မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်ဘာသာ ကျရှုံးနေပြီလော

ခရစ်ယာန်ဘာသာ ကျရှုံးနေပြီလော

သမ္မာကျမ်းစာ​ရှုထောင့်

ခရစ်ယာန်​ဘာသာ ကျရှုံး​နေပြီ​လော

ကမ္ဘာ့​လူဦးရေ သုံးပုံတစ်ပုံ​ခန့်​သည် မိမိတို့​ကိုယ်ကို ခရစ်ယာန်​များ​ဟု ပြောဆို​ကြ​၏။ သို့ရာတွင် ကမ္ဘာကြီး​သည် ယခင်​က​ထက် နိုင်ငံရေး​အရ ပို​၍​ကွဲပြား​လာပြီး ပို​၍​ကြမ်းတမ်း​ရမ်းကား​လာပုံ​ပေါက်​သည်။ ယင်း​သို့​ဖြစ်​ရခြင်း​မှာ ယေရှု​လမ်းညွှန်​ပြသ​ခဲ့​သော ခရစ်ယာန်​ဘာသာသည် တစ်နည်း​နည်းဖြင့် ချွတ်ယွင်း​နေသည်​ဟူသော​အဓိပ္ပာယ်​လော။ သို့​မဟုတ် ခရစ်တော်​၏​သွန်သင်ချက်​များ​ကို လူအများ​ကျင့်သုံး​ပုံ​က မှားယွင်း​နေခြင်း​လော။

ဤ​ဆောင်းပါး​တွင် ခရစ်တော်​အမှန်တကယ် သွန်သင်​ပေး​ခဲ့​ရာ​နှင့် နောက်လိုက်​များ​အတွက် ကိုယ်တော်​ချမှတ်​ခဲ့​သော ပုံသက်သေ​ကို ဆန်းစစ်​ပါ​မည်။ ခရစ်ယာန်​ဘာသာ​၏​အဓိပ္ပာယ်​အစစ်အမှန်​နှင့် ကွဲလွဲ​နေသော အမည်ခံ​ခရစ်ယာန်​များ​ကြား ပျံ့နှံ့​နေသည့်​အယူအဆ​တစ်ခု​ကိုလည်း သုံးသပ်​သွားပါ​မည်။

ပုံပျက်​နေသော​ခရစ်ယာန်​ဘာသာ

ခရစ်တော်​သေဆုံး​ပြီး အနှစ်​လေး​ရာ​ခန့်​တွင် ပုံပျက်​နေသော​ခရစ်ယာန်​ဘာသာသည် ရောမ​အင်ပါယာ​တစ်ခွင်​၌ နှစ်သက်ဖွယ်​ဘာသာ​တရား​တစ်ခု ဖြစ်လာ​သည်။ များ​မကြာမီ ဤ​အမည်ခံ​ခရစ်ယာန်​အဖွဲ့ဝင်​များသည် လက်မခံ​သင့်​သူများ​မဟုတ်​တော့​ဘဲ ရောမ​လူ့​အဖွဲ့အစည်း​၏ နိုင်ငံရေး၊ လူမှုရေး​နယ်ပယ်​တွင် အဓိက​နေရာ​မှ ပါဝင်​လာ​ကြသည်။ ဩ​ဂတ်​စ္စ​တင်း​ကဲ့သို့​သော ချာ့ခ်ျ​ခေါင်းဆောင်​များသည် ဤ​အပြောင်းအလဲ​ကို လက်ခံ​ကာ မျှော်လင့်​နေသော ဘုရားသခင့်​နိုင်ငံတော် ယခု​ရောက်လာ​ပြီ​ဟု သွန်သင်​ခဲ့​ကြသည်။ ဤ​ခေါင်းဆောင်​များ​က သူတို့​ရရှိ​ထား​သည့် နိုင်ငံရေး​နှင့် ဘာသာရေး​တန်ခိုး​သြဇာ​အသစ်​သည် မြေကြီးပေါ်​တွင် ဘုရားသခင့်​အလိုတော်ကို ပြည့်စုံ​စေ​မည့်​နည်းလမ်း​ဖြစ်သည်ဟု သွန်သင်​ခဲ့​ကြ​၏။ သို့ဖြင့် မြေကြီး​၏​အရေးကိစ္စ​များ​ကို လမ်းညွှန်​ရာ​တွင် လူ့​ကြိုးပမ်းမှု​အရေးပါပုံကို အလေးပေး​ခဲ့​ကြသည်။

