ဧဇရ ၄:၁-၂၄

  • ဗိမာန်​တော် ပြည်​တည်​ဆောက်​ခြင်း​ကို ဆန့်​ကျင် (၁-၆)

  • ရန်​သူ​တွေ အာ​တ​ဇေ​ရဇ်​မင်း​ဆီ တိုင်​စာ​ပို့ (၇-၁၆)

  • အာ​တ​ဇေ​ရဇ်ရဲ့ ပြန်​စာ (၁၇-၂၂)

  • ဗိမာန်​တော်​တည်​ဆောက်​ခြင်း ရပ်​ဆိုင်း (၂၃၊ ၂၄)

 ပြည်​နှင်​ခံ​ရာ​က​နေ ပြန်​လာ​သူ​တွေ​ဟာ+ အစ္စရေး​တို့​ရဲ့​ဘုရား ယေဟောဝါ​အတွက် ဗိမာန်​တော် တည်​ဆောက်​နေ​မှန်း ယုဒ​နဲ့ ဗင်​ယာ​မိန်​အမျိုး​ရဲ့ ရန်​သူ​တွေ+ ကြား​တဲ့​အခါ၊ ၂  ဇေရု​ဗ​ဗေ​လ​နဲ့ ဆွေ​မျိုး​စု​ခေါင်း​ဆောင်​တွေ​ဆီ ရောက်​လာ​ပြီး “ငါ​တို့​လည်း မင်း​တို့​ရဲ့​ဘုရား​သခင်​ကို ကိုးကွယ်​တာ​ပဲ။+ ငါ​တို့​ကို ဒီ​နေ​ရာ​ခေါ်​လာ​တဲ့+ အဆီး​ရီး​ယား​ဘုရင် ဧ​သရ​ဟ​ဒုန်+ လက်​ထက်​က​တည်း​က အဲဒီ​ဘုရား​ဆီ ပူ​ဇော်ခဲ့​ကြ​တာ။ ဒါ​ကြောင့် အိမ်​တော်​တည်​ဆောက်​တဲ့ အလုပ်​မှာ မင်း​တို့​နဲ့​အတူ ပါ​ဝင်​ပါ​ရ​စေ” လို့​ပြော​တယ်။ ၃  ဒါ​ပေမဲ့ ဇေ​ရု​ဗ​ဗေ​လ၊ ယေ​ရွှာ​နဲ့ ကျန်​တဲ့​အစ္စရေး ဆွေ​မျိုး​စု​ခေါင်း​ဆောင်​တွေ​က “ကျွန်​တော်​တို့​ရဲ့ ဘုရား​သခင်​အတွက် အိမ်​တော် တည်​ဆောက်​တဲ့​အလုပ်​မှာ ခင်​ဗျား​တို့ ပါ​စ​ရာ​မလို​ဘူး။+ ပါး​ရှား​ဘုရင်ဆိုင်း​ရပ် မိန့်မှာ​ခဲ့​တဲ့​အတိုင်း အစ္စရေး​တို့​ရဲ့​ဘုရား ယေဟောဝါ​အတွက် အိမ်​တော်​ကို ကျွန်​တော်​တို့​ပဲ တည်​ဆောက်​မယ်”+ လို့​ပြော​လိုက်​တယ်။ ၄  အဲဒီ​အခါ  ပတ်​ဝန်း​ကျင်​လူမျိုး​တွေက  ယုဒ​လူ​တွေ  စိတ်​ဓာတ်​ကျ​သွား​အောင်၊  အိမ်​တော်   မတည်​ဆောက်​တော့​ဘဲ  စိတ်​ပျက်​အား​လျော့​သွား​အောင် ဆက်​တိုက် နှောင့်​ယှက်​ကြ​တယ်။+ ၅  ပါး​ရှား​ဘုရင် ဆိုင်း​ရပ်​လက်​ထက်​က​နေ ပါး​ရှား​ဘုရင် ဒါ​ရိ​လက်​ထက်​အထိ+ အကြံ​ပေး​အရာ​ရှိ​တွေ ငှား​ရမ်း​ပြီး ယုဒ​လူ​တွေ​ရဲ့ အစီ​အစဉ်တွေ ပျက်​သွား​အောင် လုပ်​ကြ​တယ်။+ ၆  အာ​ရွှေ​ရု​နန်း​စံ​ချိန် အစ​ပိုင်း​မှာ ယုဒ​ပြည်​သား​တွေ​နဲ့ ဂျေရု​ဆ​လင်​မြို့​သား​တွေ​ကို စွပ်​စွဲ​တဲ့ စာ​တစ်​စောင် ရေး​ကြ​တယ်။ ၇  ပါး​ရှား​ဘုရင် အာ​တ​ဇေ​ရဇ် လက်​ထက်​မှာ​လည်း ဗိ​ရှ​လံ၊ မိ​သရေ​ဒတ်၊ တ​ဗေ​လ​နဲ့ အပေါင်း​ပါ​တွေ​က အာ​တ​ဇေ​ရ​ဇ်​ဆီ စာ​ရေး​ပို့​တယ်။ အဲဒီ​စာ​ကို အာ​ရ​မိတ်​စကား၊+ အာ​ရ​မိတ်​အက္ခရာ​နဲ့​ရေး​ပြီး ဘာ​သာ​ပြန်​လိုက်​တယ်။ ၈  * အစိုးရ​အရာ​ရှိ​ချုပ်  ရေ​ဟုံ​နဲ့ ကျမ်း​ကူး​သူ ရှိ​မရှဲ​တို့​က ဂျေရု​ဆ​လင်​မြို့​နဲ့ ပတ်​သက်​တဲ့ စွပ်​စွဲ​ချက်​တစ်​စောင် ရေး​ပြီး အာ​တ​ဇေ​ရ​ဇ်​မင်း​ဆီ ပို့​လိုက်​တယ်။ ၉  (အစိုးရ​အရာ​ရှိ​ချုပ် ရေ​ဟုံ၊ ကျမ်း​ကူး​သူ ရှိ​မရှဲ၊ အပေါင်း​ပါ​တွေ​ဖြစ်​တဲ့ တရား​သူကြီး​တွေ၊ လက်​ထောက်​ဘုရင်​ခံ​တွေ၊ အတွင်း​ဝန်​တွေ၊ ဧ​ရက်​မြို့​သား​တွေ၊+ ဗာ​ဗု​လုန်​မြို့​သား​တွေ၊ ဧ​လံ​လူမျိုး+ ရှု​ရှန်​မြို့​သား​တွေ၊+ ၁၀  ဘုရင်​မင်းမြတ် အာ​သန​ပါ ဖမ်း​ခေါ်​သွား​ပြီး ရှမာရိ​မြို့​တွေ​မှာ နေ​ရာ​ချ​ထား​ပေး​တဲ့+ တခြား​လူမျိုး​တွေ၊ မြစ်​ကြီး* တစ်​ဖက်​ကမ်း​မှာ နေ​ထိုင်​သူ​တွေ​က  အဲဒီ​စာ​ကို  ရေး​ပို့​လိုက်ကြ​တာ။ ၁၁  ဒါ​က​တော့ အဲဒီ​စာ​ကို ကူး​ရေး​ထား​တဲ့​စာ​ပဲ။) “အာ​တ​ဇေ​ရ​ဇ်​မင်း​ကြီး​ထံ​သို့၊ မြစ်​ကြီး​တစ်​ဖက်​ကမ်း​မှာ  နေ​ထိုင်​ကြ​တဲ့ ကျွန်​တော်​တို့ လျှောက်​ထား​အပ်​ပါတယ်။ ၁၂  ကျွန်​တော်​တို့​ဆီ မင်း​ကြီး​ပြန်​လွှတ်​လိုက်​တဲ့ ဂျူး​တွေ ဂျေရု​ဆ​လင်​မြို့​ကို ရောက်​နေ​ပြီ။ ပုန်​ကန်​တတ်​တဲ့​မြို့၊ ဆိုး​ညစ်​တဲ့​မြို့​ကို ပြန်​တည်​ဆောက်​ပြီး