ဘာသာတရားက ငြိမ်းချမ်းရေးအတွက် တွန်းအားဖြစ်လာမလား

ဘာသာတရားက ငြိမ်းချမ်းရေးအတွက် တွန်းအားဖြစ်လာမလား

ဘာသာတရားက ငြိမ်းချမ်းရေးအတွက် တွန်းအားဖြစ်လာမလား

“ကမ္ဘာကြီးကို ပိုကောင်းလာအောင်လုပ်ကြစို့။ ဘာသာတရားကို ဖယ်ရှားကြစို့။” ဒါဟာ ဒတ်ခ်ျအတွေးအခေါ်ပညာရှင် ဖလောရစ် ဗန်ဒါဘက်ရဲ့ “ဘာသာတရားကို ဘယ်လိုဖယ်ရှားရမလဲ၊ ဘာကြောင့်လဲ” ခေါင်းစဉ်ရှိ ပုံနှိပ်ထုတ်ဝေတဲ့ဟောပြောချက်တစ်ခုမှာ ဖော်ပြခဲ့တဲ့စကားဖြစ်တယ်။ ကမ္ဘာတစ်ဝန်း ပညာရပ်နယ်ပယ်အသီးသီးက ပညာရှင်တွေကလည်း ဘာသာတရားကို ဖယ်ရှားပစ်ဖို့ လှုံ့ဆော်နေကြတယ်။

“ဒီလောကကြီးက ဘာသာတရားအိမ်မက်ဆိုးကြီးကနေ နိုးထဖို့လိုနေပြီ” လို့နိုဘယ်လ်ဆုရှင်နဲ့ ရူပဗေဒပညာရှင် စတီဗင် ဝင်းဘာ့ဂ်က ကြေညာခဲ့တယ်။ ဘာသာတရားကိုဖယ်ရှားလိုက်ရင် ကမ္ဘာပေါ်က မကောင်းမှုတွေကို များစွာလျှော့ချနိုင်မယ်ဆိုတဲ့အမြင်ဟာ မကြာသေးမီနှစ်တွေက ရှင်းလင်းပြတ်သားစွာထွက်ပေါ်လာခဲ့တယ်။ ဘာသာတရားကို ဆန့်ကျင်တဲ့စာအုပ်တွေ တစ်ဟုန်ထိုးများပြားလာပြီး တော်တော်လေး လူကြိုက်များလာတယ်။

သိပ္ပံပညာရပ်မှာ ဦးဆောင်နေသူတွေဟာ သူတို့အဆိုအရ ဘာသာတရားကို အမြစ်ပါမကျန်ဖယ်ရှားဖို့ အရေးပေါ်လိုအပ်နေတယ်ဆိုတဲ့အကြောင်းဆွေးနွေးဖို့ စုရုံးခဲ့ကြတယ်။ ဘာသာတရားမဲ့သူတွေရဲ့ ကြွေးကြော်သံတွေကလည်း သတင်းမီဒီယာတွေမှာ ပြည့်လျှံနေတယ်။ ဒီလေးစားခံရတဲ့ အတွေးအခေါ်သမားတွေ လျှောက်နေတဲ့လမ်းက မှန်ကန်ပါသလား။

စစ်မှန်တဲ့ဘာသာတရား ရှိသလား

ဘာသာတရားအားလုံးကမှားနေပြီး ဘုရားသခင်လည်းမရှိဘူးဆိုရင် ဘာသာတရားကို ဖယ်ရှားပစ်တာက ကျိုးကြောင်းညီညွတ်ပုံရတယ်။ ဒါပေမဲ့ ဘုရားသခင် ရှိတယ်ဆိုရင်ကော။ ကမ္ဘာပေါ်မှာ ဘုရားသခင်ကို မှန်ကန်စွာကိုယ်စားပြုတဲ့အုပ်စုတစ်စု၊ တစ်နည်းအားဖြင့် စစ်မှန်တဲ့ဘာသာတရားရှိမယ်ဆိုရင်ကော။

