မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လောကအတွေးအခေါ်ကို ငြင်းပယ်ပါ

လောကအတွေးအခေါ်ကို ငြင်းပယ်ပါ

‘လောကရဲ့ အတွေးအခေါ်​တွေ၊ အဓိပ္ပာယ်မဲ့​တဲ့ လှည့်ဖြားမှု​တွေနဲ့ ထောင်ချောက်​ဆင်​ဖမ်း​မယ့်​သူတွေကို သတိထား​ကြပါ။’—ကော. ၂:၈

သီချင်း– ၃၈၊ ၃၁

၁။ ခရစ်ယာန်ချင်း​တွေဆီ တမန်တော် ပေါလု ဘယ်​အကြံပြုချက် ရေးသားခဲ့​သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)

တမန်တော်​ပေါလုဟာ ရောမ​မြို့မှာ ပထမအကြိမ် အကျဉ်း​ချ​ခံရ​ချိန် အဆုံးပိုင်း၊ အေဒီ ၆၀-၆၁ လောက်မှာ ကောလောသဲ​မြို့​က ခရစ်ယာန်တွေ​ဆီ စာရေးခဲ့တယ်။ “စွမ်းအားတော်​အားဖြင့် နားလည်နိုင်စွမ်း” ရရှိ​ခြင်း​ရဲ့ အရေးကြီးမှု​အကြောင်း ဖော်ပြခဲ့တယ်။ (ကော. ၁:၉) “ယုတ္တိ​ရှိရှိ ပြောပြီး လှည့်ဖြား​တာ​ကို ခင်ဗျား​တို့ မ​ခံရ​အောင် အခုလို ပြော​နေ​တာပါ။ အတွေးအခေါ်​တွေ၊ အဓိပ္ပာယ်မဲ့​တဲ့ လှည့်ဖြားမှု​တွေနဲ့ ထောင်ချောက် ဆင်​ဖမ်း​မယ့်​သူတွေကို သတိထား​ကြပါ။ အဲဒါတွေဟာ ခရစ်တော်ရဲ့ သွန်သင်ချက်​ကို မဟုတ်ဘဲ လောကရဲ့ အခြေခံ​တရား​တွေ၊ လူ့ထုံးတမ်း​စဉ်လာတွေကို အခြေခံ​တ​ယ်” လို့ ပေါလု ထပ်ပြော​တ​ယ်။ (ကော. ၂:၄၊ ၈) ခေတ်စား​တဲ့ အတွေးအခေါ်​တချို့ ဘာကြောင့် မှား​ကြောင်း၊ လောက​အတွေးအခေါ်​ကို မစုံလင်သူ​တွေ ဘာကြောင့် နှစ်သက်​မိ​နိုင်​ကြောင်း ဆက်​ရှင်းပြ​တ​ယ်။ ဥပမာ၊ လောက​အတွေးအခေါ်​က လူတစ်ယောက်​ကို တခြားသူတွေ​ထက် ပညာရှိ​တ​ယ်၊ သာလွန်​တယ်လို့ ခံစား​စေနိုင်​တ​ယ်။ လောက​အတွေးအခေါ်၊ မှားယွင်းတဲ့​အကျင့်​တွေကို ငြင်းပယ်​နိုင်အောင် ညီအစ်ကိုတွေ​ကို ကူညီပေးဖို့ ပေါလု ရည်ရွယ်​ရေးသားခဲ့တယ်။—ကော. ၂:၁၆၊ ၁၇၊ ၂၃

၂။ လောက​အတွေးအခေါ်​အကြောင်း ဘာကြောင့် လေ့လာသုံးသပ်​ကြ​မလဲ။

လောက​အတွေးအခေါ်​က ယေဟောဝါရဲ့ လမ်းညွှန်ချက်​တွေကို လျစ်လျူရှု​တယ်၊ အလေးမထား​ဘူး။ ယုံကြည်ခြင်း​ကို တဖြည်းဖြည်း အားနည်း​စေနိုင်​တ​ယ်။ ဒီနေ့ လောက​အတွေးအခေါ်​နဲ့ လူတိုင်း ထိတွေ့​နေကြတယ်။ တီဗီ၊ အင်တာနက်၊ အလုပ်၊ ကျောင်း​တို့​မှာ လောက​အတွေးအခေါ်​ကို အားပေးအားမြှောက်​လုပ်တယ်။ ဒီဆောင်းပါးမှာ ကျွန်တော်တို့ရဲ့ စိတ်​ကို လောက​အတွေးအခေါ်​ကြောင့် မပျက်​ပြား​စေဖို့ ဘယ်လို ကာကွယ်​နိုင်​ကြောင်း လေ့လာဆန်းစစ်​ပါမယ်။ လောက​အတွေးအခေါ် ငါးမျိုး​နဲ့ ငြင်းပယ်​နိုင်​ပုံ​အကြောင်း​လည်း သုံးသပ်​သွား​ပါမယ်။

