ဒီလိုမိန့်ဆိုတယ်– ‘လူသည် မုန့်အားဖြင့်သာ အသက်ရှင်ရမည်မဟုတ်။ ယေဟောဝါဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ရှင်ရမည်။’ (မဿဲ ၄:၄) ဘုရားသခင်ကို မှီခိုဖို့လိုတယ်ဆိုတဲ့ အသိစိတ်ရှိထားတဲ့သူတွေက “ပျော်ရွှင်သော ဘုရားသခင်” ယေဟောဝါဆီ ချဉ်းကပ်တဲ့အတွက် ပျော်ရွှင်နေကြတယ်။ ကိုယ်တော်ကလည်း ပျော်ရွှင်မှုအတွက် မရှိမဖြစ်တဲ့ မျှော်လင့်ချက် သူတို့ကို ပေးထားတယ်။—၁ တိမောသေ ၁:၁၁

ယေရှု ဘယ်လို မျှော်လင့်ချက်ပေးခဲ့သလဲ

▪ “နူးညံ့သိမ်မွေ့သူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ထိုသူတို့သည် မြေကြီးကို အမွေရကြလိမ့်မည်” လို့ယေရှု မိန့်ဆိုခဲ့တယ်။ (မဿဲ ၅:၅) ဖျားနာနေတဲ့သူတွေကို ကုသပေးခြင်း၊ သေတဲ့သူတွေကို အသက်ပြန်ရှင်စေခြင်းအားဖြင့် လူတွေကို မျှော်လင့်ချက်ပေးခဲ့တယ်။ ကိုယ်တော် မြေကြီးပေါ်ကြွလာတာက မျှော်လင့်ချက်နဲ့ဆိုင်တဲ့ သတင်းတရားပြောဖို့ဖြစ်တယ်။ “ဘုရားသခင်၏သားတော်ကို ယုံကြည်ကြောင်း တင်ပြသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ၊ ထာဝရအသက်ကိုရစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် ဤလောကကို ချစ်တော်မူ၏” လို့ယေရှု ရှင်းပြခဲ့တယ်။ (ယောဟန် ၃:၁၆) ဘုရားသခင့်စကားတော်ကို နားထောင်မယ့်သူတွေက မြေကြီးပေါ်မှာ ထာဝစဉ် အသက်ရှင်ခွင့်ရရှိမယ်လေ။ နူးညံ့သိမ်မွေ့တဲ့သူတွေအလယ်မှာ အမြဲ နုပျိုစွာ အသက်ရှင်နေထိုင်ရမယ့်အရေးကို မြင်ယောင်ကြည့်နိုင်မလား။ “မျှော်လင့်ခြင်း၌ ဝမ်းမြောက်ကြလော့” ဆိုတဲ့ ကျမ်းစကားက အံ့ဩစရာမဟုတ်ပါဘူး။ (ရောမ ၁၂:၁၂) အခုကတည်းကနေ ပျော်ရွှင်မှုကို ဘယ်လိုရနိုင်မလဲဆိုတာကို ယေရှုလည်း ပြောသွားခဲ့တယ်။

ဘယ်အရာက ပျော်ရွှင်တဲ့ဘဝလမ်းစဉ်ဖြစ်ကြောင်း ယေရှုသွန်သင်ခဲ့သလဲ

▪ လူလူချင်းဆက်ဆံရေး၊  အိမ်ထောင်ရေး၊  နှိမ့်ချမှုနဲ့ရုပ်ပစ္စည်းတွေအပေါ် တော်မှန်တဲ့အမြင်စတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး လက်တွေ့ကျ အကြံပြုချက်တွေကို ယေရှု ပေးခဲ့တယ်။ (မဿဲ ၅:၂၁-၃၂; ၆:၁-၅၊ ၁၉-၃၄) ယေရှုရဲ့ အကြံပြုချက်တွေကို သင် လိုက်လျှောက်မယ်ဆိုရင် ပျော်ရွှင်မှုရရှိနိုင်မှာ ဖြစ်တယ်။

