မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၁၂

ဇာခရိ မြင်တာကို သင် မြင်သလား

ဇာခရိ မြင်တာကို သင် မြင်သလား

“‘ငါ့​စွမ်းအားတော်​ကြောင့်​သာ ဖြစ်လာ​လိမ့်မယ်။’ ဒါဟာ ဗိုလ်ခြေ​တို့​ရဲ့​ အရှင် ယေဟောဝါ ပြော​တဲ့ စကား​ပဲ။”—ဇာ. ၄:၆

သီချင်း ၇၃ ရဲစွမ်းသတ္တိ ပေး​ပါ

အကြို​သုံးသပ်ချက် *

၁။ ဂျူး​သုံ့ပန်း​တွေ​အတွက် စိတ်​လှုပ်ရှား​စရာ ဘယ်​အလားအလာ စောင့်ကြို​နေသလဲ။

 ဂျူး​လူမျိုး​တွေ စိတ်​လှုပ်ရှား​နေကြတယ်။ နှစ်ပေါင်း​များစွာ ဗာဗုလုန် သုံ့ပန်း​ ဖြစ်​ခဲ့​တဲ့ အစ္စရေး​တွေ​ကို လွှတ်​ပေးဖို့ ‘ပါးရှား​ဘုရင် ဆိုင်းရပ်​ရဲ့ စိတ်​ကို ယေဟောဝါ လှုံ့ဆော်​တယ်။’ မွေးရပ်မြေကို ပြန်​ပြီး “အစ္စရေး​တို့​ရဲ့​ ဘုရား ယေဟောဝါရဲ့​ အိမ်တော်ကို ပြန်​တည်ဆောက်” ဖို့ ဘုရင် ကြေညာ​တယ်။ (ဧဇ. ၁:၁၊ ၃) စိတ်​လှုပ်ရှား​စ​ရာ​ပါ​ပဲ။ လူမျိုးတော်ကို ဘုရား ပေး​ထား​တဲ့ ပြည်​မှာ စစ်မှန်တဲ့ ဝတ်ပြုရေးကို ပြန်​တည်ဆောက်​နိုင်​တော့​မယ်။

၂။ ဂျူး​သုံ့ပန်း​တွေ ဂျေရုဆလင်​ကို ပြန်လာ​ပြီး​နောက် မကြာခင် ဘာလုပ်​ကြသလဲ။

တောင်ပိုင်း ယုဒ​နိုင်ငံ​ရဲ့ မြို့တော် ဖြစ်​ခဲ့​တဲ့ ဂျေရုဆလင်​ကို ဘီစီ ၅၃၇ မှာ သုံ့ပန်း​တွေ ပြန်​ရောက်​လာတယ်။ မကြာခင်​မှာပဲ ဗိမာန်တော် တည်ဆောက်ရေး​လုပ်ငန်း စပြီး ဘီစီ ၅၃၆ မှာ အုတ်မြစ်ချ​နိုင်​ခဲ့​ကြတယ်။

၃။ ဂျူး​တွေ ဘယ်​ဆန့်ကျင်မှု ကြုံ​ရသလဲ။

ဗိမာန်တော်ကို စ​ဆောက်​တာ​နဲ့ ပြင်းထန်​တဲ့ ဆန့်ကျင်မှု​တွေ ကြုံ​ရတယ်။ “ပတ်ဝန်းကျင်​ လူမျိုး​တွေ​က ယုဒ​လူတွေ စိတ်ဓာတ်ကျ​သွား​အောင်၊ အိမ်တော် မတည်​ဆောက်​တော့​ဘဲ စိတ်ပျက်​အားလျော့​သွား​အောင် ဆက်တိုက် နှောင့်ယှက်​ကြတယ်။” (ဧဇ. ၄:၄) အခြေအနေ ပို​ဆိုး​လာတယ်။ ဘီစီ ၅၂၂ မှာ ပါးရှား​ဘုရင်​သစ် အာတဇေရဇ် နန်းတက်​လာတယ်။ * ဒါဟာ ဆောက်လုပ်ရေး​လုပ်ငန်း အပြီးအပိုင် ရပ်တန့်​သွား​စေဖို့ အခွင့်ကောင်း​ပဲ​လို့ ဆန့်ကျင်​သူတွေ ယူဆကြတယ်။ “ဥပဒေ​ကို အသုံးချပြီး ဒုက္ခ​ပေးဖို့ ကြံစည်” ကြတယ်။ (ဆာ. ၉၄:၂၀) ဘုရင် အာတဇေရဇ်​ဆီ စာပို့​ပြီး ဂျူး​တွေ ပုန်ကန်​ဖို့ ကြံစည်​နေတယ်လို့ တိုင်​ကြတယ်။ (ဧဇ. ၄:၁၁-၁၆) သူတို့ရဲ့ အလိမ်အညာကို ဘုရင် ယုံ​သွားပြီး ဗိမာန်တော် ဆောက်လုပ်ရေး​ကို ပိတ်ပင်​လိုက်တယ်။ (ဧဇ. ၄:၁၇-၂၃) ဒါ​ကြောင့် ဂျူး​တွေ ဆက်​မ​ဆောက်​နိုင်​ကြ​တော့​ဘူး။—ဧဇ. ၄:၂၄

၄။ ဗိမာန်တော် ဆောက်လုပ်ရေး ပိတ်ပင်​ခံရ​တဲ့​အခါ ယေဟောဝါ ဘာ​လုပ်သလဲ။ (ဟေရှာယ ၅၅:၁၁)