ဘုရားကို ယုံကြည်ဖို့ လိုသလား

၃။ ဘယ်​အတွေးအခေါ်​ကို လူများစွာ နှစ်သက်​ကြ​သလဲ။ ဘာကြောင့်လဲ။

“ဘုရားကို မယုံကြည်​လည်း​ဘဲ လူကောင်း ဖြစ်နိုင်​ပါတယ်။” နိုင်ငံများ​စွာ​မှာ ဘုရားကို မယုံ​ဘူးလို့ လူတွေ ပြောတာကို ကြား​ရ​လေ့ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ဘာသာ​မဲ့​သူ​လို့ ယူဆကြတယ်။ ဘုရားသခင့် တည်ရှိမှု​အကြောင်း အသေအချာ မဆန်းစစ်​ကြဘူး။ ကိုယ့်​စိတ်ကြိုက် လွတ်လပ်​စွာ လုပ်​နိုင်တယ်​ဆိုတဲ့ အတွေးအခေါ်​ကို နှစ်သက်​ကြ​တ​ယ်။ (ဆာလံ ၁၀:၄ ကိုဖတ်ပါ။) တချို့ကျတော့ “ဘုရားကို မယုံကြည်​လည်း​ဘဲ မြင့်မားတဲ့​စံနှုန်းတွေ ရှိ​နိုင်တယ်” လို့ ပြောပြီး ပညာရှိ​လို့ ယူဆ​နေကြတယ်။

၄။ ဖန်ဆင်းရှင် မရှိဘူးလို့ ပြောဆိုသူ​နဲ့ ဘယ်လို အကျိုးအကြောင်း ဆင်ခြင်​နိုင်သလဲ။

ဖန်ဆင်းရှင် မရှိဘူး​ဆိုတဲ့ မယုံကြည်သူ​တွေရဲ့ အဆို​ဟာ ယုတ္တိ​ရှိ​ရဲ့​လား။ အသက် ဖန်ဆင်းခံ​ရ​သလား​ဆိုတာ သိ​ဖို့ သိပ္ပံပညာ​ကို အားကိုး​မယ်ဆိုရင် ရှုပ်ထွေး​တဲ့ အချက်အလက်​တွေကြောင့် အလွယ်တကူ လမ်းစပျောက်​သွားနိုင်တယ်။ တကယ်တော့ အဖြေ​က ရိုးရိုးလေး​ပါပဲ။ အဆောက်အအုံ​တစ်ခု​တောင်မှ တစ်စုံတစ်ယောက် တည်ဆောက်​ဖို့ လိုအပ်​မှတော့ သက်ရှိ​တွေ​ဆိုရင် ပိုလိုအပ်​တာပေါ့။ ကမ္ဘာပေါ်မှာ​ရှိတဲ့ အခြေခံ​အကျ​ဆုံး သက်ရှိ​ဆဲလ်တွေဟာ အိမ်​ထက် ပို​ရှုပ်ထွေး​တ​ယ်။ ထပ်ဆင့်​ပွား​နိုင်စွမ်း ရှိ​ကြ​တ​ယ်။ အိမ်တွေမှာ မရှိဘူး။ ဒါကြောင့် ဒီ​ဆဲလ်တွေဟာ ပုံတူပွား​ဖို့ လိုအပ်တဲ့ အချက်အလက်​တွေကို စုဆောင်း​နိုင်တယ်၊ ဆင့်​ပွား​နိုင်တယ်။ သက်ရှိ​ဆဲလ်​တွေကို ဘယ်သူ ပုံစံပြုထား​သလဲ။ “အိမ်​ဆိုတာ တည်ဆောက်​တဲ့​သူ​ရှိလို့ ဖြစ်လာ​တာ။ အရာခပ်သိမ်း​ကို တည်ဆောက်သူ​က​တော့ ဘုရားသခင်​ပဲ” လို့ ကျမ်းစာမှာ အဖြေ​ပေးထားတယ်။—ဟီ. ၃:၄

၅။ ဘုရားကို မယုံကြည်​လည်း​ဘဲ မှန်​တာ​ကို ပိုင်းဖြတ်​နိုင်တယ်​ဆိုတဲ့ အချက်​နဲ့ပတ်သက်ပြီး ဘာ​ပြော​နိုင်သလဲ။

ဘုရားကို မယုံကြည်​လည်း​ဘဲ မှန်​တာ​ကို ပိုင်းခြား​နိုင်တယ်​ဆိုတဲ့ အဆို​ကော။ မယုံကြည်သူ​တွေမှာ ချီးမွမ်းစ​ရာ​ကောင်းတဲ့​စံနှုန်းတွေ ရှိ​နိုင်​ကြောင်း ဘုရားသခင့် စကားတော် ကျမ်းစာမှာ အသိအမှတ် ပြု​ထားတယ်။ (ရော. ၂:၁၄၊ ၁၅) ဥပမာ၊ မိဘတွေ​ကို ရိုသေလေးစား၊ ချစ်မြတ်နိုး​ကြ​တ​ယ်။ ဒါပေမဲ့ အမှားအမှန် စံနှုန်း သတ်မှတ်​ရှင်​အဖြစ် ဖန်ဆင်းရှင်ကို အသိအမှတ် မပြု​သူတွေ​ရဲ့ ကိုယ့်ကျင့်တရားစံနှုန်း​တွေ​က ဘယ်လောက်​များ ကောင်း​နိုင်မလဲ။ (ဟေရှာ. ၃၃:၂၂) ကမ္ဘာ​ပေါ်​က မနှစ်မြို့ဖွယ် အခြေအနေ​တွေ​က ဘုရားသခင့် အကူအညီ လိုအပ်မှု​ကို ဖော်ပြ​နေ​ကြောင်း ဒီနေ့ စဉ်းစား​တတ်​သူ​များစွာ ဝန်ခံ​ကြပါ​လိမ့်မယ်။ (ယေရမိ ၁၀:၂၃ ကိုဖတ်ပါ။) ဒါကြောင့် ဘုရားကို မယုံကြည်​လည်း​ဘဲ၊ ဘုရား​စံနှုန်းတွေကို မလိုက်နာ​လည်း​ဘဲ မှန်​တာ​ကို ပိုင်းဖြတ်​နိုင်တယ်​ဆိုပြီး မစဉ်းစား​သင့်​ဘူး။—ဆာ. ၁၄၆:၃

