မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာရှုထောင့်

ရုပ်ရည်အလှအပ

ရုပ်ရည်အလှအပ

ရုပ်ရည်အလှအပအပေါ်ထားတဲ့ ကိုယ့်ရဲ့သဘောထားက စိတ်ကျေနပ်မှု ရစေသလို စိတ်တိုင်းမကျတာလည်း ဖြစ်စေတယ်။

အလှအပကို ဘာလို့ ခံစားတတ်ကြသလဲ

လူ့ဦးနှောက်ဟာ အလှအပကို သိမြင်ခံစားတတ်တယ်။ ဘာကြောင့်လဲဆိုတာ အဖြေရှာမတွေ့နိုင်သေးဘူး။ ကျမ်းစာမှာလည်း အဲဒီအကြောင်း မဖော်ပြထားပေမဲ့ အလှတရားကို လူတွေဘာလို့ သိမြင်ခံစားတတ်တယ်ဆိုတာတော့ ရှင်းပြပေးတယ်။ ဘုရားသခင်က သူ့အရည်အသွေးတွေကို လူသားတွေမှာ ထည့်သွင်းပေးထားလို့ပဲ။ (ကမ္ဘာဦး ၁:၂၇; ဒေသနာ ၃:၁၁) ဘုရားသခင်က လူ့ကိုယ်ခန္ဓာရဲ့ ပုံစံနဲ့လုပ်ဆောင်နိုင်စွမ်းကို ရှုပ်ထွေးဆန်းပြားစွာ ဖန်ဆင်းထားတယ်။ အဲဒီအကြောင်းကို ရှေးခေတ် ကျမ်းရေးသူက ‘ကျွန်တော့်ကို အံ့မခန်းဖွယ် ဖန်ဆင်းထားတဲ့အတွက် ကိုယ်တော့်ကို ချီးမွမ်းပါတယ်’ လို့ ရေးစပ်ခဲ့တယ်။—ဆာလံ ၁၃၉:၁၄ကဘ။

အခုအချိန်မှာ ဖက်ရှင်ပစ္စည်းတွေနဲ့ နာမည်ကြီး မီဒီယာတွေကြောင့် ရုပ်ရည်အလှအပအပေါ် အာရုံစိုက်လွန်းတာမျိုး ဖြစ်တတ်တယ်။ အနောက်တိုင်း ယဉ်ကျေးမှုတွေကို လေ့လာထားတဲ့ စာအုပ်တစ်အုပ် (Body Image) မှာ “လူတစ်ယောက်ကို စိတ်ကျေနပ်မှု အကောင်းဆုံးပေးနိုင်တဲ့အရာက သူ့ရဲ့ ရုပ်ရည်ပဲ” လို့ ဖော်ပြတယ်။ ဒါကိုပဲ အာရုံစိုက်နေတာကြောင့် ပိုအရေးကြီးတဲ့ လူ့အတွင်းစိတ်နှလုံးကို လျစ်လျူရှုတာမျိုး ဖြစ်သွားစေတယ်။—၁ ဓမ္မရာဇဝင် ၁၆:၇

လူ့အသိုင်းအဝိုင်းအတော်များများမှာ ကိုယ်ခန္ဓာအလှအပနဲ့ လိင်ဆိုင်ရာဆွဲဆောင်မှုအပေါ် အာရုံစိုက်လွန်းလာကြ

ရုပ်ရည်ကိုယ်ခန္ဓာကိုပဲ အာရုံစိုက်လွန်းတဲ့အခါ အထူးသဖြင့် အမျိုးသမီးတွေဆိုရင် လိင်ဆိုင်ရာဆွဲဆောင်မှုအပိုင်းကိုပဲ အာရုံစိုက်တာမျိုး ဖြစ်လာတယ်။ “သတင်းမီဒီယာအားလုံးကို လေ့လာတဲ့အခါ အမျိုးသမီးတွေရဲ့ လိင်ဆိုင်ရာဆွဲဆောင်မှုကိုပဲ အသားပေးထားတယ်” လို့ ၂၀၀၇၊ အမေရိကန် စိတ်ပညာဆိုင်ရာ အဖွဲ့အစည်း (APA) က ပြောတယ်။ အဲဒီလိုအာရုံစိုက်တာမျိုးကို ရှောင်ဖို့ သမ္မာကျမ်းစာမှာ တိုက်တွန်းထားတယ်။—ကောလောသဲ ၃:၅၊ ၆

‘ခင်ဗျားတို့ အလှဆင်တဲ့အခါ အပြင်ပန်းချည်းပဲ မဖြစ်ပါစေနဲ့။ အဲဒီအစား စိတ်ထားအလှကိုသာ ပေါ်လွင်စေပါ။ အေးချမ်းပြီး နူးညံ့တဲ့စိတ်နဲ့ ကိုယ်ကိုအလှဆင်ပါ။ အဲဒီလိုစိတ်မျိုးဟာ ဘုရားသခင့်ရှေ့မှာ အလွန်အဖိုးတန်တဲ့အပြင် မပျက်စီးတတ်တဲ့အလှလည်း ဖြစ်နေလို့ပဲ။’၁ ပေတရု ၃:၃၊ ၄