ယေဟောဝါ​ကို ဝတ်မပြုတဲ့ အိမ်နီးချင်းတွေ​နဲ့ ပါးရှား​အစိုးရ​ အဖွဲ့ဝင် တချို့က ဗိမာန်တော် ဆောက်လုပ်ရေး​ကို တားဆီး​ဖို့ စိတ်ပိုင်း​ဖြတ်​ထား​ကြတယ်။ ဒါပေမဲ့ ယေဟောဝါ​က​တော့ ဆက်​ဆောက်​စေချင်တယ်။ ဘုရား​ရည်ရွယ်ချက် အမြဲ ပြည့်စုံ​ပါ​လိမ့်မယ်။ (ဟေရှာယ ၅၅:၁၁ ကို ဖတ်ပါ။) ဇာခရိ​ကို ပရောဖက်​အဖြစ် ဘုရား ရွေးချယ်​ပြီး စိတ်​လှုပ်ရှား​စရာ စိတ်အာရုံ ရှစ်ခု မြင်တွေ့​စေတယ်။ ဂျူး​တွေ စိတ်​အားတက်စေဖို့ အဲဒါတွေကို ဇာခရိ ပြန်ပြော​ပြ​ရမယ်။ ဆန့်ကျင်​သူတွေကို ကြောက်​ဖို့ မလို​ကြောင်း သိစေဖို့၊ ယေဟောဝါ လုပ်​စေ​ချင်​တဲ့ အလုပ်ကို ဆက်​လုပ်နိုင်ဖို့ အဲဒီ​စိတ်အာရုံ​တွေ​က ကူညီ​ပေး​ပါ​လိမ့်မယ်။ ငါး​ခု​မြောက် စိတ်အာရုံ​မှာ ဆီ​မီးတိုင်​နဲ့ သံလွင်ပင် နှစ်​ပင်ကို ဇာခရိ မြင်တယ်။

၅။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း လေ့လာ​ကြ​မလဲ။

ကျွန်တော်​တို့အားလုံး စိတ်ဓာတ်ကျ​တဲ့​အခါ​တွေ ရှိတယ်။ ဇာခရိ မြင်တွေ့​တဲ့ ငါး​ခု​မြောက် စိတ်အာရုံ​က​တစ်ဆင့် အစ္စရေး​တွေ​ကို ယေဟောဝါ အားပေးတယ်။ အဲဒီ​စိတ်အာရုံ​ကို လေ့လာခြင်း​ကနေ ကျွန်တော်​တို့ အကျိုး​ရနိုင်တယ်။ ဆန့်ကျင်မှု ကြုံ​ရတဲ့အခါ၊ အခြေအနေ အပြောင်းအလဲ ကြုံ​ရတဲ့အခါ၊ ကိုယ်​နားမလည်​တဲ့ လမ်းညွှန်ချက် ရတဲ့အခါ ယေဟောဝါ​ကို သစ္စာရှိ​ရှိ ဆက်​ဝတ်ပြုဖို့ ဒီ​စိတ်အာရုံ​က ကူညီ​ပေး​နိုင်တယ်။

ဆန့်ကျင်မှု ကြုံ​ရတဲ့အခါ

မီးခွက် ခု​နစ်​လုံး ရှိတဲ့ ဆီ​မီးတိုင်​အတွက် ဆီ​ဖြည့်ပေး​တဲ့ သံလွင်ပင် နှစ်​ပင် စိတ်အာရုံ​ကို ဇာခရိ မြင်ရ (စာပိုဒ် ၆ ကို ကြည့်​ပါ)

၆။ ဇာခရိ ၄:၁-၃ မှာ ပါ​တဲ့ ဆီ​မီးတိုင်​နဲ့ သံလွင်ပင် စိတ်အာရုံ​က ဂျူး​တွေ​ကို ဘယ်လို သတ္တိ​ရှိစေသလဲ။ (မျက်နှာဖုံး​ပုံ​ကို ကြည့်​ပါ။)

