မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျောင်းတွင် မိတ်ဆွေဖွဲ့ခြင်း—မည်မျှ ရင်းနှီးနိုင်သနည်း

ကျောင်းတွင် မိတ်ဆွေဖွဲ့ခြင်း—မည်မျှ ရင်းနှီးနိုင်သနည်း

လူငယ်များအမေး . . .

ကျောင်းတွင် မိတ်ဆွေဖွဲ့ခြင်း—မည်မျှ ရင်းနှီးနိုင်သနည်း

“ကျွန်မရဲ့ ကျောင်းနေဖက်တွေက သီတင်းပတ်ကုန်ပိုင်းမှာ သူတို့ အတူတူပျော်ခဲ့ကြတဲ့အကြောင်းတွေကို ပြောကြတယ်။ ကျွန်မကိုတော့ ကြဉ်ထားကြတယ်လို့ ခံစားမိတယ်။”—မီရှယ်လ်။ *

“တစ်ခါတလေ လူငယ်အုပ်စုတစ်စုကို တွေ့တဲ့အခါ ‘သူတို့ဟာ တကယ့်မိတ်ဆွေကောင်းတွေပဲ။ ငါလည်း အဲဒီအုပ်စုအဝင်ဖြစ်ချင်လိုက်တာ’ လို့ တွေးမိတယ်။”—ဂျိုး။

“ကျောင်းမှာမိတ်ဆွေဖွဲ့ရတာ ကျွန်မအတွက်မခက်ပါဘူး။ သိပ်လွယ်တယ်။ ဒါကြောင့်လည်း ကျွန်မ ပြဿနာတွေနဲ့ကြုံခဲ့ရတယ်။”—မာရီယာ။

တစ်နေ့တာ၏ အချိန်အများစုကို ကျောင်းနေဖက်များနှင့် သင်ပေါင်းဖော်ရသည်။ အလားတူသောစိန်ခေါ်ချက်များ၊ အလိုမကျမှုများနှင့် အောင်မြင်မှုများကို သင်ရင်ဆိုင်ရသည်။ သင်သည် အခြေအနေအချို့တွင် မိဘ၊ မောင်နှမနှင့် ခရစ်ယာန်ချင်းများထက် ကျောင်းနေဖက်များနှင့် သဘောထားချင်းပို၍တူညီသည်ဟု ခံစားရပေမည်။ ယင်းကြောင့်လည်း သူတို့နှင့် သင်မိတ်ဆွေဖွဲ့လိုခြင်းဖြစ်ပေမည်။ ယင်းသည် မှားသလော။ အန္တရာယ်ရှိသလော။ ကျောင်းတွင် မိတ်ဆွေဖွဲ့ခြင်းနှင့်ပတ်သက်၍ မည်မျှရင်းနှီးနိုင်သနည်း။ မည်သည့်အခြေအနေတွင် သင်စည်းခြားသင့်သနည်း။

သင် မိတ်ဆွေများလိုအပ်

အခက်အခဲများကြုံရချိန်တွင် မှီခိုအားကိုးနိုင်ပြီး အခြေအနေများအဆင်ပြေချိန်တွင် အတူပျော်မွေ့နိုင်သော မိတ်ဆွေများကို လူတိုင်းလိုအပ်ကြသည်။ ယေရှုတွင် မိတ်ဆွေများရှိခဲ့ပြီး သူတို့နှင့်ပေါင်းဖော်ခြင်းကို ကိုယ်တော်ပျော်မွေ့ခဲ့သည်။ (ယောဟန် ၁၅:၁၅) ထို့ပြင် ညှဉ်းဆဲရာနှက်တိုင်ပေါ်တွင် ယေရှုသေဆုံးခါနီး၌ ကိုယ်တော်၏ရင်းနှီးသောမိတ်ဆွေဖြစ်သည့် “ချစ်တော်မူသောတပည့်” ဖြစ်သူ ယောဟန်သည်အနီးတွင်ရှိနေခဲ့၏။ (ယောဟန် ၁၉:၂၅-၂၇; ၂၁:၂၀) မည်သည့်အခက်အခဲကြုံပါစေ သင်နှင့် အေးအတူပူအမျှလက်တွဲမဖြုတ်သည့် ထိုသို့သော မိတ်ဆွေများကို သင်လိုအပ်ပါသည်။ နယပုံပြင်ကျမ်းတစ်ချက်က ဤသို့ဆို၏– “အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည်ဒုက္ခကာလအဖို့ မွေးဖွားလျက်ရှိ၏။—သု. ၁၇:၁၇