ရုပ်ရည်အပေါ် သဘောထားမှန်ရှိဖို့ ဘာကြောင့်အရေးကြီးသလဲ

ရုပ်ရည်အလှအပနဲ့ပတ်သက်ပြီး တချို့က “သင်က လှပတဲ့သူဆိုရင် အဲဒီအလှအပကို ထုတ်ကြွားလိုက်” လို့ ပြောကြတယ်။ အဲဒီလိုအတွေးမျိုးရှိတဲ့အသိုင်းအဝိုင်းက ဆယ်ကျော်သက်တွေနဲ့ ဆယ်ကျော်သက်မရောက်သေးတဲ့ မိန်းကလေးတွေတောင် “သူတို့ရဲ့ အလှအပကို လူတွေ ကြည့်ဖို့၊ အကဲဖြတ်ဖို့ အသုံးခံတွေအဖြစ် သူတို့ကိုယ်သူတို့ ရှုမြင်လာကြတယ်” ဆိုပြီး APA က ပြောတယ်။ အဲဒီလိုရှုမြင်တာက သိပ်အန္တရာယ်ရှိတယ်။ ဒီအမြင်မျိုးက အဓိက လူမှုပြဿနာဖြစ်လာပြီး ကျန်းမာရေးအရပါ စိုးရိမ်လာရပြီ။ “စိတ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးတွေ” ရလာနိုင်တယ်။ “စိုးရိမ်ပူပန်လွန်းတာ၊ ကိုယ့်ကိုယ်ကိုယ် ရွံမုန်းတာ၊ . . . အစာပုံမှန်မစားတော့တာ၊ သိမ်ငယ်စိတ်ဝင်တာ၊ စိတ်ဓာတ်ကျတာ” စတဲ့ အကျိုးဆက်တွေ ကြုံရနိုင်တယ်လို့ APA က ဆက်ပြောတယ်။

‘လူငယ်ဘဝနဲ့ အရွယ်ကောင်းချိန်ဟာ အချည်းနှီးပဲ။ ဒါကြောင့် စိတ်ဆင်းရဲစရာတွေကို စိတ်ထဲကနေ ထုတ်ပစ်လိုက်ပါ။ ထိခိုက်နစ်နာစေတဲ့အရာတွေ မကြုံရအောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ။’ဒေသနာ ၁၁:၁၀ကဘ။

ဘယ်သဘောထားက အလှအပအပေါ် မျှတတဲ့အမြင်ရှိစေသလဲ

ကျမ်းစာမှာ ‘ချင့်ချိန်မှု’ ဒါမှမဟုတ် မျှတတဲ့အမြင်ရှိတာနဲ့ ဣန္ဒြေရှိတာကို တွဲပြီးဖော်ပြတယ်။ (၁ တိမောသေ ၂:၉) ဣန္ဒြေရှိသူတွေဟာ သူတို့ရဲ့ရုပ်ရည်အပေါ် အာရုံမစိုက်လွန်းဘဲ မျှမျှတတ ရှုမြင်ကြတယ်။ တခြားသူတွေရဲ့ ခံစားချက်ကိုလည်း ထည့်စဉ်းစားပေးတဲ့အတွက် လူတွေရဲ့ ချစ်ခင်လေးစားမှုအပြင် ဘုရားရဲ့နှစ်သက်မှုကိုပါ ရရှိကြတယ်။ (မိက္ခာ ၆:၈) လူတွေကလည်း သူတို့နဲ့ မိတ်ဆွေ ဖွဲ့ချင်ကြတယ်။ ဒါ့အပြင် ရုပ်အလှ လောက်ကိုမဟုတ်ဘဲ တည်မြဲပျော်ရွှင်တဲ့ အိမ်ထောင်ကို လိုလားသူတွေကလည်း သူတို့ကို စိတ်ဝင်စားကြတယ်။

အကြောင်းကောင်းတွေရှိလို့ ကျမ်းစာက အတွင်းလူဖြစ်တဲ့ ‘စိတ်ထားအလှကို’ အာရုံစိုက်ဖို့ တိုက်တွန်းထားပါတယ်။ (၁ ပေတရု ၃:၃၊ ၄) စိတ်ထားအလှက ဘယ်တော့မှ မအိုမင်းသွားပါဘူး။ အချိန်ကြာလေ ပိုလှလာလေပဲ။ ‘ဖြောင့်မတ်တဲ့ လမ်းစဉ်မှာ ရှိနေမယ်ဆိုရင်ဖြူတဲ့ဆံပင်ဟာ အလှသရဖူပဲ’ လို့ သုတ္တံ ၁၆:၃၁ (ကဘ) မှာပြောတယ်။ ဒါကြောင့် သမ္မာကျမ်းစာမှာပါတဲ့ အကျိုးရှိတဲ့အကြံပြုချက်ကို လူကြီးလူငယ်မရွေး လိုက်လျှောက်မယ်ဆိုရင် အလှတရားအစစ်ကို ရှာတွေ့ရုံသာမက အဲဒီအလှကို တန်ဖိုးထားပြီး စိတ်ကျေနပ်မှုပါ ခံစားရပါလိမ့်မယ်။

‘ဆွဲဆောင်မှုရှိတာဟာ လှည့်စားတတ်တယ်။ အလှအပကလည်း တာရှည်မခံဘူး။ ယေဟောဝါကို ကြောက်ရွံ့ရိုသေတဲ့ မိန်းမကတော့ ချီးမွမ်းခံရလိမ့်မယ်။’သုတ္တံ ၃၁:၃၀ကဘ။