ရလဒ်​အနေ​နှင့် လူအများစုက ခရစ်ယာန်​တစ်ဦး​သည် နိုင်ငံရေး​အဖွဲ့အစည်း​တွင် ကဏ္ဍ​တစ်ရပ်​မှ​ပါဝင်​ရသည်​ဟု ယုံကြည်​လာ​ကြ​၏။ ယင်း​သို့ဖြင့် ခရစ်ယာန်​တစ်ဦး​သည် သူ​ရှင်သန်​ရာ လူ့​အဖွဲ့အစည်း​၏​ဆန္ဒ​အတိုင်း​ဖြစ်​ဖို့ တစ်ချိန်ချိန်​တွင် မိမိ၏​ဘာသာရေး​ယုံကြည်ချက်​အချို့​ကို ဒုတိယ​နေရာတွင်​ထား​ရမည်ဟု အများစုက ယုံကြည်​လာ​ကြသည်။ ဥပမာ၊ လူ​အချို့​သည် ခရစ်တော်​၏​သွန်သင်ချက်​ဖြစ်သော ချစ်ခြင်း​မေတ္တာ​နှင့် ငြိမ်သက်ခြင်း​အကြောင်း​ပြောဆို​၍ တစ်ချိန်တည်း​တွင် ကြောက်မက်​ဖွယ်​စစ်ပွဲ​များ​ကို အားပေး​ထောက်ခံကြ​သည်။ ထို​နည်း​အတိုင်း​ပင် ချာ့ခ်ျ​များသည် မိမိတို့၏ နောက်လိုက်​များ​အား ဘုရားသခင့်​နိုင်ငံတော်​အတွက် ဆုတောင်း​ရန်​အားပေး​ကာ တစ်ချိန်တည်း​တွင် ဖိနှိပ်​ချုပ်ချယ်​သော အုပ်စိုးရှင်​များ​ကို ထောက်ခံကြ​သည်။

ယေရှုသည် ဤသို့​သော အတုအယောင်​ခရစ်ယာန်​ဘာသာ​ကို တည်ထောင်​ခဲ့​ခြင်း မဟုတ်​ချေ။ ယင်းသည် လူ​တို့​ဖန်တီး​သော ဘာသာရေး​ပုံစံ​တစ်မျိုး​ဖြစ်​ပြီး ယနေ့​အမည်ခံ​ခရစ်ယာန်​အများစုက ယင်း​လမ်းစဉ်​အတိုင်း လိုက်လျှောက်​ကြသည်။ ယနေ့​ခရစ်ယာန်ဘောင်​အားလုံး​တွင် ကျမ်းစာ​မူများ​ကို အလေး​မထားသည့်​သဘောထား ပျံ့နှံ့​နေခြင်း​က လူ​တို့​ဖန်တီး​ထားသော ယင်း​ခရစ်ယာန်​ဘာသာ အမှန်ပင်​ကျရှုံး​နေကြောင်း​ဖော်ပြ​သည့် သာဓက​ဖြစ်သည်။

ယေရှု အမှန်တကယ် သွန်သင်​ခဲ့​ရာ​မှာ အဘယ်နည်း

ယေရှုသည် “ဤ​လောက​နှင့်​မဆက်ဆံ​သကဲ့သို့” ကိုယ်တော်​၏​နောက်လိုက်​များလည်း လောက​နှင့် “မဆက်ဆံ” သင့်​ဟု ယေရှု​အမှန်တကယ်​မိန့်မှာ​ခဲ့​ကြောင်း သိရ​သည့်​အတွက် အချို့​က အံ့သြ​ကြ​ပေမည်။ (ယောဟန် ၁၇:၁၅၊ ၁၆) ခရစ်တော်​သည် အဘယ်ကြောင့် တပည့်​များ​ကို ထိုသို့​အားပေးခဲ့​သနည်း။ ယေရှု​ချစ်​မြတ်နိုးသော တပည့်ဖြစ်​သည့် တမန်​တော်​ဟော​ဟန်​က အဖြေပေး​ခဲ့​သည်။ သူက ‘ကမ္ဘာ​လောက​တစ်ခုလုံး​သည် စာတန်​တန်ခိုး လွှမ်းမိုး​လျက်​ရှိနေ​သောကြောင့်’ ဟု​ရေးခဲ့​သည်။—၁ ယောဟန် ၅:၁၉ခ​မ။

