မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်၏သွန်သင်ခြင်းသည် ထိရောက်သလော

သင်၏သွန်သင်ခြင်းသည် ထိရောက်သလော

သင်၏​သွန်သင်ခြင်း​သည် ထိရောက်​သလော

မိဘများ၊ အကြီးအကဲ​များ၊ သတင်းကောင်း​ကြွေးကြော်​သူများ အစ​ရှိသူ​အားလုံး​တို့သည် ဆရာသမား​များ​ဖြစ်​ကြဖို့​လို​သည်။ မိဘများသည် မိမိတို့၏​သားသမီး​များ​ကို၊ အကြီးအကဲ​များသည် ခရစ်ယာန်​အသင်းသားများ​ကို၊ သတင်းကောင်း​ဟောပြောသူများ​သည် စိတ်ဝင်စား​ခါ​စ​သူများကို သွန်သင်ပေး​ကြ​၏။ (တရားဟောရာ ၆:၆၊ ၇; မဿဲ ၂၈:၁၉၊ ၂၀; ၁ တိမောသေ ၄:၁၃၊ ၁၆) သင်၏​သွန်သင်ခြင်း​ကို သာ၍​ထိရောက်​မှု​ရှိစေရန် အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။ သမ္မာကျမ်းစာ​တွင် ဖော်ပြ​ထား​သည့် အရည်အချင်း​ပြည့်မီ​သော ဆရာသမား​များ​၏ ပုံသက်သေ​နှင့် နည်းလမ်း​တို့ကို တုပ​နိုင်​သည်။ ဧဇရ​သည် ထိုသို့​သော ဆရာသမား​တစ်ဦး​ဖြစ်၏။

ဧဇရ​ထံ​မှ သင်ခန်းစာယူ​ခြင်း

ဧဇရ​သည် လွန်ခဲ့သော​နှစ်ပေါင်း ၂,၅၀၀ ခန့်​က ဗာဗုလုန်​နိုင်ငံ​တွင် နေထိုင်ခဲ့​သော အာရုန်အနွယ်​မှ ယဇ်ပုရောဟိတ်​တစ်ဦး​ဖြစ်သည်။ ဘီ.စီ.အီး. ၄၆၈ ခုနှစ်​တွင် ယေရုရှလင်​မြို့၌ နေထိုင်ကြ​သော ဂျူး​များ​အတွင်း စင်ကြယ်သော​ဝတ်ပြုရေးကို မြှင့်တင်​ရန် ထို​မြို့​သို့ သူ​သွားခဲ့သည်။ (ဧဇရ ၇:၁၊ ၆၊ ၁၂၊ ၁၃) ထိုသို့​ပြု​ရန် သူသည် လူ​တို့ကို ဘုရားသခင့်​ပညတ်တော် သွန်သင်​ပေး​ခဲ့​ရသည်။ သူ၏​သွန်သင်ခြင်း ထိရောက်​မှု​ရှိစေရန် ဧဇရ အဘယ်အရာ​များ​ပြုလုပ်​ခဲ့​ရသနည်း။ မဖြစ်​မနေ ပြုလုပ်​ခဲ့​ရသည့်​အရာများ​ရှိခဲ့​၏။ ဧဇရ ၇:၁၀ တွင်​မှတ်တမ်း​တင်ထား​သည့်​အတိုင်း ဤ​အရာများ​ကို သတိပြုပါ–

“ဧဇရ​သည် [၁] ထာဝရ​ဘုရား​၏​တရားတော်​ကို စစ်ဆေး [၂] စောင့်ရှောက်ခြင်း​ငှာ​လည်းကောင်း၊ [၃] စီရင်ထုံး​ဖွဲ့​တော်​မူ​ချက်​တို့ကို ဣသရေလ​အမျိုး​၌ သွန်သင်ခြင်း​ငှာ​လည်းကောင်း [၄] သဘောကျ​သော​သူ​ဖြစ် [“သူ၏​နှလုံးကို အသင့်ပြင်​ဆင်​ခဲ့၊” က​ဘ] ၏။” အဆိုပါ​အဆင့်​တစ်ဆင့်​စီ​နှင့် ၎င်း​တို့​ထံ​မှ ကျွန်ုပ်​တို့​သင်ယူ​နိုင်ရာ​ကို အကျဉ်းချုပ်​ကြည့်​ကြ​စို့။

