မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်မှတ်မိသလော

သင်မှတ်မိသလော

သင်မှတ်မိသလော

မကြာသေးမီက ထုတ်ဝေခဲ့သော ကင်းမျှော်စင်စာစောင်များကို ဖတ်ရှုရ၍ တန်ဖိုးထားလေးမြတ်ခဲ့ပါသလော။ သို့ဖြစ်လျှင် အောက်ပါမေးခွန်းများကို သင်ဖြေဆိုနိုင်၊ မဖြေဆိုနိုင် စမ်းကြည့်ပါ–

• ခရစ်ယာန်ဂရိကျမ်းစာတွင် “အသင်းတော်” ဟူသောစကားလုံးကို အဘယ်အဓိပ္ပာယ်လေးမျိုးဖြင့် အသုံးပြုထားသနည်း။

အဓိကအဓိပ္ပာယ်မှာ ခရစ်တော်၏ဝိညာဉ်တော်ဖွားနောက်လိုက်များဖြင့် ဖွဲ့စည်းထားသောအုပ်စု ဖြစ်သည် (ကျမ်းချက်အချို့တွင် ခရစ်တော်လည်း ပါဝင်သည်)။ ဒုတိယအဓိပ္ပာယ်မှာ အချိန်တစ်ချိန်တွင်အသက်ရှင်ခဲ့သော ခရစ်ယာန်အားလုံးကို ဆိုလိုသည်။ တတိယအဓိပ္ပာယ်မှာ အရပ်ဒေသတစ်ခုရှိ ခရစ်ယာန်အားလုံးဖြစ်သည်။ နောက်ဆုံး၊ ဒေသခံအသင်းတော်တစ်ခုရှိ ခရစ်ယာန်များကို ဆိုလိုသည်။—၄/၁၅၊ စာမျက်နှာ ၂၁-၃။

• ကောင်းကင်ဆိုင်ရာမျှော်လင့်ချက်ရှိသူ ခရစ်ယာန်များအား ဖိတ်ခေါ်ခြင်းသည် မည်သည့်အချိန်တွင် ရပ်တန့်မည်နည်း။

သမ္မာကျမ်းစာတွင် ယင်းမေးခွန်း၏အဖြေကို တိတိကျကျဖော်ပြမထားပါ။ ထိုဖိတ်ခေါ်ခြင်းသည် အေဒီ ၃၃ တွင်စတင်ခဲ့ပြီး မျက်မှောက်ခေတ်အထိ ဆက်ရှိနေသည်။ ၁၉၃၅ ခုနှစ်နောက်ပိုင်းတွင် တပည့်ဖြစ်စေခြင်းလုပ်ငန်း၏ရည်ရွယ်ချက်သည် လူအုပ်ကြီးကိုစုသိမ်းခြင်းသို့ ပြောင်းသွားသည်။ ၁၉၃၅ ခုနှစ်နောက်ပိုင်း နှစ်ခြင်းခံခဲ့သောခရစ်ယာန်အချို့သည် ကောင်းကင်ဆိုင်ရာမျှော်လင့်ချက်ရှိကြောင်း ဝိညာဉ်တော်၏သက်သေခံမှုရရှိခဲ့ကြသည်၊ ထို့ကြောင့် ထိုဖိတ်ခေါ်ခြင်း အဆုံးသတ်သည့်နေ့စွဲအတိအကျကို ကျွန်ုပ်တို့မသတ်မှတ်နိုင်ပေ။ စစ်မှန်သောဝိညာဉ်တော်ဖွားခရစ်ယာန်များသည် မိမိတို့၏အခြားသိုးအပေါင်းပါများထက် သန့်ရှင်းသောဝိညာဉ်တော်ကို ပို၍မရရှိကြပါ၊ သူတို့ကိုအထူးပြုစုဆက်ဆံရန်လည်း မမျှော်လင့်ကြပါ။ ခရစ်ယာန်များသည် မည်သည့်မျှော်လင့်ချက်ရှိပါစေ သစ္စာရှိစွာ ဘုရားသခင့်အလိုတော်ကို ဆက်ထမ်းဆောင်ဖို့လိုသည်။—၅/၁၊ စာမျက်နှာ ၃၀-၁။

• ယေဖသ သစ္စာကတိပြုချိန်တွင် မိမိသမီးကို ဘုရားသခင်အား မီးရှို့ရာယဇ်အဖြစ် ပူဇော်ရန် ရည်ရွယ်ခဲ့သလော။

မရည်ရွယ်ခဲ့ပါ။ သူ့အား ထွက်ကြိုသူကို ဘုရားသခင့်အမှုဆောင်ရန် အကြွင်းမဲ့အပ်နှံမည်ဟု ယေဖသရည်ရွယ်ကြောင်း ထင်ရှားသည်။ ယင်းသည် မောရှေပညတ်တွင်ပါဝင်သည့် အစီအစဉ်တစ်ခုဖြစ်၏။ (၁ ဓမ္မရာဇဝင် ၂:၂၂) ယေဖသ၏သမီးသည် ဖခင်၏သစ္စာကတိအတိုင်း တဲတော်တွင် အမှုဆောင်ခဲ့၏၊ တစ်သက်လုံးအိမ်ထောင်မပြုဘဲ နေရမည်ဖြစ်သောကြောင့် ယင်းသည် အလွန်ကြီးမားသောပေးဆပ်မှုပင်တည်း။—၅/၁၅၊ စာမျက်နှာ ၉-၁၀ [အင်္ဂလိပ်]။

