မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်သည် သင့်ကို အမှန်တကယ်ပင်ဂရုစိုက်

ဘုရားသခင်သည် သင့်ကို အမှန်တကယ်ပင်ဂရုစိုက်

ဘုရားသခင်​သည် သင့်ကို အမှန်တကယ်​ပင်​ဂရုစိုက်

ကျွန်ုပ်​တို့သည် အလွန်​အကျဉ်း​အကျပ်​ရောက်ချိန်​တွင် ဘုရားသခင်​အား အကူအညီ​တောင်းခံ​ခြင်း​သည် ဓမ္မတာ​ပင်​ဖြစ်၏။ အကြောင်း​မှာ ကိုယ်တော် “သည် ကြီးမြတ်​တော်​မူ​၏။ တန်ခိုးတော်​လည်း​ကြီး​၏။ ဉာဏ်တော်​သည် [အတိုင်းအဆမဲ့] ဖြစ်၏။” (ဆာလံ ၁၄၇:၅) ကိုယ်တော်​သည်​သာ ကျွန်ုပ်​တို့၏​ပြဿနာ​များ​ကို အကောင်းဆုံး အောင်မြင်စွာ​ဖြေရှင်း​ပေး​နိုင်​သည့်​အရှင် ဖြစ်​တော်​မူ​သည်။ ထို့​အပြင် ဘုရားသခင်​ရှေ့မှောက် “စိတ်နှလုံး​ကို သွန်​ပြ​ကြလော့” ဟု သမ္မာကျမ်းစာ​က ကျွန်ုပ်​တို့ကို ဖိတ်ခေါ်​ထား​သည်။ (ဆာလံ ၆၂:၈သမ္မာ) သို့​ဖြစ်​လျက်​ကယ် မိမိတို့၏​ဆုတောင်းသံ​ကို ဘုရားသခင်​နား​မ​ညောင်း​ဟု လူများစွာ အဘယ်ကြောင့် ယူမှတ်​နေကြ​ရသနည်း။ ယင်းကြောင့် ကိုယ်တော်​ဂရုမစိုက်​ဟု ဆိုလို​ပါသလော။

ကြားဝင်​ဆောင်ရွက်​ပေး​ပုံ​မရ​သည့် အရာတစ်ခု​အတွက် ဘုရားသခင်​အား အပြစ်တင်​စော​မည့်​အစား သင်၏​ငယ်​စဉ်​တောင်​ကျေး ကလေး​ဘဝကို ပြန်ပြောင်း​တွေးကြည့်​ပါ။ သင်၏​မိဘ​နှစ်ပါး​သည် သင်​တောင်းဆိုရာ​တိုင်း​ကို မ​ဖြည့်ဆည်း​ပေး​သောအခါ သင့်ကို သူတို့​မချစ်​ဟု အပြစ်​ဆို​ခဲ့​ဖူး​သလော။ ကလေး​သူငယ်​များစွာ ထိုသို့​ဆို​၏။ သို့သော် သင်​အရွယ်ရောက်​လာ​သည်​နှင့်​အမျှ ချစ်ခြင်း​မေတ္တာကို နည်း​မျိုးစုံ​ဖြင့် တင်ပြ​၍​ရ​ကြောင်း၊ ကလေး​ကို​အလိုလိုက်​ခြင်း​က အမှန်တကယ်​တွင် မေတ္တာပြ​ရာ​မ​ရောက်​ကြောင်း သိရှိနားလည်​လာ​သည်။

အလားတူ၊ ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များ​ကို ကျွန်ုပ်​တို့​အလိုကျ အမြဲ​နားညောင်း​မပေး​သော်လည်း ကျွန်ုပ်​တို့ကို ကိုယ်တော်​လျစ်လျူရှု​ထား​သည်​ဟူ၍ မဆိုလို​ချေ။ အမှန်တကယ်​တွင် ဘုရားသခင်​သည် ကျွန်ုပ်​တို့အားလုံး​ကို နည်း​အမျိုးမျိုးဖြင့် ဂရုစိုက်​တော်​မူ​သည်။

‘ကိုယ်တော်​အားဖြင့် အသက်ရှင်’

ဦးဆုံး​အနေ​နှင့်၊ ‘ကျွန်ုပ်​တို့သည်’ ဘုရားသခင်​အားဖြင့် ‘အသက်ရှင်​လျက်၊ လှုပ်ရှား​လျက်၊ ဖြစ်​လျက်’ ရှိကြ​ရ​ကား ကိုယ်တော်​အား​ကျေးဇူး​တင်​ရမည်။ (တမန်​တော် ၁၇:၂၈) ကျွန်ုပ်​တို့အား အသက်ပေး​ထားခြင်း​က ကျွန်ုပ်​တို့အတွက် ကိုယ်တော်​၏​မေတ္တာပါ​သော ဂရုစိုက်​မှု​ကို အတိအလင်း​ဖော်ပြ​လေ​သည်!