ဘာသာတရား လိုအပ်​သလား

၆။ ဘာသာတရား​နဲ့ပတ်သက်ပြီး လူများစွာ​မှာ ဘယ်လို​အမြင်​မျိုး ရှိ​သလဲ။

“ဘာသာတရား မရှိ​လည်း​ဘဲ ပျော်ရွှင်​နိုင်တယ်။” ဒီလောက​အတွေးအခေါ်​ကို လူများစွာ နှစ်သက်​ကြ​တ​ယ်။ ဘာသာတရား​ကို ငြီးငွေ့​စရာ၊ မအပ်စပ်​တဲ့​အရာ​လို့ ရှုမြင်ကြ​လို့ပဲ။ ဘာသာတရား​များစွာ​က ငရဲ​အကြောင်း သင်ပေး​ခြင်း၊ ဆယ်ဖို့တစ်ဖို့ ကောက်​ခံ​ခြင်း၊ နိုင်ငံရေး​တရား ဟောခြင်း​အားဖြင့် လူတွေကို ဘုရားသခင်​ဆီကနေ လမ်းလွဲ​သွား​စေ​ကြ​တ​ယ်။ ဘာသာတရား မရှိ​လည်း​ဘဲ ပျော်ရွှင်​နိုင်တယ်​လို့ ယူဆ​တဲ့​သူ တိုးများလာ​တာ မဆန်းပါဘူး။ သူတို့​တစ်​တွေ​က “ဘုရားရေးရာ​ကိစ္စတွေ​ကို စိတ်ဝင်စား​ပေ​မဲ့ ဘာသာရေး​နဲ့​တော့ မပတ်သက်​ချင်ဘူး” လို့ ပြော​တတ်ကြတယ်။

၇။ စစ်မှန်တဲ့ ဘာသာတရား​က ပျော်ရွှင်မှု ဘယ်လို တိုးများ​စေ​သလဲ။

ဘာသာတရား မရှိ​လည်း​ဘဲ ပျော်ရွှင်​နိုင်တယ်​ဆိုတာ တကယ်​မှန်​ပါ​ရဲ့​လား။ မှားယွင်းတဲ့ ဘာသာတရား မရှိဘဲ​နဲ့ ပျော်ရွှင်​နိုင်တာ မှန်ပါတယ်။ ဒါပေမဲ့ “ပျော်ရွှင်​တဲ့ ဘုရားသခင်” ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း မရှိဘဲ​နဲ့​တော့ စစ်မှန်တဲ့ ပျော်ရွှင်မှု မရနိုင်ဘူး။ (၁ တိ. ၁:၁၁) ဘုရားသခင် လုပ်ဆောင်​သမျှ တခြားသူတွေကို အကျိုးပြု​တ​ယ်။ ဘုရား​ကျေးကျွန်​တွေဟာ တခြားသူတွေကို ကူညီပေး​ကြ​လို့ ပျော်ရွှင်​ကြ​တ​ယ်။ (တ. ၂၀:၃၅) ဥပမာ၊ စစ်မှန်တဲ့ ဝတ်ပြုရေး​က မိသားစု ပျော်ရွှင်မှု တိုးများ​စေနိုင်​ပုံကို သုံးသပ်ကြည့်ပါ။ အိမ်ထောင်​ဘက်​ကို ရိုသေလေးစား​ဖို့၊ အိမ်ထောင်ရေး သစ္စာကတိ​ကို အလေးအမြတ် ထား​ဖို့၊ အိမ်ထောင်ရေး မဖောက်ပြန်​ဖို့၊ လေးစား​တတ်တဲ့ သားသမီး​တွေ ဖြစ်အောင် ပျိုးထောင်​ပေးဖို့၊ စစ်မှန်တဲ့ မေတ္တာတရား​ကို ကျင့်သုံး​ဖို့ စစ်မှန်တဲ့ ဝတ်ပြုရေး​က သင်ကြားပေး​တ​ယ်။ ရလဒ်အနေနဲ့ ပျော်ရွှင်​တဲ့ အသင်းတော်၊ ပျော်ရွှင်​တဲ့ ကမ္ဘာချီ ညီအစ်ကိုအသင်းအပင်း​အဖြစ် စည်းလုံး​စေတယ်။ဟေရှာယ ၆၅:၁၃၊ ၁၄ ကိုဖတ်ပါ။