• အစောပိုင်းခရစ်ယာန်ခေတ်တွင် ကိုဒက်စ်သည် မည်သည့်ကဏ္ဍတွင် ပါဝင်ခဲ့သနည်း။

ခရစ်ယာန်များသည် အနည်းဆုံး ပထမရာစုအဆုံးပိုင်းခန့်အထိ စာလိပ်ကို အဓိကအသုံးပြုခဲ့ကြပုံရသည်။ အေဒီဒုတိယရာစုအတွင်း၌ ကိုဒက်စ်ကိုထောက်ခံသူနှင့် စာလိပ်ကိုထောက်ခံသူတို့အကြား ဆိုင်ပြိုင်ခဲ့ကြသည်။ ခရစ်ယာန်များ ကိုဒက်စ်အသုံးပြုခြင်းသည် ယင်းကို နေရာအနှံ့လက်ခံကြရန် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ပညာရှင်များယုံကြည်ကြသည်။—၆/၁၊ စာမျက်နှာ ၁၄-၁၅ [အင်္ဂလိပ်]။

• ဂေဇာပြက္ခဒိန်ဟူသည် အဘယ်နည်း။

ဂေဇာမြို့တွင် ၁၉၀၈ ခုနှစ်၌ တူးဖော်တွေ့ ရှိခဲ့သော ထုံးကျောက်ပြားငယ်တစ်ခုဖြစ်သည်။ ယင်းသည် ကျောင်းသားတစ်ဦးက မိမိ၏ကျောင်းစာကို ရေးသားထားခြင်းဖြစ်သည်ဟု အများကယူဆကြ၏။ ထိုကျောက်ပြားပေါ်တွင် စိုက်ပျိုးရေးနှစ်တစ်နှစ်၏ လုပ်ငန်းများဟုယူဆရသော ဇယားတစ်ခုကို ရေးဆွဲထားပြီး စက်တင်ဘာ/အောက်တိုဘာလများတွင် စတင်သော ရိတ်သိမ်းခြင်းနှင့်အစပြုထားသည်။ သီးနှံအမျိုးမျိုးနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို ဖော်ပြထားသည်။—၆/၁၅၊ စာမျက်နှာ ၈ [အင်္ဂလိပ်]။

• သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားခြင်းဟူသည် အဘယ်အရာကိုဆိုလိုသနည်း။

ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်ကို အမှန်ပင် ပြစ်မှားမိနိုင်ပါသည်။ ယင်းသည် ခွင့်မလွှတ်ထိုက်သောအပြစ်ဖြစ်၏။ (မဿဲ ၁၂:၃၁) ခွင့်မလွှတ်ထိုက်သောအပြစ်ကျူးလွန်ခြင်းရှိမရှိ ဘုရားသခင်ဆုံးဖြတ်ပြီး ကိုယ်တော်၏ဝိညာဉ်တော်ကို ရုပ်သိမ်းနိုင်သည်။ (ဆာလံ ၅၁:၁၁) ကျွန်ုပ်တို့ကျူးလွန်သောအပြစ်အတွက် အလွန်ယူကျုံးမရဖြစ်နေပါက စစ်မှန်သောနောင်တရခြင်းဖြစ်နိုင်သောကြောင့် ဝိညာဉ်တော်ကို ပြစ်မှားခြင်းမဟုတ်ပေ။—၇/၁၅၊ စာမျက်နှာ ၁၆-၁၇။

• အစောပိုင်းတွင် ရှောလုသည် ဒါဝိဒ်နှင့်သိကျွမ်းခဲ့သော်လည်း “သင်သည် အဘယ်သူ၏သားဖြစ်သနည်း” ဟု အဘယ်ကြောင့် မေးခဲ့သနည်း။ (၁ ဓမ္မရာဇဝင် ၁၆:၂၂; ၁၇:၅၈)

ရှောလုသည် ဒါဝိဒ်၏ဖခင်အမည်ကို သိလိုရုံထက်မကချေ။ ဂေါလျတ်ကို အောင်နိုင်ခဲ့သည့် ထူးခြားသောယုံကြည်ခြင်းရှိသူနှင့် သတ္တိရှိသူအဖြစ် ဒါဝိဒ်ကိုရှုမြင်ပြီးနောက်တွင် ထိုသို့သောလူငယ်လေးကို အဘယ်သို့သောလူစားမျိုးက ပြုစုပျိုးထောင်ခဲ့သည်ကို ရှောလုသိလိုခဲ့ခြင်းဖြစ်သည်။ ယေရှဲ သို့မဟုတ် သူ၏အခြားမိသားစုဝင်များကို စစ်တပ်ထဲသွင်းရန် ရှောလုစိတ်ကူးရှိခဲ့လိမ့်မည်။—၈/၁၊ စာမျက်နှာ ၃၁။