ထို့​ပြင်၊ ယေဟောဝါ​သည် ကျွန်ုပ်​တို့​အသက်ဆက်ရှင်​စေရန် လိုအပ်ရာ​များ​ကို ထောက်ပံ့​ပေး​ထား​တော်​မူ​သည်။ ကျွန်ုပ်​တို့ ဤသို့​ဖတ်​ရ၏– “တိရစ္ဆာန်​ဖို့ မြက်​ပင်ကို​လည်းကောင်း၊ လူ​သုံးဖို့ စပါးပင်​ကိုလည်း​ကောင်း ပေါက်​စေတော်မူ​သဖြင့် မြေကြီး​ထဲ​က​မုန့်ကို ထုတ်ဖော်​တော်​မူ​၏။” (ဆာလံ ၁၀၄:၁၄) အမှန်​ဆို​ရ​လျှင်၊ ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင်​သည် ဘဝ၏​အခြေခံ​လိုအပ်ရာ​လောက်​သာ ထောက်ပံ့​ပေး​ထား​သည်မဟုတ်​ပါ။ ကိုယ်တော်​သည် “[ကျွန်ုပ်​တို့အား] အစာ​အာဟာရ​နှင့် ဝ​ပြော​၍ ဝမ်းမြောက်​စေခြင်း​ငှာ မိုးကောင်းကင်​မှ မိုးရွာ​စေတော်မူ​၍ အသီးအနှံ​တို့ကို သီး​စေ​တတ်သော​ဥတု​ကို” ရက်ရက်ရောရော ပေး​ထား​တော်​မူ​သည်။—တမန်​တော် ၁၄:၁၇

သို့သော် ‘ဘုရားသခင်​က ကျွန်ုပ်​တို့ကို သိပ်​ချစ်တယ်​ဆိုရင် ဘာကြောင့် ဆင်းရဲ​ဝေဒနာ​ခံစား​စေ​တာလဲ’ ဟု တချို့​တွေး​ကောင်း​တွေး​ပေမည်။ အဆိုပါ​မေးခွန်း​၏​အဖြေကို သင်​သိပါသလော။

ဘုရားသခင်​ကြောင့်​လော

လူ​တို့​ခံစားရ​သည့် ဝေဒနာ​အများစုမှာ ကိုယ့်​အတတ်​ကိုယ်​စူးခြင်း​သာ​ဖြစ်သည်။ ဥပမာ၊ အလွယ်တကူ ထိခိုက်​ဒဏ်ရာ​ရစေ​နိုင်​သည့် အမှု​တချို့​၏ အန္တရာယ်များ​ကို သိရှိ​ကြသည်။ သို့​တိုင်၊ လူတို့သည် လိင်​အကျင့်​ယိုယွင်းခြင်း၊ အရက်​နှင့် အခြား​မူးယစ်​ဆေးဝါး​များ​ကို တလွဲသုံး​ခြင်း၊ ဆေး​ရွက်​ကြီး​သုံး​ခြင်း၊ အသက်​အန္တရာယ်​ရှိသည့် အားကစားပွဲ​များ​၌​ပါဝင်ခြင်း၊ ကားမောင်း​မြန်​လွန်း​ခြင်း စ​သည်​တို့ကို ပြု​ကြသည်။ ဤသို့​သော​အန္တရာယ်များ​သည့် အပြုအမူကြောင့် ဝေဒနာ​ရလာ​လျှင် မည်​သူ့​အပြစ်​ကြောင့်​နည်း။ ဘုရားသခင်​ကြောင့်​လော။ သို့​မဟုတ် ပညာ​မဲ့​စွာ​ပြုမူ​သူ၏​အပြစ်​ကြောင့်​လော။ ဘုရားသခင့်​မှုတ်သွင်းခံ​စကားတော်​က ဤသို့​ဆို​သည်– “အ​လွဲ​မယူ​ကြ​နှင့်။ ဘုရားသခင်​သည် မထီမဲ့မြင်​ပြုခြင်း​ကို​ခံ​တော်​မ​မူ။ လူသည် မျိုးစေ့ကြဲ​သည်​အတိုင်း အသီးအနှံ​ကို ရိတ်​ရ​လိမ့်​မည်။”—ဂလာတိ ၆:၇

