မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူတိုင်း ကျန်းမာရေးကောင်းလိုကြ!

လူတိုင်း ကျန်းမာရေးကောင်းလိုကြ!

လူတိုင်း ကျန်းမာ​ရေး​ကောင်း​လို​ကြ!

လွန်​ခဲ့​သည့် နှစ်ပေါင်း ၂,၇၀၀ ကျော်​က ပရောဖက်​တစ်ပါး​သည် ဖျားနာ​မှုမရှိ​တော့​မည့် အနာဂတ်​အချိန်​တစ်ချိန်​အကြောင်း ပြောဆို​ခဲ့​သည်။ ဤ​ပရောဖက်ပြုချက်​သည် ကျွန်ုပ်​တို့​ခေတ်​အထိ တည်ရှိ​လာ​ခဲ့​ကာ ယင်းကို ဟေရှာယ​၏​ရှေး​လက်ရေး​စာ​တွင် တွေ့ရှိ​ရ၏။ “မြို့သား​က​လည်း ‘ငါ​နာ​သည်’ ဟု​မဆို​ရ” တော့​မည့်​အချိန်​အကြောင်း သူ​ရေးသားခဲ့​၏။ ထို့​ပြင် “ထို​အခါ မျက်စိကန်း​သော​သူတို့သည် မျက်စိပွင့်​လင်း​ကြလိမ့်မည်။ နားပင်း​သော​သူတို့သည် နားပင်း​ခြင်း​နှင့် လွတ်​ကြလိမ့်မည်။ ခြေဆွံ့​သော​သူတို့သည် ဒ​ရ​ယ်​ကဲ့သို့ ခုန်​ကြလိမ့်မည်။ စကား​အသော​သူတို့သည် သီချင်းဆို​ကြလိမ့်မည်” ဟု​လည်း ရေးသားခဲ့​လေ​သည်။ (ဟေရှာယ ၃၃:၂၄; ၃၅:၅၊ ၆) ယင်း​သို့​သော​အနာဂတ်​အကြောင်းကို အခြား​ကျမ်းစာ​ပရောဖက်ပြုချက်​များ​၌​လည်း ဖော်ပြ​ထား​သည်။ ဥပမာ၊ သမ္မာကျမ်းစာ​၏ နောက်ဆုံး​ကျမ်း​ဖြစ်သော ဗျာ.ကျမ်း​တွင် နာကျင်မှုကို ဘုရားသခင် ဖယ်ရှား​ပေး​မည့်​အချိန်​အကြောင်း ဖော်ပြ​ထား​၏။—ဗျာ. ၂၁:၄

အဆိုပါ​ကတိတော်​များ အမှန်​ပြည့်စုံ​လာ​မည်​လော။ လူသားများ ကျန်းမာ​ရေး​ဒေါင်ဒေါင်မြည်​ကြ​မည့်​အချိန်၊ ဖျားနာ​မှု​လုံးဝ​မရှိတော့​မည့်​အချိန် ရောက်လာ​ပါ​ဦး​မည်​လော။ မျက်မှောက်ခေတ် လူအများစု​သည် အတိတ်​ကလူ​မျိုးဆက်​ထက် ကျန်းမာ​ရေး​ပို​ကောင်း​လာ​ကြသည်​မှာ မှန်ပါသည်။ ကျန်းမာ​ရေး​ပို​ကောင်း​လာ​သည်​ဟု ဆို​သော်လည်း အကောင်းဆုံး​ကျန်းမာ​ရေး​ဟု မဆို​နိုင်​ချေ။ ဖျားနာ​မှု​က လူများစွာကို အကြီးအကျယ် ထိခိုက်​နေဆဲ​ပင်။ ဖျားနာ​မည်​ကို စိုးရွံ့ခြင်း​က အလွန်​စိတ်သောက​ရောက်​စေ​သည်။ လက်ခံရ​ခက်​သည့် အမှန်တရားမှာ ဤ​ခေတ်​ကာလ​တွင် မည်သူ​တစ်ဦး​တစ်ယောက်မျှ ကာယ​နှင့်​စိတ်ပိုင်း​ဆိုင်ရာ ရောဂါ​ဝေဒနာ​များ​၏ အပြင်းအထန်​တိုက်ခိုက်မှု​မှ လုံးလုံးလျားလျား မလွတ်​မြောက်​နိုင်​ကြ​ခြင်း​ပင်​ဖြစ်သည်။

သင်ပေး​ဆပ်​ရသည့် အဖိုးအခ

ဖျားနာ​မှု​သည် နည်း​အမျိုးမျိုးဖြင့် ဝန်ပိ​စေ​၏။ ယနေ့ လူ​တို့အား ဝန်ပိ​စေသည့်​အရာတစ်ခု​မှာ ဆေး​ကုသ​စရိတ်​မြင့်မားခြင်း​ဖြစ်သည်။ ဥပမာ၊ မကြာသေးမီ​နှစ်​အတွင်း​က ဥရောပ​တွင် ကျန်းမာ​ရေး​ပြဿနာ​ကြောင့် အလုပ်,လုပ်​ရက်ပေါင်း သန်း ၅၀၀ ဆုံးရှုံး​ခဲ့​ရ၏။ အခြား​ဒေသ​များ​၌​လည်း ထပ်တူ​ပင်​ဖြစ်သည်။ အလုပ်ခွင်​တွင် ကုန်​ထုတ်လုပ်မှု ကျဆင်း​ခြင်း​နှင့် ကျန်းမာ​ရေး​စောင့်ရှောက်မှု​စရိတ် မြင့်တက်​လာ​ခြင်း​တို့​ကြောင့် ငွေ​ရေး​ကြေး​ရေး​အရ ဝန်ပိ​လာပြီး လူတိုင်းကို ထိခိုက်​နစ်နာ​စေ​သည်။ စီးပွားရေး​ကော်ပိုရေးရှင်း​များနှင့် အစိုးရ​များသည် အကျိုးအမြတ်​များ​ဆုံးရှုံး​နေကြ​သည်။ ဤ​အကုန်အကျ​များ​ကို ကာမိ​ရန် စီးပွားရေး​လုပ်ငန်းများ​သည် ထုတ်ကုန်​တန်ဖိုး​ကို မြှင့်တင်​လိုက်​ကြ​၍ အစိုးရ​များ​က​လည်း အခွန်​အတု​တ်​ကို တိုးမြှင့်​ကောက်ခံ​ကြသည်။ ဤ​အကုန်အကျ​များ​ကို မည်သူ ပေးချေ​ရသနည်း။ သင်​သာ​လျှင်​ဖြစ်သည်။

