မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာသည် ဘဝအသက်တာများကို ပြောင်းလဲစေ

ကျမ်းစာသည် ဘဝအသက်တာများကို ပြောင်းလဲစေ

ကျမ်းစာသည် ဘဝအသက်တာများကို ပြောင်းလဲစေ

ဘာသာတရားကို အယုံအကြည်မရှိတော့သော အမျိုးသမီးတစ်ဦးသည် ယခု အခြားသူတို့ကို ဘုရားသခင်အကြောင်းသိရှိ လာရန် အချိန်များစွာပေး၍ ကူညီနေသည်မှာ အဘယ်ကြောင့်နည်း။ အကြမ်းဖက်အားကစားများကိုခုံမင်သော အမျိုးသား တစ်ဦးအား ငြိမ်သက်မှုကိုချစ်မြတ်နိုးသူဖြစ်လာရန် အဘယ်အရာက လှုံ့ဆော်ခဲ့သနည်း။ မူးယစ်ဆေးနှင့်အရက်သုံးစွဲပြီး လမ်းပေါ်တွင် ရန်ဖြစ်တတ်သောအမျိုးသားတစ်ဦးသည် သူ၏ဘဝပုံစံကိုပြောင်းလဲရန် မည်သို့ကြိုးစားခဲ့သနည်း။ သူတို့၏ပြောဆိုချက် များကို ဖတ်ရှုကြည့်ပါ။

ကိုယ်ရေးမှတ်တမ်းအကျဉ်း

အမည်– ပန်နလိုပီ တော့ပ်လီချက်စကူ

အသက်– ၄၀

နိုင်ငံ– ဩစတြေးလျ

ဘဝနောက်ခံ– ဘာသာတရားကိုစိတ်ကုန်သူ

အတိတ်– ကျွန်မကို ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ ဖွားမြင်ခဲ့တာပါ၊ ကျွန်မ နှစ်နှစ်အရွယ်မှာ ကျွန်မတို့မိသားစု နယူးဂီနီကိုပြောင်းရွှေ့ခဲ့တယ်။ ရာဗူလ်မြို့မှာ ကျွန်မတို့ နှစ်နှစ်နီးပါးနေထိုင်တယ်၊ အဲဒီနောက် ဘူဂိမ်းဗေးလ်ကျွန်းမှာ ရှစ်နှစ်ကြာနေထိုင်ခဲ့တယ်။ အဲဒီတုန်းက နယူးဂီနီမှာ တီဗွီဆိုတာမရှိတဲ့အတွက် ကျွန်မနဲ့မောင်လေးက ရေကူးတာ၊ အသက်ရှူပိုက်နဲ့ရေငုပ်တာ၊ စခန်းချခရီးထွက်တာတွေနဲ့ပဲ ကလေးဘဝကိုဖြတ်သန်းခဲ့ကြတယ်။

ကျွန်မ ဆယ်နှစ်အရွယ်လောက်မှာ ဘာသာတရားကို စပြီးစိတ်ဝင်စားလာတယ်။ အမေက ကက်သလစ်ဘာသာဝင်ဆိုတော့ ကျွန်မကိုလည်း ဒေသခံသီလရှင်တစ်ယောက်ဆီမှာ ကျမ်းစာသင်တန်းတက်ခိုင်းတယ်။ ကက်သလစ်ဘာသာကို ကျွန်မ,သက်ဝင်ယုံကြည်ပြီး ဆယ်နှစ်အရွယ်မှာ နှစ်ခြင်းခံခဲ့တယ်။

ဩစတြေးလျကို ပြန်ပြောင်းရွှေ့လာပြီးနောက် ကျွန်မ ဆယ်ကျော်သက်အရွယ်ရောက်လာချိန်မှာ ကျွန်မရဲ့ဘာသာတရားကို သံသယဝင်စပြုလာတယ်။ အထက်တန်းကျောင်းမှာ ရှေးခေတ်သမိုင်းအကြောင်း လေ့လာရတယ်။ ပြီးတော့ ဘာသာတရားရဲ့အစ၊ ကျမ်းစာထဲက ဒဏ္ဍာရီတွေလို့ ကျွန်မတို့ယူဆတဲ့အကြောင်းတွေနဲ့ပတ်သက်ပြီး အဖေနဲ့ကျွန်မ အကြာကြီးဆွေးနွေးကြတယ်။ နောက်ဆုံးတော့၊ ကက်သလစ်ဘာသာကို ကျွန်မ စွန့်ခွာခဲ့တယ်။