ထို့​ပြင်၊ လူတို့သည် တစ်ဦး​ကိုတစ်​ဦး ထိခိုက်​နာကျင်စေ​လေ့​ရှိကြ​၏။ နိုင်ငံ​တစ်နိုင်ငံ​က စစ်​ကြေညာ​သည့်​အခါ စစ်​ကြောင့်​ဖြစ်လာ​သည့် ဆင်းရဲ​ဝေဒနာသည် အမှန်ပင် ဘုရားသခင်​ကြောင့် မဟုတ်​တော့​ချေ။ ရာဇဝတ်သား​တစ်ဦး​သည် ပြည်သူ​တစ်ဦး​ကို ရန်မူ​တိုက်ခိုက်​သောအခါ ရလာ​သည့်​ထိခိုက်​ဒဏ်ရာ သို့​မဟုတ် သေဆုံးမှု​သည် ဘုရားသခင်​ကြောင့်​လော။ လုံးဝ​မဟုတ်​နိုင်​ပါ! အာဏာရှင်​တစ်ဦး​သည် မိမိ​လက်အောက်​ရှိသူတို့​ကို ဖိနှိပ်​ချုပ်ချယ်​မည်၊ ညှဉ်းပန်း​နှိပ်စက်​မည်၊ သတ်ဖြတ်​မည်​ဆိုလျှင် ဘုရားသခင်​အား ကျွန်ုပ်​တို့ အပြစ်တင်​သင့်​သလော။ ယင်း​သို့​အပြစ်တင်​လျှင် နည်းလမ်း​ကျ​မည်​မဟုတ်ပေ။—ဒေ. ၈:၉

ဆင်းရဲ​မွဲတေ၊ ငတ်ပြတ်​နေသည့် သန်းနှင့်ချီ​သူတို့​ကော အသို့နည်း။ ဘုရားသခင်​ကြောင့်​လော။ မဟုတ်ပါ။ ကျွန်ုပ်​တို့၏ ဤ​ကမ္ဘာကြီး​သည် လူတိုင်းကို​ကျွေးမွေး​နိုင်​သည်ထက်​ပင် ပိုလျှံ​အောင် ထောက်ပံ့​ပေး​လျက်​ရှိသည်။ (ဆာလံ ၁၀:၂၊ ၃; ၁၄၅:၁၆) ဘုရားသခင်​ပေးသနား​ထား​သည့် ကြွယ်ဝသော​အစာရေစာ​ကို ညီတူညီမျှ​ဖြန့်ဝေ​မပေး​ခြင်း​က ငတ်မွတ်မှု​နှင့် ဆင်းရဲ​နွမ်းပါး​မှု​တို့ကို ပျံ့နှံ့​စေ​သည်။ ထို့​ပြင် လူတို့၏​တစ်ကိုယ်ကောင်း​ဆန်​မှု​ကြောင့် ပြဿနာ​ကို ဖြေရှင်း၍​မရ​ဖြစ်စေ​သည်။

အခြေခံ​အကြောင်းတရား

တစ်ဦး​တစ်ယောက်​သည် အသက်အရွယ်​ကြီးရင့်​မှု​ကြောင့် ဖျားနာ​မည် သို့​မဟုတ် သေဆုံး​မည်​ဆိုလျှင် မည်​သူ့​ကြောင့်​နည်း။ ယင်းသည်​ပင်​လျှင် ဘုရားသခင်​ကြောင့်​မဟုတ်​ကြောင်း သင်​သိရှိ​ရ​ပါ​က အံ့အားသင့်​မည်​လော။ ဘုရားသခင်​သည် လူကို အိုမင်း​ရင့်ရော်​ကာ သေဆုံး​သွားဖို့ မဖန်ဆင်း​ခဲ့​ချေ။

ကနဦး​လူသား​မောင်နှံ​ဖြစ်သည့် အာဒံ​နှင့်​ဧဝ​တို့ကို ဧဒင်ဥယျာဉ်​၌ နေရာချ​ထားသော​အခါ ယေဟောဝါ​သည် သူတို့အား မြေကြီး​ပရဒိသု​တွင် ထာဝစဉ်​အသက်ရှင်​နိုင်​ခွင့် ပေး​ထား​တော်​မူ​သည်။ သို့သော် ကိုယ်တော်​သည် ကမ္ဘာ​မြေကြီးကို မိမိတို့​ရရှိ​ထားသော​အမွေအနှစ်​အား တန်ဖိုး​ထား​မည့်​လူ​တို့​ဖြင့် ပြည့်စေ​လို​တော်​မူ​၏။ ထို့​ကြောင့် ကိုယ်တော်​သည် ၎င်းတို့၏ အနာဂတ်​အသက်တာ​အလားအလာ​တွင် ခြွင်းချက်​ထား​လိုက်​လေ​သည်။ အာဒံ​နှင့်​ဧဝ​တို့သည် သူတို့၏ မေတ္တာ​ပြည့်ဝသော​ဖန်ဆင်း​ရှင်​ကို ဆက်လက်​နာခံ​နေ​သ၍​သာ ပရဒိသု​တွင် နေထိုင်ကြ​ရမည်​ဖြစ်၏။—ကမ္ဘာဦး ၂:၁၇; ၃:၂၊ ၃၊ ၁၇-၂၃