‘ဧဇရ​သည် သူ၏​နှလုံးကို အသင့်ပြင်​ဆင်​ခဲ့’

လယ်သမား​သည် မျိုးစေ့​မ​ကြဲ​မီ ထယ်ထိုး​၍ မြေ​ဆီ​ကို ဦးစွာ​အသင့်ပြင်​ဆင်​ရသကဲ့သို့ ဧဇရ​သည် ဘုရားသခင်​၏​စကားတော်​ကို ခံယူ​ရန် အကြိမ်ကြိမ်​ဆုတောင်း၍ သူ၏​နှလုံးကို အသင့်ပြင်​ဆင်​ခဲ့​၏။ (ဧဇရ ၁၀:၁) တစ်နည်း​အားဖြင့်​ဆိုလျှင် သူသည် ယေဟောဝါ​၏​သွန်သင်ခြင်း​ကို “နှလုံး​သွင်း” ခဲ့​သည်။—သု. ၂:၂က​ဘ။

ထို​နည်းတူ ဘုရင်​ယောရှဖတ်​သည် “စစ်မှန်သော​ဘုရားသခင်​ကို ရှာ​ခြင်း​ငှာ [သူ၏] နှလုံးကို အသင့်ပြင်​ဆင်” ခဲ့​သည်​ဟု သမ္မာကျမ်းစာ​က​ဆို​၏။ (၂ ရာဇဝင်ချုပ် ၁၉:၃က​ဘ) ယင်း​နှင့်​ခြားနား​စွာ “နှလုံးကို​အသင့်​မ​ပြင်ဆင်” ခဲ့​ကြသော ဣသရေလ​လူမျိုး​ကို “ခေါင်းမာ​၍ ပုန်ကန်​တတ်သော” အမျိုး​ဟု ဖော်ပြ​သည်။ (ဆာလံ ၇၈:၈က​ဘ) ယေဟောဝါ​သည် “စိတ်နှလုံး​၏​အတွင်းလူ” ကို​တွေ့မြင်​တော်​မူ​၏။ (၁ ပေတရု ၃:၄) မှန်​၏၊ ကိုယ်တော်​သည် “နှိမ့်ချလျက်​ရှိသောသူ​တို့အား ခရီးတော်​တို့ကို သွန်သင်​တော်​မူ​၏။” (ဆာလံ ၂၅:၉) သို့​ဖြစ်၍ မျက်မှောက်ခေတ်​ဆရာသမား​များသည် ဧဇရ​၏​ပုံသက်သေ​ကို အတုယူ​ကာ ပထမ​ဦးစွာ အကြိမ်ကြိမ်​ဆုတောင်း၍ မိမိတို့၏​နှလုံးကို လျောက်ပတ်​သော​အခြေအနေ​သို့ ရောက်ရှိ​စေရန် အရေးကြီး​လှ​သည်​တကား!

“ထာဝရ​ဘုရား​၏​တရားတော်​ကို စစ်ဆေး” ခြင်း

ဧဇရ​သည် အရည်အချင်း​ပြည့်မီ​သော ဆရာသမား​တစ်ဦး​ဖြစ်​ရန် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို စစ်ဆေး​လေ့လာ​ခဲ့​သည်။ သင်သည် ဆရာဝန်​တစ်ဦးထံ​သွား​၍ ရောဂါ​စစ်ဆေး​ရမည်​ဆိုလျှင် သူ​ပြော​သမျှ၊ ညွှန်ကြား​သမျှ​ကို သေချာ​နားလည်​သဘောပေါက်​ရန် ဂရုတစိုက် နားထောင်​မည်​မဟုတ်ပေ​လော။ သင်​ကျန်းမာ​ဖို့ အရေးကြီး​သည်​အတွက် ထိုသို့​ပြု​မည်​မှာ သေချာ​ပါ​သည်။ သို့​ဖြစ်​လျှင် ကိုယ်တော်​၏​စကားတော် သမ္မာကျမ်းစာ​အားဖြင့်လည်း​ကောင်း၊ ‘သစ္စာ​နှင့်​သတိ​ပညာရှိ​ကျွန်’ အားဖြင့်လည်း​ကောင်း ကျွန်ုပ်​တို့ကို ယေဟောဝါ​မိန့်မှာ​တော်​မူ​ရာ​များ၊ သို့​မဟုတ် ညွှန်ကြား​ရာ​များ​ကို ပို​၍​ပင် အထူး​ဂရုစိုက် နားထောင်​သင့်​သည်။ ကိုယ်တော်​၏​ဆုံးမ​စကား​သည် ကျွန်ုပ်​တို့၏​အသက်ရှင်ရေး​နှင့် သက်ဆိုင်​နေခြင်း​ကြောင့်​တည်း! (မဿဲ ၄:၄; ၂၄:၄၅-၄၇) ဆရာဝန်​သည် မှား​နိုင်​သော်လည်း “ထာဝရ​ဘုရား​၏​တရားတော်​သည် စုံလင်” ပေ​၏။ (ဆာလံ ၁၉:၇) နောက်ထပ်​တစ်ခါ စစ်ဆေး​စ​ရာ​လို​မည်​မဟုတ်ပေ။