ဇာခရိ ၄:၁-၃ ကို ဖတ်ပါ။ ဆီ​မီးတိုင်​နဲ့ သံလွင်ပင် နှစ်​ပင် စိတ်အာရုံ​က ဆန့်ကျင်မှု​တွေ​ကြား ဆက်​လုပ်ဆောင်ဖို့ ဂျူး​တွေ​ကို သတ္တိ​ရှိစေတယ်။ ဘယ်လို​နည်းနဲ့လဲ။ ဆီ​မီးတိုင်​အတွက် ဆီ​မပြတ် ရ​နေတာ သတိထား​မိ​သလား။ ဆီ​ဟာ သံလွင်ပင် နှစ်​ပင်​ကနေ ဖလား​ထဲ စီး​လာတယ်။ ဖလား​ထဲ​ကနေ ဆီ​မီးတိုင် ထိပ်မှာ​ ရှိတဲ့ မီးခွက် ခု​နစ်​လုံး​ထဲ စီး​တယ်။ ဆီ​ကြောင့် မီး အဆက်မပြတ် တောက်​တယ်။ “သခင်၊ ဒါတွေ​က ဘာကို ဆိုလို​တာလဲ” လို့ ဇာခရိ မေးတော့ “‘ဒါတွေ​အားလုံး​ဟာ စစ်​အင်အား​ကြောင့် မဟုတ်ဘူး။ တန်ခိုး​အာဏာ​ကြောင့်​လည်း မဟုတ်ဘူး။ ငါ့​စွမ်းအားတော်​ကြောင့်​သာ ဖြစ်လာ​လိမ့်မယ်။’ ဒါဟာ ဗိုလ်ခြေ​တို့​ရဲ့​ အရှင် ယေဟောဝါ ပြော​တဲ့ စကား​ပဲ” လို့ ကောင်းကင်တမန် ဖြေ​တယ်။ (ဇာ. ၄:၄၊ ၆) သံလွင်ပင်​က ရတဲ့ ဆီ​ဟာ မကုန်မခမ်း​နိုင်တဲ့ ယေဟောဝါရဲ့ သန့်ရှင်းသော စွမ်းအားတော်​ကို ဆိုလိုတယ်။ ပါးရှား​အင်ပါယာ​ရဲ့ စစ်​အင်အား​ဟာ ဘုရား​စွမ်းအားတော်​နဲ့ ယှဉ်​ရင် ဘာမှ မပြော​ပ​လောက်​ဘူး။ ဗိမာန်တော် ဆောက်လုပ်​သူတွေ​ဘက်မှာ​သာ ယေဟောဝါ ရှိရင် ဘယ်​ဆန့်ကျင်မှု​ကို​မဆို တွန်းလှန်​နိုင်​ပြီး လုပ်ငန်း ပြီးမြောက်​နိုင်​ပါ​လိမ့်မယ်။ တကယ့်ကို အားရှိစရာ​ပါ​ပဲ။ ဂျူး​တွေ လုပ်​ရမှာက ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ပြီး လုပ်ငန်း ပြန်​စ​ဖို့​ပဲ။ ပိတ်ပင်​မှု ကြား​မှာ​တောင် သူတို့ အဲဒီအတိုင်း လုပ်ဆောင်ခဲ့​ကြတယ်။

၇။ ဘယ်​အပြောင်းအလဲ​က ဗိမာန်တော် ဆောက်လုပ်​သူတွေကို အတော်အတန် သက်သာရာ ရစေ​သလဲ။

အပြောင်းအလဲ​တစ်ခု​ကြောင့် ဗိမာန်တော် ဆောက်လုပ်​သူတွေ အတော်အတန် သက်သာရာ ရ​ကြတယ်။ ဘာ​အပြောင်းအလဲ​လဲ။ ဘီစီ ၅၂၀ မှာ ပထမ​မြောက် ဒါရိ​ဟာ ပါးရှား​ဘုရင်​အဖြစ် နန်းတက်​လာတယ်။ ဗိမာန်တော် ဆောက်လုပ်ရေး​ကို ပိတ်ပင်​ထား​တာ တရား​မဝင်​ကြောင်း နန်းစံ ဒုတိယ​နှစ်မှာ ဒါရိ သိလာတယ်။ ဒါနဲ့ လုပ်ငန်း​ပြီး​အောင် ဆက်​လုပ်ဖို့ ခွင့်ပြု​လိုက်တယ်။ (ဧဇ. ၆:၁-၃) ဘုရင့်​ဆုံးဖြတ်ချက်​ကို ကြား​တဲ့​အခါ ယောက်​တိုင်း အံ့ဩ​သွား​ကြတယ်။ ဒါ​တင်​မ​က ပြန်​တည်ဆောက်​ခြင်း​လုပ်ငန်း​ကို မနှောင့်ယှက်​ဖို့၊ ကုန်ကျ​စရိတ်​နဲ့ ရိက္ခာ ထောက်ပံ့ဖို့​တောင် ပတ်ဝန်းကျင်​က လူတွေကို ဘုရင် အမိန့်ပေး​လိုက်တယ်။ (ဧဇ. ၆:၇-၁၂) ရလဒ်အနေနဲ့ လေးနှစ်​ကျော်​လောက် ကြာပြီး​နောက် ဘီစီ ၅၁၅ မှာ ဗိမာန်တော်ကို ဂျူး​တွေ လက်​စ​သတ်​နိုင်​ခဲ့​ကြတယ်။—ဧဇ. ၆:၁၅

ဆန့်ကျင်မှု ကြုံ​ရတဲ့အခါ ယေဟောဝါ​ ပေး​တဲ့ အစွမ်း​ခွန်အား​ကို အားကိုးပါ (စာပိုဒ် ၈ ကို ကြည့်​ပါ)