ထို့​ကြောင့် ခရစ်တော်​၏​သွန်သင်ချက်​များ​က ဤ​မြေကြီးပေါ်​တွင် ဖြောင့်မတ်​မျှတ​သည့်​ကမ္ဘာ​ကို ဆောင်ကြဉ်း​ပေး​မည့်​အရာ​မှာ လူ့​အဖွဲ့အစည်း​များ​မဟုတ်ဘဲ ဘုရားသခင့်​ကောင်းကင်​နိုင်ငံတော်​သာ​ဖြစ်​ကြောင်း လူ​တို့အား ညွှန်ပြ​ခဲ့​သည်။ (မဿဲ ၆:၁၀) ယေရှု​ကိုယ်တော်တိုင်​လည်း သူ့​ခေတ်​ရှိ လူမှုရေး​အဖွဲ့အစည်း​များနှင့် ပတ်သက်​လို​စိတ် စိုး​စဉ်း​မျှ​မရှိခဲ့​ချေ။ နိုင်ငံရေး​ရာထူး​ရာ​ခံ​ကို ပြတ်ပြတ်သားသား​ငြင်းပယ်​ခဲ့​သည်။ (ယောဟန် ၆:၁၅) ကိုယ်တော်​သည် အကြမ်းဖက်မှုကို အငြင်းပွားမှုများ ဖြေရှင်း​သည့်​နည်း​အဖြစ် လက်မခံခဲ့​ချေ။ (မဿဲ ၂၆:၅၀-၅၃; ယောဟန် ၁၈:၃၆) ယေရှုသည် မည်သည့်​အခြေခံ​ဥပဒေ၊ မည်သည့် နိုင်ငံသား​အခွင့်အရေး​ဆိုင်ရာ​ဥပဒေ​ကို​မျှ မ​ပြဋ္ဌာန်း​ခဲ့​ချေ။ သူ့​ခေတ်​အခါ​က အရေးကိစ္စ​များ​ကို နိုင်ငံရေး​အရ​မဖြေရှင်း​ခဲ့​ချေ။ ဥပမာ၊ လှုပ်ရှား​ပြောင်းလဲရေး​ဝါဒီ​တစ်ဦး​အဖြစ် ကျွန်​များ​အခွင့်အရေး​ရ​ရန် မလုပ်ဆောင်​ခဲ့​ချေ၊ ဂျူး​များ​၏ ရောမ​ဆန့်ကျင်ရေး​လှုပ်ရှားမှု​တွင်​လည်း မပါဝင်​ခဲ့​ချေ။

သို့သော်၊ ယေရှုသည် လူ​တို့​နှင့် သူတို့၏​ပြဿနာ​များ​ကို အရေးမစိုက်​ဟု​မဆိုလို​ပါ။ ယေရှုသည် လူသားချင်း​အကျိုးအတွက် လူတစ်ဦး​စီ လုပ်ဆောင်​ရမည့်​တာဝန်​အကြောင်း များစွာ​သင်ကြား​ပေး​ခဲ့​သည်။ ကိုယ်တော်​သည် အခွန်​များ​ကို မှန်မှန်ကန်ကန်​ပေးဆောင်​ရန် အားပေး​တိုက်တွန်း​ခဲ့​ပြီး အာဏာပိုင်​များ​၏​ဥပဒေ​ကို လက်အောက်ခံ​ရန်လို​အပ်​ကြောင်း အလေးပေး​ပြောဆို​ခဲ့​သည်။ (မဿဲ ၂၂:၁၇-၂၁) လိုအပ်သူ​များ​၏​အကျိုးအတွက် မည်သို့​စိတ်ဝင်စားမှု​ပြ​ရမည်ကို သင်ကြား​ပေး​ခဲ့​သည်။ ထို့​ပြင် အခြားသူများ​၏​ဂုဏ်​သိက္ခာ​ကို မည်သို့​လေးစား​ရမည်၊ ကိုယ်ချင်းစာ​နာ​မှု၊ ခွင့်လွှတ်​မှု၊ သနား​ကြင်နာ​မှု မည်သို့​ပြ​ရမည်​တို့ကို​လည်း သွန်သင်​ပေး​ခဲ့​သည်။ (မဿဲ​ အခန်းကြီး ၅-၇) ခရစ်တော်​သွန်သင်ချက်​၏ အဓိက​အာရုံစိုက်​ရာ​မှာ ဘုရားသခင်​နှင့် အိမ်နီးချင်း​ကို​ချစ်​သည့်​မေတ္တာ​ဖြစ်​ခြင်း​ကြောင့် ထင်ရှား​ကျော်ကြား​ခဲ့​သည်။—မာကု ၁၂:၃၀၊ ၃၁