ဧဇရ​သည် စေ့စပ်​သေချာ​စွာ လေ့လာ​ဖတ်ရှု​သူ​တစ်ဦး​ဖြစ်​ကြောင်း (မူလ​က စာအုပ်​တစ်အုပ်​အဖြစ် ဧဇရ​ရေးခဲ့​သည့်) ရာဇဝင်ချုပ်​ကျမ်း​စာစောင်​များ​က ဖော်ပြ​သည်။ အဆိုပါ​ကျမ်း​စာစောင်​များ​ကို ရေးသား​ရန် အကြောင်းရင်း​များစွာကို သူ​ရည်ညွှန်းခဲ့​ရ၏။ * မကြာသေးမီ​က ဗာဗုလုန်​မြို့မှ ပြန်ရောက်​လာ​ကြသော ဂျူး​တို့သည် သူတို့​လူမျိုး၏​သမိုင်း​အကျဉ်းချုပ်​ကို သိရှိဖို့​လို​သောကြောင့်​ဖြစ်သည်။ ဘာသာရေး​ထုံးတမ်း​ဓလေ့​များ၊ ဝတ်ပြုရာ​အိမ်တော်​လုပ်ငန်း​နှင့် လေဝိ​သားတို့​၏​တာဝန်​များ​အကြောင်း သူတို့တွင် လုံလောက်​သော​အသိပညာ မရှိကြ​ချေ။ ဆွေစဉ်မျိုးဆက်​မှတ်တမ်းများ​သည် သူတို့​အတွက် အလွန်​အရေးကြီး​သည်။ ဧဇရ​သည် အဆိုပါ​ကိစ္စ​များ​ကို အထူး​ဂရုစိုက်​ခဲ့​၏။ မေရှိယ​ကြွလာ​သည့်​အထိ ဂျူး​တို့သည် လူမျိုးတစ်မျိုး​အနေ​နှင့် ကိုယ့်​တိုင်းပြည်၊ ကိုယ့်​ဝတ်ပြုရာ​အိမ်တော်၊ ကိုယ့်​ယဇ်ပုရောဟိတ်​အဖွဲ့​နှင့် ကိုယ့်​အစိုးရ ရှိနေ​ရ​ပေမည်။ ဧဇရ​စုဆောင်း​ခဲ့​သော အချက်အလက်​ကြောင့် စည်းလုံးမှု​သာမက စစ်မှန်သော​ဝတ်ပြုမှု​ကို​ပါ ထိန်းသိမ်း​ထား​နိုင်​ခဲ့​၏။

သင်၏​လေ့လာမှု​အကျင့်ဓလေ့​နှင့် ဧဇရ​၏​လေ့လာမှု​အကျင့်​သည် မည်သို့​ရှိ​သနည်း။ သမ္မာကျမ်းစာ​ကို လုံ့လ​စိုက်ထုတ်​၍ လေ့လာခြင်း​သည် သမ္မာကျမ်းစာ​ကို ထိရောက်​စွာ​သွန်သင်ပေး​နိုင်​ရန် အထောက်အကူ​ဖြစ်​ပေ​လိမ့်​မည်။

မိသားစု​လိုက် “ထာဝရ​ဘုရား​၏​တရားတော်​ကို စစ်ဆေး” လော့

ကိုယ်ပိုင်​လေ့လာမှု​ပြုလုပ်​ချိန်​၌​သာ ယေဟောဝါ​၏​တရားတော်​ကို စစ်ဆေး​နိုင်​ခြင်း မဟုတ်ပါ။ မိသားစု​လေ့လာမှု​ပြုလုပ်​ချိန်​တွင်​လည်း ထိုသို့​စစ်ဆေး​ရန် အခွင့်အခါ​ကောင်း​ဖြစ်၏။