၈။ ဆန့်ကျင်မှု ကြုံ​ရတဲ့အခါ ဘာကြောင့် သတ္တိ​ရှိ​နိုင်​သလဲ။

ဒီနေ့​ခေတ်​မှာလည်း ယေဟောဝါ​ကို ဝတ်ပြုသူ​များစွာ​ဟာ ဆန့်ကျင်မှု ကြုံနေ​ရတယ်။ ဥပမာ၊ တချို့က ဟောပြောခြင်း​လုပ်ငန်း​ကို ကန့်သတ်​ထား​တဲ့ တိုင်းပြည်​မှာ နေထိုင်ကြ​လို့ အဖမ်းခံရ​နိုင်တယ်။ သက်သေခံခွင့်​ ရအောင် “ဘုရင်ခံ​တွေ၊ ဘုရင်တွေ​ရှေ့ ပို့ဆောင်” ခံရ​နိုင်တယ်။ (မ. ၁၀:၁၇၊ ၁၈) တစ်ခါ​တ​လေ အုပ်ချုပ်ရေး​ပိုင်း အပြောင်းအလဲ​ကြောင့် သက်သာရာ ရနိုင်တယ်။ ဘက်မလိုက်​တဲ့ တရားသူကြီး​ရဲ့ စီရင်ချက်​တစ်ခု​ကြောင့် ပို​လွတ်လွတ်လပ်လပ် ဝတ်ပြုခွင့် ရနိုင်တယ်။ သက်သေခံ​တချို့က​တော့ ဆန့်ကျင်မှု နောက်​တစ်မျိုး ရင်ဆိုင်​ရတယ်။ ယေဟောဝါ​ကို လွတ်လပ်​စွာ ဝတ်ပြု​နိုင်​ပေမဲ့ ဒါကို မကြိုက်​တဲ့ မိသားစုဝင်​တွေ​ရဲ့ ဆန့်ကျင်မှု ကြုံ​ရ​ကြတယ်။ (မ. ၁၀:၃၂-၃၆) အများအားဖြင့်​တော့ ဆန့်ကျင်​သူတွေဟာ မိမိတို့ ဘယ်လောက်​ပဲ ဆန့်ကျင်​ပါစေ ယေဟောဝါ​ကို ဆက်​ဝတ်မပြု​အောင် တားဆီး​လို့ မရ​မှန်း သိသွားတဲ့​အခါ ဆက်​မဆန့်ကျင်​ကြ​တော့​ဘူး။ ကိုယ်​ထိ​လက်ရောက် ဆန့်ကျင်​ခဲ့​သူတချို့​ဆိုရင် နောက်ပိုင်း​မှာ ဇွဲ​ထက်သန်​တဲ့ သက်သေခံ ဖြစ်လာ​တာ​တောင် ရှိတယ်။ ဒါ​ကြောင့် ဆန့်ကျင်မှု ကြုံ​ရတဲ့အခါ လက်မလျှော့​ပါ​နဲ့။ သတ္တိ​ရှိပါ။ သင့်​ဘက်မှာ ယေဟောဝါ​နဲ့ သန့်ရှင်းသော စွမ်းအားတော် ရှိတဲ့​အတွက် ကြောက်စရာ ဘာ​အကြောင်း​မှ မရှိဘူး။

အခြေအနေ အပြောင်းအလဲ ကြုံ​ရတဲ့အခါ

၉။ ဗိမာန်တော်​သစ်​ကို အုတ်မြစ်ချ​ပြီး​တဲ့​အခါ ဂျူး​တချို့ ဘာကြောင့် စိတ်ပျက်​ကြသလဲ။

ဗိမာန်တော်​သစ်​ကို အုတ်မြစ်ချ​ပြီး​တဲ့​အခါ အသက်ကြီး​ပိုင်း ဂျူး​တချို့ ငိုကြွေး​ကြတယ်။ (ဧဇ. ၃:၁၂) ရှောလမုန်​ ဆောက်​ခဲ့​တဲ့ ဘုန်း​အသရေ​နဲ့ ပြည့်စုံ​တဲ့ ဗိမာန်တော်ကို မြင်ဖူး​ကြ​လို့ အခု​ ဆောက်​တဲ့ ဗိမာန်တော်​သစ်​နဲ့ “တခြား​စီ​ပဲ” လို့ ထင်​နေကြတယ်။ (ဟဂ္ဂဲ ၂:၂၊ ၃) အဟောင်း​နဲ့ အသစ်​ကို နှိုင်းယှဉ်​ပြီး တော်​တော် စိတ်ပျက်​နေကြတယ်။ စိတ်ပျက်မှုကို ကျော်လွှား​ဖို့ ဇာခရိ​ရဲ့ စိတ်အာရုံ​က ကူညီ​ပေး​ပါ​လိမ့်မယ်။ ဘယ်လို​နည်းနဲ့လဲ။

၁၀။ ဇာခရိ ၄:၈-၁၀ မှာ ပါ​တဲ့ ကောင်းကင်တမန်​ရဲ့ စကား​က စိတ်ပျက်မှုကို ကျော်လွှား​ဖို့ ဂျူး​တွေ​ကို ဘယ်လို ကူညီ​ပေး​သလဲ။

၁၀ ဇာခရိ ၄:၈-၁၀ ကို ဖတ်ပါ။ ဂျူး​တွေ​က “[ဂျူး​ဘုရင်ခံ] ဇေရုဗဗေလ​ရဲ့ လက်ထဲမှာ ချိန်သီး​ကို မြင်ပြီး ဝမ်းမြောက်​လိမ့်မယ်” လို့ ကောင်းကင်တမန် ပြော​တာ ဘာကို ဆိုလို​သလဲ။ ချိန်သီး​ဟာ တစ်​ဖြောင့်​တည်း ဖြစ်​မဖြစ် တိုင်းတာ​တဲ့ ကိရိယာ ဖြစ်တယ်။ အခု​ ဗိမာန်တော်ဟာ အရင်​ ဗိမာန်တော်​လောက် မခမ်းနား​ဘူးလို့ ထင်​ရ​ရင်တောင် ယေဟောဝါရဲ့ စံချိန်​စံညွှန်း​အတိုင်း ပြီးမြောက်​မယ်​ဆိုတာ​ကို ကောင်းကင်တမန် အာမခံ​နေတာ ဖြစ်တယ်။ ဘုရား​တောင် နှစ်သက်​ကျေနပ်​မှ​တော့ ဂျူး​တွေ​လည်း အဲဒီလိုပဲ ဖြစ်​သင့်တယ်။ ယေဟောဝါ​အတွက် အရေးကြီးဆုံး​က ဗိမာန်တော်​သစ်​မှာ ဘုရား​တောင်းဆိုချက်​တွေ​နဲ့​အညီ ဆက်​ဝတ်ပြု​နိုင်​ဖို့​ပဲ။ ဘုရား​ နှစ်သက်တဲ့​ နည်းနဲ့ ဝတ်ပြုဖို့၊ ဘုရား​မျက်နှာသာ ရဖို့ ဂျူး​တွေ အာရုံစိုက်​မယ်​ဆိုရင် ပျော်ရွှင်​လာပါလိမ့်မယ်။