ကျွန်မ ၁၆ နှစ်အရွယ်မှာ မိဘတွေကွာရှင်းလိုက်ကြတယ်။ အမေ့အတွက် အတော်ဒုက္ခရောက်တဲ့အချိန်ဖြစ်လို့ ကျွန်မလည်း အဖေနဲ့အဖေ့ရဲ့နောက်မိန်းမဆီ ပြောင်းရွှေ့နေထိုင်ခဲ့တယ်။ မောင်လေးကတော့ အမေနဲ့နေရစ်ပြီး တခြားပြည်နယ်ကို သူတို့ပြောင်းရွှေ့သွားတယ်။ အဲဒီတုန်းက ကျွန်မ သိပ်အထီးကျန်တာပဲ။ အရင်လို အမေနဲ့ရင်းရင်းနှီးနှီးပြန်ဖြစ်ဖို့ နှစ်နှစ်အချိန်ယူခဲ့ရတယ်။ ကျွန်မ အရက်သောက်တတ်လာတယ်၊ မူးယစ်ဆေးသုံးတယ်၊ ပါတီပွဲတက်တယ်။ ကျောင်းဆက်မတက်တော့ဘဲ အလုပ်လုပ်ခဲ့တယ်။ အသက် ၂၀ ကျော်အရွယ်အထိ အကျင့်ပျက်တဲ့ဘဝပုံစံနဲ့နေထိုင်ခဲ့တယ်။

ကျွန်မ ၂၅ နှစ်အရွယ်ရောက်တဲ့အခါ ကျမ်းစာအကြောင်း ပြန်စိတ်ဝင်စားလာတယ်။ အလုပ်အသစ်ရခဲ့ပြီး ချစ်စရာကောင်းတဲ့လီနာနဲ့ ဆုံတွေ့တယ်။ အလုပ်ရှင်က သူ့အပေါ် ရင့်သီးရိုင်းစိုင်းသလောက် သူကတော့ အလုပ်ရှင်ကို အမြဲပဲ ယဉ်ယဉ်ကျေးကျေးဆက်ဆံတယ်။ အလုပ်ရှင်ကို ဘာကြောင့် ရိုင်းရိုင်းစိုင်းစိုင်းမတုံ့ပြန်သလဲလို့မေးကြည့်တော့ သူက ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာနေပြီး ကျမ်းစာမူတွေကို ကျင့်သုံးဖို့ကြိုးစားနေတယ်လို့ ပြန်ဖြေတယ်။ ပြီးတော့ ကျွန်မကို ကျမ်းစာလေ့လာဖို့ ကမ်းလှမ်းတယ်။ သူဆိုလိုတာကို ကျွန်မသဘောမပေါက်ဘူး။ ဒါကြောင့် သူနဲ့ တစ်နာရီတည်းလေ့လာလိုက်ရုံနဲ့ သူသိသမျှကျမ်းစာအကြောင်းကို ကျွန်မလည်း သိနိုင်မယ်လို့ထင်သွားတာ။ အဲဒီညမှာ လီနာက ကျမ်းစာနဲ့ပတ်သက်တဲ့ ကျွန်မမေးခွန်းတွေကိုဖြေဆိုပေးတာ သုံးနာရီတောင်ကြာသွားတယ်။ ကျွန်မမေးသမျှကို ကျမ်းချက်တွေသုံးပြီး သူဖြေဆိုခဲ့လို့ ကျွန်မသဘောကျတယ်။

လီနာနဲ့ဆွေးနွေးပြီးတဲ့နောက် ကားမောင်းပြီး အိမ်ပြန်လာချိန်မှာ ဘုရားသခင်နဲ့ပတ်သက်တဲ့ ဒီအမှန်တရားတွေကို ဒီထက်စောစော အသိမပေးရကောင်းလားဆိုပြီး ကိုယ်တော့်ကို စိတ်ဆိုးမိသေးတယ်။ သက်သေခံတွေက ကိုယ်ကျင့်တရားသန့်ရှင်းတယ်ဆိုတာ ကျွန်မသိလာတယ်။ ကျွန်မရဲ့အကျင့်ဆိုးတွေကိုပြုပြင်ဖို့ အချိန်နှောင်းနေပြီလို့တွေးမိတယ်။ ပြီးတော့ သက်သေခံတွေလို တစ်အိမ်တက်ဆင်းဟောပြောနိုင်မှာမဟုတ်ဘူးလို့လည်း တွေးမိတယ်။ သက်သေခံတွေနဲ့အတူ ကျမ်းစာဆက်လေ့လာနေပေမဲ့ ကျွန်မရည်ရွယ်ချက်က သူတို့ရဲ့သွန်သင်ချက်တွေမှာ အမှားရှာပြီး သူတို့ကို စိတ်သန့်သန့်နဲ့အဆက်အသွယ်ဖြတ်နိုင်ဖို့ပဲ။ တစ်နေ့၊ သူတို့ရဲ့သွန်သင်ချက်တွေမှာ အမှားရှာတွေ့မှာမဟုတ်ဘူးဆိုတာ ကျွန်မသဘောပေါက်လာတယ်။

