ကမ္ဘာဦး ၅၀:၁-၂၆

  • ခါနန်ပြည်မှာ ယာကုပ်ကို သင်္ဂြိုဟ် (၁-၁၄)

  • ယောသပ်ရဲ့ ခွင့်လွှတ်စကား (၁၅-၂၁)

  • ယောသပ်ရဲ့ နောက်ဆုံးနေ့များ၊ သေဆုံး (၂၂-၂၆)

    • အရိုးနဲ့ပတ်သက်ပြီး ယောသပ် မှာကြား (၂၅)

၅၀  ယောသပ်က ကိုယ်ကိုကိုင်းပြီး+ အဖေ့ကို ဖက်နမ်းရင်း ငိုတော့တယ်။ ၂  ပြီးတော့ အဖေ့အလောင်း မပုပ်အောင် ဆေးစီရင်ဖို့ နန်းတွင်းသမားတော်တွေကို အမိန့်ပေးတယ်။+ ဒါကြောင့် သမားတော်တွေက အစ္စရေးရဲ့အလောင်းကို ဆေးစီရင်တယ်။ ၃  အလောင်းကို ဆေးစီရင်ဖို့ ရက် ၄၀ တိတိ ကြာတယ်။ အီဂျစ်လူတွေလည်း ယာကုပ်အတွက် ရက်ပေါင်း ၇၀ ငိုကြွေးကြတယ်။ ၄  ယာကုပ်အတွက် ငိုကြွေးချိန်ပြီးသွားတော့ ယောသပ်က ဖာရောမင်းရဲ့မှူးမတ်တွေကို “ကျွန်တော့်ကို ခင်ဗျားတို့စိတ်နဲ့တွေ့တယ်ဆိုရင် မင်းကြီးဆီ သွားပြောပေးပါ။ ၅  ‘ကျွန်တော့်အဖေက “ငါသေတော့မယ်။+ ခါနန်ပြည်က ငါတူးထားတဲ့သင်္ချိုင်းမှာ ငါ့ကို သင်္ဂြိုဟ်ပါ”+ လို့မှာပြီး သစ္စာဆိုခိုင်းပါတယ်။+ ဒါကြောင့် အဖေ့ကို သွားသင်္ဂြိုဟ်ပါရစေ။ ပြီးရင် ကျွန်တော် ပြန်လာပါ့မယ်’ လို့ လျှောက်တင်ပေးပါ” ဆိုပြီး ပြောတယ်။ ၆  ဖာရောမင်းက “မင်းအဖေ သစ္စာဆိုခိုင်းတဲ့အတိုင်း သွားသင်္ဂြိုဟ်ပါ”+ ဆိုပြီး ခွင့်ပေးတယ်။ ၇  ဒါကြောင့် ယောသပ်ဟာ အဖေ့ကို သင်္ဂြိုဟ်ဖို့ ထွက်သွားတော့ ဖာရောမင်းရဲ့ နန်းတွင်းမှူးမတ်တွေနဲ့+ အီဂျစ်အရာရှိတွေ လိုက်သွားကြတယ်။ ၈  ယောသပ်ရဲ့အိမ်သားတွေ၊ ညီအစ်ကိုတွေ၊ အဖေ့ရဲ့အိမ်သားတွေလည်း+ လိုက်သွားကြတယ်။ ကလေးငယ်တွေ၊ သိုးအုပ်နွားအုပ်တွေကိုတော့ ဂေါရှင်အရပ်မှာ ထားခဲ့တယ်။ ၉  မြင်းရထားတွေနဲ့+ မြင်းစီးသူရဲတွေပါ လိုက်သွားကြတော့ လူအုပ်က တော်တော်ကြီးတယ်။ ၁၀  ဂျော်ဒန်မြစ်အနီးက အာတဒ်ကောက်နယ်တလင်းကို ရောက်လာတဲ့အခါ အကြီးအကျယ် ငိုကြွေးကြတယ်။ ယောသပ်လည်း အဖေအတွက် ခုနစ်ရက်ကြာအောင် ငိုတယ်။ ၁၁  အာတဒ်ကောက်နယ်တလင်းမှာ သူတို့ငိုကြွေးနေတာကို အဲဒီအရပ်သား ခါနန်လူမျိုးတွေ မြင်တဲ့အခါ “အီဂျစ်တွေ အကြီးအကျယ် ငိုနေပါလား” လို့ပြောကြတယ်။ ဒါကြောင့် ဂျော်ဒန်မြစ်အနီးက အဲဒီအရပ်ကို အာဗေလမိဇရိမ်* လို့နာမည်ပေးကြတယ်။ ၁၂  ယာကုပ်ရဲ့သားတွေဟာ အဖေမှာခဲ့တဲ့အတိုင်း တစ်သဝေမတိမ်း လုပ်ပေးကြတယ်။+ ၁၃  အဖေ့အလောင်းကို ခါနန်ပြည်သယ်သွားပြီး မံရေအရပ်အရှေ့၊ မက်ပေလမြေကွက်ထဲက ဂူမှာ သင်္ဂြိုဟ်ကြတယ်။ အဲဒီမြေကွက်ကို ဟိတ္တိလူမျိုး ဧဖရုန်ဆီကနေ သင်္ချိုင်းမြေအဖြစ် အာဗြဟံဝယ်ထားတာ။+ ၁၄  ယောသပ်က အဖေ့ကို