မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နာမည်ကောင်း​ရှိ​ခြင်းက ယုံကြည်စိတ်ချမှုနဲ့ ရိုသေလေးစားမှုရစေ

‘ချမ်းသာကြွယ်ဝတာထက် နာမည်ကောင်းရတာ ပိုကောင်း’

‘ချမ်းသာကြွယ်ဝတာထက် နာမည်ကောင်းရတာ ပိုကောင်း’

နာမည်ကောင်း​ရှိ​ခြင်း​ဟာ အလွန်​တန်ဖိုးရှိ​လို့ နိုင်ငံ​တချို့​မှာ ဥပဒေ​အရ အကာအကွယ် ပေးထားတယ်။ (စာပေ ဒါ​မဟုတ်​ အသံလွှင့်ရုံ​က​နေ) အသရေ​ဖျက်​တာ၊ သွား​ပုပ်​လေလွင့်​ပြောတာကို အရေးယူ​နိုင်တဲ့ ဥပဒေ​တွေ ထုတ်ပြန်​ထားတယ်။ အဲဒါက “ချမ်းသာကြွယ်ဝ​ဖို့​ထက် နာမည်ကောင်း​ရဖို့ ရွေးချယ်​သင့်တယ်။ ရွှေငွေ​တွေ​ရတာ​ထက် ရိုသေလေးစား​ခံ​ရတာ ပိုကောင်းတယ်” ဆိုတဲ့ ဆိုရိုး​စကားကို အမှတ်ရ​စေတယ်။ (ပညာအလိမ္မာ ၂၂:၁) နာမည်ကောင်း​ကိုရော လူတွေရဲ့ ရိုသေလေးစားမှု​ကိုပါ ဘယ်လို​ရ​နိုင်သလဲ။ သိပ်ကောင်းတဲ့ အကြံပြုချက်​တွေ ကျမ်းစာမှာ ပါတယ်။

ဥပမာ၊ ဆာလံကျမ်း ၁၅ မှာ ဘာ​ပြော​ထားသလဲဆိုတာ သုံးသပ်ကြည့်ပါ။ “[ဘုရားရဲ့] တဲတော်​မှာ ဘယ်သူ တည်းခို​ခွင့်​ရ​မလဲ” ဆိုတဲ့​မေးခွန်း​ကို ဆာလံကျမ်း​ရေးသူ​က ဒီလို​ဖြေ​တ​ယ်– “မှန်ရာ​လုပ်​တဲ့သူ၊ ဟုတ်​တိုင်း​မှန်ရာ ပြောတဲ့​သူ​ပါ။ သူက သူတစ်ပါး​အကြောင်း သွား​ပုပ်​လေလွင့် မပြောဘူး။ လူလူ​ချင်း​အပေါ် မကောင်း​တာ ဘာမှ​မလုပ်​ဘူး။ မိတ်ဆွေတွေ​အကြောင်း မကောင်း​သတင်း မ​လွှင့်​တတ်​ဘူး။ ယုတ်ညံ့​သူ​ကို ရှောင်ခွာ​တ​ယ်။ . . . ကိုယ့်​အကျိုး ပျက်​မယ်ဆိုရင်​တောင် ကတိတည်​တတ်တယ်။ . . . သူ့​ဆီ လာဘ်​ထိုး​လို့ မရဘူး။” (ဆာလံ ၁၅:၁-၅) ဒီ​လမ်းညွှန်ချက်တွေအတိုင်း နေထိုင်သူ​ကို သင် လေးစား​တ​ယ်​မဟုတ်လား။

ရိုသေလေးစားမှု ရစေ​တဲ့ နောက်​အရည်အသွေး​တစ်ခု​ဟာ နှိမ့်ချမှု​ပဲ။ “နှိမ့်ချမှု​ရဲ့​နောက်မှာ ဂုဏ်ကျက်သရေ လိုက်​လာတယ်” လို့ ပညာအလိမ္မာ ၁၅:၃၃ မှာပြော​တ​ယ်။ နှိမ့်ချ​သူဟာ တိုးတက်​ဖို့လို​တဲ့ ကဏ္ဍ​တွေကို သိမြင်​ပြီး အစွမ်းကုန် ကြိုးစား​တ​ယ်။ တစ်ယောက်ယောက်​ကို စိတ်​ထိခိုက်အောင် လုပ်မိ​ခဲ့ရင် တောင်းပန်​ဖို့ ဝန်မလေး​ဘူး။ (ယာကုပ် ၃:၂) မာနကြီး​တဲ့သူ​က​တော့ အဲဒီလို​မဟုတ်ဘူး၊ ထ​စ်​ခ​နဲ​ဆို စိတ်ခု​တတ်တယ်။ “မာန​ရဲ့​နောက်မှာ ပျက်စီးခြင်း လိုက်​လာတယ်။ မောက်မာ​တဲ့​စိတ်​ရဲ့ နောက်မှာ ပြိုလဲခြင်း လိုက်​လာတယ်” လို့ ပညာအလိမ္မာ ၁၆:၁၈ မှာပြော​တ​ယ်။

တစ်ယောက်ယောက်​က သင့်ကို နာမည်​ဖျက်​တယ်ဆိုရင်​ကော။ သူ့ကို ဒေါသတကြီး တုံ့ပြန်​သင့်​သလား။ ‘အသရေ​ဆည်ဖို့​ ကြိုးစား​ရင်း အ​လိမ်​အ​ညာ​တွေ ပို​ပျံ့​အောင် လုပ်မိ​နေ​သလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။ တရားစွဲဖို့​လို​တဲ့အခါတွေ ရှိ​နိုင်တယ်။ ဒါပေမဲ့ “ကိစ္စ​တစ်ခုနဲ့​ပတ်သက်ပြီး အလျင်​စလို မ​တိုင်တန်း​ပါနဲ့။ . . . အဲဒီ​ကိစ္စ​ကို သူနဲ့ ဆွေးနွေးပါ” လို့ ကျမ်းစာ အကြံပြု​တ​ယ်။ (ပညာအလိမ္မာ ၂၅:၈၊ ၉) * အဲဒီလို ချင့်ချင့်ချိန်ချိန် ဖြေရှင်း​မယ်ဆိုရင် တရားရေး​အတွက် ကုန်ကျ​စရာ မလို​တော့ဘူး။

ကျမ်းစာ​ဟာ ဘာသာရေး​စာအုပ်​လောက်​ပဲ မဟုတ်ဘူး။ ယုံကြည်စိတ်ချ​ရတဲ့ ဘဝလမ်းညွှန်​စာအုပ်​လည်း ဖြစ်တယ်။ အဲဒီ​လမ်းညွှန်ချက်​တွေကို လိုက်နာသူ​တိုင်း​ဟာ ရိုသေလေးစားမှု​နဲ့ နာမည်ကောင်း ရစေ​တဲ့ အရည်အသွေး​တွေ မွေးမြူ​ကြ​တ​ယ်။

^ စာပိုဒ်၊ 5 အငြင်းပွားမှု ဖြေရှင်းနည်း​နဲ့ပတ်သက်တဲ့ ကျမ်းစာ​လမ်းညွှန်ချက်​တွေကို မဿဲ ၅:၂၃၊ ၂၄ နဲ့ ၁၈:၁၅-၁၇ မှာလည်း တွေ့နိုင်တယ်။