မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိတ်ဆွေစစ်တွေကို ဘယ်လိုရွေးချယ်နိုင်မလဲ

မိတ်ဆွေစစ်တွေကို ဘယ်လိုရွေးချယ်နိုင်မလဲ

ဘုရားသခင့်စကားတော်မှ သင်ယူပါ

မိတ်ဆွေစစ်တွေကို ဘယ်လိုရွေးချယ်နိုင်မလဲ

ဒီဆောင်းပါးမှာ သင် မေးကောင်းမေးခဲ့ဖူးတဲ့ မေးခွန်းတွေကို တင်ပြထားပြီး အဖြေတွေကို သမ္မာကျမ်းစာရဲ့ ဘယ်နေရာမှာ တွေ့ရှိနိုင်တဲ့အကြောင်း ဖော်ပြပေးထားပါတယ်။ ယေဟောဝါသက်သေတွေက အဖြေတွေကို သင်နဲ့အတူ ဆွေးနွေးလိုကြပါတယ်။

၁။ မိတ်ဆွေတွေကို ဘာကြောင့် ဂရုတစိုက် ရွေးချယ်သင့်သလဲ။

လူအများစုက အပယ်ခံ မဖြစ်ချင်ကြပါဘူး။ အဲဒါကြောင့်လည်း ဝန်းကျင်မှာရှိတဲ့သူတွေ လုပ်သလို ကျွန်ုပ်တို့ လိုက်လုပ်ကြတာဖြစ်ပါတယ်။ ဒါကိုကြည့်ရင် မိတ်ဆွေတွေက ကျွန်ုပ်တို့ရဲ့ စိတ်သဘောထားကို လွှမ်းမိုးနိုင်တယ်ဆိုတာ သိရတယ်။ ကျွန်ုပ်တို့ ရွေးချယ်လိုက်တဲ့ မိတ်ဆွေတွေက ကျွန်ုပ်တို့ကို ပုံသွင်းပေးနိုင်ပါတယ်။သု. ၄:၂၃; ၁၃:၂၀ ကိုဖတ်ပါ။

ကျမ်းရေးသူ ဒါဝိဒ်ဟာ မိတ်ဆွေတွေကို ပညာရှိရှိ ရွေးချယ်ပေါင်းသင်းခဲ့ပါတယ်။ သူဟာ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တဲ့သူအနေနဲ့ မိမိရဲ့ဖြောင့်မတ်မှုကို ဆက်စောင့်ထိန်းနိုင်အောင် ကူညီပေးမယ့်သူတွေကိုပဲ ပေါင်းသင်းခဲ့တယ်။ (ဆာလံ ၂၆:၄၊ ၅၊ ၁၁၊ ၁၂) ဥပမာ၊ ယောနသန်နဲ့ ဒါဝိဒ် မိတ်ဆွေဖွဲ့ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယေဟောဝါဘုရားသခင်အပေါ် ဒါဝိဒ် ယုံကြည်ကိုးစားဖို့ ယောနသန် အားပေးခဲ့လို့ပါပဲ။—၁ ရာ. ၂၃:၁၆-၁၈ ကိုဖတ်ပါ။

၂။ ဘုရားသခင်ရဲ့ မိတ်ဆွေ ဘယ်လိုဖြစ်နိုင်မလဲ။

ယေဟောဝါဘုရားသခင်ဟာ ဘယ်သူမှ တုနှိုင်းမမီနိုင်တဲ့ တန်ခိုးရှင်ဖြစ်ပေမဲ့ ကိုယ်တော်နဲ့ မိတ်ဆွေဖြစ်နိုင်ပါတယ်။ ဥပမာ၊ အာဗြဟံဟာ ဘုရားသခင်ရဲ့ မိတ်ဆွေဖြစ်ပါတယ်။ ဘုရားသခင်ကို သူ ယုံကြည်ကိုးစားပြီး နာခံတဲ့အတွက် သူ့ကို ဘုရားသခင်က မိတ်ဆွေအဖြစ် သတ်မှတ်ခဲ့တာပါ။ (ကမ္ဘာဦး ၂၂:၂၊ ၉-၁၂; ယာကုပ် ၂:၂၁-၂၃) ဘုရားသခင်ကို ကျွန်ုပ်တို့ ယုံကြည်ကိုးစားပြီး ကိုယ်တော် တောင်းဆိုထားရာတွေကို လုပ်ဆောင်မယ်ဆိုရင် ကျွန်ုပ်တို့လည်း ဘုရားသခင်ရဲ့ မိတ်ဆွေတွေ ဖြစ်လာနိုင်ပါတယ်။—ဆာလံ ၁၅:၁၊ ၂ ကိုဖတ်ပါ။

