မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အနာဂတ်ကို မည်သူသိနိုင်သနည်း

အနာဂတ်ကို မည်သူသိနိုင်သနည်း

အနာဂတ်ကို မည်သူသိနိုင်သနည်း

‘ငါသည် ဘုရားသခင်ဖြစ်၏။ . . . အဦးမှစ၍ အဆုံးတိုင်အောင် လည်းကောင်း၊ ရှေးကာလမှစ၍ မဖြစ်သေးသော အမှုအရာ တို့ကိုလည်းကောင်း ဖော်ပြသူဖြစ်၏။’ —ဟေရှာယ ၄၆:၉၊ ၁၀

ကသောင်းကနင်းနိုင်သောခေတ်တွင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးတို့ကို ဆန်းစစ်လေ့လာသူများသည် အနာဂတ်ကိုဟောကိန်းထုတ်နိုင်ရန် သမိုင်းနှင့်ခေတ်ရေစီးကြောင်းကို လေ့လာသုံးသပ်ကြသည်။ အခြားသူတို့မူ သူတို့ကိုယ်တိုင်၏အနာဂတ်ကို အလွန်အမင်းသိလိုသောကြောင့် ဗေဒင်ဆရာ သို့မဟုတ် နတ်ကတော်များထံ မေးမြန်းကြသည်။ သို့သော် ထိုသူတို့အတွက် စိတ်ပျက်ရခြင်းသာ အဖတ်တင်လေ့ရှိသည်။ သို့ဆိုလျှင် ဤကမ္ဘာမြေ၊ ကျွန်ုပ်တို့၏မိသားစုဝင်များနှင့် ကျွန်ုပ်တို့တစ်ဦးစီ၏ အနာဂတ်တွင် အဘယ်အရာဖြစ်လာမည်ကိုသိရှိရန် လုံးဝမဖြစ်နိုင်တော့ပြီလော။ တစ်စုံတစ်ဦးသည် အနာဂတ်ကို အမှန်ပင် ကြိုသိမြင်နိုင်သလော။

အတိုင်းအဆမဲ့တန်ခိုးရှင် ယေဟောဝါဘုရားသခင်သည် မိမိတွင် အနာဂတ်ကို ကြိုဟောနိုင်စွမ်းရှိကြောင်း ပရောဖက်ဟေရှာယကိုပြောခဲ့သော အထက်ပါစကားများတွင် ဖော်ပြထားသည်။ ရှေးဣသရေလလူတို့သည် ဗာဗုလုန်သုံ့ပန်းဘဝမှ လွတ်မြောက်ပြီး ယေရုရှလင်မြို့နှင့် ဝတ်ပြုရာအိမ်တော်ကို ပြန်လည်တည်ဆောက်မည့်အကြောင်း ဟေရှာယမှတစ်ဆင့် ဘုရားသခင်ကြိုဟောခဲ့သည်။ ယင်းသည် မည်မျှတိကျမှုရှိသနည်း။ ဗာဗုလုန်ကိုအနိုင်ရမည့်ဘုရင်၏အမည်မှာ ကုရုဖြစ်ကြောင်း အနှစ် ၂၀၀ ခန့်ကြို၍ ဟေရှာယ အတိအကျဖော်ပြခဲ့သည်။ ထို့ပြင် ကုရုသည် မြို့ကိုဝိုင်းရံကာကွယ်ထားသော ဥဖရတ်မြစ်ရေကိုလွှဲလိုက်မည်ဟုလည်း ဟေရှာယ တိကျစွာကြိုဟောခဲ့သည်။ မြို့တံခါးကြီးနှစ်ချပ်ကို ပေါ့ပေါ့ဆဆဖွင့်ထားရာ ကုရုမင်း အလွယ်တကူအောင်ပွဲရမည်ဟူ၍ပင် ကြိုသိမြင်ခဲ့သည်။—ဟေရှာယ ၄၄:၂၄–၄၅:၇