ကျမ်းစာက ကျွန်မဘဝကိုပြောင်းလဲစေခဲ့ပုံ– ကျမ်းစာရဲ့ကျင့်ဝတ်စံနှုန်းတွေကို သိရှိလာလေ၊ ကျွန်မရဲ့ကိုယ်ကိုယ်ကိုယ်သိစိတ်က အနှောင့်အယှက်ပေးလေပဲ။ ဒါကြောင့် မူးယစ်ဆေးဖြတ်လိုက်တယ်။ ဒါပေမဲ့၊ နောက်ပိုင်း တိုင်းတစ်ပါးကို အချိန်အတော်ကြာကြာ ပြောင်းရွှေ့သွားတော့ ပါတီပွဲတွေပြန်တက်ပြီး အရက်ပြန်သောက်လာတယ်။ ကျမ်းစာမူတွေနဲ့အညီနေထိုင်ဖို့ ကြိုးစားလိုက်တိုင်း ဒုံရင်းအခြေအနေပြန်ရောက်နေသလိုခံစားရတယ်။ ရှက်ရှက်နဲ့ ယေဟောဝါဆီဆုတောင်းမိပေမဲ့ စိတ်ထိခိုက်နေတုန်းပဲ။

ဘုရင်ဒါဝိဒ်နဲ့ဗာသရှေဘ ပြစ်မှားမိတဲ့အကြောင်း၊ သူတို့ကို ယေဟောဝါ ဘယ်လိုကရုဏာပြခဲ့တယ်ဆိုတဲ့အကြောင်း သိရှိလာတာက ကျွန်မကိုအကူအညီဖြစ်စေတယ်။ ဆုံးမခံရချိန်မှာ ဒါဝိဒ်က သူ့လုပ်ရပ်တွေအတွက် ဆင်ခြေမပေးဘဲ အမှားကိုသတ္တိရှိရှိဝန်ခံပြီး ဆုံးမပဲ့ပြင်တာကို နှိမ့်ချစွာခံယူတယ်။ (၂ ဓမ္မရာဇဝင် ၁၂:၁-၁၃) ကျွန်မလည်း လမ်းစဉ်ဆိုးကို ပြန်ခြေချမိတဲ့အခါတိုင်း အဲဒီကျမ်းမှတ်တမ်းကို ပြန်တွေးမိတယ်။ အဲဒါက ကျွန်မစိတ်မကောင်းဖြစ်မိတယ်ဆိုတာကို ယေဟောဝါဆီရင်ဖွင့်ဖို့ ပိုလွယ်ကူစေတယ်။ ပြီးတော့ စုံစမ်းသွေးဆောင်မှုကို အလျှော့ပေးပြီးမှမဟုတ်ဘဲ အလျှော့မပေးမိခင် ဆုတောင်းဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒါက သိသိသာသာတိုးတက်မှုဖြစ်စေခဲ့တယ်။

အကျိုးကျေးဇူးရရှိခဲ့ပုံ– ကျွန်မက အမြဲလိုလို ဒေါသထွက်နေတတ်တယ်။ ဒါပေမဲ့ ဧဖက် ၄:၂၉-၃၁ မှာပါတဲ့ကျမ်းစကားတွေက “ခါးသီးနာကြည်းခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း” တွေကို ရှောင်ဖို့လိုတယ်ဆိုတာ သိမြင်စေတယ်။ ဒေါသကိုထိန်းတတ်လာတာနဲ့အမျှ အပြောအဆိုကိုလည်း ဂရုစိုက်တတ်လာတယ်။ ဒါ့အပြင် “သင်တို့၏စကားမှာ အဟုတ်ကို အဟုတ် . . . ဖြစ်စေကြလော့” ဆိုတဲ့ ယေရှုရဲ့အကြံဉာဏ်က ပိုပြီးခိုင်မာပြတ်သားသူဖြစ်လာအောင် ကူညီပေးတယ်။—မဿဲ ၅:၃၇