အခြေအနေ​သစ်​မှာ အပြုသဘောထား မွေးမြူပါ (စာပိုဒ် ၁၁-၁၂ ကို ကြည့်​ပါ) *

၁၁။ ဒီနေ့​ခေတ်​မှာ ယေဟောဝါရဲ့ ကျေးကျွန်​တချို့ ဘယ်လို အပြောင်းအလဲ​တွေ ကြုံ​ရသလဲ။

၁၁ လူများစွာ​အတွက် အပြောင်းအလဲ လုပ်​ရတာ မလွယ်​ပါ​ဘူး။ အထူး​အချိန်ပြည့်​လုပ်ငန်း တစ်မျိုး​မျိုးမှာ နှစ်ပေါင်း​များစွာ ထမ်းဆောင်​ခဲ့​သူတချို့ တာဝန် အပြောင်းအလဲ ကြုံ​ရ​ကြတယ်။ တချို့က အသက်အရွယ်​ကြောင့် ကိုယ်​မြတ်နိုးတဲ့ အခွင့်ထူး​ကို စွန့်​ကြရတယ်။ အဲဒီလို အပြောင်းအလဲ ကြုံ​ရချိန်မှာ စိတ်ပျက်​တာ သဘာဝပါပဲ။ အစပိုင်း​မှာ ဆုံးဖြတ်ချက်​ကို အပြည့်အဝ နားလည်​ချင်​မှ နားလည်​မယ်။ သဘောတူ​ချင်​မှ တူ​မယ်။ အရင်က အခြေအနေ​တွေ​ကို ပြန်တမ်းတ​မိ​နိုင်တယ်။ အခြေအနေ​သစ်​မှာ ယေဟောဝါ​အတွက် ဘာမှ သိပ်​မလုပ်နိုင်တော့ဘူး​လို့ ထင်​ပြီး စိတ်ဓာတ်ကျ​နိုင်တယ်။ (ပညာ. ၂၄:၁၀) ဘုရား​ကို အကောင်းဆုံး ဆက်​ပေး​နေဖို့ ဇာခရိ​ရဲ့ စိတ်အာရုံ​က ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။

၁၂။ အခြေအနေ ပြောင်းလဲ​သွားတဲ့အခါ ဆက်​ပျော်ရွှင်​နေဖို့ ဇာခရိ​ရဲ့ စိတ်အာရုံ​က ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။

၁၂ အခြေအနေ​ကို ယေဟောဝါ ရှုမြင်သလို ရှုမြင်​မယ်​ဆိုရင် နေရာ​သစ်​မှာ နေသားကျ​ဖို့ ပို​လွယ်​မယ်။ ဒီနေ့​ခေတ်​မှာ ကြီးမား​တဲ့ အလုပ်တွေ ပြီးမြောက်​အောင် ယေဟောဝါ လုပ်ဆောင်​နေတယ်။ ဘုရား​ရဲ့ လုပ်ဖော်ဆောင်ဖက် ​ဖြစ်​ရတာ တကယ့်​ အခွင့်ထူးပါပဲ။ (၁ ကော. ၃:၉) တာဝန် ပြောင်းလဲ​သွား​နိုင်​ပေမဲ့ ကျွန်တော်​တို့​အပေါ် ထား​တဲ့ ယေဟောဝါရဲ့ မေတ္တာက​တော့ မပြောင်းလဲ​ပါ​ဘူး။ အဖွဲ့အစည်း​ရဲ့ အပြောင်းအလဲ​က ကိုယ့်ကို တိုက်ရိုက် ထိခိုက်လာ​ပြီ​ဆိုရင် ဘာကြောင့်လဲ​ဆိုတာ စဉ်းစား​ရင်း​နဲ့​ပဲ အချိန် မကုန်​ပါ​နဲ့။ “အရင်​ခေတ်” ကို တမ်းတ​နေမယ့်​အစား ဒီ​အပြောင်းအလဲ​ကနေ ရမယ့် ကောင်းကျိုး​တွေ​ကို မြင်​လာအောင် ကူညီ​ပေးဖို့ ယေဟောဝါ​ဆီ ဆုတောင်း​ပါ။ (ဒေ. ၇:၁၀) မ​လုပ်နိုင်​တော့​တာ​ကို တွေး​နေမယ့်​အစား လုပ်​နိုင်တာ​တွေ​ကို စဉ်းစားပါ။ ဇာခရိ​ရဲ့ စိတ်အာရုံ​ကနေ သိရ​သလို အပြုသဘောထား ရှိဖို့ အရေးကြီးတယ်။ ဒါဆိုရင် အခြေအနေ ပြောင်းလဲ​သွား​ရင်တောင် ဆက်​ပျော်ရွှင်​ပြီး သစ္စာရှိ​နေနိုင်​ပါ​လိမ့်မယ်။