နယ်သာလန်​နိုင်ငံ​မှ ယန်း​နှင့်​ဂျူလီယာ ဇနီး​မောင်နှံစုံ​သည် သူတို့၏​သား​နှစ်ဦး​ကို ဖွားမြင်​သည့်​နေ့​မှ​စ၍ အသံ​ကျယ်ကျယ်​ဖြင့် စာဖတ်​ပြ​ခဲ့​သည်။ ယနေ့ အီဗို​သည် ၁၅ နှစ်​ရှိ၍ အေ​ဒို​သည် ၁၄ နှစ်​ရှိနေပြီ။ သူတို့၏​မိသားစု​လေ့လာမှု​ကို တစ်ပတ်​လျှင်​တစ်ကြိမ် ပြုလုပ်​နေကြ​ဆဲ​ပင်။ “ကျွန်တော်​တို့​ရဲ့ အဓိက​ရည်ရွယ်ချက်​က အကြောင်းအရာ​အတော်များများကို ဆွေးနွေး​ပြီးသွား​ဖို့​မဟုတ်ဘဲ ဆွေးနွေး​ခဲ့​သလော​က်​ကို သားတွေ သဘောပေါက်​နားလည်​ဖို့​ဖြစ်တယ်။ သားတွေ​က အတော်လေး​ကို ရှာဖွေ​လေ့လာ​ထား​ကြတယ်။ သူတို့​မသိတဲ့​စကားလုံး​တွေ၊ ကျမ်းစာ​မှာပါတဲ့​ပုဂ္ဂိုလ်​တွေ ဘယ်​အချိန်​က အသက်​ရှင်​ခဲ့တယ်၊ သူတို့က ဘယ်သူတွေ​ဖြစ်တယ်၊ သူတို့ ဘာ​အလုပ်​လုပ်ကြတယ် အစ​ရှိတာတွေကို ဆန်းစစ်​လေ့လာ​ထား​ကြတယ်။ သူတို့ စာဖတ်​တတ်​ကတည်းက ကျမ်း​စာစောင်​များ​အပေါ် ထိုးထွင်း​သိမြင်ခြင်း၊ အဘိဓာန်​နဲ့ စွယ်စုံ​ကျမ်း​စတဲ့ စာအုပ်​တွေ​ကို ရှာဖွေ​လေ့လာ စစ်ဆေး​ဖတ်ရှု​ကြ​တော့​တာ​ပဲ။ ဒီလို​ရှာဖွေ​လေ့လာ​ထား​တော့ မိသားစု​သင်အံမှု​ကို ပို​ပြီး​ပျော်ရွှင်စရာ​ဖြစ်စေ​တယ်။ သားတွေ​က မိသားစု​သင်အံမှု​အတွက် အမြဲ​အဆင်သင့် ရှိနေကြတယ်” ဟု​ယန်း​က ပြောပြ​သည်။ ထပ်ဆင့်​အကျိုး​ရလဒ်​ကား ယခု ထို​လူငယ်​နှစ်ဦးစလုံး​သည် ဘာသာ​စကား​စွမ်းရည်​နှင့်​ပတ်သက်​လျှင် သူတို့​အတန်း​ထဲ​တွင် အတော်ဆုံး​ဖြစ်​ကြသည်။

နယ်သာလန်​နိုင်ငံ​မှ နောက်ထပ်​ဇနီး​မောင်နှံစုံ ဂျွန်​နှင့်​တီ​နီ​တို့သည် သား​ဖြစ်သူ အက်စ်​လီ (ယခု အသက် ၂၄ နှစ်​ရှိပြီး အခြား​အသင်းတော်တွင် ရှေ့ဆောင်​နေသည်) နှင့် သမီး​ဖြစ်သူ လင်ဒါ (ယခု အသက် ၂၀ ရှိပြီး လူရည်မွန်​ညီအစ်ကို​တစ်ဦး​နှင့် လက်ထပ်ခဲ့​သည်) တို့​နှင့် သင်အံမှု​ပြုလုပ်​ကြသည်။ ထုံးစံ​ရှိသည့်အတိုင်း စာအုပ်​တစ်အုပ်​ကို အမေး​အဖြေ​နည်း​နှင့် လေ့လာ​ကြ​မည့်​အစား ကလေး​များ​၏ အသက်အရွယ်​အလိုက်၊ လိုအပ်ရာ​များနှင့်​အညီ မိသားစု​သင်အံမှု​ကို ပြုလုပ်​ခဲ့​ကြသည်။ အဘယ်နည်း​ကို သူတို့​အသုံးပြု​ခဲ့​ကြ​သနည်း။