ဝမ်းနည်းစရာမှာ၊ အာဒံ​နှင့်​ဧဝ​တို့ ပုန်ကန်​ခဲ့​ကြသည်။ ဧဝ​သည် စာတန်​၏​စကား​ကို​နားထောင်ဖို့ ရွေး​လိုက်​သည်။ စာတန်​သည် ဧဝ​ကို လိမ်လည်​ကာ ဘုရားသခင်​သည် ကောင်းသော​အရာ​တစ်ခုခု​ကို သူ့​အား မပေး​ဘဲ ထိမ်ချန်​ထား​သည်​ဟု ဆို​လိုက်ခြင်း​ဖြစ်သည်။ သို့​နှင့် ဧဝ​သည် အမှီအခို​ကင်း​သည့်​လမ်းစဉ်​ကို စ​လျှောက်လှမ်း​ကာ “ကောင်း​မကောင်း​ကို​သိ၍ ဘုရားသခင်​ကဲ့သို့​ဖြစ်” ရန် ကြိုးပမ်း​တော့​သည်။ အာဒံလည်း သူနှင့်​ပူးပေါင်း​၍ ပုန်ကန်​ခဲ့​သည်။—ကမ္ဘာဦး ၃:၅၊ ၆

ဤနည်းဖြင့် အာဒံ​နှင့်​ဧဝ​တို့ အပြစ်ပြု​သောအခါ ထာဝစဉ်​အသက်ရှင်ဖို့ မထိုက်တန်​ကြောင်း မိမိတို့​ဘာသာ ဖော်ပြ​ခဲ့​ကြသည်။ သူတို့သည် အပြစ်​၏​ခါးသီး​သော​ဆိုးကျိုး​များ​ကို တွေ့ကြုံ​ခံစားရ​လေ​တော့​သည်။ ၎င်းတို့၏​အစွမ်း​ခွန်အား ဆုတ်ယုတ်​သွား​ကာ နောက်ဆုံး သေဆုံး​ရလေ​သည်။ (ကမ္ဘာဦး ၅:၅) သို့သော် သူတို့၏​ပုန်ကန်မှု​ဆိုင်ရာ ဆိုးကျိုး​များ​မှာ ဤမျှ​နှင့်​ရပ်​မသွား​ပါ။ ကျွန်ုပ်​တို့သည် အာဒံ​နှင့်​ဧဝ​တို့​အပြစ်​၏ အကျိုးဆက်များ​ကို ဆက်၍​ခံစား​နေရ​ဆဲ​ဖြစ်၏။ တမန်​တော်​ပေါလု​က ဤသို့​ရေးသားခဲ့​သည်– “အပြစ်​တရားသည် တစ်ယောက်​သော​သူ [အာဒံ] အားဖြင့် ဤ​လောက​သို့​ဝင်၍၊ အပြစ်​တရား​အားဖြင့် သေခြင်း​တရားဝင်​သည်​နှင့်​အညီ လူအပေါင်း​တို့သည် အပြစ်ရှိ​သောကြောင့် သေခြင်း​သို့​ရောက်​ရ​ကြ​၏။” (ရောမ ၅:၁၂) မှန်ပါသည်၊ အာဒံ​နှင့်​ဧဝ​တို့၏ ပုန်ကန်မှု​ကြောင့် အပြစ်​နှင့်​သေခြင်း​တရားသည် ကြောက်မက်​ဖွယ်​ကောင်းသော ရောဂါဆိုး​ကြီး​အလား လူသား​မျိုးနွယ်​တစ်ရပ်လုံး​အပေါ် ပျံ့နှံ့​သွားခဲ့သည်။