လမ်းညွှန်ချက်​အတိုင်း လိုက်​ဖို့ ခက်​နေတဲ့​အခါ

၁၃။ ဗိမာန်တော် ပြန်​ဆောက်​ဖို့ ဆုံးဖြတ်​တာ​ကို ဂျူး​တချို့ ဘာကြောင့် မထောက်ခံ​ကြသလဲ။

၁၃ ဗိမာန်တော် ပြန်​တည်ဆောက်ရေး​လုပ်ငန်း ပိတ်ပင်​ခံ​လိုက်ရ​ပေမဲ့ လူမျိုးတော်ကို ဦးဆောင်ဖို့ ခန့်အပ်​ခံရ​တဲ့ ပုရောဟိတ်​မင်း ယေရွှာ (ယောရှု) နဲ့ ဘုရင်ခံ ဇေရုဗဗေလ​က “ဘုရားသခင့်​အိမ်တော် တည်ဆောက်​တဲ့​ အလုပ်ကို ပြန်​စ​ကြတယ်။” (ဧဇ. ၅:၁၊ ၂) အဲဒီ​ဆုံးဖြတ်ချက်​ကို ဂျူး​တချို့ မထောက်ခံ​ကြဘူး။ ဗိမာန်တော်ကို ရန်သူတွေ မမြင်​အောင် ပုန်းလျှိုးကွယ်လျှိုး ဆောက်​လို့ မရတဲ့​အတွက် ရန်သူတွေ မရ​မက ပိတ်ပင်​ဖို့ ကြိုးစား​မယ်​ဆိုတာ သူတို့ သိတယ်။ တာဝန်​ရှိသူ​ နှစ်ယောက် ဖြစ်​တဲ့ ဇေရုဗဗေလ​နဲ့ ယောရှုဟာ ယေဟောဝါရဲ့ ထောက်မမှု ရရှိ​ထား​တယ်​ဆို​တဲ့ အာမခံချက် လိုအပ်​တယ်။ အဲဒီ​အာမခံချက်ကို သူတို့ ရရှိခဲ့တယ်။ ဘယ်လို​နည်းနဲ့လဲ။

၁၄။ ဇာခရိ ၄:၁၂၊ ၁၄ အရ ပုရောဟိတ်​မင်း ယောရှုနဲ့ ဘုရင်ခံ ဇေရုဗဗေလ ဘယ်​အာမခံချက် ရရှိ​သလဲ။

၁၄ ဇာခရိ ၄:၁၂၊ ၁၄ ကို ဖတ်ပါ။ စိတ်အာရုံ​ထဲ​က သံလွင်ပင် နှစ်​ပင်​ဟာ “ဘိသိက်​ခံရ​သူ နှစ်ယောက်” ဖြစ်​တဲ့ ယောရှုနဲ့ ဇေရုဗဗေလ​ကို ဆိုလိုတယ်​လို့ ဇာခရိ​ကို ကောင်းကင်တမန် ပြော​တယ်။ သူတို့​နှစ်ယောက်​ဟာ “မြေတစ်ပြင်လုံး​ကို ပိုင်​စိုး​တဲ့ သခင်” ယေဟောဝါ “အနားမှာ” ပုံဆောင်​သဘော​အရ “ရပ်နေ” ကြတယ်။ တကယ့်​ အခွင့်ထူးပါပဲ။ သူတို့ကို ယေဟောဝါ ယုံကြည်​စိတ်ချ​ပြီး အသုံးပြု​နေတာ ဖြစ်လို့ သူတို့ရဲ့ ဆုံးဖြတ်ချက်​တွေ​ကို အစ္စရေး​တွေ ယုံကြည်​စိတ်ချ​သင့်တယ်။

၁၅။ ကျမ်းစာ​မှာ ပါ​တဲ့ ယေဟောဝါရဲ့ လမ်းညွှန်ချက်ကို လေးစားကြောင်း ဘယ်လို ပြ​နိုင်​သလဲ။

၁၅ ဒီနေ့​ခေတ် မိမိ​လူမျိုးကို ယေဟောဝါ လမ်းညွှန်​တဲ့ နည်း​တစ်နည်း​က​တော့ နှုတ်မြွက်တော် ကျမ်းစာ​အားဖြင့်​ပါ​ပဲ။ ဘုရား​ နှစ်သက်တဲ့​ နည်းနဲ့ ဘယ်လို ဝတ်ပြု​ရမယ်ဆိုတာ ကျမ်းစာ​မှာ ဖော်ပြ​ထား​တယ်။ ကျမ်းစာ​က​တစ်ဆင့် ရတဲ့ လမ်းညွှန်ချက်တွေကို လေးစားကြောင်း ဘယ်လို ပြ​နိုင်​သလဲ။ အချိန်​ယူ ဖတ်ရှု​လေ့လာ​ပြီး နားလည်​ဖို့ ကြိုးစား​ခြင်း​အားဖြင့်​ပါ​ပဲ။ ကိုယ့်ကိုယ်ကိုယ် ဒီလို​မေးပါ– ‘ကျမ်းစာ​နဲ့ ကျမ်းစာ​အခြေပြု​စာပေ​တွေ ဖတ်​တဲ့​အခါ ခဏ​ရပ်​ပြီး တွေးတော​ဆင်ခြင်​သလား။ “နားလည်​ရ​ခက်​တဲ့” ကျမ်းစာ​အမှန်တရားတွေကို နားလည်​ဖို့ ရှာဖွေ​လေ့လာ​သလား။ ဒါမှ​မဟုတ် အပေါ်ယံ​ပဲ အမြန် ဖတ်​လိုက်​သလား။’ (၂ ပေ. ၃:၁၆) ယေဟောဝါ သွန်သင်ပေး​တာတွေကို အချိန်​ယူ တွေးတော​ဆင်ခြင်​မယ်​ဆိုရင် ဘုရား​လမ်းညွှန်ချက်​အတိုင်း လိုက်နာ​နိုင်​မှာ ဖြစ်​ပြီး ဟောပြောခြင်း​လုပ်ငန်း ပြီးမြောက်​ပါ​လိမ့်မယ်။—၁ တိ. ၄:၁၅၊ ၁၆