ဘာသာတရားရဲ့သမိုင်းကို ဂရုတစိုက်လေ့လာကြည့်ရင် တခြားဘာသာတရားအားလုံးနဲ့မတူ တစ်မူထူးခြားတဲ့ ဝတ်ပြုမှုပုံစံတစ်မျိုးရှိကြောင်း တွေ့နိုင်တယ်။ ကမ္ဘာ့လူဦးရေနဲ့နှိုင်းယှဉ်ကြည့်ရင် လူအနည်းငယ်လောက်သာ ဒီဝတ်ပြုမှုပုံစံကို ကျင့်သုံးကြတယ်။ အဲဒီဘာသာတရားကို ယေရှုခရစ်နဲ့ သူ့တမန်တော်တွေ တည်ထောင်ခဲ့တယ်။ ဒါပေမဲ့ အမည်ခံခရစ်ယာန်တွေ ရာစုနှစ်များစွာလက်ခံကျင့်သုံးခဲ့တဲ့ ဝတ်ပြုမှုပုံစံဟာ အဲဒီဘာသာတရားနဲ့မတူပါ။

ယေရှုခရစ်အုတ်မြစ်ချခဲ့တဲ့ စစ်မှန်သောဘာသာတရားနဲ့ အမည်ခံခရစ်ယာန် ဘယ်လိုကွာခြားသလဲ။ ကွာခြားချက်တွေ အများကြီးရှိပါတယ်။ အဲဒီထဲက တစ်ချက်ကိုသုံးသပ်ကြည့်ရအောင်။

“ဤလောကနှင့် မသက်ဆိုင်”

ဦးဆုံးသောခရစ်ယာန်တွေဟာ နိုင်ငံရေးကိစ္စတွေမှာ မပါဝင်ခဲ့ဘူး။ ဒါက ယေရှုကိုယ်တိုင်ရဲ့ ကြားနေတဲ့ရပ်တည်ချက်နဲ့ ကိုက်ညီမှုရှိတယ်။ နိုင်ငံရေးအုပ်စိုးရှင်ဖြစ်ဖို့ အနည်းဆုံးနှစ်ကြိမ်ကမ်းလှမ်းခံရတာကို ယေရှုအခိုင်အမာငြင်းဆိုခဲ့ကြောင်း သမ္မာကျမ်းစာမှတ်တမ်းမှာ ဖော်ပြထားတယ်။ (မဿဲ ၄:၈-၁၀; ယောဟန် ၆:၁၅) အဖမ်းမခံရအောင် အကြမ်းဖက်နည်းသုံးပြီး ကာကွယ်ပေးလိုတဲ့ တပည့်တွေကိုတောင် ယေရှုပြစ်တင်ရှုတ်ချခဲ့တယ်။—မဿဲ ၂၆:၅၁၊ ၅၂; လုကာ ၂၂:၄၉-၅၁; ယောဟန် ၁၈:၁၀၊ ၁၁

ယုဒပြည်ရဲ့ရောမဘုရင်ခံက ယေရှုရဲ့နိုင်ငံရေးရည်မှန်းချက်အကြောင်း သတ်သတ်မှတ်မှတ်မေးမြန်းတဲ့အခါ ယေရှုက ခုလိုတိကျပြတ်သားစွာပြန်ဖြေခဲ့တယ်– “ငါ၏နိုင်ငံသည် ဤလောကနှင့် မသက်ဆိုင်။ သက်ဆိုင်လျှင် ငါသည် ဂျူးလူမျိုးလက်သို့ မရောက်ရန် ငါ၏လူတို့ တိုက်လှန်ကြပေမည်။ ယခုမူကား ငါ၏နိုင်ငံသည် ဤလောကမှ မဟုတ်။” (ယောဟန် ၁၈:၃၆) ရှင်းနေတာက ယေရှုဟာ သူ့ခေတ်က နိုင်ငံရေးနဲ့စစ်ရေးစစ်ရာတွေမှာ ပါဝင်ပတ်သက်ခြင်းမရှိခဲ့ဘူး။