ကျောင်းတွင် သင်ကောင်းစွာခင်မင်ရင်းနှီးသည့် အတန်းဖော်တစ်ဦးသည် ထိုသို့သောမိတ်ဆွေမျိုးဖြစ်သည်ဟု သင်ခံစားမိပေမည်။ တူညီသောစိတ်ဝင်စားရာအချို့ မျှဝေပြီး အတူတကွစကားလက်ဆုံပြောဆိုရသည်ကို သင်ပျော်မွေ့သည်။ သူသည် ယုံကြည်သူချင်းတစ်ဦးမဟုတ်သော်လည်း သင့်အမြင်တွင် ‘မကောင်းသောအပေါင်းအသင်း’ လည်းဖြစ်ပုံမရပေ။ (၁ ကောရိန္သု ၁၅:၃၃) သင်၏ကျမ်းစာယုံကြည်ချက်များကို လက်မခံသော လူငယ်အချို့သည် သင့်တင့်လျောက်ပတ်သောမူများကို လိုက်နာကြသည်မှာမှန်၏။ (ရောမ ၂:၁၄၊ ၁၅) သို့သော် ယင်းက သူတို့နှင့် ရင်းနှီးစွာမိတ်ဆွေဖွဲ့သင့်သည်ဟု ဆိုလိုသလော။

ခရစ်ယာန်များသည် လူမှုရေးခေါင်းပါးသူများမဟုတ်

စစ်မှန်သောခရစ်ယာန်များသည် မယုံကြည်သူများကို အပေါင်းအသင်းမလုပ်ဘဲ ရှောင်ဖယ်ခြင်းမပြုကြပါ။ အကြောင်းမှာ ‘လူမျိုးတကာတို့ကိုတပည့်ဖြစ်စေ’ ပါဟူသော တာဝန်ကိုကျေပွန်ရန် ခရစ်ယာန်များသည် လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုအားလုံးမှ အမျိုးသားအမျိုးသမီးများကို ဟောပြောကြသည်။ (မဿဲ ၂၈:၁၉) သူတို့သည် အိမ်နီးချင်းများ၊ အလုပ်ဖော်များ၊ ကျောင်းနေဖက်များနှင့် တသီးတခြားနေသည့် လူမှုရေးခေါင်းပါးသူများမဟုတ်ကြပါ။ ယင်းအစား ခရစ်ယာန်များသည် အခြားသူများကို လွန်စွာစိတ်ဝင်စားကြသည်။

ယင်းနှင့်စပ်လျဉ်း၍ တမန်တော်ပေါလုသည် အကောင်းဆုံးပုံသက်သေ တင်ပြခဲ့၏။ လူတို့သည် သူ၏ယုံကြည်ချက်များကို လက်မခံသည့်တိုင် “ခပ်သိမ်းသောသူတို့” အား မည်သို့ပေါင်းသင်းဆက်ဆံရမည်ကို သူသိသည်။ ပေါလု၏ရည်ရွယ်ချက်မှာ သူတို့နှင့်အတူ ရောနှောပေါင်းသင်းရန် မဟုတ်ပေ။ ယင်းအစား သူဤသို့ဆို၏– “သင်တို့နှင့်အတူ ဧဝံဂေလိတရားကိုဆက်ဆံခြင်းအလိုငှာ ဧဝံဂေလိတရားကြောင့် ထိုသို့ငါပြုလေ့ရှိ၏။”—၁ ကောရိန္သု ၉:၂၂၊ ၂၃

ပေါလု၏ပုံသက်သေကို သင်လိုက်လျှောက်နိုင်ပါသည်။ သင်၏ရွယ်တူချင်းများနှင့် ဖော်ရွေပျူငှာစွာ ဆက်ဆံပါ။ သူတို့နှင့် ကောင်းသောဆက်ဆံရေးရှိဖို့ ကြိုးစားပါ။ သင်၏ကျောင်းနေဖက်အချို့သည် သင့်တွင်ရှိထားသော ကျမ်းစာအခြေပြုမျှော်လင့်ချက်ကို ရှာဖွေနေသူများ ဖြစ်ကောင်းဖြစ်မည်။ ခရစ်ယာန်မိန်းကလေးတစ်ဦးဖြစ်သူ ဂျဲနက်၏ အဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။ သူနှင့် သူ၏အတန်းဖော်များသည် အတန်းထဲရှိ ကျောင်းသားတစ်ဦးစီ၏အကြောင်း တိုတုတ်သောမှတ်ချက်ရေးရန် တာဝန်ရရှိကြသည်။ ထို့နောက် ကျောင်းသားတစ်ဦးစီသည် မိမိနှင့်သက်ဆိုင်သော မှတ်ချက်များကိုဖတ်ရှုနိုင်ကြသည်။ ဂျဲနက်ရရှိခဲ့သော မှတ်ချက်တစ်ခုတွင် ဤသို့ဆိုထား၏– “မင်းကို ကြည့်ရတာ အမြဲတမ်းပျော်ရွှင်နေပုံပဲ။ ဘာကြောင့်လဲ ဆိုတာ ကျေးဇူးပြုပြီး ငါတို့ကိုပြောပြပါ!”