သက်သေခံတွေနဲ့ပေါင်းသင်းတာကို အစပိုင်းမှာ ဆန့်ကျင်ခဲ့တဲ့အမေက နောက်ပိုင်းကျတော့ ကျွန်မအတွက်ဂုဏ်ယူမိတယ်ဆိုပြီး ပြောတယ်။ “သမီး အခုလိုပြောင်းလဲလာတာက ပြုစုပျိုးထောင်ခံရလို့မဟုတ်ဘဲ ယေဟောဝါနဲ့ပတ်သက်ပြီး သမီး သင်ယူသိရှိခဲ့တဲ့အရာတွေကြောင့်ပဲဆိုတာ အမေသိပါတယ်” လို့ပြောခဲ့တယ်။ အမေ့စကားကိုကြားတော့ ကျွန်မ ပျော်လိုက်တာ။

အခု၊ ကျွန်မဘဝက ရည်ရွယ်ချက်ရှိလာပြီ၊ အဓိပ္ပာယ်ပြည့်ဝလာပြီလို့ ခံစားရတယ်။ ကျွန်မခင်ပွန်းနဲ့ကျွန်မက လွန်ခဲ့တဲ့ကိုးနှစ်လောက်ကစပြီး ကျမ်းစာကို အချိန်ပြည့်သွန်သင်သူတွေဖြစ်နေကြပြီ။ ကျွန်မ တစ်အိမ်တက်ဆင်းဟောပြောနေပြီ။ ကျွန်မလုပ်ခဲ့သမျှအလုပ်တွေထဲမှာ ဒီလုပ်ငန်းက အကျိုးအရှိဆုံးပဲလို့ ခံစားနေရတယ်။

ကိုယ်ရေးမှတ်တမ်းအကျဉ်း

အမည်– ဒဲန်းနစ်ဘူစီဂန်

အသက်– ၃၀

နိုင်ငံ– ရုရှား

ဘဝနောက်ခံ– ကရာတေးသမား

အတိတ်– ကျွန်တော့်ကို ရုရှားနိုင်ငံ၊ ပါမ်မြို့မှာ ဖွားမြင်ပြီး အီဗာနိုဗိုဒေသက လူဦးရေ ၄၀,၀၀၀ ကျော်ရှိတဲ့ ဖာမန်နာဗ်မြို့မှာ ကျွန်တော်ကြီးပြင်းလာတယ်။ ဖာမန်နာဗ်မြို့က ဆောင်းဦးရာသီမှာ အဝါရောင်၊ အနီရောင်ပြောင်းတတ်တဲ့ သစ်ပင်လှလှလေးတွေအုပ်ဆိုင်းနေတဲ့ ရှုခင်းသာမြို့လေးပေါ့။ ၁၉၈၀ ကနေ ၁၉၉၀ ပြည့်လွန်နှစ်တွေအတွင်း အဲဒီမြို့မှာ ရာဇဝတ်မှုတိုးများလာတယ်။ ကျွန်တော့်မိသားစုက ဝင်ငွေနည်းနည်းလေးနဲ့ ခြိုးခြိုးခြံခြံနေထိုင်ခဲ့ရတယ်။ အိပ်ခန်းတစ်ခန်းပဲရှိတဲ့တိုက်ခန်းမှာ ကျွန်တော့်မိဘ၊ ညီလေးနဲ့အတူနေရတာဆိုတော့ တော်တော်လေးကျဉ်းကျပ်တာပေါ့။

ကျွန်တော်ခုနစ်နှစ်အရွယ်မှာ ကရာတေးစသင်ခဲ့တယ်။ အားကစားကိုဝါသနာပါတယ်။ ကရာတေးက ကျွန်တော့်ဘဝပဲ။ အားလပ်ချိန်တွေဆို အားကစားရုံမှာပဲ အချိန်ကုန်သွားတယ်။ သူငယ်ချင်းတွေအားလုံးလည်း အားကစားသမားတွေပဲ။ အသက် ၁၅ နှစ်အရွယ်ရောက်တော့ ကရာတေးမှာ ခါးပတ်အနီရခဲ့တယ်။ နောက်တစ်နှစ်အကြာမှာ ခါးပတ်အညိုရခဲ့တယ်။ ရုရှားနဲ့ယူရေးရှားဗိုလ်လုပွဲအတွက် ယှဉ်ပြိုင်တဲ့ ကရာတေးအသင်းမှာ ကျွန်တော်ပါတယ်။ အနာဂတ်ကတော့ တောက်ပနေပုံပဲ။ ဒါပေမဲ့ အသက် ၁၇ နှစ်အရွယ်မှာ ကျွန်တော့်ဘဝတစ်ခုလုံး ပြောင်းလဲသွားတယ်။