ဘုရားသခင်​ဂရုစိုက်​ကြောင်း အထင်ရှားဆုံး​သာဓက

ယင်းကြောင့် ဘုရားသခင်​၏ ဖန်ဆင်း​ခံ​လူသားများ​သည် အမြဲ​ပျက်စီး​သွား​မည်​ဟု ဆိုလို​ပါသလော။ မဆိုလို​ပါ၊ ဤ​တွင် ဘုရားသခင်​သည် ကျွန်ုပ်​တို့အား​ဂရုစိုက်​ကြောင်း အထင်ရှားဆုံး သက်သေ​သာဓက​ရှိသည်။ ဘုရားသခင်​သည် အကြီးအကျယ် အနစ်နာခံ​ကာ လူသားတို့အား အပြစ်​နှင့်​သေခြင်း​တရား​မှ ကယ်လွှတ်​ရန် နည်းလမ်းများ ပြင်ဆင်​ပေး​ခဲ့​သည်။ ပြန်​ရွေးယူ​ရန် ပေး​ဆပ်​ရမည့်​အရာ​မှာ ကျွန်ုပ်​တို့​အကျိုးအတွက် တလိုတလား​ပေးဆက်​ခဲ့​သည့် ယေရှု၏​စုံလင်သော​အသက်​ဖြစ်သည်။ (ရောမ ၃:၂၄) သို့​ဖြစ်၍ တမန်​တော်​ယောဟန်​က ဤသို့​ရေးသားခဲ့​လေ​သည်– “ဘုရားသခင်​၏​သားတော်ကို ယုံကြည်​သော​သူအပေါင်း​တို့သည် ပျက်စီးခြင်း​သို့​မ​ရောက်၊ ထာဝရ​အသက်ကို​ရစေ​ခြင်း​ငှာ၊ ဘုရားသခင်​သည် မိမိ​၌​တစ်ပါး​တည်း​သော​သားတော်ကို စွန့်​တော်​မူ​သည်​တိုင်အောင် လော[က]သားတို့​ကို ချစ်တော်မူ​၏။” (ယောဟန် ၃:၁၆) ဤ​သိသာ​ထင်ရှား​လှ​သော မေတ္တာပါ​လုပ်ရပ်​ကြောင့် ကျွန်ုပ်​တို့သည် ထာဝစဉ်​အသက်ရှင်​နိုင်​သည့်​အလားအလာကို ပြန်လည်​ရရှိ​ကြသည်။ ပေါလု​သည် ရောမမြို့​သားများ​ထံ ဤသို့​စာရေး​ခဲ့​၏– “တစ်ယောက်​သော​သူ၏ ဖြောင့်မတ်ခြင်း​အားဖြင့် လူအပေါင်း​တို့သည် အသက်​နှင့်ယှဉ်သော​ဖြောင့်မတ်​ရာ​သို့ ရောက်​ခြင်း​အခွင့်​ကို​ရ​ကြ​၏။”—ရောမ ၅:၁၈

ဘုရားသခင်​သတ်မှတ်​ထား​သည့်​အချိန်တွင် ကမ္ဘာ​ဂြိုဟ်​ပေါ်​၌ သေခြင်း သို့​မဟုတ် ဆင်းရဲခြင်း​ဝေဒနာ​ရှိတော့မည်​မဟုတ်​ကြောင်း ယုံကြည်​စိတ်ချ​နိုင်​ပါ​သည်။ သို့​အစား ဗျာ. ကျမ်း​ပါ ကြိုမြင်​ထား​သည့် ဤ​အခြေအနေ​များ​က စိုးမိုး​သွားပါ​လိမ့်​မည်– “ဘုရားသခင်​၏​တဲ​တော်​သည် လူ​တို့​တွင်​ရှိ၏။ လူ​တို့​နှင့်အတူ ကျိန်းဝပ်​တော်​မူ​မည်။ သူတို့သည် ကိုယ်တော်​၏​လူ​ဖြစ်​ကြလိမ့်မည်။ ဘုရားသခင်​သည် ကိုယ်တော်တိုင်​သူတို့နှင့်​အတူ​ရှိ​နေ၍ သူတို့၏​ဘုရားသခင်​ဖြစ်​တော်​မူ​မည်။ ဘုရားသခင်​သည် သူတို့၏​မျက်စိ​၌ မျက်ရည်​ရှိသမျှ​တို့ကို သုတ်တော်မူ​မည်။ နောက်​တစ်ဖန် သေ​ဘေးမ​ရှိ​ရ။ စိတ်​မ​သာ​ညည်းတွား​ခြင်း၊ အော်ဟစ်​ခြင်း၊ ပင်ပန်းခြင်း​လည်း​မရှိ​ရ။ အကြောင်း​မူ​ကား၊ ရှေး​ဖြစ်​ဖူး​သော​အရာ​တို့သည် ရွေ့သွား​ကြပြီ။” (ဗျာ. ၂၁:၃၊ ၄) ‘အဲဒီ​အချိန်​ရောက်တဲ့​အထိ ငါ​နေရ​မှာ​မဟုတ်ပါဘူး’ ဟု သင်​ဆို​ပေမည်။ သို့ရာတွင်၊ အမှန်​မှာ ထို​အချိန်အထိ သင်​ရှင်​နိုင်​ပါ​သည်။ ထို့​အပြင် သင်​သေဆုံး​သွား​သည့်​တိုင် ဘုရားသခင်​သည် သင့်ကို သေ​ရာ​မှ အသက်ပြန်ရှင်​စေနိုင်​တော်​မူ​၏။ (ယောဟန် ၅:၂၈၊ ၂၉) ယင်းသည် ကျွန်ုပ်​တို့အတွက် ဘုရားသခင်​ရည်ရွယ်​ထား​ရာ၊ ဖြစ်​ကို​ဖြစ်လာ​မည့်​အရာ​တည်း။ ဘုရားသခင်​သည် လူ​တို့ကို ဂရုမစိုက်​ဟူ၍ ပြောဆိုခြင်း​သည် တက်တက်​စင်​အောင် မှား​လိုက်​လေ​ခြင်း!

