ဘုရားသခင့်စကားတော်မှ သင်ယူပါ
ယေရှုခရစ်က ဘယ်သူလဲ
ဒီဆောင်းပါးမှာ သင် မေးကောင်းမေးခဲ့ဖူးတဲ့ မေးခွန်းတွေကို တင်ပြထားပြီး အဖြေတွေကို သင့်ကျမ်းစာရဲ့ ဘယ်နေရာမှာ တွေ့ရှိနိုင်တဲ့အကြောင်း ဖော်ပြပေးထားပါတယ်။ ယေဟောဝါသက်သေတွေက အဖြေတွေကို သင်နဲ့အတူ ဝမ်းမြောက်ဝမ်းသာ ဆွေးနွေးလိုကြပါတယ်။
ယေရှုခရစ်က ဘယ်သူလဲ
ယေရှု မြေကြီးပေါ်မှာ လူသားအဖြစ် မမွေးဖွားခင်က ကောင်းကင်မှာ ဝိညာဉ်သားတစ်ဦးအဖြစ် နေထိုင်ခဲ့တယ်။ (ယောဟန် ၈:၂၃) ယေရှုဟာ ဘုရားသခင်ရဲ့ ဖန်ဆင်းရာတွေထဲမှာ ပထမဦးဆုံးဖြစ်တယ်။ အဲဒီနောက် တခြားအရာတွေကို ဘုရားသခင် ဖန်ဆင်းတဲ့အခါမှာ ယေရှု အကူအညီပေးခဲ့တယ်။ ယေရှုကိုပဲ ဘုရားသခင် တိုက်ရိုက်ဖန်ဆင်းခဲ့တဲ့အတွက် သူ့ကို ဘုရားသခင်ရဲ့ ‘တစ်ဦးတည်းသော’ သားတော်လို့ ခေါ်ဆိုတယ်။ ယေရှုဟာ ဘုရားသခင်ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် လုပ်ဆောင်ခဲ့တဲ့အတွက် သူ့ကို ‘နှုတ်ထွက်စကားတော်’ လို့လည်း ခေါ်တယ်။—ယောဟန် ၁:၁-၃၊ ၁၄; သု. ၈:၂၂၊ ၂၃၊ ၃၀; ကောလောသဲ ၁:၁၅၊ ၁၆ တို့ကိုဖတ်ပါ။
ယေရှု ဘာကြောင့် ကမ္ဘာပေါ် ကြွလာရတာလဲ
ဘုရားသခင်ဟာ သားတော်ရဲ့အသက်ကို မာရိဆိုတဲ့ အပျိုစင် ဂျူးအမျိုးသမီးရဲ့ သားအိမ်ထဲ ရွှေ့ပြောင်းပေးပြီး ကမ္ဘာပေါ်ကို စေလွှတ်လိုက်တယ်။ ဒါကြောင့် ယေရှုမှာ လူသားဖခင် မရှိတာပါ။ (လုကာ ၁:၃၀-၃၅) ယေရှု ကမ္ဘာပေါ် ကြွလာရတဲ့အကြောင်းရင်းက (၁) ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားကို သွန်သင်ပေးဖို့၊ (၂) ဘုရားသခင့်အလိုတော်ဆောင်ရာမှာ စံနမူနာပြဖို့၊ (၃) သူ့ရဲ့စုံလင်တဲ့ လူ့အသက်ကို “ရွေးနုတ်ဖိုး” အဖြစ် ပေးဆက်ဖို့ပါ။—မဿဲ ၂၀:၂၈; ယောဟန် ၁၈:၃၇ တို့ကိုဖတ်ပါ။
ဘာကြောင့် ရွေးနုတ်ဖိုး လိုအပ်ရတာလဲ
ရွေးနုတ်ဖိုးဆိုတာ လူတစ်ဦး အချုပ်အနှောင်ကနေ လွတ်မြောက်ဖို့ ပေးဆက်ရတဲ့ အခဖြစ်တယ်။ လူသားတွေအတွက် ဘုရားသခင်ရဲ့ မူလရည်ရွယ်ချက်ထဲမှာ အိုမင်းမှုနဲ့ သေဆုံးမှုတို့ မပါဘူး။ ဒါကို ကျွန်ုပ်တို့ ဘယ်လိုလုပ် သိရသလဲ။ ပထမဆုံးလူသားဖြစ်တဲ့ အာဒံကို ဘုရားသခင်ပြောတဲ့စကားကနေ သိနိုင်ပါတယ်။ တကယ်လို့ ကျမ်းစာပြောတဲ့ အပြစ်ဆိုတဲ့အရာကို အာဒံ ကျူးလွန်မယ်ဆိုရင် သေရလိမ့်မယ်လို့ ဘုရားသခင် ကြိုပြောခဲ့တယ်။ အာဒံအပြစ်မပြုလုပ်ခဲ့ရင် သူ ဘယ်တော့မှ သေရမှာမဟုတ်ဘူး။ အာဒံဟာ ရာစုနှစ်များစွာကြာတဲ့အထိ ဆက်အသက်ရှင်ခဲ့ပေမဲ့ ဘုရားသခင့်စကား နားမထောင်တဲ့နေ့ကစပြီး သေဖို့အကြောင်းဖန်လာတယ်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇; ၅:၅) အာဒံဟာ အပြစ်နဲ့ အပြစ်ကြောင့် ခံရမယ့် ပြစ်ဒဏ်ဖြစ်တဲ့ သေခြင်းကို သူ့ရဲ့သားစဉ်မြေးဆက်ဆီ လက်ဆင့်ကမ်းပေးလိုက်တယ်။ ဒီလိုနဲ့ သေခြင်းတရားဟာ အာဒံကနေတစ်ဆင့် လူသားထုတစ်ရပ်လုံးဆီကို “ဝင်” လာခဲ့တယ်။ ဒါကြောင့် ကျွန်ုပ်တို့ ရွေးနုတ်ဖိုး လိုအပ်ရတာဖြစ်တယ်။—ရောမ ၅:၁၂; ၆:၂၃ တို့ကိုဖတ်ပါ။