သား​နှင့်​သမီးတို့​သည် (ကင်းမျှော်စင်​မှ) “စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ”၊ (နိုးလော့!မှ) “သမ္မာကျမ်းစာ​ရှုထောင့်” တို့​မှ စိတ်ဝင်စားဖွယ်​အကြောင်း​တစ်ခုခု​ကို ရွေးချယ်​ခဲ့​ကြသည်​ဟု ဂျွန်​က​ပြောပြ​သည်။ ထို့နောက် သူတို့​ကြိုတင်​ပြင်ဆင်​ထား​ရာ​ကို တင်ပြ​ပြောဆို​ကြသော​ကြောင့် မိသားစု​ဆွေးနွေးမှု​များသည် အမြဲ​ပင် စိတ်ဝင်စားစရာ​ဖြစ်​ခဲ့​သည်။ ဤနည်းဖြင့် ထို​လူငယ်များသည် ရှာဖွေ​လေ့လာမှု​ပြုပြီး လေ့လာမှု​မှ​သိရှိရာ​များ​ကို ဆွေးနွေး​တင်ပြခြင်း​ဖြင့် အတွေ့အကြုံရင့်​ကျက်​လာ​ကြသည်။ သင့်​ကလေးငယ်​များနှင့်​အတူ “ထာဝရ​ဘုရား​၏​တရားတော်​ကို စစ်ဆေး” သလော။ ၎င်း​က သင်၏​သွန်သင်ခြင်း​စွမ်းရည်​ကို တိုးမြှင့်​ပေး​ရုံ​မ​က သင့်​ကလေး​များသည် ပိုမို​ထိရောက်​သော ဆရာသမား​များ​ဖြစ်လာ​ပါ​လိမ့်​မည်။

“ကျင့်ဆောင်​ရန်”

ဧဇရ​သည် သိရှိ​ခဲ့​ရာ​များ​ကို ကျင့်သုံး​ခဲ့​၏။ ဥပမာ၊ သူသည် ဗာဗုလုန်​တွင်​ရှိ​စဉ် အတည်တကျ​နေထိုင်ခဲ့​ပေမည်။ သို့သော် တိုင်းတစ်ပါး​တွင်ရှိသော မိမိ၏​လူမျိုး​ကို အကူအညီ​ပေး​နိုင်​သည်​ဟု သူ​သဘောပေါက်​လာသော​အခါ ဗာဗုလုန်​စည်းစိမ်​များ​ကို​စွန့်​၍ ဝေးလံ​သော​ယေရုရှလင်​မြို့၌ အခက်အခဲ​များ၊ ပြဿနာ​များ၊ အန္တရာယ်များ​ကို​ရင်ဆိုင်ခဲ့​၏။ ဧဇရ​သည် ကျမ်းစာ​အသိပညာကို ဆည်းပူး​စုဆောင်း​ခဲ့​ရုံ​မ​က သူသိ​ရှိခဲ့​ရာ​များ​ကို ကျင့်သုံး​ရန် အသင့်​ရှိကြောင်း ထင်ရှား​သည်။—၁ တိမောသေ ၃:၁၃

နောက်ပိုင်း၌ ယေရုရှလင်​မြို့တွင် ဧဇရ​နေထိုင်​စဉ် သူသိ​ရှိရာ​များနှင့် သွန်သင်ပေး​ရာ​များ​ကို လက်တွေ့​ကျင့်သုံး​ကြောင်း ဣသရေလ​အမျိုးသားများ​က တစ်ပါး​အမျိုးသမီးများနှင့် အိမ်ထောင်ပြု​နေသည်​ကို သူ​ကြားသိ​ချိန်​တွင် ပေါ်လွင်​ထင်ရှား​ခဲ့​သည်။ ဧဇရ​သည် ‘အတွင်း​အဝတ်၊ အပြင်​အဝတ်ကို​ဆုတ်၍ ဆံပင်​နှင့်​မုတ်ဆိတ်​ကို နုတ်​ပစ်​လျက်၊ ညဦးယံ​အချိန်တိုင်​အောင် မိန်းမော​တွေဝေ​လျက် ထိုင်​နေ​၏’ ဟု​ကျမ်းစာ​က ကျွန်ုပ်​တို့ကို ပြောပြ​သည်။ သူသည် ယေဟောဝါ​အား “မမျှော်​မကြည့်​ဝံ့၊ ရှက်ကြောက်​၍ မျက်နှာ​နီ” သည့်​အထိ​ပင် ခံစား​ခဲ့​ရသည်။—ဧဇရ ၉:၁-၆