ဤတွေ့ကြုံမှုက ဖော်ပြသည့်အတိုင်း သင်၏အတန်းဖော်အချို့သည် သင့်ယုံကြည်ချက်များအကြောင်း သိလိုပေမည်။ ထိုသို့သောသူများနှင့် ခင်မင်ရင်းနှီးရခြင်းသည် သင့်အတွက် အမှန်ပင်အကျိုးရှိ၏။ ဤသို့အားဖြင့် သင့်ယုံကြည်ချက်များကို ရှင်းပြပြောဆိုခွင့် ရရှိလိမ့်မည်။ သင့်အတန်းဖော်များအား သူတို့၏ ရှုမြင်ချက်များကို ဖော်ထုတ်ပြောဆိုစေပြီး ကောင်းစွာနားထောင်ပေးပါ။ တစ်နေ့ သင်လုပ်ငန်းခွင်ဝင်ရောက်ခဲ့သော် အလားတူအခြေအနေများ ကြုံရပါက သင့်ရွယ်တူချင်းများနှင့် ပြောဆိုဆက်သွယ်ခြင်းမှ ရရှိသောအတွေ့အကြုံများသည် အလွန်အကျိုးပြုကြောင်း တွေ့ရပါလိမ့်မည်။ ကျောင်းနှင့်အလုပ်ခွင်တွင် ကိုယ်နှုတ်အမူအရာ ရင်းနှီးပျူငှာခြင်းက “ငါတို့ကိုကယ်တင်တော်မူသော အရှင် ဘုရားသခင်၏ [သွန်သင်ချက်] ကို အရာရာ၌တန်ဆာဆင်” ရန်အကူအညီပေးပါလိမ့်မည်။—တိတု ၂:၉

“မညီသောထမ်းပိုး’ ထမ်းသည့် ခင်မင်ရင်းနှီးမှု

အတန်းဖော်တစ်ဦးကို ခင်မင်ဖော်ရွေခြင်းနှင့် အလွန်ရင်းနှီးသောမိတ်ဆွေဖြစ်ခြင်းသည် မတူပါ။ ပေါလုက ဤသို့ရေးသားခဲ့သည်– “မယုံကြည်သောသူတို့နှင့်တွဲဖက်၍ မညီသောထမ်းပိုးကို မထမ်းကြနှင့်။” (၂ ကောရိန္သု ၆:၁၄သမ္မာ) တစ်စုံတစ်ဦးနှင့် ရင်းနှီးသောမိတ်ဆွေဖြစ်ရန် သင်သည် ထိုသူ၏ စံနှုန်းများနှင့်ပန်းတိုင်များကို လက်ခံရမည်။ သင်၏ ကျမ်းစာယုံကြည်ချက်များနှင့် စံနှုန်းများကို မလိုက်နာသူတစ်ဦးနှင့်ဆိုလျှင် ယင်းသည် လုံးလုံးမဖြစ်နိုင်ပါ။ မယုံကြည်သူအတန်းဖော်တစ်ဦးနှင့် မညီသောထမ်းပိုးကို ထမ်းခြင်းဖြင့် မှားယွင်းသောအကျင့်အကြံများတွင် ပါဝင်ရန်သွေးဆောင်ခံရပေမည်။ သို့မဟုတ် သင်၏အကျင့်ကောင်းများ ပျက်စီးသွားပေမည်။

မာရီယာ ဤအတိုင်း ကြုံတွေ့ခဲ့ရသည်။ သူ၏ ဖော်ရွေတတ်သောစိတ်ထားက မိတ်ဆွေဖွဲ့ရန်လွယ်ကူသော်လည်း မည်သည့်အခြေအနေတွင် စည်းခြားရမည်ကို သိရှိရန်ခက်ခဲခဲ့သည်။ သူဤသို့ဝန်ခံ၏– “ယောက်ျားလေးတွေရော၊ မိန်းကလေးတွေရော အားလုံးရဲ့နှစ်သက်မှုခံရတာကို ကျွန်မသဘောကျတယ်။ ရလဒ်ကတော့ ကျွန်မဟာ ဒီလောကရဲ့နွံထဲမှာ ရုန်းထွက်လို့မရအောင် နစ်သည်ထက်နစ်ဝင်နေပြီဆိုတာ သိလိုက်ရတယ်။”