၈။ လူတွေကို ဘာက ပျော်ရွှင်​စေ​သလဲ​ဆိုတဲ့ မေးခွန်း​ကို အကျိုးအကြောင်း ဆင်ခြင်​ဖို့ မဿဲ ၅:၃ ကို ဘယ်လို သုံးနိုင်​သလဲ။

ဘုရားသခင်ကို ဝတ်​မပြု​လည်း​ဘဲ ပျော်ရွှင်​နိုင်တယ်​ဆိုတဲ့ လောက​အတွေးအခေါ်​ကို ဘယ်လို ပိုင်းခြားစိတ်ဖြာ​မလဲ။ လူတွေကို ဘာက ပျော်ရွှင်​စေ​သလဲ​ဆိုတဲ့ မေးခွန်း​ကို သုံးသပ်ကြည့်ပါ။ တချို့​က အလုပ်အကိုင်၊ အားကစား၊ ဝါသနာ​မှာ ပျော်ရွှင်​ကျေနပ်မှု ရှာ​ကြ​တ​ယ်။ တချို့​က မိသားစု၊ မိတ်ဆွေတွေ​ကို ကြည့်ရှုစောင့်ရှောက်​ခြင်း​မှာ ပျော်ရွှင်​ကျေနပ်မှု ရှာ​ကြ​တ​ယ်။ ဒါတွေ​က ပျော်ရွှင်​ကျေနပ်​စေ​တာ မှန်​ပေ​မဲ့ တည်မြဲတဲ့ပျော်ရွှင်မှု ရရှိ​စေတဲ့​အရာ ရှိသေးတယ်။ တိရစ္ဆာန်တွေနဲ့ မတူဘဲ ကျွန်တော်တို့​တစ်​တွေ ဖန်ဆင်းရှင်ကို သိကျွမ်း​နိုင်တယ်၊ သစ္စာရှိရှိ ဝတ်ပြု​နိုင်တယ်။ ဒီနည်းနဲ့ ပျော်ရွှင်မှု ရရှိ​စေဖို့ ကျွန်တော်တို့ကို ဖန်ဆင်း​ထားတယ်။ (မဿဲ ၅:၃ ကိုဖတ်ပါ။) ဥပမာ၊ စစ်မှန်တဲ့ ဝတ်ပြုကိုးကွယ်သူ​တွေဟာ ယေဟောဝါ​ကို ကိုးကွယ်​ဖို့ အတူတကွ စည်းဝေး​ခြင်းကနေ ပျော်ရွှင်မှု၊ အားပေးမှု ရရှိ​ကြ​တယ်။ (ဆာ. ၁၃၃:၁) စည်းလုံး​တဲ့ ညီအစ်ကိုအသင်းအပင်း၊ အကျိုးရှိတဲ့​ဘဝပုံစံ၊ ပျော်ရွှင်​စရာ မျှော်လင့်ချက်​တို့​ကိုလည်း ပိုင်ဆိုင်​ထားကြ​တ​ယ်။

စာရိတ္တစံနှုန်း​တွေ လိုအပ်​သလား

၉။ (က) လောကမှာ လိင်နဲ့ပတ်သက်တဲ့ ဘယ်​အတွေးအခေါ် ခေတ်စား​နေ​သလဲ။ (ခ) အိမ်ထောင်​ပြင်ပ လိင်​ကိစ္စ​ကို ကျမ်းစာမှာ ဘာကြောင့် တားမြစ်ထား​သလဲ။

“အိမ်ထောင်​ပြင်ပ လိင်​ကိစ္စ​ကို ဘာကြောင့် ပြစ်တင်ရှုတ်ချ​တာလဲ။” “ဘဝ​ဆိုတာ ပျော်ပျော်​နေဖို့။ အိမ်ထောင်​ပြင်ပ လိင်​ကိစ္စ​ကို ဘာကြောင့် ပြစ်တင်ရှုတ်ချ​နေ​မှာ​လဲ” လို့ တချို့ ဆို​ကြ​မယ်။ လိင်​အကျင့်ပျက်မှု​ကို ခရစ်ယာန်​တစ်ယောက် လက်ခံသင့်​တ​ယ်​ဆိုတဲ့ အဆို​ဟာ မှားတယ်။ ဘာကြောင့်လဲ။ လိင်​အကျင့်ပျက်မှု​ကို ကျမ်းစာမှာ တားမြစ်ထား​လို့ပဲ။ * (၁ သက်သာလောနိတ် ၄:၃-၈ ကိုဖတ်ပါ။) ယေဟောဝါ​က ကျွန်တော်တို့ကို ဖန်ဆင်း​ထား​လို့ ပညတ်​ပေးပိုင်ခွင့် ရှိတယ်။ လက်ထပ် ထိမ်းမြား​ထားတဲ့ အမျိုးသား​နဲ့ အမျိုးသမီး​အတွက်​ပဲ လိင်မှုကိစ္စ​ကို ဘုရားသခင့်ပညတ်​က ခွင့်ပြုထား​တ​ယ်။ ကျွန်တော်တို့ကို ဘုရားသခင် ချစ်​လို့ ပညတ်​တွေ ပေးထားတယ်။ အဲဒါတွေက ကျွန်တော်တို့ကို အကျိုးပြု​တ​ယ်။ နာခံတဲ့ မိသားစု​တွေဟာ မေတ္တာ၊ လေးစားမှု၊ လုံခြုံမှု ခံစား​ကြရတယ်။ စိတ်လိုကိုယ်လျောက် ပညတ် မနာခံ​သူတွေကို ဘုရားသခင် သည်းမခံ​ဘူး။—ဟီ. ၁၃:၄