ယေရှုရဲ့နောက်လိုက်တွေဟာ အဲဒီပုံစံအတိုင်း လိုက်လျှောက်ခဲ့ကြတယ်။ စစ်ရေးရာတွေမှာ ဘာသာတရားရဲ့ကဏ္ဍကိုလေ့လာခဲ့တဲ့ ရှေ့ဆောင်းပါးပါအဖွဲ့က ခုလိုရှင်းပြခဲ့တယ်– “အစောပိုင်းခရစ်ယာန်များသည် အကြမ်းမဖက်ခဲ့ကြပေ။ . . . ခရစ်ယာန်အများစုမှာ စစ်တပ်ထဲဝင်ပြီး တိုက်ခိုက်ရန် ငြင်းဆိုခဲ့ကြသည်။” ယေရှုနဲ့ သူ့တမန်တော်တွေရဲ့သွန်သင်ချက်တွေမှာ သူစိမ်းတွေ၊ နောက်ခံမတူ လူမျိုးမတူသူတွေပါဝင်တဲ့ အိမ်နီးချင်းကိုချစ်ဖို့ အလေးပေးခဲ့ကြတယ်။ (တမန်တော် ၁၀:၃၄၊ ၃၅; ယာကုပ် ၃:၁၇) ဒီဘာသာတရားက တကယ်ပဲ ငြိမ်းချမ်းရေးအတွက် တွန်းအားဖြစ်တယ်။

နောက်ဆုံး၊ မူလခရစ်ယာန်အယူဝါဒဟာ ပြိုကွဲစေတဲ့တွန်းအားတွေဖြစ်တဲ့ အတွေးအခေါ်ပညာ၊ ဓလေ့ထုံးစံ၊ လူမျိုးရေးတွေရဲ့ အရောင်ဆိုးခံခဲ့ရတယ်။ စစ်ရေးပဋိပက္ခတွေမှာ ဘာသာတရားရဲ့ကဏ္ဍကိုလေ့လာတဲ့ ရှေ့ဆောင်းပါးတစ်ခုရှိ သမိုင်းဆိုင်ရာပြန်လည်သုံးသပ်ချက်မှာ ခုလိုဖော်ပြတယ်– “[ရောမဧကရာဇ်] ကွန်စတင်တိုင်း၏ဘာသာပြောင်းလဲခြင်းက ခရစ်ယာန်လှုပ်ရှားမှုအား စစ်ရေးလှုပ်ရှားမှုဖြစ်စေခဲ့သည်။ ခရစ်ယာန်များကို ဩဇာညောင်းသွားသည်မှာ ခရစ်တော်၏သနားကြင်နာပါဟူသော သွန်သင်ချက်မဟုတ်တော့ဘဲ ဧကရာဇ်၏နိုင်ငံရေးပန်းတိုင်များ၊ နယ်မြေသိမ်းပိုက်လိုမှုများဖြစ်သည်။ ဧကရာဇ်အပါအဝင် ခရစ်ယာန်များသည် စစ်ပွဲအတွက် ဘာသာရေးအကြောင်းပြချက် ရှာဖွေရတော့သည်။” ခရစ်ယာန်အတုအယောင် ပေါ်ထွက်လာခဲ့တယ်။

ထူးခြား”တဲ့ အုပ်စုတစ်စု

မူလခရစ်ယာန်ဘာသာက ထာဝစဉ်ပျောက်ကွယ်သွားပြီလား။ လုံးဝမဟုတ်ပါဘူး။ ဒီနေ့ခေတ်မှာ အထူးဆင်ခြင်သုံးသပ်ထိုက်တဲ့ အုပ်စုတစ်စု ရှိနေပါတယ်။ ယေဟောဝါသက်သေတွေဟာ တခြားဘာသာရေးသမားတွေနဲ့မတူဘဲ ဦးဆုံးခရစ်ယာန်တွေကို တုပကြတယ်။ သူတို့ဟာ အမည်ခံခရစ်ယာန်တွေနဲ့ လုံးဝပတ်သက်မှုမရှိပါ။ ယေဟောဝါသက်သေတွေက သူတို့ရဲ့ယုံကြည်ချက်တွေကို “ကျမ်းစာပေါ်မှာအခြေပြုထားပြီး ဓလေ့ထုံးစံတွေနေရာမှာ ကျမ်းစာက လုံးလုံးအစားထိုးနေရာယူလိုက်တဲ့အတွက် သူတို့က ထူးခြားတယ်” လို့ စာအုပ်တစ်အုပ် (The Encyclopedia of Religion) ကဖော်ပြထားတယ်။