ရက်ရောမှုက  ပျော်ရွှင်မှုရရှိစေတယ်။ (တမန်တော် ၂၀:၃၅) ဥပမာ၊ “သင်သည် ပွဲခံလျှင် ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သူ၊ ခြေဆွံ့သူ၊ မျက်မမြင်သူတို့ကို ဖိတ်ခေါ်လော့။ ထိုသူတို့သည် ကျေးဇူးမဆပ်နိုင်သည်ဖြစ်၍ သင်သည် ပျော်ရွှင်လိမ့်မည်” ဆိုပြီး ယေရှုမိန့်ဆိုခဲ့တယ်။ (လုကာ ၁၄:၁၃၊ ၁၄) ကိုယ့်ကိုယ်ကိုယ်ပျော်အောင်လုပ်တာထက် သူတစ်ပါးကို ပျော်အောင်လုပ်တာက ပိုပြီးပျော်ရွှင်စေတယ်။

ဘာကိုလုပ်ဆောင်တာက အပျော်ရွှင်ဆုံးလဲ

▪ သူတစ်ပါးအကျိုးကိုဆောင်တာက သင့်ကို ပျော်ရွှင်မှုရရှိစေပေမဲ့ ဘုရားသခင့်အလိုတော်ကို ဆောင်တာက ပိုပြီးပျော်ရွှင်စေတယ်။ ဘုရားသခင့်အလိုတော်ကိုဆောင်ခြင်းကနေ ရရှိတဲ့ပျော်ရွှင်မှုက သားသမီးတွေကိုချစ်တဲ့ မိဘတွေရဲ့ ပျော်ရွှင်မှုထက် ပိုလို့တောင် ကြီးမားတယ်။ တစ်ခါက လူအုပ်ကို ယေရှုဟောပြောနေတုန်း အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့တယ်။ “လူအုပ်ထဲမှ အမျိုးသမီးတစ်ဦးသည် အသံကိုလွှင့်၍ ‘ကိုယ်တော်ကို ဝမ်းနှင့်လွယ်၍ နို့တိုက်ခဲ့သောသူသည် ပျော်ရွှင်၏’ ဟုလျှောက်လျှင် ကိုယ်တော်က ‘ဘုရားသခင်၏ တရားစကားတော်ကို ကြားနာ၍ စောင့်ရှောက်သောသူသည် သာ၍ပျော်ရွှင်၏’ ဟုမိန့်တော်မူ၏။”—လုကာ ၁၁:၂၇၊ ၂၈

ကောင်းကင်ခမည်းတော်ရဲ့  အလိုတော်ကို  ဆောင်ခြင်းကနေ စိတ်ကျေနပ်မှုနဲ့ ပျော်ရွှင်မှုရရှိကြောင်း ယေရှုကိုယ်တိုင် ခံစားတွေ့ ရှိခဲ့တယ်။ ဘုရားသခင့်အလိုတော်က ထာဝရအသက်နဲ့ဆိုင်တဲ့ မျှော်လင့်ချက်အကြောင်း လူတို့ကို ကြားသိစေချင်တယ်။ တစ်ခါက အဲဒီမျှော်လင့်ချက်အကြောင်း စိတ်ဝင်စားသူတစ်ယောက်ကို ယေရှု ရှင်းပြပြီးတဲ့နောက် ဒီလိုမိန့်ဆိုခဲ့တယ်– “ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကို ပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏။” (ယောဟန် ၄:၁၃၊ ၁၄၊ ၃၄) သင်လည်း တခြားသူတွေကို ကျမ်းစာအမှန်တရား ပြောပြခြင်းအားဖြင့် ဘုရားသခင် နှစ်သက်ရာကို လုပ်ဆောင်မယ်ဆိုရင် ပျော်ရွှင်မှုရရှိနိုင်ပါတယ်။

ပိုမိုသိရှိလိုလျှင် ယေဟောဝါသက်သေများ ထုတ်ဝေသော ဤစာအုပ်၏ အခန်း ၁ တွင်ကြည့်ပါ။

သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း

[စာမျက်နှာ ၁၆ ပါရုပ်ပုံ]

စစ်မှန်တဲ့ပျော်ရွှင်မှုက ဘဝရည်ရွယ်ချက်ကို သိနားလည်ဖို့ လိုတယ်ဆိုတဲ့ အချက်ကို ဖြည့်ဆည်းပေးခြင်းကနေ ဖြစ်ပေါ်လာ