၁၀။ လိင်​အကျင့်ပျက်မှု​ကို ခရစ်ယာန်​တစ်ယောက် ဘယ်လို ရှောင်ကြဉ်​နိုင်သလဲ။

၁၀ လိင်​အကျင့်ပျက်​ခြင်း​ကို ဘယ်လို ရှောင်ကြဉ်​ရမယ်​ဆိုတာ ဘုရားသခင့် စကားတော်​က သင်ပေးတယ်။ အရေးကြီးတဲ့ နည်းတစ်နည်း​က​တော့ ကြည့်ရှု​တဲ့​အရာ​ကို ထိန်းချုပ်ခြင်း​ပါပဲ။ “မိန်းမ​တစ်ယောက်​ကို ရာ​ဂ​စိတ်နဲ့ ကြည့်​နေတာ​ဟာ အဲဒီ​မိန်းမ​ကို စိတ်နဲ့ ပြစ်မှား​တာပဲ။ ကိုယ့်ရဲ့ ညာဘက်​မျက်စိ​က အပြစ်ကျူးလွန်​စေတယ်​ဆိုရင် အဲဒီ​မျက်စိ​ကို ထုတ်ပြီး လွှင့်ပစ်​လိုက်ပါ” လို့ ယေရှု ပြောတယ်။ (မ. ၅:၂၈၊ ၂၉) ဒါကြောင့် ခရစ်ယာန်​တစ်ယောက်​ဟာ ညစ်ညမ်း​ရုပ်ပုံ ကြည့်​တာမျိုး၊ ညစ်ညမ်း​တဲ့ တေးသီချင်း နားထောင်​တာမျိုး​ကို ရှောင်​ပါလိမ့်မယ်။ “လိင်အကျင့်ယိုယွင်းခြင်း . . . ကို ဖြစ်ပေါ်​စေတဲ့ ကိုယ်ခန္ဓာ​အစိတ်အပိုင်း​တွေကို သေစေ​ကြပါ” လို့ ခရစ်ယာန်ချင်း​တွေကို တမန်တော်​ပေါလု ပြောတယ်။ (ကော. ၃:၅) စဉ်းစား​တဲ့​အရာ၊ ပြောဆို​တဲ့​အရာ​ကိုလည်း ထိန်းချုပ်​ဖို့ လိုတယ်။—ဧ. ၅:၃-၅

လောကအလုပ်​ကို လိုက်စား​သင့်​သလား

၁၁။ လောကအလုပ်​အ​ကိုင် လိုက်စားခြင်း​က ဘာကြောင့် နှစ်သက်စရာ ဖြစ်နိုင်သလဲ။

၁၁ “ကောင်းမွန်​တဲ့ အလုပ်အကိုင်​ဟာ ပျော်ရွှင်မှုရဲ့ သော့ချက်​ပဲ။” လူများစွာ​က လောကအလုပ်​ကို ပန်းတိုင်​ထား​လိုက်စား​ဖို့ အား​ပေးကြတယ်။ အလုပ်အကိုင်​ကြောင့် ရာထူး၊ အာဏာ၊ စည်းစိမ် ရလာ​နိုင်တယ်။ အလုပ်အကိုင်​ကို လူများစွာ လိုက်စား​နေတဲ့​အတွက် ခရစ်ယာန်​တစ်ယောက်​လည်း အဲဒီ​အတွေးအခေါ်​မျိုး​ကို လက်ခံ​လာနိုင်တယ်။

၁၂။ အောင်မြင်​တဲ့ အလုပ်အကိုင်​က ပျော်ရွှင်မှုရဲ့ သော့ချက်​လား။

၁၂ အခွင့်အာဏာ၊ ဂုဏ် ရရှိ​စေတဲ့ လောကအလုပ်​အကိုင်​က တည်မြဲ​တဲ့ ပျော်ရွှင်မှု ရရှိ​စေသလား။ မရရှိ​စေ​ပါဘူး။ စာတန်​မှာ အထင်ကြီး​ခံ​ချင်စိတ်၊ တခြားသူတွေကို ထိန်းချုပ်​ချင်စိတ် ရှိတယ်။ ရ​လည်း ရခဲ့တယ်။ ဒါပေမဲ့ မပျော်​ဘဲ ဒေါသထွက်​နေ​လေ​ရဲ့။ (မ. ၄:၈၊ ၉။ ဗျာ. ၁၂:၁၂) လူတွေကို ထာဝရ​အသက် ရဖို့၊ ဘုရားသခင့် ဉာဏ်ပညာ​က​နေ အကျိုးရ​ဖို့ ကူညီပေး​ရင် တည်မြဲ​တဲ့ ပျော်ရွှင်မှု ရတယ်။ လောကအလုပ်​အ​ကိုင်​က ပေးတဲ့ ပျော်ရွှင်​ကျေနပ်မှု​ကတော့ အကန့်အသတ် ရှိတယ်။ ဒီ့​အပြင် လောကရဲ့ အပြိုင်အဆိုင် စိတ်ဓာတ်​က ပြင်းထန်​တ​ယ်။ တခြားသူတွေ​ထက် သာ​ဖို့ တွန်းအားပေး​တ​ယ်။ မနာလိုစိတ် ဖြစ်စေတယ်။ နောက်ဆုံး​တော့ “လေ​ကို ဖမ်းဆုပ်​ဖို့ အားထုတ်​နေတာ​ပဲ။”—ဒေ. ၄:၄