ဦးဆုံးခရစ်ယာန်တွေလိုပဲ ယေဟောဝါသက်သေတွေဟာ နိုင်ငံရေးအရှုပ်အထွေးတွေမှာ မပါဝင်ခဲ့ပါ။ ယေဟောဝါသက်သေတွေဟာ “လူမျိုး၊ နိုင်ငံ၊ ဘာသာတရား၊ လူမှုရေးနှင့် စီးပွားရေးကွာဟမှုများ” ကိုကျော်လွှားဖို့ ရည်မှန်းထားကြကြောင်း ယူကရိန်း အမျိုးသားသိပ္ပံအကယ်ဒမီရဲ့ ထုတ်ပြန်မှုတစ်ခုမှာ ဖော်ပြခဲ့တယ်။ ယေဟောဝါသက်သေတွေဟာ “နိုင်ငံတော်အစိုးရကိုဆန့်ကျင်တဲ့လုပ်ဆောင်မှုတွေ” မှာမပါဝင်ကြ၊ “ဥပဒေလိုက်နာသည့် နိုင်ငံသားကောင်းများဖြစ်ကြ” တယ်လို့ အဲဒီလေ့လာမှုက ရှင်းပြတယ်။

ပိုလန်နိုင်ငံ၊ ဝါဆောတက္ကသိုလ်မှ ပါမောက္ခ ဗိုချက်ရ် မိုဒက်လောစကီး ရေးသားတဲ့စာအုပ်တစ်အုပ် (Pacifism and Vicinity) မှာအခုလိုဖော်ပြထားတယ်– “ယနေ့အချိန်တွင် ယေဟောဝါသက်သေများသည် ကမ္ဘာပေါ်ရှိ စစ်ပွဲများကိုမလိုလားသောအုပ်စုများတွင် အကြီးဆုံးအုပ်စုဖြစ်သည်။” သူတို့တွေဟာ ပထမရာစုခရစ်ယာန်တွေရဲ့ပုံစံကို အနီးကပ်လိုက်လျှောက်ကြတဲ့အတွက် ယေဟောဝါသက်သေတွေဟာ ခရစ်တော်နဲ့ သူ့တမန်တော်တွေတည်ထောင်ခဲ့တဲ့ ဝတ်ပြုမှုပုံစံကို အောင်မြင်စွာပြန်လည်တည်ထောင်နိုင်ခဲ့ကြတယ်လို့ ပြောနိုင်ပါတယ်။ ဒီလိုခရစ်ယာန်ဘာသာက ငြိမ်းချမ်းရေးအတွက် တကယ့်တွန်းအားပဲဖြစ်ပါတယ်။—နောက်စာမျက်နှာမှ လေးထောင့်ကွက်ကိုကြည့်ပါ။

တောက်ပသော အနာဂတ်

စိတ်ရင်းမှန်တဲ့ဝတ်ပြုသူများစွာနဲ့ ဘာသာရေးခေါင်းဆောင်အချို့တောင် သူတို့ဘာသာတရားရဲ့ အရေခြုံမှုကြောင့် တကယ်ပဲတုန်လှုပ်ခဲ့ကြတယ်။ ကမ္ဘာပေါ် ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေးကို လှုံ့ဆော်အားပေးတဲ့ ဘာသာတရားကိုင်းရှိုင်းသူ တော်တော်များများရှိတယ်ဆိုတာကိုတော့ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။

စိတ်ရင်းကောင်းနိုင်ပေမဲ့ လူသားတွေဟာ ကမ္ဘာ့ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းမှာ အကန့်အသတ်ရှိတယ်။ ရှေးခေတ်ပရောဖက် ယေရမိက ခုလိုရေးခဲ့တယ်– “အိုထာဝရဘုရား လူသည် မိမိသွားရာလမ်းကိုအစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်သည်ကို အကျွန်ုပ်သိပါ၏။”—ယေရမိ ၁၀:၂၃