၃။ မိတ်ဆွေစစ်တွေ ရှိခြင်းကနေ ဘယ်လိုအကျိုးရနိုင်သလဲ။

မိတ်ဆွေစစ်တွေဟာ ခင်မင်ရင်းနှီးမှုကို တန်ဖိုးထားပြီး မှန်ရာကိုပြုလုပ်ဖို့ အားပေးတယ်။ (သု. ၁၇:၁၇; ၁၈:၂၄) ဥပမာ၊ ယောနသန်ဟာ ဒါဝိဒ်ထက် အသက် ၃၀ ကြီးပုံရတဲ့အပြင် အစ္စရေးမင်းလောင်းလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်က ဒါဝိဒ်ကို ဘုရင်အဖြစ် ရွေးချယ်လိုက်တဲ့အတွက် ဒါဝိဒ်အပေါ် စောင့်သိရိုသေပြီး ထောက်မပေးခဲ့ပါတယ်။ မိတ်ဆွေစစ်တွေဟာ သင့်လုပ်ရပ်တွေ မှားနေတာကို သိမြင်ရင် ပြုပြင်တည့်မတ်ပေးဖို့လည်း ကြောက်မှာမဟုတ်ပါဘူး။ (ဆာလံ ၁၄၁:၅) ဘုရားသခင်ကိုချစ်တဲ့ မိတ်ဆွေတွေဟာ အကျင့်ကောင်းတွေ ကျင့်နိုင်အောင် သင့်ကို ကူညီပေးမှာဖြစ်တယ်။—၁ ကောရိန္သု ၁၅:၃၃ ကိုဖတ်ပါ။

မှန်တာကို လုပ်ဆောင်ဖို့ သင့်ကို ကူညီပေးမယ့်သူတွေကို ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုရာခန်းမမှာ တွေ့ရှိနိုင်ပါတယ်။ ဘုရားသခင်ရဲ့စိတ်တော်နဲ့တွေ့ဖို့ သင့်ရဲ့ ကြိုးစားမှုကို အားပေးမယ့် မိတ်ဆွေတွေကို အဲဒီခန်းမမှာ တွေ့ရမှာဖြစ်ပါတယ်။—ဟေဗြဲ ၁၀:၂၄၊ ၂၅ ကိုဖတ်ပါ။

ဒါပေမဲ့ ဘုရားသခင်ကိုချစ်တဲ့ မိတ်ဆွေတွေတောင် ကျွန်ုပ်တို့ကို စိတ်ပျက်အောင် တစ်ခါတလေ လုပ်မိတတ်ကြပါတယ်။ သူတို့ရဲ့ လုပ်ရပ်မှားတွေကြောင့် အလွယ်တကူ စိတ်အနှောင့်အယှက် မဖြစ်ပါနဲ့။ (ဒေ. ၇:၉၊ ၂၀-၂၂) ပြီးပြည့်စုံတဲ့ မိတ်ဆွေဆိုတာ မရှိပါဘူး။ ဒါပေမဲ့ ဘုရားသခင်ကိုချစ်တဲ့ မိတ်ဆွေတွေက ကျွန်ုပ်တို့အတွက် အရေးပါတယ်ဆိုတာကို သတိရပါ။ ယေဟောဝါဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တဲ့သူ အချင်းချင်းရဲ့ အားနည်းချက်တွေ၊ အမှားတွေကို တေးမှတ်မထားဖို့ ကျမ်းစာက တိုက်တွန်းပါတယ်။—ကောလောသဲ ၃:၁၃ ကိုဖတ်ပါ။

၄။ သင့်ရဲ့မိတ်ဆွေပါလို့ ပြောကြတဲ့သူတွေက သင့်ကို အတိုက်အခံပြုရင်ကော။

သမ္မာကျမ်းစာကို နားလည်ဖို့ အကူအညီစယူတဲ့အချိန်မှာ မိတ်ဆွေဟောင်းတချို့က အတိုက်အခံပြုလာတာကို လူအတော်များများ သတိပြုမိကြတယ်။ သမ္မာကျမ်းစာမှာပါရှိတဲ့ လက်တွေ့ကျ အကြံပြုချက်တွေ ဒါမှမဟုတ် စိတ်ချရတဲ့ မျှော်လင့်ချက်ကို အဲဒီမိတ်ဆွေတွေ မသိကြလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူတို့ကို သင် ကူညီပေးနိုင်ပါတယ်။—ကောလောသဲ ၄:၆ ကိုဖတ်ပါ။

မိတ်ဆွေပါလို့ ပြောကြတဲ့သူတချို့က သမ္မာကျမ်းစာမှာပါတဲ့ သတင်းကောင်းကို ပြောင်လှောင်ကြမှာဖြစ်တယ်။ (၂ ပေတရု ၃:၃၊ ၄) တချို့ကျတော့ မှန်ရာကို သင် ကြိုးစားလုပ်ဆောင်တာကို ကဲ့ရဲ့ရင်လည်း ကဲ့ရဲ့နိုင်တယ်။ (၁ ပေတရု ၄:၄) အဲဒီလိုမျိုး သင် တွေ့ကြုံနေရတယ်ဆိုရင် ဘယ်သူ့ရဲ့ မိတ်ဆွေဖြစ်မလဲဆိုပြီး ရွေးချယ်ရပါတော့မယ်။ သူတို့ရဲ့ မိတ်ဆွေဖြစ်ချင်သလား၊ ဘုရားသခင်ရဲ့ မိတ်ဆွေဖြစ်ချင်သလား။ တကယ်လို့ ဘုရားသခင်ရဲ့မိတ်ဆွေ ဖြစ်ချင်တယ်ဆိုရင် ဘယ်သူမဆို ရရှိနိုင်တဲ့ အကောင်းဆုံးမိတ်ဆွေကို သင် ရရှိမှာဖြစ်ပါတယ်။—ယာကုပ် ၄:၄၊ ကိုဖတ်ပါ။

ပိုပြီးသိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်၏ အခန်း ၁၂ နဲ့ ၁၉ မှာဖတ်ကြည့်နိုင်ပါတယ်။