မြို့​ရိုး​ကို အပြီး​သတ်​နေ​ပြီ။+ အုတ်​မြစ်​တွေ​ကို​လည်း ပြု​ပြင်​နေ​ပြီဆို​တဲ့​အကြောင်း မင်း​ကြီး​ကို အသိ​ပေး​အပ်​ပါ​တယ်။ ၁၃  ဒီ​မြို့​ကို ပြန်​တည်​ဆောက်​ပြီး မြို့​ရိုး​လည်း ပြီး​စီး​သွား​မယ်​ဆို​ရင် လူ​ခွန်၊ ပစ္စည်း​ခွန်၊+ ဖြတ်​သန်း​ခ​တွေ​ကို သူတို့​ပေး​ကြ​မှာ​တော့ မဟုတ်​ဘူး။ ဒါ​ဆို​ရင် ဘဏ္ဍာ​တော် ဆုံး​ရှုံး​လိမ့်​မယ်​ဆို​တာ မင်း​ကြီး​ကို အသိ​ပေး​အပ်​ပါ​တယ်။ ၁၄  ကျွန်​တော်​တို့​ဟာ နန်း​တော်​က​ပေး​တဲ့ လ​စာ​ကို ယူ​နေ​သူ​တွေ* ဖြစ်​တာ​ကြောင့် မင်း​ကြီး​ရဲ့​အကျိုး​စီး​ပွား ထိ​ခိုက်​မှာ​ကို မမြင်​လို​ပါ​ဘူး။ ဒါ​ကြောင့် မင်း​ကြီး​ဆီ အခု​လို စာ​ရေး​ပြီး အသိ​ပေး​ရ​တာ​ပါ။ ၁၅  ဘိုး​တော်​ဘေး​တော်​တို့​ရဲ့ မှတ်​တမ်း​မှာ စစ်​ဆေး​ကြည့်​နိုင်​ပါ​တယ်။+ ဒီ​မြို့​ဟာ ရှေး​အချိန်​က​တည်း​က ပုန်​ကန်​တတ်​တဲ့​မြို့၊ ဘုရင်​တွေ​နဲ့ ခ​ရိုင်​မြို့​တွေ​ကို ဒုက္ခ​ပေး​တတ်​တဲ့​မြို့၊ ဆူ​ပူ​ထ​ကြွ​အောင် လှုံ့​ဆော်​ပေး​သူ​တွေ နေ​ထိုင်​တဲ့​မြို့​ဖြစ်​မှန်း မင်း​ကြီး တွေ့​ရ​ပါ​လိမ့်​မယ်။ ဒါ​ကြောင့် ဒီ​မြို့ ဖျက်​ဆီး​ခံ​ခဲ့​ရ​တာ​ပါ။+ ၁၆  ဒီ​မြို့​ကို​သာ ပြန်​တည်​ဆောက်​ပြီး မြို့​ရိုး​လည်း ပြီး​စီး​သွား​မယ်​ဆို​ရင် မင်း​ကြီး​ဟာ မြစ်​ကြီး တစ်​ဖက်​ကမ်း​မှာ​ရှိ​တဲ့+ နယ်​မြေကို ထိန်း​ချုပ်​နိုင်​စွမ်း​ရှိ​တော့​မှာ မဟုတ်​ဘူး​ဆို​တာ လျှောက်​ထား​အပ်​ပါ​တယ်။” ၁၇  အဲဒီ​အခါ ဘုရင်​အာ​တ​ဇေ​ရ​ဇ်​က အစိုးရ​အရာ​ရှိ​ချုပ် ရေ​ဟုံ၊ ကျမ်း​ကူး​သူ ရှိ​မရှဲ၊ ရှမာရိ​မြို့​မှာ​နေ​ထိုင်​တဲ့ သူတို့​ရဲ့​အပေါင်း​ပါ​တွေ၊ မြစ်​ကြီး တစ်​ဖက်​ကမ်း​မှာ နေ​ထိုင်​သူ​တွေ​ကို