ဒါပေမဲ့ တောက်ပတဲ့အနာဂတ်ရှိတယ်။ ဘုရားသခင့်စကားတော်က ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းသစ်တစ်ခု ကမ္ဘာပေါ်တည်ထောင်မယ်ဆိုပြီးသွန်သင်တယ်။ ဒီလူ့အဖွဲ့အစည်းသစ်က တကယ့်ညီရင်းအစ်ကိုတွေလိုဖြစ်ကြလိမ့်မယ်။ လူမျိုးနွယ်စုအားလုံးက စည်းလုံးညီညွတ်စွာနေထိုင်ကြမယ်၊ လူသားတွေဟာ နယ်နိမိတ်တွေ၊ လူမျိုးရေးမုန်းတီးမှုတွေ (သို့) ဘာသာရေးသဘောတရားတွေနဲ့ ကွဲပြားသွားတော့မှာမဟုတ်ဘူး။ ယေဟောဝါဘုရားသခင်ကို စစ်မှန်စွာဝတ်ပြုခြင်းကသာ စည်းလုံးမှုကို ဆောင်ကြဉ်းပေးပါလိမ့်မယ်။

သမ္မာကျမ်းစာက ဘုရားသခင်ကိုရှုတ်ချတဲ့ဘာသာတရားတွေရဲ့နိဂုံးကို ကြိုဟောထားတယ်။ ယေရှု ဒီလိုပြောခဲ့တယ်– “တိုင်းနိုင်ငံသည် အတွင်း၌ မသင့်မတင့်ကွဲပြားနေလျှင် ပျက်စီးသွားမည်။ မြို့ဖြစ်စေ၊ အိမ်ဖြစ်စေ အတွင်း၌ မသင့်မတင့်ကွဲပြားလျှင် တည်မြဲမည်မဟုတ်။” (မဿဲ ၁၂:၂၅) မှားယွင်းတဲ့ဘာသာတရားအားလုံးမှာ ဒီစကားတွေမှန်ကန်လာအောင် အချိန်တန်ရင် ဘုရားသခင်လုပ်ဆောင်ပါလိမ့်မယ်။

ဘုရားသခင်က “လူမျိုးတို့တွင် တရားစီရင်၍ များပြားသောလူတို့ကို ဆုံးမ” မယ်လို့ သမ္မာကျမ်းစာမှာ ရှေးအချိန်ကတည်းက ကြိုဟောခဲ့တယ်။ လူတွေဟာ “သူတို့ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန်မသင်ရကြ” လို့လည်း အဲဒီပရောဖက်ပြုချက်မှာ ပြောထားတယ်။ (ဟေရှာယ ၂:၄) ဒီပရောဖက်ပြုချက်က ယနေ့အချိန်မှာကတည်းက ပြည်စုံနေပါတယ်။ ယေဟောဝါသက်သေတွေလိုက်လျှောက်နေတဲ့ စစ်မှန်တဲ့ဘာသာတရားက ငြိမ်းချမ်းရေးအတွက် တွန်းအားဖြစ်နှင့်နေပြီးသားဖြစ်ပါတယ်။

[စာမျက်နှာ ၈ ပါ အကျဉ်းဖော်ပြချက်]

မေတ္တာကြောင့် ယေဟောဝါသက်သေများ စည်းလုံးနေကြ

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်]

ယေဟောဝါသက်သေတွေဟာ ဘယ်လိုနည်းတွေနဲ့ ကွဲပြားခြားနားသလဲ

ခရစ်တော်နောက်လိုက်တွေပါလို့ပြောတဲ့ တခြားဘာသာတရားအားလုံးနဲ့ ယေဟောဝါသက်သေတွေ ကွဲပြားခြားနားတာကိုသိရှိရတဲ့အခါ လူအများ အံ့အားသင့်ကြတယ်။ အောက်မှာဖော်ပြထားရာ တွေဟာ ယေဟောဝါသက်သေတွေရဲ့ ထူးခြားချက်တချို့ဖြစ်ပါတယ်–