မာရီယာကဲ့သို့ သင်လည်း သင့်ယုံကြည်ချက်များကို လက်မခံသူတစ်ဦးနှင့် အလွန်ရင်းနှီးသည့်အခါ မည်သည့်အခြေအနေတွင် စည်းခြားရမည်ကို သိရန်ခက်ခဲကြောင်း တွေ့ရှိလာပေမည်။ သို့သော် မည်သူ့ကိုအသိတစ်ဦးအဖြစ် သင်လက်ခံမည်နှင့် မည်သူ့ကိုအရင်းနှီးဆုံးမိတ်ဆွေအဖြစ် ရွေးချယ်မည်ကို ပြတ်ပြတ်သားသားစည်းခြားခြင်းဖြင့် ဝမ်းနည်းဖွယ်အဖြစ်ဆိုးမှ ကိုယ့်ကိုယ်ကိုကာကွယ်နိုင်ပါသည်။ ယင်းကို သင်မည်သို့ပြုလုပ်နိုင်သနည်း။

မိတ်ဆွေကောင်းများရွေးချယ်နိုင်ပုံ

အစောပိုင်းက ဖော်ပြသကဲ့သို့ ယေရှု မြေကြီးပေါ်ရှိစဉ်က ရင်းနှီးသောမိတ်ဆွေများဖွဲ့ခဲ့သည်။ ယေရှုသည် ရိုးသားဖြောင့်မတ်သော အသက်တာဖြင့် နေထိုင်ခဲ့ခြင်းနှင့် ဝိညာဉ်ရေးရာများအကြောင်း ပြောဆိုခြင်းဖြင့် ထိုသို့ပြုလုပ်ခဲ့သည်။ ကိုယ်တော်၏ သွန်သင်ချက်များနှင့် ဘဝပုံစံကို လူတို့လက်ခံကျင့်သုံးသည့်အခါ ကိုယ်တော့်ထံ သူတို့ ချဉ်းကပ်လာကြသည်။ (ယောဟန် ၁၅:၁၄) ဥပမာ၊ လူလေးဦးသည် ယေရှု၏စကားကို ကြားနာပြီးနောက် လွန်စွာလှုံ့ဆော်ခံရသဖြင့် “ရှိသမျှတို့ကိုစွန့်ပစ်၍ နောက်တော်သို့လိုက်ကြ၏။” ထိုသူလေးဦးမှာ ပေတရု၊ အန္ဒြေ၊ ယာကုပ်နှင့် ယောဟန်တို့ဖြစ်ပြီး သူတို့သည် ယေရှု၏ ရင်းနှီးသောမိတ်ဆွေများ ဖြစ်လာခဲ့ကြသည်။—လုကာ ၅:၁-၁၁; မဿဲ ၄:၁၈-၂၂

ယေရှု၏ အပြောအဆိုနှင့်အပြုအမူများက ကိုယ်တော်သည် မိမိယုံကြည်ချက်နှင့်ပတ်သက်၍ လေးလေးနက်နက်သဘောထားပြီး ကိုယ်တော်၏ရပ်တည်ချက်သည် ခိုင်မာပြတ်သားကြောင်း ထင်ရှားသည်။ ကိုယ်တော်၏သွန်သင်ချက်များကို လက်မခံလိုသူတို့သည် ကိုယ်တော်နှင့်မပေါင်းဖော်ဘဲ နောက်ဆုတ်သွားကြသောအခါ သူတို့ကို ကိုယ်တော်မတားဆီးခဲ့ပေ။—ယောဟန် ၆:၆၀-၆၆

ဥပမာ၊ လူငယ်တစ်ဦး၏ စိတ်ရင်းမှန်မှုက ယေရှု၏စိတ်ကို လွန်စွာထိမိစေခဲ့သည်။ သမ္မာကျမ်းစာက ဤသို့ဆို၏– “ထိုသူကိုကြည့်ရှုလျက် ချစ်သောစိတ်ရှိ” ၏။ သို့သော် မိမိ၏မိတ်ဆွေများထံမှ ကိုယ်တော်မျှော်လင့်ရာကို ထိုလူငယ်သိရှိသောအခါ ‘ထွက်သွားလေ၏။’ ထိုသူသည် လူကောင်းတစ်ဦးဖြစ်ပုံရပြီး သူ့ကို ကိုယ်တော် “ချစ်သောစိတ်ရှိ၏။” သို့တိုင် ယေရှုသည် မိမိ၏မိတ်ဆွေများထံမှ ထို့ထက်မကတောင်းဆိုတော်မူသည်။ (မာကု ၁၀:၁၇-၂၂; မဿဲ ၁၉:၁၆-၂၂) အသင်ကော။