ကျွန်တော်နဲ့သူငယ်ချင်းတချို့ ရာဇဝတ်မှုကျူးလွန်ပြီး အဖမ်းခံရတယ်။ ကျွန်တော့်ကို ထောင်ဒဏ်နှစ်နှစ် ချမှတ်လိုက်တယ်။ ထောင်သားဘဝက ခက်ခဲတယ်။ ဒါပေမဲ့ ထောင်ထဲမှာ ကျမ်းစာကို ဦးဆုံးအကြိမ်မြင်ဖူးခဲ့တယ်။ ကမ္ဘာဦးကျမ်း၊ ဆာလံကျမ်းနဲ့ ဓမ္မသစ်ကျမ်းကို ဖတ်တယ်။ မဿဲ ၆:၉ မှာပါတဲ့ ဆုတောင်းချက်ကိုတောင် အလွတ်ရလာတဲ့အတွက် ကျွန်တော့်ကို တစ်နည်းနည်းနဲ့ကူညီပေးမှာပဲဆိုတဲ့အတွေးနဲ့ အိပ်ရာဝင်ခါနီးတိုင်း အဲဒီဆုတောင်းချက်ကိုရွတ်ဆိုတယ်။

၂၀၀၀ ပြည့်နှစ်မှာ ကျွန်တော် ထောင်ကလွတ်လာတယ်။ ဒါပေမဲ့ ဘဝက ဦးတည်ချက်မဲ့နေပြီး လေလွင့်နေတယ်။ မူးယစ်ဆေးတွေ စသုံးတယ်။ အဲဒီအချိန်လောက်မှာ အမေဆုံးသွားတယ်။ ကျွန်တော်အချစ်ဆုံးဖြစ်တဲ့ အမေ့ကို ဆုံးရှုံးလိုက်ရတဲ့ဒဏ်ကို အလူးအလဲခံစားခဲ့ရတယ်။ ဒါပေမဲ့ မူးယစ်ဆေးဖြတ်နိုင်အောင် ကြိုးစားပြီး အားကစားရုံကိုပြန်သွားတယ်။ ပြီးတော့ အီဗာနိုဗိုမြို့ကို ပြောင်းရွှေ့ခဲ့တယ်။ အဲဒီမြို့က စားသောက်ကုန်စုံဆိုင်မှာ ကျွန်တော်အလုပ်ရခဲ့တယ်။ အဲဒီဆိုင်ရဲ့ဝန်ထမ်းခေါင်းဆောင်က ယေဟောဝါသက်သေဖြစ်တယ်။ သူက ကျမ်းစာမှာပါတဲ့အခြေခံအမှန်တရားတချို့ကို ရှင်းပြပြီး နောက်သက်သေခံတစ်ယောက်နဲ့ ပုံမှန်ကျမ်းစာလေ့လာနိုင်အောင် စီစဉ်ပေးတယ်။

ကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲစေခဲ့ပုံ– ကျမ်းစာလေ့လာတဲ့အခါ ကမ္ဘာမြေကို ပရဒိသုဖြစ်အောင်လုပ်ပေးမယ်ဆိုတဲ့ ဘုရားသခင့်ရည်ရွယ်ချက်ကို သိလာတဲ့အတွက် ကျွန်တော်စိတ်ထိမိသွားတယ်။ ပြီးတော့ အဲဒီမှာနေထိုင်နိုင်ဖို့ အရည်အချင်းပြည့်မီချင်တယ်။ ယေဟောဝါဘုရားသခင်မှာ မြင့်မားတဲ့ကျင့်ဝတ်စံနှုန်းတွေရှိပြီး လူတွေကို အဲဒီစံနှုန်းတွေအတိုင်း နေထိုင်စေချင်တယ်ဆိုတာ သဘောပေါက်လာတယ်။ ကျွန်တော့်ဘဝတစ်လျှောက် ကိုယ့်အတွက်ပဲကိုယ်စဉ်းစားခဲ့တယ်။ တခြားသူတွေကိုထည့်စဉ်းစားပေးတာ၊ အကြင်နာတရားရှိတာ၊ ငြိမ်သက်မှုကိုမြတ်နိုးတာစတဲ့ အဲဒီတုန်းက ကျွန်တော့်မှာမရှိတဲ့အရည်အသွေးတွေ မွေးမြူတာကို ယေဟောဝါလိုလားတယ်ဆိုတာ သိလာတယ်။