ယေရှု ဘာကြောင့် သေဆုံးရတာလဲ
ကျွန်ုပ်တို့ကို သေခြင်းကနေ ကယ်နုတ်ဖို့ ဘယ်သူက ရွေးနုတ်ဖိုးပေးနိုင်သလဲ။ ကျွန်ုပ်တို့ကိုယ်တိုင်ရဲ့ အပြစ်တွေကြောင့် ပြစ်ဒဏ်အနေနဲ့ ကျွန်ုပ်တို့ သေဆုံးရတာဖြစ်တယ်။ မစုံလင်တဲ့ ကျွန်ုပ်တို့ဟာ တခြားသူတွေရဲ့အပြစ်တွေအတွက် ရွေးနုတ်ဖိုးမပေးနိုင်ပါဘူး။—ဆာလံ ၄၉:၇-၉ ကိုဖတ်ပါ။
ယေရှုဟာ လူသားဖခင်ကနေ မစုံလင်မှုကို အမွေမရထားတဲ့အတွက် သူသေဆုံးတဲ့အခါ သူ့အပြစ်တွေအတွက်မဟုတ်ဘဲ တခြားသူတွေရဲ့အပြစ်တွေအတွက် သေပေးရတာဖြစ်တယ်။ ဘုရားသခင်ဟာ သားတော်ကိုစေလွှတ်ပြီး အသေခံစေတာက လူသားတွေကို အလွန်ချစ်ကြောင်း ဖော်ပြလိုက်တာပဲ။ ယေရှုလည်း ခမည်းတော်ရဲ့စကားကို နာခံပြီး ကျွန်ုပ်တို့ရဲ့အပြစ်တွေအတွက် သူ့ရဲ့အသက်ကို ပေးဆက်ခြင်းနဲ့ ကျွန်ုပ်တို့ကိုချစ်ကြောင်း ဖော်ပြခဲ့တယ်။—ယောဟန် ၃:၁၆; ရောမ ၅:၁၈၊ ၁၉ တို့ကိုဖတ်ပါ။
ယေရှု အခု ဘာလုပ်နေသလဲ
ယေရှုဟာ ဖျားနာသူတွေကို ကုသပေးတယ်၊ သေလွန်သူတွေကို အသက်ပြန်ရှင်စေတယ်၊ အပြစ်နဲ့သေခြင်းကနေ လူတွေကိုကယ်တင်ဖို့ သူ့ရဲ့အသက်ကို ပေးဆက်ခဲ့တယ်။ အဲလိုလုပ်ရပ်တွေက နာခံမှုရှိတဲ့ လူသားတွေအတွက် နောက်ပိုင်းမှာ ယေရှုလုပ်ဆောင်ပေးမယ့်အရာတွေကို ကြိုတင်ဖော်ပြလိုက်တာပါပဲ။ (လုကာ ၁၈:၃၅-၄၂; ယောဟန် ၅:၂၈၊ ၂၉) ယေရှု သေဆုံးပြီးတဲ့နောက်မှာ ဘုရားသခင်က သူ့ကို ဝိညာဉ်သားတစ်ဦးအဖြစ် အသက်ပြန်ရှင်စေခဲ့တယ်။ (၁ ပေတရု ၃:၁၈) အဲဒီနောက် ယေရှုဟာ ဘုရင်အဖြစ် ကမ္ဘာတစ်ခုလုံးကို အုပ်ချုပ်ဖို့ ယေဟောဝါဘုရားသခင်ဆီက အခွင့်အာဏာမရမချင်း ကိုယ်တော့်လက်ယာဘက်မှာ ထိုင်စောင့်ခဲ့တယ်။ (ဟေဗြဲ ၁၀:၁၂၊ ၁၃) အခု ယေရှုဟာ ဘုရင်အဖြစ် ကောင်းကင်ကနေ အုပ်စိုးနေပြီး ကမ္ဘာပေါ်က ကိုယ်တော့်နောက်လိုက်တွေကလည်း သတင်းကောင်းကို ကမ္ဘာချီဟောပြောနေကြတယ်။—ဒံယေလ ၇:၁၃၊ ၁၄; မဿဲ ၂၄:၁၄ တို့ကိုဖတ်ပါ။
မကြာခင် ယေရှုဟာ ဘုရင့်အခွင့်အာဏာကို အသုံးပြုပြီး ဆင်းရဲခက်ခဲမှုမှန်သမျှရော၊ အဲဒါတွေကို ဖြစ်ပေါ်စေတဲ့သူတွေကိုရော ဖယ်ရှားတော့မှာဖြစ်တယ်။ ယေရှုကိုယုံကြည်ကြောင်းတင်ပြပြီး နာခံမှုရှိတဲ့ သန်းနဲ့ချီတဲ့သူတွေဟာ သာယာလှပတဲ့ ကမ္ဘာပေါ်မှာ ပျော်မွေ့ရပါတော့မယ်။—ဆာလံ ၃၇:၉-၁၁ [ကဘ] ကိုဖတ်ပါ။
ယေရှုကို ယုံကြည်ကြောင်း တင်ပြပြီး နာခံမှုရှိတဲ့ သန်းနဲ့ချီတဲ့သူတွေဟာ သာယာလှပတဲ့ ကမ္ဘာပေါ်မှာ ပျော်မွေ့ရပါတော့မယ်