ဘုရားသခင်​၏​တရားတော်​ကို လေ့လာ​ခဲ့​ခြင်း​က သူ့ကို အမှန်တကယ်​ပင် အကျိုးပေး​ခဲ့​၏! ဧဇရ​သည် လူတို့၏​မနာခံမှုကြောင့် ဖြစ်ပေါ်​လာ​သည့် ကြောက်မက်​ဖွယ်​အကျိုးဆက်များ​ကို ရှင်းလင်းစွာ သဘောပေါက်​နားလည်ခဲ့​သည်။ ပြည်တော်ပြန်​ဂျူး​အရေအတွက်​မှာ လူနည်းစု​သာ​ဖြစ်၏။ ထို​သူတို့သည် ယုံကြည်ခြင်း​မတူ​သူများ​နှင့် အိမ်ထောင်ပြု​ကြ​မည်​ဆိုလျှင် နောက်ဆုံး​၌ ပတ်ဝန်းကျင်​ရှိ အယူမှား​လူမျိုးများ​နှင့် သွေး​ရောနှော​သွား​ကာ ကမ္ဘာ​ပေါ်​မှ စင်ကြယ်သော​ဝတ်ပြုရေး အလွယ်တကူ ကွယ်ပျောက်​သွား​နိုင်​သည်!

ဝမ်းသာစရာ​မှာ ဧဇရ​၏ လုံးဝ​ဆည်းကပ်​ကြောက်ရွံ့​မှု​နှင့် ဇွဲ​လုံ့လ​ပုံသက်သေ​က ဣသရေလလူ​တို့အား သူတို့၏​လမ်းစဉ်​များ​ကို ပြုပြင်​ပြောင်းလဲ​ရန် လှုံ့ဆော်ပေး​ခဲ့​သည်။ သူတို့၏​တိုင်းတစ်ပါး​ဇနီး​များ​ကို စွန့်ခဲ့​ကြသည်။ သုံးလ​အတွင်း အစစအရာရာ တည့်မတ်​မှန်ကန်​သွား​လေ​တော့​သည်။ ဧဇရ​ကိုယ်တိုင် ဘုရားသခင်​၏​တရားတော်​အပေါ် တည်ကြည်မှု​ရှိ​ခြင်း​က သူ၏​သွန်သင်ခြင်း​ကို ပို​၍​ထိရောက်​မှု​ရှိစေခဲ့​သည်။

ယနေ့လည်း အလားတူ​ပင်​ဖြစ်၏။ ခရစ်ယာန်​ဖခင်​တစ်ဦး​ပြော​ခဲ့​သကဲ့သို့ပင် “ကလေး​တွေ​ဟာ သင်​ပြော​သလို မလုပ်ကြဘူး; သင်​လုပ်​သလို လုပ်ကြ​တာ!” ခရစ်ယာန်​အသင်းတော်တွင်​လည်း အလားတူ​ပင်​ဖြစ်၏။ ပုံသက်သေ​ကောင်း​တင်ပြသော အကြီးအကဲ​များသည် မိမိတို့၏​သွန်သင်ချက်​များ​ကို အသင်းတော် လိုက်နာ​လိမ့်​မည်​ဟု မျှော်လင့်​နိုင်​ကြ​ပါ​သည်။

“စီရင်ထုံး​ဖွဲ့​တော်​မူ​ချက်​တို့ကို ဣသရေလ​အမျိုး​၌​သွန်သင်ခြင်း”