ကျွန်တော့်အပြစ်တွေအတွက် သားတော်ကို ရွေးနုတ်ဖိုးအဖြစ်ပေးဆက်ခဲ့တာစတဲ့ ကျွန်တော့်အတွက် ယေဟောဝါလုပ်ဆောင်ပေးခဲ့သမျှကို လေးလေးနက်နက် စတွေးတောလာတာနဲ့အမျှ ဘုရားသခင်ရဲ့မေတ္တာကို ကျေးဇူးတင်တဲ့စိတ်က ဘဝကိုပြုပြင်ပြောင်းလဲဖို့ လှုံ့ဆော်ပေးတယ်။ ဥပမာ၊ အကြမ်းဖက်မှုကို ယေဟောဝါရွံမုန်းတယ်ဆိုတာ ဆာလံ ၁၁:၅ ကနေ သိရှိလာတယ်။ ဒါကြောင့် အကြမ်းဖက်မှုနဲ့မုန်းတီးမှုကို အသားပေးတင်ဆက်တဲ့ တီဗွီအစီအစဉ်တွေကို မကြည့်တော့ဘူး။ ခက်ခက်ခဲခဲကြိုးစားပြီးတဲ့နောက် အကြမ်းဖက်အားကစားတွေကို စွန့်လွှတ်ခဲ့တယ်။ ကိုယ်ပေါင်းသင်းတဲ့သူတွေက ကိုယ့်အပေါ် အကြီးအကျယ်သြဇာသက်ရောက်နိုင်တယ်ဆိုတာကို ၁ ကောရိန္သု ၁၅:၃၃ မှာပါတဲ့မူက သိမြင်စေတယ်။ ကျွန်တော် ထောင်ကျခဲ့ရတာကလည်း အဲဒီကျမ်းစာမူ မှန်ကန်တယ်ဆိုတဲ့ သက်သေပဲ။ ဒါကြောင့် အကြမ်းဖက်အားကစားတွေကို စွဲလမ်းခုံမင်သူတွေနဲ့ ဆက်မပေါင်းတော့ဘူးလို့ ဆုံးဖြတ်ခဲ့တယ်။

အကျိုးကျေးဇူးရရှိခဲ့ပုံ– ယေဟောဝါသက်သေတွေနဲ့ပေါင်းသင်းပြီး ကျမ်းစာလေ့လာတာက ရိုးသားသူဖြစ်လာအောင် ကူညီပေးတယ်။ ဥပမာ၊ ဟေဗြဲ ၁၃:၅ အရ ရောင့်ရဲဖို့၊ ငွေတပ်မက်စိတ်ကိုတွန်းလှန်ဖို့လိုတယ်ဆိုတာ သိလာတယ်။ ဒီအကြံဉာဏ်ကိုလိုက်နာတာက မလိမ်ဖို့၊ မခိုးဖို့ ကူညီပေးတယ်။

မိတ်ဖွဲ့ပေါင်းသင်းရတာကို ကျွန်တော် အမြဲတန်ဖိုးထားတယ်။ အရင်ကတော့ လောဘကြောင့် ဒါမှမဟုတ် ကြောက်ရွံ့မှုကြောင့် မိတ်ပျက်သွားတာတွေကို တွေ့ဖူးတယ်။ ယေဟောဝါသက်သေတွေက မစုံလင်ကြပေမဲ့ ဘုရားသခင်ရဲ့စံနှုန်းတွေကို လေးစားပြီး တခြားသူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါ အဲဒီစံနှုန်းတွေကို ကြိုးစားလိုက်နာတယ်ဆိုတာ ကျွန်တော်သိလာတယ်။ အခု၊ ယေဟောဝါသက်သေတွေထဲမှာ ကျွန်တော့်ရဲ့မိတ်ဆွေစစ်တွေရှိနေပါပြီ။