သင်္ဂြိုဟ်ပြီးနောက် ညီအစ်ကိုတွေ၊ အသုဘလိုက်ပို့သူတွေနဲ့အတူ အီဂျစ်ပြည်ကို ပြန်လာတယ်။ ၁၅  အဖေဆုံးပြီးနောက်မှာ ယောသပ်ရဲ့အစ်ကိုတွေက “ငါတို့ မကောင်းကြံခဲ့တာတွေကို ယောသပ် အငြိုးနဲ့ ပြန်လက်စားချေရင် ဘယ်နှယ့်လုပ်မလဲ” လို့တိုင်ပင်ကြတယ်။+ ၁၆  ဒါနဲ့ ယောသပ်ဆီ စကားပါးလိုက်တယ်– “အဖေက မသေခင်မှာ၊ ၁၇  ‘“မင်းကို ဒုက္ခရောက်အောင်လုပ်ခဲ့တဲ့ အစ်ကိုတွေရဲ့အပြစ်ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်” လို့ယောသပ်ကို ပြောကြ’ ဆိုပြီး မှာခဲ့တယ်။ ဒါကြောင့် အဖေကိုးကွယ်တဲ့ ဘုရားသခင်ရဲ့ ကျွန်တွေဖြစ်တဲ့ ငါတို့ကို ခွင့်လွှတ်ပေးပါ။” အဲဒီစကားတွေကိုလည်း ကြားရော ယောသပ် ငိုတော့တာပဲ။ ၁၈  အဲဒီအခါ အစ်ကိုတွေ ဝင်လာတယ်။ သူ့ရှေ့မှာ ဦးညွှတ်ပြီး “ကြိုက်သလိုခိုင်းပါ။ ကျွန်ခံပါ့မယ်” လို့ပြောကြတယ်။+ ၁၉  ယောသပ်က “မစိုးရိမ်ပါနဲ့၊ အစ်ကိုတို့ရာ။ ဘုရားသခင်ကပဲ အပြစ်ပေးနိုင်တာပါ။ ကျွန်တော် ပေးလို့မရပါဘူး။ ၂၀  ကျွန်တော့်ကို အစ်ကိုတို့ မကောင်းကြံခဲ့ပေမဲ့+ ဘုရားသခင်က အခုလို လူအများရဲ့အသက်ကို ကယ်ဖို့ အကောင်းဖြစ်စေခဲ့ပြီပဲ။+ ၂၁  ဒါကြောင့် မစိုးရိမ်ကြပါနဲ့။ အစ်ကိုတို့နဲ့ ကလေးတွေအတွက် အစားအစာတွေ ကျွန်တော် ဆက်ထောက်ပံ့ပေးမှာပါ”+ လို့ပြန်ပြောတယ်။ သူတို့ရဲ့စိုးရိမ်စိတ်တွေ ပြေအောင် အဲဒီလို နှစ်သိမ့်ပေးတယ်။ ၂၂  ယောသပ်နဲ့ အဖေ့အိမ်သားတွေဟာ အီဂျစ်ပြည်မှာ ဆက်နေထိုင်ကြတယ်။ ယောသပ်က နှစ်ပေါင်း ၁၁၀ အသက်ရှင်တယ်။ ၂၃  ဧဖရိမ်ရဲ့မြေးအထိ မျိုးဆက်သုံးဆက် မြင်ခွင့်ရတယ်။+ မနာရှေရဲ့မြေး၊ မာခိရရဲ့သားတွေကိုလည်း+ မြင်ခွင့်ရတယ်။ ယောသပ်က သူတို့ကို သားသမီးအရင်းနဲ့မခြား အခွင့်အရေးပေးတယ်။* ၂၄  နောက်တော့ ယောသပ်က “ငါသေရတော့မယ်။ ဒါပေမဲ့ ဘုရားသခင်က မင်းတို့ကို တကယ်သတိရလိမ့်မယ်။+ မင်းတို့ကို ဒီပြည်ကနေ ဆက်ဆက်ခေါ်ထုတ်ပြီး အာဗြဟံ၊ အိဇက်၊ ယာကုပ်တို့ကို ကတိပေးထားတဲ့ပြည်ဆီ ခေါ်ဆောင်သွားမယ်”+ လို့ ပြောတယ်။ ၂၅  ပြီးတော့ “မင်းတို့ကို ဘုရားသခင် တကယ်သတိရလိမ့်မယ်။ အဲဒီအခါကျရင် ငါ့အရိုးတွေကို ဒီနေရာကနေ သယ်သွားပါ” ဆိုပြီး အစ္စရေးရဲ့သားမြေးတွေကို သစ္စာဆိုခိုင်းတယ်။+ ၂၆  အဲဒီနောက် ယောသပ်က အသက် ၁၁၀ မှာ သေဆုံးသွားတယ်။ သူ့အလောင်းကို မပုပ်အောင် ဆေးစီရင်ပြီးနောက်+ အခေါင်းထဲထည့်ပြီး အီဂျစ်ပြည်မှာ ထားကြတယ်။

အောက်ခြေမှတ်ချက်များ

အဓိပ္ပာယ်၊ “အီဂျစ်လူတွေရဲ့ ငိုကြွေးခြင်း။”
မူရင်း၊ “ယောသပ်ရဲ့ ဒူးပေါ်မှာ သူတို့ ကြီးပြင်းလာတယ်။”