“ဘုရားသခင်​၌ ချဉ်းကပ်​ကြလော့”

လူ့​ဆင်းရဲခြင်း​ပြဿနာ​အတွက် ရေရှည်​နှင့် တည်မြဲ​သည့်​ဖြေရှင်း​နည်းကို ဘုရားသခင်​အစပြု​ခဲ့​ကြောင်း​သိရ​ခြင်း​သည် အလွန်​စိတ်​ချမ်းသာ​စ​ရာ​ပင်။ လောလောဆယ်​၌​ကော အသို့နည်း။ ချစ်​မြတ်နိုး​ရသူ​တစ်ဦး​ကို သေခြင်း​၌​ဆုံးရှုံး​မည်၊ သို့​မဟုတ် မိမိ၏​သားသမီး ဖျားနာ​မည်​ဆိုလျှင် ကျွန်ုပ်​တို့​အဘယ်အရာ​လုပ်ဆောင်​နိုင်​သနည်း။ ယခု​အချိန်​သည် ဖျားနာ​မှု​နှင့် သေခြင်းကို ဘုရားသခင်​ဖယ်ရှား​ပေး​မည့်​အချိန် မ​ရောက်​သေး​ပါ။ ယင်း​တို့ကို​ဖြေရှင်းရန်​အတွက် ကျွန်ုပ်​တို့​ဘက်​မှ အချိန်​အနည်းငယ် စောင့်ဆိုင်း​ရမည်​ဖြစ်​ကြောင်း သမ္မာကျမ်းစာ​က ဖော်ပြ​သည်။ သို့သော် ဘုရားသခင်​သည် ကျွန်ုပ်​တို့အား စွန့်ပစ်​မထား​ပါ။ တပည့်​ဖြစ်သူ ယာကုပ်​က “ဘုရားသခင်​၌ ချဉ်းကပ်​ကြလော့။ သို့ပြုလျှင် သင်တို့၌ ချဉ်းကပ်​တော်​မူ​လိမ့်​မည်” ဟု ဆို​ခဲ့​သည်။ (ယာကုပ် ၄:၈) မှန်ပါသည်၊ ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင်​သည် ကိုယ်တော်​နှင့်​ရင်းနှီးသော​ဆက်ဆံ​ရေး​ရှိ​ရန် ကျွန်ုပ်​တို့အား​ဖိတ်ခေါ်​တော်​မူ​၏၊ ထိုသို့​သော​ရင်းနှီးမှု​မျိုး​ရှိသူတို့​သည် အခက်ခဲဆုံး​အချိန်​များ​၌​ပင် ကိုယ်တော် ထောက်မမှု​ပေး​နေသည်​ဟု အမြဲ​ခံစား​ကြသည်။

ဘုရားသခင်​ထံ ကျွန်ုပ်​တို့​မည်သို့​ချဉ်းကပ်​ကြ​မည်​နည်း။ လွန်ခဲ့သော အနှစ်​သုံး​ထောင်​ခန့်​က ဘုရင်​ဒါဝိဒ်​သည် အလားတူ​မေးခွန်း​မျိုးကို ဤသို့​မေးခဲ့သည်– “အို​ထာဝရ​ဘုရား[သခင်] . . . သန့်ရှင်းသော​တောင်တော်​ပေါ်မှာ အဘယ်သူ​သည် နေရ​ပါ​မည်​နည်း။” (ဆာလံ ၁၅:၁) ဒါဝိဒ်​သည် မိမိ၏​မေးခွန်း​ကို ဤသို့​ဆက်​ဖြေဆို​ခဲ့​လေ​သည်– ‘ဖြောင့်မတ်​သော​အကျင့်၊ တရားသော​အမှုကိုပြု​ကျင့်​၍ အမှန်တရားကို စိတ်နှလုံး​ပါ​လျက်​ပြောဆို​သော​သူ​ဖြစ်သည်။ သူတစ်ပါး​၏​အသရေ​ကို​ပျက်​စေခြင်း​ငှာ မပြော​ဆို​သော​သူ​ဖြစ်သည်။ ကိုယ်​နှင့်​စပ်ဆိုင်​သော​သူ၏​အကျိုးကို မ​ပြစ်မှား​သော​သူ​ဖြစ်သည်။’ (ဆာလံ ၁၅:၂၊ ၃) တစ်နည်း​ပြော​ရ​လျှင် ယေဟောဝါ​သည် အာဒံ​နှင့်​ဧဝ​တို့၏ လမ်းစဉ်​ကို မလိုက်​သူတို့အား ကြိုဆို​တော်​မူ​သည်။ မိမိ၏​အလိုတော်ကို ဆောင်ရွက်​သူတို့​အနား ကိုယ်တော်​ချဉ်းကပ်​တော်​မူ​၏။—တရားဟောရာ ၆:၂၄၊ ၂၅; ၁ ယောဟန် ၅:၃