၁၃။ (က) လောကအလုပ်​အ​ကိုင်​ကို ဘယ်လို ရှုမြင်​သင့်သလဲ။ (ခ) ပေါလု​ကို ဘာက တကယ်​ပျော်ရွှင်​စေ​သလဲ။

၁၃ ဝင်ငွေ ရှာ​ရမှာ မှန်ပါတယ်။ ကိုယ်​နှစ်သက်ရာ အလုပ်အကိုင် ရွေးချယ်​တာ​လည်း မ​မှား​ပါဘူး။ ဒါပေမဲ့ လောကအလုပ်​အ​ကိုင်​ဟာ ဘဝ​မှာ အဓိက မဖြစ်သင့်ဘူး။ “ဘယ်သူမှ သခင်​နှစ်ဦး​ဆီမှာ အစေခံ​လို့ မရဘူး။ သခင်​တစ်ဦးကို မုန်း​ပြီး နောက်​တစ်ဦးကို ချစ်​မှာပဲ။ တစ်ဦးကို သစ္စာရှိ​ပြီး တစ်ဦးကို မထီလေးစား လုပ်​မှာပဲ။ ခင်ဗျား​တို့လည်း ဘုရားသခင်အတွက်​ရော စည်းစိမ်​အတွက်​ပါ တစ်ပြိုင်တည်း အစေခံ​လို့ မရဘူး” လို့ ယေရှု ပြောတယ်။ (မ. ၆:၂၄) ယေဟောဝါ​ကို ဝတ်ပြုခြင်း၊ ကျမ်းစာ​အကြောင်း သွန်သင်ပေးခြင်း​ကို အဓိက​အာရုံစိုက်​ရင် အနှိုင်းမဲ့​ပျော်ရွှင်မှု ရရှိမယ်။ တမန်တော်​ပေါလု အဲဒီလို တွေ့ကြုံ​ခံစား​ခဲ့တယ်။ အစောပိုင်း​မှာတော့ ဂျူး​ဘာသာ​မှာ အလားအလာ​ကောင်းတဲ့ အလုပ်အကိုင်​ကို လိုက်စား​ခဲ့တယ်။ ဒါပေမဲ့ တခြားသူတွေကို တပည့်ဖြစ်​အောင် ကူညီပေးတဲ့​အခါ၊ ဘုရားသခင့် သတင်းစကား​ကို လူတွေ လက်ခံ​တုံ့ပြန်​ပြီး ပြောင်းလဲ​လာ​တာ​ကို မြင်တဲ့အခါ စစ်မှန်တဲ့​ပျော်ရွှင်မှု ခံစား​ခဲ့ရတယ်။ (၁ သက်သာလောနိတ် ၂:၁၃၊ ၁၉၊ ၂၀ ကိုဖတ်ပါ။) တခြား ဘယ်​အလုပ်အကိုင်​ကမှ အဲဒီလို ပျော်ရွှင်​ကျေနပ်မှု​မျိုး မ​ပေးနိုင်​ဘူး။

ဘုရားသခင့် ဉာဏ်ပညာကနေ အကျိုးရ​ရှိ​ဖို့ လူတွေကို ကူညီပေးခြင်း​က တည်မြဲ​တဲ့ ပျော်ရွှင်မှု ရရှိ​စေ (အပိုဒ် ၁၂၊ ၁၃ ကိုကြည့်ပါ)

လူ့ပြဿနာ​တွေကို ကျွန်တော်တို့ ဖြေရှင်း​ပေးနိုင်​သလား

၁၄။ လူသားတွေ ကိုယ့်​ပြဿနာ​ကိုယ် ဖြေရှင်း​နိုင်တယ်​ဆိုတဲ့ အယူအဆကို ဘာကြောင့် နှစ်သက်​ကြ​သလဲ။