“သစ္စာနဲ့ သတိ​ပညာ​ရှိတဲ့ ကျွန်” ဆီက ရတဲ့ လမ်းညွှန်ချက်ကို ယုံကြည်​စိတ်ချ​ပါ (စာပိုဒ် ၁၆ ကို ကြည့်​ပါ) *

၁၆။ “သစ္စာနဲ့ သတိ​ပညာ​ရှိတဲ့ ကျွန်” ရဲ့ လမ်းညွှန်ချက်ကို အပြည့်အဝ နားမလည်​တဲ့​အခါမှာ​တောင် လိုက်နာ​ဖို့ ဘာက ကူညီ​ပေး​မလဲ။

၁၆ ယေဟောဝါ လမ်းညွှန်​တဲ့ နောက်တစ်နည်း​က​တော့ “သစ္စာနဲ့ သတိ​ပညာ​ရှိတဲ့ ကျွန်” အားဖြင့်​ပါ​ပဲ။ (မ. ၂၄:၄၅) တစ်ခါ​တလေ သစ္စာရှိ​ကျွန်​ဆီက ရတဲ့ လမ်းညွှန်ချက်ကို ကျွန်တော်​တို့ အပြည့်အဝ နားလည်မှာ မဟုတ်ဘူး။ ဥပမာ၊ ကိုယ့်​ဒေသမှာ ဖြစ်​မှာ မဟုတ်ဘူးလို့ ထင်​ရတဲ့ သဘာဝဘေး​အတွက် ကြိုတင်​ပြင်ဆင်​ဖို့ လမ်းညွှန်ချက် တိတိကျကျ ရလာ​နိုင်တယ်။ ဒါမှ​မဟုတ် ကပ်ရောဂါ​နဲ့​ပတ်သက်ပြီး သစ္စာရှိ​ကျွန် အစိုးရိမ်လွန်​တယ်လို့ ခံစား​မိ​နိုင်တယ်။ လမ်းညွှန်ချက်တွေ လက်တွေ့​မကျ​ဘူးလို့ ထင်​တဲ့​အခါ ဘာ​လုပ်သင့်သလဲ။ ယောရှုနဲ့ ဇေရုဗဗေလ​ရဲ့ လမ်းညွှန်ချက်ကို လိုက်နာ​လို့ အစ္စရေး​တွေ ဘယ်လို အကျိုး​ရတယ်ဆိုတာ စဉ်းစား​နိုင်တယ်။ တခြား ကျမ်းစာ​မှတ်တမ်းတွေကို​လည်း စဉ်းစား​နိုင်တယ်။ လူ့​ရှုထောင့်​က ကြည့်​ရင် လက်တွေ့​မကျ​ပုံ ရပေမဲ့ အသက်ကယ်​တဲ့ လမ်းညွှန်ချက်တွေကို တစ်ခါ​တ​လေ ဘုရား​လူမျိုး ရရှိ​တယ်။—သူကြီး. ၇:၇။ ၈:၁၀

ဇာခရိ မြင်​တာ​ကို မြင်​အောင် ကြည့်​ပါ

၁၇။ ဆီ​မီးတိုင်​နဲ့ သံလွင်ပင် စိတ်အာရုံ​က ဂျူး​တွေ​အပေါ် ဘယ်လို အကျိုး​သက်ရောက်မှု ရှိသလဲ။

၁၇ ဇာခရိ​ရဲ့ ငါး​ခု​မြောက် စိတ်အာရုံ​ဟာ တို​တို​လေး ဖြစ်​ပေမဲ့ မိမိတို့​လုပ်ငန်း​နဲ့ ဝတ်ပြုရေး​အပေါ် အပြုသဘောထား ဆက်​ရှိဖို့ ဂျူး​တွေ​ကို ကူညီ​ပေးတယ်။ ဇာခရိ​ရဲ့ စိတ်အာရုံ​ကနေ သိလာတာတွေကို လိုက်နာတဲ့အခါ ယေဟောဝါရဲ့ မေတ္တာပါ ထောက်မမှု​နဲ့ လမ်းညွှန်မှုကို သူတို့ ရရှိ​ကြတယ်။ လုပ်ငန်း ဆက်​လုပ်ဖို့၊ ပျော်ရွှင်မှု ပြန်​ရဖို့ သန့်ရှင်းသော စွမ်းအားတော်​အားဖြင့် ယေဟောဝါ ကူညီ​ပေးတယ်။—ဧဇ. ၆:၁၆