ဘုရားသခင့်​အလိုတော်ကို ကျွန်ုပ်​တို့​မည်သို့​ဆောင်ရွက်​နိုင်​သနည်း။ အဘယ်အရာ​သည် ‘ကောင်းသော​အမှု​ဖြစ်​ပြီး ကျွန်ုပ်​တို့ကို ကယ်တင်​တော်​မူ​သော​အရှင်၊ ဘုရားသခင် နှစ်သက်​တော်​မူ​သော​အမှု’ ဖြစ်သည်​ကို သင်ယူ​ကာ ထို​အတိုင်း​ကျင့်ကြံ​ပြုမူ​ဖို့ ရွေးချယ်​ရမည်​ဖြစ်၏။ (၁ တိမောသေ ၂:၃) ယင်း​တွင် ဘုရားသခင့်​စကားတော် သမ္မာကျမ်းစာ​ဆိုင်ရာ တိကျ​မှန်ကန်သော​အသိပညာကို ဆည်းပူးခြင်း​ပါဝင်​ပေ​သည်။ (ယောဟန် ၁၇:၃; ၂ တိမောသေ ၃:၁၆၊ ၁၇) သမ္မာကျမ်းစာ​ကို ဖတ်ရှု​ရုံ​နှင့်​ကား မလုံလောက်​ချေ။ ပေါလု​၏​ဟောပြောခြင်းကို ကြားနာ​ခဲ့​ကြ​သည့် ဗေရိ​မြို့ရှိ ပထမ​ရာစု​ဂျူး​များ​ကို ကျွန်ုပ်​တို့ အတု​ယူဖို့​လို​သည်။ သူတို့​အကြောင်းကို ကျွန်ုပ်​တို့ ဤသို့​ဖတ်​ရသည်– ‘သူတို့သည် အလွန်​ကြည်ညို​သော​စေတနာ​စိတ်​နှင့် နှုတ်မြွက်​တရားတော်​ကို​ခံ​ယူ၍၊ မှန်သည်​မမှန်​သည်ကို​သိခြင်း​ငှာ ကျမ်းစာ​ကို နေ့တိုင်း​အစဉ်​စေ့စေ့​ကြည့်ရှု​ကြ​၏။’—တမန်​တော် ၁၇:၁၁

ယနေ့လည်း​အလားတူ​ပင်၊ သမ္မာကျမ်းစာ​ကို စေ့စေ့စပ်စပ် လေ့လာခြင်း​က ဘုရားသခင်​၌ ကျွန်ုပ်​တို့​ယုံကြည်ခြင်းကို သန်မာ​စေပြီး ကိုယ်တော်​နှင့်​ရင်းနှီးသော​ဆက်ဆံ​ရေး​ကို တည်ဆောက်​နိုင်​စေ​သည်။ (ဟေဗြဲ ၁၁:၆) ထို့​ပြင် လူသား​တို့​နှင့် ယေဟောဝါ​ဆက်ဆံပုံ​ကို တိတိကျကျ နားလည်​ထားခြင်း​သည် ရေ​တို​အကျိုးအတွက်​သာမက​ဘဲ အထူးသဖြင့် စိတ်ထားမှန်​သူအား​လုံး​၏ ရေရှည်​အကျိုးအတွက် အကူအညီ​ရသည်။

