မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သားသမီးတို့ကို သွန်သင်လော့

ယောသပ်ရဲ့အစ်ကိုတွေ မနာလိုစိတ် ရှိခဲ့ကြတယ်။ ကလေးတို့ကော

ယောသပ်ရဲ့အစ်ကိုတွေ မနာလိုစိတ် ရှိခဲ့ကြတယ်။ ကလေးတို့ကော

နာလိုစိတ်ဆိုတာ  ဘာလဲ၊  ကလေးတို့ သိလား။ လူတစ်ယောက်ကို တခြားသူတွေက တော်တယ်၊ ချောတယ် ဒါမှမဟုတ် ဉာဏ်ကောင်းတယ်လို့ ပြောတဲ့အခါ အဲဒီလူကို သဘောမကျနိုင်တာမျိုး ကလေးတို့ ဖြစ်ဖူးသလား။ *— ဟုတ်တယ်၊ တစ်ယောက်ယောက်ကို ကလေးတို့ မနာလိုဖြစ်လာပြီဆိုရင် အဲဒီလိုစိတ်မျိုး ဝင်လာနိုင်တယ်။

မိဘတွေက သားသမီး တစ်ယောက်ယောက်ကို တခြားသားသမီးတွေထက် ပိုပြီး အလိုလိုက်တဲ့အခါ မိသားစုအတွင်းမှာ မနာလိုစိတ်တွေ ဖြစ်လာနိုင်တယ်။ မနာလိုစိတ်ကြောင့် အကြီးအကျယ် ပြဿနာတက်ခဲ့တဲ့ မိသားစုတစ်စုအကြောင်း ကျမ်းစာထဲမှာ ရေးထားတယ်။ မနာလိုစိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ပြဿနာနဲ့ အဲဒီအဖြစ်အပျက်ကနေ တို့တွေ ဘာသင်ခန်းစာ ယူနိုင်သလဲဆိုတာ ကြည့်ရအောင်။

ယောသပ်ဟာ ယာကုပ်ရဲ့ ၁၁ ယောက်မြောက် သားဖြစ်ပြီး သူ့ကို ဖတူမိကွဲအစ်ကိုတွေက မနာလို ဖြစ်ကြတယ်။ ဘာကြောင့်လဲ ကလေးတို့ သိလား။— ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ဖေဖေ ယာကုပ်က ယောသပ်ကို ပိုချစ်လို့ပဲ။ ဥပမာ၊ ယာကုပ်က ယောသပ်အတွက် ရောင်စုံအစင်းကြောင်းတွေပါတဲ့ အင်္ကျီလှလှလေးတစ်ထည် ချုပ်ပေးတယ်။ ‘အသက်ကြီးမှ . . . ရ’ တဲ့သားဖြစ်လို့၊ ပြီးတော့ သူ့ရဲ့ချစ်ဇနီး ရာခေလမွေးတဲ့ သားဦးဖြစ်လို့ ယာကုပ်က ယောသပ်ကို သိပ်ချစ်တယ်။

‘အဘသည် ယောသပ်ကို သာ၍ချစ်ကြောင်းကို အစ်ကိုတို့သည် သိမြင်သောအခါ သူ့ကို မုန်း၏’ လို့ ကျမ်းစာက ပြောတယ်။ တစ်နေ့တော့ ယောသပ်က သူ့အိပ်မက်အကြောင်း မိသားစုကို ပြောပြတယ်။ အိပ်မက်ထဲမှာ သူ့ဖေဖေနဲ့ အိမ်သားတွေအားလုံးက သူ့ကို ဦးညွတ်နေကြတယ်လေ။ ‘အစ်ကိုတွေက သူ့ကို ငြူစူကြ’ ပြီး သူ့ဖေဖေကတောင် ဒီလိုအိပ်မက်ကို ပြောတဲ့အတွက် သူ့ကို ဆုံးမသေးတယ်။—ကမ္ဘာဦး ၃၇:၁-၁၁

နောက်ပိုင်း ယောသပ်အသက် ၁၇ နှစ်မှာ သူ့အစ်ကိုတွေက အိမ်နဲ့ တော်တော်ဝေးတဲ့နေရာကို သွားပြီး မိသားစုရဲ့ သိုးနဲ့ဆိတ်တွေကို ထိန်းကျောင်းကြတယ်။ ဒါကြောင့် ယာကုပ်က သူတို့တွေ ဘယ်လိုနေလဲဆိုတာသိရအောင် ယောသပ်ကို သွားကြည့်ခိုင်းတယ်။ ယောသပ် လာနေတာကို မြင်တဲ့အခါ သူ့အစ်ကိုတချို့ ဘာလုပ်ချင်သလဲ သိလား။— ယောသပ်ကို သတ်ပစ်ချင်ကြတယ်။ ဒါပေမဲ့ ရုဗင်နဲ့ ယုဒကျတော့ မသတ်ချင်ဘူး။

အီဂျစ်ပြည်ကိုသွားတဲ့ ကုန်သည်တွေကိုမြင်တဲ့အခါ ယုဒက “[သူ့ကို]ရောင်းလိုက်ကြစို့” လို့ ပြောတယ်။ ဒါနဲ့ အစ်ကိုတွေ သူ့ကို ရောင်းလိုက်ကြတယ်။ ပြီးတော့ ဆိတ်တစ်ကောင်သတ်ပြီး ယောသပ်ရဲ့အင်္ကျီကို ဆိတ်သွေးထဲမှာ နှစ်လိုက်ကြတယ်။ သူတို့ဖေဖေ ယာကုပ်ကို အဲဒီအင်္ကျီပြတဲ့အခါ သူက “[ယောသပ်] ကို ဆိုးသောသားရဲ ကိုက်စားပြီ” ဆိုပြီး ငိုတော့တာပေါ့။—ကမ္ဘာဦး ၃၇:၁၂-၃၆