၁၈။ ဇာခရိ​ရဲ့ စိတ်အာရုံ​က သင့်​ဘဝ​အပေါ် ဘယ်လို အကျိုး​သက်ရောက်​နိုင်​သလဲ။

၁၈ ဇာခရိ​ရဲ့ ဆီ​မီးတိုင်​နဲ့ သံလွင်ပင် စိတ်အာရုံ​ဟာ ကျွန်တော်​တို့​ရဲ့ ဘဝ​အပေါ်လည်း အကြီးအကျယ် အကျိုး​သက်ရောက်​နိုင်တယ်။ လေ့လာခဲ့​တဲ့​အတိုင်း ဒီ​စိတ်အာရုံ​က ဆန့်ကျင်မှု ကြုံ​ရချိန်မှာ သတ္တိ​ရှိဖို့၊ အခြေအနေ အပြောင်းအလဲ ကြုံ​ရချိန်မှာ ဆက်​ပျော်ရွှင်​ဖို့၊ ကိုယ်​နားမလည်​တဲ့ လမ်းညွှန်ချက် ရရှိ​ချိန်မှာ ဆက်​နာခံ​နိုင်အောင် ယုံကြည်​စိတ်ချ​ဖို့ ကူညီ​ပေး​နိုင်တယ်။ ဘဝမှာ အပြောင်းအလဲ​တွေ ကြုံ​ရတဲ့အခါ ဘာ​လုပ်သင့်သလဲ။ ဦးဆုံး၊ လူမျိုးတော်ကို ယေဟောဝါ ဂရုစိုက်​စောင့်ရှောက်​နေတယ်​ဆို​တဲ့ အထောက်အထား​ကို ဇာခရိ မြင်​သလို မြင်​ဖို့ ကြိုးစား​ပါ။ ပြီး​နောက် ယေဟောဝါ​ကို ယုံကြည်​ကိုးစားခြင်း၊ စိတ်နှလုံး အကြွင်းမဲ့ ဆက်​ဝတ်ပြုခြင်း​အားဖြင့် ကိုယ်​မြင်​တဲ့​အတိုင်း လုပ်ဆောင်ပါ။ (မ. ၂၂:၃၇) ဒါဆိုရင် ပျော်ရွှင်စွာ ထာဝစဉ် ဝတ်ပြု​နိုင်အောင် ယေဟောဝါ ကူညီ​ပေး​ပါ​လိမ့်မယ်။—ကော. ၁:၁၀၊ ၁၁

သီချင်း ၇ ယေဟောဝါ၊ တို့​ခွန်အား

^ အပိုဒ်၊ 5 ယေဟောဝါ​က ပရောဖက် ဇာခရိ​ကို စိတ်အာရုံ အတော်များများ မြင်တွေ့​စေတယ်။ ဇာခရိ မြင်ရ​တဲ့​အရာ​က ဇာခရိ​ကို​ရော ယေဟောဝါရဲ့ လူမျိုးကို​ပါ စစ်မှန်တဲ့ ဝတ်ပြုရေး ပြန်​တည်ဆောက်​ဖို့ ကြိုးစား​ချိန်မှာ ကြုံ​ရတဲ့ အခက်အခဲတွေကို ကျော်ဖြတ်ဖို့ ခွန်အား ရှိစေတယ်။ အဲဒီ​စိတ်အာရုံ​တွေ​က အခက်အခဲ​တွေ​ကြား ယေဟောဝါ​ကို သစ္စာရှိ​ရှိ ဝတ်ပြုဖို့ ကျွန်တော်တို့ကိုလည်း ကူညီ​ပေး​နိုင်တယ်။ ဇာခရိ မြင်ရ​တဲ့ စိတ်အာရုံ​တွေ​ထဲ​က တစ်ခု ဖြစ်​တဲ့ ဆီ​မီးတိုင်​နဲ့ သံလွင်ပင် စိတ်အာရုံ​ကနေ သင်ယူနိုင်တဲ့ အဖိုးတန် သင်ခန်းစာ​တွေ​အကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ကြ​ပါ​မယ်။

^ အပိုဒ်၊ 3 နှစ်တွေ​ကြာပြီး​နောက် ဘုရင်ခံ နေဟမိ​ခေတ်​မှာ အာတဇေရဇ်​လို့ ခေါ်​တဲ့ ဘုရင်​နောက်​တစ်ပါး နန်းတက်​လာတယ်။ သူက ဂျူး​တွေ​ကို မျက်နှာသာ​ပေးတယ်။

^ အပိုဒ်၊ 60 ပုံ​အညွှန်း– အသက်အရွယ်နဲ့ ကျန်းမာ​ရေး​ကြောင့် ပြောင်းလဲ​သွားတဲ့ အခြေအနေ​မှာ နေသားကျ​အောင် ကြိုးစားဖို့ လို​ကြောင်း ညီအစ်ကို​တစ်ယောက် သတိပြုမိ။

^ အပိုဒ်၊ 62 ပုံ​အညွှန်း– ယောရှု​နဲ့ ဇေရုဗဗေလ​ကို ယေဟောဝါ ထောက်မ​သလို “သစ္စာနဲ့ သတိ​ပညာ​ရှိတဲ့ ကျွန်” ကို ယေဟောဝါ ထောက်မ​နေတယ်​ဆိုတာ ညီအစ်မ​တစ်ယောက် စဉ်းစား​နေ။