ဘုရားသခင်​နှင့် ရင်းနှီးသော​ဆက်ဆံ​ရေး​ရှိကြ​သည့် ခရစ်ယာန်​တချို့​၏ ရင်တွင်း​စကား​များ​ကို သုံးသပ်ကြည့်​ပါ။ “ယေဟောဝါ​ကို ကျွန်မ​အရမ်းချစ်တယ်၊ ကိုယ်တော်​ကို ကျေးဇူး​တင်စရာ​တွေ​လည်း အများကြီး​ရှိတယ်။ ကိုယ်တော့်​ကို စစ်မှန်​တဲ့​မေတ္တာနဲ့ ချစ်​မြတ်နိုး​ပြီး ကျွန်မ​ကို သမ္မာကျမ်းစာ​နဲ့​အညီ သွန်သင်​ပေး​ခဲ့​ကြ​တဲ့ မေတ္တာ​ရှိတဲ့​မိဘတွေ​ပေး​ထား​တယ်” ဟု ၁၆ နှစ်အရွယ် ဒန်​ယဲလီ​က​ဆို​သည်။ ဥရုဂွေး​နိုင်ငံ​မှ ခရစ်ယာန်​တစ်ဦး​က ဤသို့​ရေးသား​သည်– “ကျွန်တော့်​နှလုံး​ဟာ ကျေးဇူး​တင်စရာ​တွေ​နဲ့​ပဲ ပြည့်လျှံ​နေတယ်၊ ပြီး​တော့ ကိုယ်တော်​ရဲ့ မခံစားထိုက်​တဲ့​ကြင်နာ​မှု​နဲ့ ကိုယ်တော်​နဲ့​ရင်းနှီးမှု​တို့အတွက် ယေဟောဝါ​ကို​ကျေးဇူး​တင်​ဖို့ လှုံ့ဆော်​ခံရ​တယ်။” ဘုရားသခင်​သည် ကလေး​သူငယ်​တို့ကို​ပင် ကြိုဆို​တော်​မူ​၏။ အသက်​ခု​နစ်​နှစ်အရွယ် ဂါ​ဘ​ရီး​လာ​က ဤသို့​ဆို​လှာ​သည်– “ဘုရားသခင်​ကို တစ်ကမ္ဘာ​လုံး​မှာ​ရှိတဲ့ ဘယ်အရာ​မဆို​ထက် ပို​ချစ်တယ်! ကျွန်မ​မှာ ကိုယ်ပိုင်​ကျမ်းစာ​အုပ်​ရှိတယ်။ ဘုရားသခင်​နဲ့ ကိုယ်တော်​ရဲ့​သားတော်​အကြောင်း သင်ယူ​ရတာကို ကျွန်မ​နှစ်သက်တယ်။”

ယနေ့ ကမ္ဘာ​တစ်ဝန်း သန်းနှင့်ချီ​သော​သူတို့သည် “အကျွန်ုပ်​မူ​ကား ဘုရားသခင့်​ထံ​တော်​သို့​ချဉ်းကပ်​၍ အကျိုးရှိ​ပါ​၏” ဟု​ပြော​ခဲ့​သော ဆာလံဆရာ​နှင့် စိတ်နှလုံး​အကြွင်းမဲ့​သဘောတူ​ကြသည်။ (ဆာလံ ၇၃:၂၈) သူတို့သည် လက်ရှိ​ရင်ဆိုင်​နေရ​သည့် ပြဿနာ​များ​ကို ကိုင်တွယ်​ဖြေရှင်း​တတ်​ရန် ကူညီ​ပေးခြင်း​ခံရ​ကြ​ပြီး မြေကြီး​ပရဒိသု​ပေါ်​တွင် ထာဝစဉ် မွေ့လျော်​ကြ​ရမည့် အသက်တာ မျှော်လင့်ချက်ကို ယုံကြည်​စိတ်ချ​ကြသည်။ (၁ တိမောသေ ၄:၈) “ဘုရားသခင်​၌ ချဉ်းကပ်” ခြင်း​သည် သင့်​ပန်းတိုင်​ဖြစ်ပါ​လေ​စေ။ အမှန်​မှာ “[ကိုယ်တော်]သည် ငါ​တို့​တွင် အဘယ်​သူနှင့်​မျှ​ဝေး​တော်​မူ​သည်မဟုတ်” ဟူသော​အာမခံချက်ကို ကျွန်ုပ်​တို့​ရရှိ​ထား​ကြ​၏။ (တမန်​တော် ၁၇:၂၇) ဘုရားသခင်​သည် သင့်ကို အမှန်တကယ်​ပင် ဂရုစိုက်​သည်​တကား!

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ကျွန်ုပ်​တို့ကို ယေဟောဝါ​ဂရုစိုက်​ကြောင်း နည်း​အမျိုးမျိုးဖြင့် ထင်ရှား

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ကလေး​သူငယ်​များ​ပင် ဘုရားသခင်​၌ ချဉ်းကပ်​နိုင်​ကြ

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ယနေ့ ကျွန်ုပ်​တို့​ခံနိုင်ရည်​ရှိစေရန် ယေဟောဝါ​ကူညီ​ပေး​တော်​မူ​၏၊ အချိန်တန်လျှင် ဖျားနာခြင်း​နှင့် သေခြင်း​တို့ကို ကိုယ်တော်​ဖယ်ရှားပစ်​မည်