မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဘုရား ဘယ်မှာလဲ”

“ဘုရား ဘယ်မှာလဲ”

“ဘုရား ဘယ်မှာ​လဲ​ဆိုတဲ့ မေးခွန်း​ပဲ အမြဲတမ်း ပေါ်လာတယ်” —ပိုလန်​နိုင်ငံ၊ အော့ဇ်​ဝ​စ် ချွေးတပ်စခန်း​ဟောင်း​ကို ၁၆ ယောက်​မြောက် ပုပ်ရဟန်း​မင်း ဘင်နီဒစ် လည်ပတ်​စဉ်

အဖြစ်ဆိုးတွေ ဖြစ်တဲ့အခါ ‘ဘုရား ဘယ်မှာ​လဲ’ လို့ တွေးဖူး​သလား။ အဖြစ်ဆိုး​တစ်ခု ကိုယ်တိုင်​ကြုံ​လိုက်​ရလို့ ဘုရား ဂရုစိုက်​ရဲ့​လား​ဆိုပြီး သံသယ​ဝင်ဖူး​သလား။

အမေရိကန်​ပြည်ထောင်စုမှာ နေထိုင်တဲ့ ရှီလာ​လို သင် ခံစားဖူး​ပါလိမ့်မယ်။ ဘာသာတရား ကိုင်းရှိုင်းတဲ့ မိသားစုမှာ ကြီးပြင်းလာတဲ့ ရှီလာ ဒီလို​ပြောတယ်– “ဘုရားက ဖန်ဆင်းရှင်​ဖြစ်လို့ ငယ်ငယ်​လေး​ကတည်းက ဘုရား​အကြောင်း သိတယ်။ ဒါပေမဲ့ ဘုရားနဲ့ ရင်းနှီးတယ်လို့ တစ်ခါမှ မခံစားခဲ့ရဘူး။ အဝေးက ကြည့်​နေ​ရုံ​လောက်​ပဲ​လို့ ထင်​ခဲ့​တာ။ ကျွန်မကို ဘုရား မုန်းတယ်​လို့ မ​ထင်ပေမဲ့ ချစ်တယ်လို့လည်း မခံစားရဘူး။” ဘုရားရဲ့ မေတ္တာကို ရှီလာ ဘာကြောင့် သံသယဝင်​တာလဲ။ “ကျွန်မတို့​မိသားစု အဖြစ်ဆိုး တစ်ခု​ပြီး​တစ်ခု ကြုံခဲ့ရ​တယ်။ ဘုရား လုံးဝ မကူညီ​ပေး​ဘူး” လို့ သူပြောတယ်။

ရှီလာလိုပဲ သင်လည်း အနန္တ​တန်ခိုးရှင် ရှိတာကို ယုံပေ​မဲ့ ဘုရား ဂရုစိုက်​ရဲ့​လား​ဆိုတာကို သံသယဝင်​မိ​နိုင်တယ်။ ဖန်ဆင်းရှင်ရဲ့ တန်ခိုး၊ ဉာဏ်ပညာ​ကို ယုံ​တဲ့ ဖြောင့်မတ်သူ ယောဘလည်း အလားတူ သံသယဝင်​ခဲ့​တယ်။ (ယောဘ ၂:၃။ ၉:၄) အဖြစ်ဆိုးတွေ ဆက်တိုက်​ကြုံရပြီး​နောက် လွတ်လမ်း မမြင်တဲ့အခါ “ကျွန်တော့်ကို ဘာလို့ မျက်နှာလွှဲ​ပြီး ရန်သူလို သဘောထား​ရတာလဲ” လို့ ဘုရားကို မေးခဲ့တယ်။—ယောဘ ၁၃:၂၄

ဒါနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘာ​ပြောသလဲ။ အဖြစ်ဆိုးတွေ ဖြစ်တဲ့အခါ ဘုရားကို အပြစ်တင်​ရမလား။ လူအားလုံးကိုရော တစ်ဦးစီ​ကို​ပါ ဘုရား ဂရုစိုက်​တဲ့ အထောက်အထား ရှိသလား။ ကျွန်တော်တို့​တစ်ဦးစီ​ကို ဘုရား သိတယ်၊ နားလည်တယ်၊ စာနာ​ပေးတယ်၊ ပြဿနာတွေ ဖြေရှင်းဖို့ ကူညီ​ပေးတယ်ဆိုတာ ဘယ်လို သိနိုင်​မလဲ။

ကျွန်တော်တို့ကို ဘုရား ဂရုစိုက်​ကြောင်း ဖန်ဆင်းရာတွေ​က ဘာသင်ပေးပုံကို နောက်​ဆောင်းပါးတွေမှာ ဆွေးနွေး​ကြပါမယ်။ (ရောမ ၁:၂၀) ဘုရား ဂရုစိုက်တာနဲ့​ပတ်သက်ပြီး ကျမ်းစာ သွန်သင်ရာ​ကိုလည်း ဆန်းစစ်​ကြပါမယ်။ ဖန်ဆင်းရာတွေ​နဲ့ သမ္မာကျမ်းစာက​တစ်ဆင့် ဘုရား​အကြောင်း ပို “သိကျွမ်း” လာတာ​နဲ့အမျှ သင့်ကို ဘုရား “ဂရုစိုက်” ကြောင်း ပို​ယုံကြည်​စိတ်ချ​လာပါလိမ့်မယ်။—၁ ယောဟန် ၂:၃။ ၁ ပေတရု ၅:၇