၁၄ “လူသားတွေ ကိုယ့်​ပြဿနာ​ကိုယ် ဖြေရှင်း​နိုင်ပါတယ်။” အဲဒီ​လောက အတွေးအခေါ်​ကို လူများစွာ နှစ်သက်​နိုင်တယ်။ ဘာကြောင့်လဲ။ အဲဒီလို​သာ​ဆိုရင် ဘုရားသခင့် လမ်းညွှန်မှု မလို​အပ်​တော့ဘူး။ ကိုယ့်​စိတ်ကြိုက် လုပ်နိုင်​မယ်။ ကိုယ့်​ပြဿနာ​ကိုယ် ဖြေရှင်း​နိုင်တယ်​ဆိုတဲ့ အယူအဆ​ဟာ မှန်ကန်​ပုံ​ရတယ်။ လေ့လာမှု​တချို့​အရ စစ်၊ ရာဇဝတ်မှု၊ ရောဂါ၊ ဆင်းရဲနွမ်းပါးမှု ကျဆင်း​သွား​လို့​ပါပဲ။ “ကမ္ဘာ​ကို ပိုကောင်းတဲ့​နေရာ ဖြစ်အောင်​လုပ်ဖို့ ဆုံးဖြတ်ထား​လို့ လူ့ဘဝ​တွေ တိုးတက်​လာတယ်” ဆိုပြီး သတင်း​တစ်ပုဒ်​မှာ ဖော်ပြထားတယ်။ အဲဒီ​သတင်း​မျိုး​က ကြာမြင့်စွာ​ကတည်းက ဒုက္ခ​ပေး​လာတဲ့ ပြဿနာ​တွေကို လူသားတွေ ဖြေရှင်း​နိုင်ပြီ​လို့ ဆိုလို​သလား။ အဖြေ​ရဖို့ အဲဒီ​ပြဿနာ​တွေကို အနီးကပ် သုံးသပ်ကြည့်​ကြစို့။

၁၅။ ဘယ်အချက်တွေ​က လူ့ပြဿနာ​ကြီးလေး​မှုကို ဖော်ပြသလဲ။

၁၅ စစ်ပွဲများ။ ကမ္ဘာစစ်​ကြီး နှစ်ခု​က လူ့အသက်​ပေါင်း သန်း ၆၀ လောက်​ကို ခြွေယူ​ခဲ့တယ်။ ဒုတိယ​ကမ္ဘာစစ် ပြီး​တဲ့​အချိန်​ကစပြီး စစ်​ကို လူတွေ မရပ်တန့်​နိုင်ကြ​သေး​ဘူး။ ၂၀၁၅ ခုနှစ်မှာ စစ်ပွဲ၊ နှိပ်စက်​ညှဉ်းပန်း​မှုကြောင့် အိုးအိမ်​စွန့်ခွာ​တဲ့​သူ ၆၅ သန်း​အထိ တိုးများလာတယ်။ ၂၀၁၅ တစ်နှစ်တည်း​မှာပဲ လူပေါင်း ၁၂.၄ သန်း​ခန့် အိုးအိမ်​စွန့်ခွာ​ကြ​တယ်။ ရာဇဝတ်မှု​များ။ တချို့​ဒေသ​တွေမှာ ရာဇဝတ်မှု​အမျိုးအစား​တချို့ ကျဆင်း​သွားပေ​မဲ့ ဆိုက်​ဘာ​ရာဇဝတ်မှု၊ အိမ်တွင်းအကြမ်းဖက်​မှု၊ အကြမ်းဖက်​တိုက်ခိုက်မှု​စတဲ့ တခြား​ရာဇဝတ်မှု​တွေ ကြောက်စရာ​ကောင်း​လောက်အောင် တိုးများလာတယ်။ ကမ္ဘာ​တစ်ဝန်း အကျင့်ပျက်ခြစားမှု​လည်း တိုးများလာတယ်။ လူသားတွေ ရာဇဝတ်မှု​ကို မဖယ်ရှား​နိုင်​ပါဘူး။ ရောဂါ။ ရောဂါ​တချို့ကို ထိန်းချုပ်​နိုင်​ပေ​မဲ့ ၂၀၁​၃ ခုနှစ်မှာ ထုတ်ဝေတဲ့ မှတ်တမ်းအရ နှစ်​တိုင်း အသက် ၆၀ အောက် လူပေါင်း ကိုးသန်း​ဟာ နှလုံးရောဂါ၊ လေဖြတ်​ဝေဒနာ၊ ကင်ဆာ၊ အသက်ရှူ​လမ်းကြောင်း​ဆိုင်ရာ ရောဂါ၊ ဆီး​ချို​ရောဂါ​တို့​ကြောင့် သေဆုံး​နေကြတယ်။ ဆင်းရဲနွမ်းပါးမှု။ ကမ္ဘာ့​ဘဏ်​အဆို​အရ အာဖရိက​တစ်​တိုက်​တည်းမှာ အလွန် ဆင်းရဲနွမ်းပါး​သူ အရေအတွက် ၁၉၉​၀ ပြည့်နှစ်​မှာ သန်း ၂၈၀ ရှိ​ရာ​က​နေ ၂၀၁​၂ ခုနှစ်မှာ သန်း ၃၃​၀ အထိ တိုးများလာတယ်။

၁၆။ (က) ဘုရားနိုင်ငံတော်​ကသာ လူ့ပြဿနာ​တွေကို ဘာကြောင့် ဖြေရှင်း​ပေးနိုင်သလဲ။ (ခ) ဘုရားနိုင်ငံတော်​ရဲ့ ဘယ်​ကောင်းချီး​တွေကို ဟေရှာယ​နဲ့ ဆာလံဆရာ ကြိုဟော​ထား​သလဲ။