ဝမ်းနည်းစရာမှာ နိုင်ငံ​များစွာ​တွင် ဆင်းရဲ​နွမ်းပါး​သူတို့သည် ကျန်းမာ​ရေး​စောင့်ရှောက်မှု လုံလောက်​စွာ မရရှိ​ကြ​ခြင်း​ပင်။ ယင်းသည် အဆင့်မြင့်​ကျန်းမာ​ရေး ဝန်ဆောင်မှု​လုပ်ငန်းများ အကန့်အသတ်​သာ​ရှိသည့် သို့​မဟုတ် လုံးဝ​မရှိသည့် ဖွံ့ဖြိုးဆဲ​နိုင်ငံ​များ​တွင် လူ​သန်းပေါင်း​များစွာ ခံစား​နေရ​သည့် ဝမ်းနည်းစရာ အခြေအနေ​တစ်ခု​ဖြစ်၏။ ချမ်းသာ​ကြွယ်ဝသော​နိုင်ငံ​များ​၌​ပင် အချို့​သော​သူတို့သည် ကျွမ်းကျင်​သော​ဆေးဝါး​ကုသမှု ရရှိရန် ခက်ခက်ခဲခဲ ကြိုးစား​ကြ​ရသည်။ ယင်းသည် ကျန်းမာ​ရေး​အာမခံ မရရှိ​ကြ​သည့် ၄၆ သန်း​သော အမေရိကန်​နိုင်ငံသား​များ မကြာခဏ ကြုံတွေ့​နေရ​သည့် ကိစ္စ​ဖြစ်၏။

ဖျားနာ​မှု​ကြောင့်​ဖြစ်သည့် ဝန်ထုပ်​မှာ ငွေ​ရေး​ကြေး​ရေး​သာမက​ချေ။ ရောဂါ​ကျွမ်း​နေ၍ နာကျင်​သည့်​ဝေဒနာ၊ နာတာရှည်​ရောဂါ​၏ ဖိစီးမှု​ဝေဒနာ၊ အသည်းအသန်​ဖျားနာ​နေသူတို့​ကို မြင်ရ​၍ ဝမ်းနည်း​သည့်​ဝေဒနာ၊ ချစ်​မြတ်နိုး​ရသူ​တစ်ဦး ဆုံးပါး​သွား​၍ ကြေကွဲ​သည့်​ဝေဒနာ စ​သည်​တို့ကို​လည်း အကျိုးဆက်​အနေ​နှင့် ကျွန်ုပ်​တို့​ခံစား​ကြ​ရသည်။

တစ်နေ့​နေ့တွင် ဖျားနာ​မှုမရှိ​တော့​သည့် ကမ္ဘာ​၌ နေထိုင်​ရမည်​ဟူသော မျှော်လင့်ချက်​မှာ အလွန်​နှစ်သက်ဖွယ်​ကောင်း​လှ​ပါ​သည်။ လူတိုင်း ကျန်းမာ​ရေး​ကောင်း​လို​ကြ​၏။ ယင်း​သို့​သော​မျှော်လင့်ချက်​သည် မဖြစ်​နိုင်​ပုံ​ပေါက်​သော်လည်း အမှန်တကယ်​ဖြစ်လာ​မည်​ဟု လူအများ ယုံကြည်​ကြသည်။ လူသားများ​၏​နည်း​ပညာ​ဖြင့် အချိန်တန်လျှင် ရောဂါ​ဝေဒနာ​နှင့် ဖျားနာ​မှု​အားလုံးနီးပါး ပပျောက်​သွား​လိမ့်​မည်​ဟု ယုံကြည်​ကြ​သူ​အချို့​လည်း ရှိကြသည်။ သို့သော် သမ္မာကျမ်းစာ​ကို ယုံကြည်​ကြ​သူတို့မူကား ဖျားနာ​မှုမရှိ​တော့​မည့်​ကမ္ဘာ​အကြောင်း ပြောဆို​ထား​သည့် ရှေးပရောဖက်​ပြုချက်​များ​ကို ဘုရားသခင်​သာ​လျှင် ပြည့်စုံ​စေ​လိမ့်​မည်​ဟု ယုံကြည်​ကြသည်။ လူသား​တို့သည် ဖျားနာ​မှုမရှိ​တော့​မည့်​အချိန်ကို ဖန်တီး​ပေး​နိုင်​မည်​လော။ ဘုရားသခင်​ကော ဖန်တီး​ပေး​တော်​မူ​မည်​လော။ အနာဂတ်​တွင် အဘယ်အရာ​ဖြစ်ပျက်​လာ​မည်​နည်း။