ကျမ်းစာစံနှုန်းတွေနဲ့အညီနေထိုင်ဖို့ မသင်ယူခဲ့ဘူးဆိုရင် ကျွန်တော့်ဘဝက ဘယ်လိုများဖြစ်နေမလဲလို့ တွေးမိတယ်။ ကျွန်တော် ထောင်ထဲပြန်ရောက်ရင် ရောက်နေမယ်၊ သူတစ်ပါးကို ထိခိုက်နာကျင်စေပြီး စိတ်ဆင်းရဲအောင် လုပ်ရင်လုပ်နေမိမယ်။ အခုတော့ ကျွန်တော့်မှာ ချစ်စရာကောင်းတဲ့ဇနီးနဲ့သားနှစ်ယောက်ရှိနေပါပြီ။ ကျွန်တော်တို့မိသားစုက ဘုရားသခင်နဲ့ပတ်သက်တဲ့အမှန်တရားကို တခြားသူတွေသိရှိနိုင်အောင် ကူညီပေးနေတဲ့အတွက် တကယ့်ကိုပျော်ရွှင်နေကြတယ်။

ကိုယ်ရေးမှတ်တမ်းအကျဉ်း

အမည်– ဂျိုစီကာလော့စ် ပီရီရာဒီစေလ်ဗာ

အသက်– ၃၁

နိုင်ငံ– ဘရာဇီး

ဘဝနောက်ခံ– လမ်းသူရဲ

အတိတ်– ဆောပိုလိုပြည်နယ်၊ အမေရိကားနားရဲ့ ညစ်ပတ်စုတ်ပြတ်တဲ့ ဆင်းရဲသားရပ်ကွက်တွေမှာ ကျွန်တော်ကြီးပြင်းခဲ့တယ်။ အဲဒီမှာ သောက်ရေသန့်မရနိုင်ဘူး၊ ကျန်းမာရေးနဲ့ညီတဲ့ အညစ်အကြေးစွန့်စနစ်မရှိဘူး။ ပြီးတော့ ကြမ်းတမ်းရမ်းကားမှု၊ ရာဇဝတ်မှုတွေပဲ ပြည့်နေတယ်။

ကြမ်းတမ်းရမ်းကားသူ၊ ရန်လိုသူအဖြစ် ကျွန်တော်ကြီးပြင်းလာတယ်။ လမ်းပေါ်ရန်ပွဲတွေမှာ ကျွန်တော်အမြဲပါတဲ့အတွက် အိမ်နီးချင်းတွေက ကျွန်တော့်ကိုကြောက်ကြတယ်။ ကျွန်တော့်ရဲ့ဝတ်စားဖြီးလိမ်းပုံ၊ အမူအကျင့်တွေက ကျွန်တော်ဟာ လူကြမ်းလူမိုက်ပဲဆိုတာ ဖော်ပြနေတယ်။ လူမှန်းသူမှန်းမသိတော့တဲ့အထိ အရက်မူးအောင်သောက်လေ့ရှိတယ်။ ကျွန်တော့်အစ်ကိုတွေလိုပဲ ကျွန်တော်လည်း မူးယစ်ဆေးသုံးတယ်။ တကယ်တော့ အစ်ကိုတစ်ယောက်က ဆေးလွန်ပြီးသေသွားတာ။

ကျမ်းစာက ကျွန်တော့်ဘဝကိုပြောင်းလဲစေခဲ့ပုံ– ယေဟောဝါသက်သေတွေနဲ့တွေ့တဲ့အခါ ကမ္ဘာတစ်ခုလုံးကို ပရဒိသုဖြစ်အောင် ဘုရားသခင်လုပ်ဆောင်ပေးလိမ့်မယ်ဆိုတဲ့အကြောင်း ကျမ်းစာကနေ သူတို့ဖွင့်ပြတယ်။ (လုကာ ၂၃:၄၂၊ ၄၃; ဗျာ. ၂၁:၃၊ ၄) သေလွန်သူတွေက ဘာကိုမှမသိတော့ဘူး၊ ဒါကြောင့် ဘုရားသခင်က လူဆိုးတွေကို မီးငရဲထဲမှာ အပြစ်မပေးဘူးဆိုတာကိုလည်း သိလာတယ်။ (ဒေ. ၉:၅၊ ၆) ဒါက တကယ့်ကိုစိတ်သက်သာရာရစေတယ်။ ဘုရားသခင်နဲ့ပတ်သက်ပြီး သင်ယူသိရှိခဲ့တာတွေကြောင့် ကျွန်တော့်ဘဝပုံစံကို ပြောင်းလဲချင်စိတ်ပြင်းပြလာတယ်။ အပြောင်းအလဲတွေလုပ်ဖို့၊ အရက်နဲ့မူးယစ်ဆေးဖြတ်ဖို့၊ ရန်ပွဲတွေမှာမပါဖို့၊ နှုတ်ကျိုးနေတဲ့ ညစ်ညမ်းတဲ့အပြောအဆိုတွေကိုရှောင်ဖို့ဆိုတာ တကယ်မလွယ်ပါဘူး။