နောက်တော့ ယောသပ်ဟာ အီဂျစ်ဘုရင် ဖာရောရဲ့ မျက်နှာသာပေးခံရတယ်။ ဘာကြောင့်လဲဆိုတော့ ဖာရောဘုရင်မက်တဲ့ အိပ်မက်နှစ်ခုရဲ့ အဓိပ္ပာယ်ကို ဘုရားသခင့် အကူအညီနဲ့ သူရှင်းပြနိုင်ခဲ့လို့ပဲ။ ပထမအိပ်မက်က ဝဖြိုးတဲ့နွားခုနစ်ကောင်နဲ့ ပိန်လှီနေတဲ့နွားခုနစ်ကောင်အကြောင်းပဲ။ ဒုတိယတစ်ခုကတော့ သန်စွမ်းတဲ့စပါးနှံခုနစ်နှံနဲ့ ကြုံလှီနေတဲ့ စပါးနှံခုနစ်နှံအကြောင်းပေါ့။ အိပ်မက်နှစ်ခုစလုံးရဲ့အဓိပ္ပာယ်က စပါးတွေပေါကြွယ်ဝတဲ့ ခုနစ်နှစ်လာမယ်၊ ပြီးတဲ့နောက် အစာခေါင်းပါးတဲ့ ခုနစ်နှစ်လာမယ်ဆိုပြီး ယောသပ် ပြောတယ်။ ဒါကြောင့် ဖာရောဘုရင်က အစာခေါင်းပါးမှုအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ စပါးပေါတဲ့နှစ်တွေမှာ အစာတွေ သိုလှောင်ထားဖို့ ယောသပ်ကို တာဝန်ပေးလိုက်တယ်။

အစာခေါင်းပါးတဲ့အချိန် ရောက်လာတဲ့အခါ ဝေးလံတဲ့နေရာမှာ နေထိုင်ကြတဲ့ ယောသပ်ရဲ့ မိသားစုလည်း အစားအစာ လိုအပ်လာပြီ။ ဒါနဲ့ ယာကုပ်က ယောသပ်အစ်ကိုဆယ်ယောက်ကို အစားအစာ ဝယ်ဖို့ အီဂျစ်ပြည်ကို လွှတ်လိုက်တယ်။ သူတို့တွေ ယောသပ်ရှေ့ကို ရောက်လာကြပေမဲ့ မမှတ်မိကြဘူး။ ယောသပ်က သူဘယ်သူဖြစ်တယ်ဆိုတာ မပြောပြဘဲ သူ့အစ်ကိုတွေရဲ့ စိတ်သဘောကို စမ်းသပ်တဲ့အခါ သူ့အစ်ကိုတွေဟာ သူ့ကို ရက်စက်ခဲ့တာနဲ့ပတ်သက်ပြီး တော်တော်စိတ်မကောင်း ဖြစ်ကြတယ်ဆိုတာ သိလာတယ်။ ဒါနဲ့ သူဟာ ယောသပ်ဖြစ်တယ်လို့ ဖွင့်ပြောလိုက်တယ်။ ပြန်ဆုံတွေ့ရတာ ပျော်လွန်းလို့ သူတို့တွေ အချင်းချင်း ပွေ့ဖက်နေလိုက်ကြတာ။—ကမ္ဘာဦး အခန်းကြီး ၄၀ မှ ၄၅ ထိ။

ဒီကျမ်းစာ အဖြစ်အပျက်ကနေ မနာလိုစိတ်နဲ့ပတ်သက်ပြီး ကလေးတို့ ဘာသင်ယူနိုင်သလဲ။— မနာလိုစိတ်ဟာ ကြီးလေးတဲ့ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပြီး ကိုယ့်ရဲ့ညီအစ်ကို အရင်းကိုတောင် ထိခိုက်နာကျင်အောင် လုပ်ချင်တဲ့စိတ်တွေ ပေါ်ပေါက်စေနိုင်တယ်။ တမန်တော် ၅:၁၇၊ ၁၈ နဲ့ တမန်တော် ၇:၅၄-၅၉ ကိုဖတ်ပြီး လူတွေဟာ မနာလိုစိတ်ကြောင့် ယေရှုရဲ့ တပည့်တွေကို ဘာလုပ်ချင်စိတ်ပေါ်လာသလဲ ကြည့်ရအောင်။— ဒီကျမ်းချက်တွေဖတ်ပြီးတဲ့နောက် မနာလိုစိတ်ကို ဘာကြောင့် ရှောင်သင့်တယ်ဆိုတာ ကလေးတို့ နားလည်ပြီလား။—

ယောသပ်က နှစ်ပေါင်း ၁၁၀ အသက်ရှင်ခဲ့တယ်။ သားသမီးတွေ၊ မြေးမြစ်တွေကိုတောင် တွေ့မြင်ခဲ့တယ်။ အချင်းချင်းချစ်ကြဖို့နဲ့ မနာလိုစိတ်ကိုရှောင်ဖို့ သူတို့လေးတွေကို ယောသပ် သင်ပေးခဲ့မှာ သေချာတယ်။—ကမ္ဘာဦး ၅၀:၂၂၊ ၂၃၊ ၂၆

^ အပိုဒ်၊ 3 သင်သည် သင့်ကလေးနှင့်အတူ ဖတ်နေမည်ဆိုလျှင် မျဉ်းရှည်သည် ခေတ္တရပ်တန့်ရန်နှင့် ကလေး၏ သဘောထားကို ထုတ်ဖော်ရန် အားပေးသည့် အမှတ်အသား ဖြစ်သည်။