စာ​ပြန်​လိုက်​တယ်– “ငါ​ကိုယ်​တော်မြတ် နှုတ်​ခွန်း​ဆက်​သလိုက်​တယ်။ ၁၈  မင်း​တို့​ပို့​တဲ့ စာ​ကို ငါ့​ရှေ့​မှာ အသေအချာ ဖတ်​ပြကြ​တယ်။* ၁၉  ငါ့​အမိန့်​အရ စစ်​ဆေး​ကြည့်​တဲ့​အခါ အဲဒီ​မြို့​ဟာ ရှေး​အချိန်​ကတည်း​က ဘုရင်​တွေ​ကို ပုန်​ကန်​တဲ့​မြို့၊ ပုန်​ကန်​ထ​ကြွ​မှု၊ တော်​လှန်​မှု​တွေ ဖြစ်​ပွား​တဲ့​မြို့​ဆို​တာ ငါ​သိ​လိုက်​ရ​ပြီ။+ ၂၀  ဂျေရု​ဆ​လင်​မြို့​ကို  အုပ်​ချုပ်​တဲ့ တန်ခိုး​ကြီး​ဘုရင်​တွေ​ဟာ မြစ်​ကြီး​တစ်​ဖက်​က နယ်​မြေအားလုံး​ကို အုပ်​စိုး​ပြီး လူခွန်၊ ပစ္စည်း​ခွန်၊ ဖြတ်​သန်း​ခ​တွေ​ကို  ကောက်​ခံ​ခဲ့​ကြ​တာ​ပဲ။ ၂၁  ဒါ​ကြောင့်  ငါ့​အမိန့်​မရ​မချင်း မြို့​ပြန်​တည်​ဆောက်​နေ​တာ​ကို  ရပ်​ဆိုင်း​ထား​ဖို့ အဲဒီ​လူ​တွေ​ကို  အမိန့်​ထုတ်​လိုက်​ပါ။ ၂၂  ငါ​ကိုယ်​တော်မြတ်​ရဲ့ အကျိုး​စီး​ပွား နောက်​ထပ်  ထိ​ခိုက်​မှု မရှိ​ရ​အောင် ဒီ​ကိစ္စ​ကို မပေါ့​ဆ​ဘဲ ဂရု​တ​စိုက် လုပ်​ဆောင်​ကြ​ပါ။”+ ၂၃  အာ​တ​ဇေ​ရ​ဇ်​မင်း ထုတ်​ပြန်​တဲ့​စာ ဖတ်​ပြတာ​ကို နား​ထောင်​လို့​ပြီး​တာနဲ့ ရေ​ဟုံ၊ ကျမ်း​ကူး​သူ ရှိ​မရှဲ​နဲ့အပေါင်း​ပါ​တွေ​က ဂျူး​တွေ​ရှိ​ရာ ဂျေရု​ဆလင်​မြို့​ကို ရောက်​လာ​ပြီး သူတို့​ရဲ့​အလုပ်​ကို အတင်း​အဓမ္မ ရပ်​ဆိုင်း​ခိုင်း​တယ်။ ၂၄  ဒါ​ကြောင့် ဂျေရု​ဆ​လင်​မြို့​မှာ ဘုရား​သခင့်​အိမ်​တော် တည်​ဆောက်​တဲ့​အလုပ် ရပ်​ဆိုင်း​သွား​တယ်၊ ပါး​ရှား​ဘုရင်​ဒါ​ရိ  နန်း​စံ  ဒုတိ​ယ​နှစ်​အထိ​ပဲ။+

အောက်ခြေမှတ်ချက်များ

မူ​ရင်း​မှာ ဧ​ဇ ၄:၈-၆:၁၈ အထိ အာ​ရ​မိတ်​လို ရေး​ထား။
ယူ​ဖရေး​တီး​မြစ်။
မူ​ရင်း၊ “နန်း​တွင်း​ဆား​ကို စား​သုံး​နေ​သူ​တွေ။”
“ဘာ​သာ​ပြန်​ပြီး ဖတ်​ပြကြ​ပြီ” လည်း​ဖြစ်​နိုင်။