ဧဇရ​၏​သွန်သင်မှု ထိရောက်​ရသည့်​အကြောင်းရင်း နောက်​တစ်ချက်​ရှိသေး​သည်။ သူသည် မိမိ​ကိုယ်ပိုင်​အယူအဆ​များ​ကို မသွန်သင်​ဘဲ “စီရင်ထုံး​ဖွဲ့​တော်​မူ​ချက်​တို့ကို” သွန်သင်ပေး​၏။ ဆိုလို​သည်​ကား ယေဟောဝါ​၏ အထုံးအဖွဲ့၊ တရားတော်​များ​ဖြစ်၏။ ၎င်း​သည် သူ၏ ယဇ်ပုရောဟိတ်​တာဝန်ဖြစ်​၏။ (မာလခိ ၂:၇) သူသည် စီရင်ချက်​ကိုလည်း သွန်သင်ပေး​၍ စံနှုန်း​တစ်ခု​အရ တရား​မျှတ​ပြီး ဘက်မလိုက်​ဘဲ မှန်ကန်​ရာ​ကို စွဲစွဲမြဲမြဲ​လုပ်ကိုင်​ခြင်း​ဖြင့် သွန်သင်ခြင်း​ပုံသက်သေ​တစ်ခု​ကို ချမှတ်​ပေး​ခဲ့​၏။ အခွင့်အာဏာ​ရှိသူ​များသည် တရား​မျှတသော​အခါ တည်ငြိမ်​အေးချမ်း​သည်။ (သု. ၂၉:၄) ထို​နည်းတူ​စွာ၊ ဘုရားသခင်​၏​နှုတ်မြွက်​စကားတော်​ကို ကောင်းစွာ​တတ်ကျွမ်း​သော ခရစ်ယာန်​အကြီးအကဲ​များ၊ မိဘများနှင့် ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ​သည် အသင်းတော်တွင်​လည်းကောင်း၊ မိသားစုတွင်​လည်းကောင်း၊ စိတ်ဝင်စား​ခါ​စ​သူများကို​လည်းကောင်း ယေဟောဝါ​၏​ထုံး​ဖွဲ့​ချက်​နှင့် စီရင်ချက်​တို့ကို သွန်သင်ပေး​သောအခါ ဝိညာဉ်​ရေး​ကို တည်ဆောက်​ပေး​ပါ​သည်။

သင်သည် တည်ကြည်သော​ဧဇရ​၏​ပုံသက်သေ​ကို အပြည့်အဝ​တုပ​သောအခါ သင်၏​သွန်သင်ခြင်း​သည် ပို​၍​ထိရောက်​မှု​ရှိလာ​လိမ့်​မည်​ဟု သဘောတူ​မည်​မဟုတ်ပေ​လော။ သို့​ဖြစ်၍ “ထာဝရ​ဘုရား​၏​တရားတော်​ကို စစ်ဆေး​စောင့်ရှောက်ခြင်း​ငှာ​လည်းကောင်း၊ စီရင်ထုံး​ဖွဲ့​တော်​မူ​ချက်​တို့ကို . . . သွန်သင်ခြင်း​ငှာ​လည်းကောင်း သဘောကျ [“နှလုံးကို​အသင့်ပြင်​ဆင်၊” က​ဘ]” လော့။—ဧဇရ ၇:၁၀

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 11 အချက်အလက်​ရင်းမြစ်​အခု​ပေါင်း ၂၀ ကို ယေဟောဝါသက်သေ​များ ထုတ်ဝေ​ထား​သည့် ကျမ်း​စာစောင်​များ​အပေါ် ထိုးထွင်း​သိမြင်ခြင်း အတွဲ ၁၊ စာမျက်နှာ ၄၄၄-၅ တွင်​တွေ့ရှိ​နိုင်​သည်။

ဧဇရ​၏​သွန်သင်ခြင်း​ကို အဘယ်အရာက ထိရောက်​မှု​ရှိစေခဲ့​သနည်း

၁။ သူ၏​နှလုံးကို လျောက်ပတ်​သော​အခြေအနေ​သို့ ရောက်ရှိ​စေ​ခဲ့

၂။ ယေဟောဝါ​၏​တရားတော်​ကို စစ်ဆေး​ခဲ့

၃။ သိရှိ​ခဲ့​ရာ​များ​ကို လက်တွေ့​ကျင့်သုံး​ခြင်း​တွင် ပုံသက်သေ​ကောင်း​ချမှတ်​ခဲ့

၄။ ကျမ်းစာ​အမြင်ကို သွန်သင်​ပေးဖို့ အပတ်တကုတ်​လေ့လာ​ကာ သူကိုယ်တိုင်​ကျင့်သုံး​ခဲ့