ဘုရားသခင်နှင့်ယှဉ်လျှင် လူသားတို့သည် အနာဂတ်ကို သိနိုင်စွမ်းမရှိကြပေ။ ထို့ကြောင့် “နက်ဖြန်နေ့ကိုအမှီပြု၍ မဝါကြွားနှင့်။ တစ်ရက်အတွင်းတွင် အဘယ်သို့ဖြစ်လိမ့်မည်ကို မသိနိုင်” ဟုပညာရှိဘုရင်ရှောလမုန်ရေးခဲ့သည်။ (သု. ၂၇:၁) ယင်းအချက် မှန်ကန်နေဆဲပင်။ မည်သည့်လူသားမျှ မိမိတို့၏အနာဂတ်ကိုပင် ကြိုမသိနိုင်ကြပါ။ အဘယ်အရာက ဘုရားသခင်ကို လူသားတို့နှင့် ကွာခြားစေသနည်း။ ကိုယ်တော်သည် လူသားတို့၏သဘောသဘာဝနှင့် စိတ်နေစိတ်ထားအပါအဝင် ကိုယ်တော်ဖန်ဆင်းသည့်အရာမှန်သမျှကို အလုံးစုံနားလည်တော်မူသည်။ ဘုရားသခင်သည် တစ်စုံတစ်ခုကိုလုပ်ဆောင်ရာတွင် လူတစ်ဦးစီနှင့်လူမျိုးလိုက် မည်သို့တုံ့ပြန်ပြုမူမည်ကို တိကျစွာကြိုမြင်နိုင်သည်။ ထို့ပြင် ဖြစ်ပျက်လာမည့်အရာများကို ထိန်းချုပ်နိုင်သည့် အကန့်အသတ်မဲ့စွမ်းပကားလည်း ရှိတော်မူသည်။ ကိုယ်တော်သည် တစ်စုံတစ်ခုဖြစ်ပျက်လာမည်ဟု ပရောဖက်များမှတစ်ဆင့် ကြိုဟောသည့်အခါ ‘ကျွန်၏စကားကိုတည်စေ၍ တမန်တို့ဟောပြောသည်အတိုင်း ပြုတတ်သော’ အရှင်ဖြစ်တော်မူ၏။ (ဟေရှာယ ၄၄:၂၆) ယေဟောဝါဘုရားသခင်တစ်ပါးတည်းသာ ထိုသို့ အမှန်လုပ်ဆောင်နိုင်သည်။

ဟေရှာယသည် မေရှိယဖြစ်သော ယေရှုမမွေးဖွားမီ အနှစ် ၇၀၀ ကျော်တွင် အသက်ရှင်ခဲ့သူဖြစ်၏။ သို့တိုင် သူသည် မေရှိယကြွလာခြင်းအကြောင်း ကြိုဟောခဲ့သည်။ အထူးသဖြင့် ၁၈ ရာစုမှစတင်၍ ကျမ်းစာဝေဖန်ရေးသမားများက ဟေရှာယကျမ်း၏ ကျမ်းစစ်ကျမ်းမှန်ဖြစ်မှုကို တိုက်ခိုက်ခဲ့ကြသည်။ ဟေရှာယ၏ပရောဖက်ပြုချက်များသည် အမှန်ပင် ဟောကိန်းတစ်ခုမဟုတ်၊ ဖြစ်ပျက်ပြီးနောက်မှ ကျမ်းရေးသူတစ်ဦးက မှတ်တမ်းတင်ခြင်းမျှသာဖြစ်သည်ဟု သူတို့ဆိုကြသည်။ ယင်းအဆို မှန်ကန်ပါသလော။ ၁၉၄၇ တွင် ပင်လယ်သေအနီးရှိ ဂူတစ်လုံး၌ အခြားရှေးဟောင်းကျမ်းလိပ်များနှင့်အတူ ဟေရှာယကျမ်းလိပ်မိတ္တူကို တွေ့ရှိခဲ့သည်။ ယင်းမိတ္တူသည် ကြိုဟောထားသောမေရှိယ သို့မဟုတ် ခရစ်တော်မမွေးဖွားမီ အနှစ်တစ်ရာကျော်က ကူးရေးခဲ့ခြင်းဖြစ်သည်ဟု ကျမ်းပညာရှင်များသတ်မှတ်ကြ၏။ မှန်ပါသည်၊ သမ္မာကျမ်းစာသည် အနာဂတ်ကို ဖွင့်ပြခဲ့သည်။

ဟေရှာယနှင့် အခြားကျမ်းရေးသူများသည် သူတို့၏ကိုယ်ပိုင်ဉာဏ်ဖြင့် အနာဂတ်ဖြစ်ရပ်များကို ကြိုဟောနိုင်ခဲ့ခြင်းမဟုတ်ပါ။ ယင်းအစား သူတို့သည် “သန့်ရှင်းသောစွမ်းအားတော် တိုက်တွန်းခြင်းအားဖြင့် ဘုရားသခင်ထံတော်မှ စကားကို” ကြိုဟောခြင်းဖြစ်၏။ (၂ ပေတရု ၁:၂၁ကဘ) ဟေရှာယမှတစ်ဆင့်ကြိုဟောခဲ့သော ယေရှု၏ဘဝနှင့်ဆိုင်သည့် အသေးစိတ်အချက်အလက်အချို့ကို နောက်ဆောင်းပါးများတွင် ကျွန်ုပ်တို့သုံးသပ်ကြမည်။ ထို့နောက် ကျွန်ုပ်တို့ခေတ်အပြင် အနာဂတ်နှင့်ပတ်သက်၍ ယေရှုနှင့်ကိုယ်တော်၏တပည့်များ ကြိုဟောခဲ့သော ဖြစ်ရပ်များကိုလည်း သုံးသပ်ကြပါမည်။