ယနေ့ စစ်မှန်သော​ခရစ်ယာန်​ဘာသာ

သို့​ဖြစ်​လျှင် ခရစ်တော်​၏ စစ်မှန်သော​နောက်လိုက်​တစ်ဦး​သည် မည်သို့ နေထိုင်​ကျင့်ကြံ​မည်​နည်း။ ယေရှု​ကဲ့သို့ နေထိုင်​ကျင့်ကြံ​မည်​ဖြစ်သည်။ တိုင်းပြည်​၏ ဥပဒေ​များ​ကို သစ္စာရှိ​ရှိ​နာခံ​စဉ် နိုင်ငံရေး​ကိစ္စ​များ​တွင် လုံးလုံး​ကြားနေ​မည်​ဖြစ်သည်။ (ယောဟန် ၁၂:၄၇၊ ၄၈) အကြီးအကျယ်​ဖိနှိပ်မှု​များ ခံရ​သော်လည်း ခရစ်ယာန်မူ​များနှင့်​ပတ်သက်​လာ​လျှင် အလျှော့ပေး​မည်​မဟုတ်​ချေ။ (၁ ပေတရု ၂:၂၁-၂၃) တစ်ချိန်တည်း​တွင် လူသားချင်း​တို့၏​အကျိုး​စီးပွား​ကို ဥပေက္ခာပြု​မည်​မဟုတ်​ချေ။ စစ်မှန်သော​ခရစ်ယာန်​တစ်ဦး​သည် ယေရှု​ကဲ့သို့ ပတ်ဝန်းကျင်​ရှိ လူတို့၏​အကျိုးအတွက် စိတ်ဝင်တစား​လုပ်ဆောင်​မည်။ (မာကု ၆:၃၄) ခရစ်တော်​၏​သွန်သင်ချက်​များ​ကို နားလည်​သဘောပေါက်​ပြီး ယင်း​နှင့်​အညီ အသက်ရှင်​နေထိုင်ခြင်း​ဖြင့် ပို​၍​ပျော်ရွှင်သော​အသက်တာ​ရရှိရန် အခြားသူများ​အား ကူညီ​ပေး​ရာ​တွင်​လည်း မိမိကိုယ်ကို အသုံးတော်ခံ​မည်​ဖြစ်သည်။—ယောဟန် ၁၃:၁၇

ယင်းကြောင့် ယနေ့​ယေဟောဝါသက်သေ​များသည် သူတို့၏​ပတ်ဝန်းကျင်​လောက​နှင့်​ဆက်ဆံ​ရာ​တွင် ခရစ်တော်​ကို ကြိုးစား​တုပ​ကြသည်။ လောက​နှင့်​မဆက်ဆံ​သော်လည်း ငြိမ်​ဝပ်​၍ ဥပဒေ​နာခံ​သည့် နိုင်ငံသား​များ​ဖြစ်​ကြသည်။ ယနေ့ခေတ်​မြင်တွေ့​နေကျ ကြမ်းတမ်း​ရမ်းကားမှု​နှင့် နိုင်ငံရေး​ပဋိပက္ခ​များ​တွင် ယေရှု​နည်းတူ မပါဝင်​ကြ​ချေ။ လောက​ပြဿနာ​များ​ကို ဖြေရှင်း​ပေး​မည့်​အရာ​အဖြစ် ဘုရားသခင့်​နိုင်ငံတော်​ကို​သာ စိတ်အား​ထက်သန်​စွာ မျှော်လင့်​ကြသည်။ စစ်မှန်သော​ခရစ်ယာန်​ဘာသာသည် ပို​၍​ပျော်ရွှင်​သည့်​အသက်တာ​ရရှိ​စေပြီး အသင်းသား​အချင်းချင်း​ကိုလည်း သင့်တင့်​ညီညွတ်မှု​ရှိစေ​၏။ (ယောဟန် ၁၃:၃၄၊ ၃၅) ယင်းသည် မည်သည့်​အခါ​မျှ ကျရှုံး​မည်​မဟုတ်​ချေ။

သင်​စဉ်းစား​ဖူး​သလော

▪ ခရစ်ယာန်​များသည် နိုင်ငံရေး​တွင် ပါဝင်​ပတ်သက်​သင့်​သလော။—ယောဟန် ၆:၁၅

▪ အကြမ်းဖက်မှုကို အငြင်းပွားမှုများ​ဖြေရှင်း​နည်း​အဖြစ် ခရစ်တော် ထောက်ခံ​ခဲ့​သလော။—မဿဲ​ ၂၆:၅၀-၅၃

▪ စစ်မှန်သော​ခရစ်ယာန်​များ​၏ ထင်ရှား​သည့်​အမှတ်အသား​ကား အဘယ်နည်း။—ယောဟန် ၁၃:၃၄၊ ၃၅

[Picture Credit Line on page 16]

EL COMERCIO, Quito, Ecuador