သင်သည် ကျောင်းနေဖက်တစ်ဦးနှင့် အလွန်ရင်းနှီးပေမည်။ သို့တိုင် ကိုယ့်ကိုယ်ကိုဤသို့မေးပါ– ‘ဒီသူငယ်ချင်းက ယေရှုမိန့်မှာထားတဲ့အရာတွေကို လုပ်ချင်တဲ့ဆန္ဒရှိသလား။ ငါတို့ဝတ်ပြုကိုးကွယ်ရမယ်လို့ ယေရှုသွန်သင်ပေးခဲ့တဲ့ ဘုရားသခင် ယေဟောဝါအကြောင်း သူသင်ယူလိုစိတ်ရှိသလား။’ (မဿဲ ၄:၁၀) သင့်အတန်းဖော်များနှင့် စကားပြောဆိုသည့်အခါ၊ ကျမ်းစာစံနှုန်းများအတိုင်း သင်ကျင့်ကြံသည့်အခါ အဆိုပါမေးခွန်းများ၏ အဖြေထင်ရှားလာပါလိမ့်မည်။

လူအားလုံးနှင့် ယေရှုခင်မင်စွာဆက်ဆံခဲ့သကဲ့သို့ သင့်အတန်းဖော်များနှင့် ခင်မင်ဖော်ရွေစွာ ဆက်ဆံခြင်းသည် ကောင်းပါသည်။ သို့သော် ယေရှုသည် မိမိ၏ကောင်းကင်ခမည်းတော် ယေဟောဝါအား ချစ်မြတ်နိုးသူများကို ရင်းနှီးသည့်မိတ်ဆွေများအဖြစ် ရွေးချယ်ခဲ့သည်။ သင်လည်း အလားတူပြုလုပ်နိုင်ပါသည်။ ကျောင်းတွင် သင်၏ “ကောင်းသောအကျင့်” ကိုထိန်းသိမ်းပြီး အခြားသူများအား သင်၏ယုံကြည်ချက်များကို လိမ္မာပါးနပ်စွာ ပြောဆိုပါလေ။ ထို့ထက်ကား အကောင်းဆုံးမိတ်ဆွေများကို သင်ရွေးချယ်ကြောင်း သေချာစေပါ။—၁ ပေတရု ၂:၁၂။ (g-E 4/06)

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 နာမည်အချို့ပြောင်းထားသည်။

ချင့်တွေးစရာ

▪ ကျောင်းချိန်ပြီးနောက် ကိုယ်ပိုင်အားလပ်ချိန်ကို မယုံကြည်သူအတန်းဖော်တစ်ဦးနှင့်အတူ အသုံးပြုခြင်းသည် အဘယ်အန္တရာယ်များရှိသနည်း။ ယင်းသည် ပညာရှိလမ်းစဉ်ဖြစ်သလော။

▪ ဤဆောင်းပါးကို ဖတ်ရှုပြီးနောက် အတန်းဖော်တစ်ဦးနှင့် သင်၏ဆက်ဆံရေးသည် ရင်းနှီးလွန်းသည်ဟု သင်ခံစားရသလော။ ထိုသို့ဖြစ်ပါက သင်အဘယ်အရာပြုလုပ်နိုင်သနည်း။

[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

မိတ်ဆွေစစ် မည်သို့ဖွဲ့နိုင်မည်နည်း

ယေဟောဝါသက်သေများထုတ်ဝေသော ဤဗွီဒီယိုခွေတွင် အမေရိကန်ပြည်ထောင်စု၊ အီတလီ၊ ပြင်သစ်နှင့် စပိန်နိုင်ငံတို့မှ လူငယ်များနှင့် လူတွေ့မေးမြန်းခန်းများ ပါဝင်သည်။ ယင်းကို ဘာသာစကား ၃၆ မျိုးဖြင့် ရရှိနိုင်ပါသည်။

[စာမျက်နှာ ၂၀ ပါပုံ]

အတန်းဖော်အချို့သည် သင့်ယုံကြည်ချက်များအကြောင်း သိလိုစိတ်ရှိပေမည်