ဒါပေမဲ့၊ ၁ ကောရိန္သု ၆:၉-၁၁ မှာမှတ်တမ်းတင်ထားတဲ့ တမန်တော်ပေါလုရဲ့စကားတွေကြောင့် တကယ်အားရှိသွားတယ်။ ကျွန်တော့်လိုပဲ ပထမရာစုခရစ်ယာန်တချို့လည်း တစ်ချိန်က အကျင့်ဆိုးတွေရှိခဲ့တယ်လို့ အဲဒီကျမ်းချက်က ဖော်ပြတယ်။ ဒါပေမဲ့ “သင်တို့ထဲမှအချို့သည် ယခင်က ထိုသို့သောသူများဖြစ်ကြ၏။ သို့သော် ယခုတွင် သခင်ယေရှုခရစ်၏နာမအားဖြင့်လည်းကောင်း၊ ငါတို့ဘုရားသခင်၏စွမ်းအားတော်အားဖြင့်လည်းကောင်း သင်တို့သည် ဆေးကြောသန့်စင်ခြင်းခံရ၍ ဖြောင့်မတ်ရာသို့ရောက်ကြပြီ” လို့အဲဒီကျမ်းချက်မှာ ဆက်ဖော်ပြတယ်။ အဲဒီစကားတွေက ကျွန်တော်လည်း ဘုရားသခင့်စိတ်တော်နဲ့တွေ့ဖို့ လိုအပ်တဲ့အပြောင်းအလဲတွေလုပ်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်ကို ဖြစ်ပေါ်စေတယ်။

ယေဟောဝါသက်သေတွေနဲ့ စပေါင်းသင်းတဲ့အခါ သူတို့က ခရစ်ယာန်စစ်တွေလိုက်သင့်တဲ့လမ်းစဉ်ကို လိုက်လျှောက်နေတယ်ဆိုတာ ကျွန်တော်ယုံကြည်သွားတယ်။ ကျွန်တော့်မှာ ကြမ်းတမ်းရမ်းကားတဲ့၊ ရန်လိုတဲ့အကျင့်ရှိခဲ့တာကို သူတို့သိနေပေမဲ့ မေတ္တာအပြည့်နဲ့ လှိုက်လှိုက်လှဲလှဲကြိုဆိုပေါင်းသင်းတယ်။

အကျိုးကျေးဇူးရရှိခဲ့ပုံ– ကျွန်တော်သာ ကျမ်းစာမလေ့လာခဲ့ဘူး၊ ဘဝပုံစံကိုမပြောင်းလဲခဲ့ဘူးဆိုရင် အခုလို အသက်ရှင်ချင်မှရှင်နေမှာ။ အခုတော့ ကျွန်တော့်ညီတစ်ယောက်ကို ကျမ်းစာလေ့လာနိုင်အောင်၊ မူးယစ်ဆေးဖြတ်နိုင်အောင် ကူညီနိုင်ခဲ့လို့ ပျော်ရွှင်မှုခံစားနေရတယ်။ ဆွေမျိုးတွေကိုလည်း ကျမ်းစာစလေ့လာဖို့ တိုက်တွန်းတယ်။ ကျွန်တော်တို့ကို သိပ်ဂရုစိုက်တဲ့ ဘုရားသခင်ရဲ့အမှုတော်ဆောင်ဖို့ ကျွန်တော့်အသက်တာကို အပ်နှံနိုင်ခဲ့တာ တကယ့်ကိုကျေးဇူးတင်စရာပါပဲ။

[စာမျက်နှာ ၂၄ ပါ အကျဉ်းဖော်ပြချက်]

“စုံစမ်းသွေးဆောင်မှုကို အလျှော့ပေးပြီးမှမဟုတ်ဘဲ အလျှော့မပေးမိခင် ဆုတောင်းဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒါက သိသိသာသာတိုးတက်မှုဖြစ်စေခဲ့တယ်”