ဖွဲ့စည်းထားပုံ

● သူတို့မှာ ခရစ်ယာန်ဓမ္မဆရာအတန်းအစားဆိုတာမရှိဘူး။

● သူတို့ရဲ့ တာဝန်ရှိအမျိုးသားတွေ၊ သွန်သင်ပေးသူတွေနဲ့ ခရစ်ယာန်သာသနာပြုတွေဟာ အခကြေးငွေ မယူကြပါဘူး။

● ဘုရားသခင့်နိုင်ငံတော်ခန်းမလို့ခေါ်တဲ့ သူတို့ရဲ့ဝတ်ပြုရာနေရာတွေမှာ ဆယ်ဖို့တစ်ဖို့နဲ့ အလှူငွေလိုက်ကောက်ခံတာမျိုး မရှိဘူး။

● သူတို့ရဲ့လုပ်ဆောင်မှုအားလုံးက အမည်မဖော်ဘဲ လှူဒါန်းတဲ့အလှူငွေတွေနဲ့ လည်ပတ်တယ်။

● နိုင်ငံရေးနဲ့ပတ်သက်လာရင် သူတို့ ကြားနေကြတယ်။

● ငြိမ်းချမ်းရေးကို အားပေးပြီး စစ်ရေးရာတွေမှာ မပါကြဘူး။

● ကျမ်းစာအခြေပြုသွန်သင်ချက်တစ်မျိုးတည်းကိုပဲ အားလုံးယုံကြည်ကြတဲ့အတွက် ကမ္ဘာချီစည်းလုံးညီညွတ်နေကြတယ်။

● လူမှုရေး၊ လူမျိုးရေး၊ အမျိုးအနွယ် (သို့) အဆင့်အတန်းခွဲခြားခြင်းမရှိဘဲ ပေါင်းစပ်စုစည်းနေကြတယ်။

● ကက်သလစ်၊ ဩသဒေါက်စ် (သို့) ပရိုတက်စတင့် စတဲ့တခြားခရစ်ယာန်တွေနဲ့ သူတို့ ပတ်သက်ဆက်နွှယ်ခြင်းမရှိပါ။

အယူဝါဒ

● ယေဟောဝါအမည်ရှိတဲ့ စစ်မှန်တဲ့ဘုရားသခင်တစ်ပါးတည်းရှိတယ်လို့ သူတို့ ယုံကြည်ကြတယ်။

● သူတို့က ယေရှုခရစ်ကို အတိုင်းအဆမဲ့တန်ခိုးရှင်အဖြစ် မယုံကြည်ကြဘူး၊ သုံးပါးပေါင်းတစ်ဆူကိုလည်း မယုံကြဘူး။

● သူတို့ဟာ ယေရှုရဲ့သွန်သင်ချက်တွေကို လိုက်နာကြပြီး ကိုယ်တော့်ကို ဘုရားသခင့်သားတော်အဖြစ် ဂုဏ်တင်ကြတယ်။

● သူတို့ဟာ လက်ဝါးကပ်တိုင်ကို အထွတ်အမြတ်အဖြစ်မယူမှတ်ကြဘူး။ သူတို့ဝတ်ပြုတဲ့အခါ ရုပ်ပုံတွေကိုလည်း အသုံးမပြုကြဘူး။

● လူဆိုးအားလုံး သေပြီးနောက် မီးငရဲထဲကျမယ်ဆိုတာကိုလည်း မယုံကြဘူး။

● ဘုရားသခင်က နာခံမှုရှိတဲ့လူသားတွေကို သာယာလှပတဲ့ကမ္ဘာမြေပေါ်မှာ ပြည့်ဝစုံလင်တဲ့ ထာဝရအသက်ပေးမယ်လို့ ယုံကြည်ကြတယ်။

ယေဟောဝါသက်သေတွေက သူတို့ဟာ ယေရှုရဲ့တမန်တော်တွေ လက်တွေ့ကျင့်ကြံခဲ့ကြတဲ့ ပထမရာစုခရစ်ယာန်ဘာသာကို အောင်မြင်စွာပြန်လည်တည်ထောင်နိုင်ခဲ့ကြပြီလို့ ယုံကြည်ကြတယ်။

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ဆာ့ဘ်၊ ဘော့စနီးယားနဲ့ ခရိုအေးရှား