၁၆ လက်ရှိ စီးပွားရေး၊ နိုင်ငံရေး​စနစ်​တွေကို အတ္တ​သမား​တွေ ကြီးစိုး​ထားတယ်။ စစ်၊ ရာဇဝတ်မှု၊ ရောဂါ၊ ဆင်းရဲနွမ်းပါးမှု​ကို သူတို့ မဖယ်ရှား​ပေးနိုင်​တာ ထင်ရှားတယ်။ ဘုရားနိုင်ငံတော်​ကသာ ဖယ်ရှားပေး​နိုင်တယ်။ လူသားတွေ​အတွက် ယေဟောဝါ ဘာ​လုပ်ပေး​မယ်​ဆိုတာ သုံးသပ်ကြည့်ပါ။ စစ်။ အတ္တကြီး​ခြင်း၊ အကျင့်ပျက်​ခြစား​ခြင်း၊ မျိုးချစ်စိတ်​ပြင်းထန်ခြင်း၊ မှားယွင်းတဲ့​ဘာသာတရား၊ စာတန်​စတဲ့ စစ်​ဖြစ်စေ​တဲ့ အကြောင်းရင်း​တွေကို ဘုရားနိုင်ငံတော်​က ဖယ်ရှားပေး​မယ်။ (ဆာ. ၄၆:၈၊ ၉) ရာဇဝတ်မှု။ ဘုရားနိုင်ငံတော်​က အချင်းချင်း​ကို ချစ်​ဖို့၊ ယုံကြည်​စိတ်ချ​ဖို့ လူသန်းပေါင်းများစွာ​ကို သင်ပေး​နေတယ်။ ဘယ်​အစိုးရ​မှ အဲဒီလို မလုပ်နိုင်ဘူး။ (ဟေရှာ. ၁၁:၉) ရောဂါ။ ယေဟောဝါ​က လူတွေကို ပြည့်ဝစုံလင်​တဲ့ ကျန်းမာရေး ရရှိ​စေမယ်။ (ဟေရှာ. ၃၅:၅၊ ၆) ဆင်းရဲနွမ်းပါးမှု။ ဆင်းရဲနွမ်းပါးမှု​ကို ယေဟောဝါ ဖယ်ရှားပေး​မယ်။ ဘုရားရေးရာ​နဲ့ ရုပ်ပိုင်း ကြွယ်ဝ​စေမယ်။ အဲဒါက စည်းစိမ်ဥစ္စာ​ထက် အဆ​များစွာ တန်ဖိုးရှိ​တ​ယ်။—ဆာ. ၇၂:၁၂၊ ၁၃

‘လူတိုင်းကို ဘယ်လို​ပြန်ပြော​ရမယ်​ဆိုတာ သိ​ပါ’

၁၇။ လောက​အတွေးအခေါ်​ကို ဘယ်လို ငြင်းပယ်​နိုင်သလဲ။

၁၇ ယုံကြည်ခြင်း​ကို စမ်းသပ်မှု​ဖြစ်စေ​တဲ့ လောက​အတွေးအခေါ်​တစ်မျိုး​ကို ကြား​ရ​ရင် ကျမ်းစာမှာ ရှာဖွေ​လေ့လာ​ပါ။ အတွေ့အကြုံ​ရှိတဲ့ ယုံကြည်သူချင်း​နဲ့ ဆွေးနွေးပါ။ အဲဒီ​အတွေးအခေါ်​ဟာ ဘာကြောင့် နှစ်သက်စရာ ဖြစ်နိုင်​ကြောင်း၊ ဘာကြောင့် မှား​ကြောင်း၊ ဘယ်လို ငြင်းပယ်​နိုင်​ကြောင်း သုံးသပ်​ပါ။ ‘အသင်းတော်​ပြင်ပ​က လူတွေကို ပညာသတိ​နဲ့ ဆက်ဆံ​ကြပါ။ . . . လူတိုင်းကို ဘယ်လို​ပြန်ပြော​ရမယ်​ဆိုတာ သိ​ပါ’ ဆိုတဲ့ ကောလောသဲ​အသင်းတော်​ဆီ ပေါလု​ရဲ့ တိုက်တွန်းချက်​ကို လိုက်နာခြင်း​အားဖြင့် လောက​အတွေးအခေါ် မဝင်​အောင် ကာကွယ်​နိုင်ပါတယ်။—ကော. ၄:၅၊ ၆

^ စာပိုဒ်၊ 9 ကျမ်းစာ​တချို့​မှာပါတဲ့ ယောဟန် ၇:၅၃–၈:၁၁ ဟာ မူရင်း​ကျမ်း​မှာ မပါတဲ့​ကျမ်းပို ဖြစ်ကြောင်း လူများစွာ မ​သိ​ကြဘူး။ အဲဒါကို အခြေခံပြီး အပြစ်​မရှိတဲ့​သူ​ပဲ အိမ်ထောင်ရေး ဖောက်ပြန်သူ​ကို စီရင်​နိုင်တယ်​လို့ တချို့ ဆို​ကြ​တ​ယ်။ ဒါပေမဲ့ “ယောက်ျား​တစ်ယောက်က တခြားသူ​ရဲ့ မယား​နဲ့ ဖောက်ပြန်​နေတုန်း မိ​သွားတယ်​ဆိုရင် သူ့ကို​ရော မိန်းမ​ကိုပါ သေဒဏ်​ပေး​ရမယ်” လို့ အစ္စရေး​တွေကို ပေးတဲ့ ဘုရားသခင့်ပညတ်​မှာ ဖော်ပြထားတယ်။—တရား. ၂၂:၂၂