ကမ္ဘာဦး ၃၇:၁-၃၆

  • ယောသပ်​ရဲ့ အိပ်မက်များ (၁-၁၁)

  • ယောသပ်​နဲ့ မနာလို​တဲ့ အစ်ကို​တွေ (၁၂-၂၄)

  • ယောသပ် ကျွန်​အဖြစ် ရောင်းစားခံရ (၂၅-၃၆)

၃၇  တိုင်းတစ်ပါးသား​အဖြစ်+ ဖခင်​နေထိုင်ခဲ့​တဲ့ ခါနန်ပြည်​မှာ ယာကုပ် ဆက်နေ​ထိုင်​တယ်။ ၂  ယာကုပ်​ရဲ့ သမိုင်းမှတ်တမ်း။ လူငယ်​ယောသပ်​က+ အသက် ၁၇ နှစ်မှာ အဖေ့​မိန်းမ ဗိလဟာ​နဲ့​ဇိ​လ​ပ​ရဲ့ သားတွေ​နဲ့အတူ+ သိုးကျောင်း​တယ်။+ ယောသပ်​က သူတို့ရဲ့ မကောင်းတဲ့​လုပ်ရပ်တွေ​အကြောင်း အဖေ့ကို ပြောပြ​တယ်။ ၃  အစ္စရေး​က အသက်ကြီး​မှ​ရတဲ့ သား​ယောသပ်​ကို တခြား​သားတွေ​ထက်+ ပို​ချစ်​တယ်။ ဒါကြောင့် သူ့​အတွက် လှပတဲ့​ဝတ်ရုံ​ရှည်​ကို ချုပ်​ပေးတယ်။ ၄  အဖေ​က သား​အားလုံး​ထက် ယောသပ်​ကို ပို​ချစ်​မှန်း အစ်ကို​တွေ သိ​တဲ့​အ​ခါ သူ့ကို မုန်း​လာပြီး စကား​ကောင်းကောင်း မပြော​နိုင်ကြ​တော့ဘူး။ ၅  နောက်ပိုင်းမှာ ယောသပ်​က သူ​မက်​တဲ့​အိပ်မက်​အကြောင်း အစ်ကို​တွေကို ပြောပြ​တော့+ ပိုလို့တောင် မုန်း​ကြ​တယ်။ ၆  သူက “နားထောင်​ကြပါ​ဦး။ ကျွန်တော့်​အိပ်မက်​အကြောင်း ပြောပြ​မ​လို့​ပါ။ ၇  ကျွန်တော်တို့ လယ်ထဲ​မှာ ကောက်လှိုင်း​တွေ​စည်း​နေတုန်း ကျွန်တော့်​ကောက်လှိုင်း​ဟာ မတ်မတ်​ထောင်​လာတယ်။ အစ်ကို​တို့​ရဲ့ ကောက်လှိုင်း​တွေ​က ကျွန်တော့်​ကောက်လှိုင်း​ကို ဝိုင်းပြီး ဦးညွှတ်​ကြ​တယ်”+ လို့​ပြော​တော့၊ ၈  အစ်ကို​တွေ​က “မင်းကို​ယ်​မင်း ဘုရင်​မှတ်​ပြီး ငါ​တို့ကို ခြယ်လှယ်​မ​လို့​လား” လို့​ပြောတယ်။+ သူ့​အိပ်မက်​နဲ့ စကား​တွေကြောင့် သူ့ကို ပိုပြီး​မုန်း​လာကြတယ်။ ၉  အဲဒီနောက် ယောသပ် အိပ်မက်​မက်​ပြန်​တယ်။ “ကျွန်တော် အိပ်မက်​ထပ်​မက်​တယ်။ ဒီ​တစ်ခါ​တော့ နေ၊ လ​နဲ့ ကြယ် ၁၁ လုံး​က ကျွန်တော့်ကို ဦးညွှတ်​နေကြတယ်”+ လို့ အစ်ကို​တွေကို ပြောပြ​တယ်။ ၁၀  အဲဒီ​အိပ်မက်​အကြောင်း အဖေ​နဲ့​အစ်ကို​တွေကို ပြောပြ​တော့ အဖေ​က “ဘယ်လို အိပ်မက်​ကြီး​လဲ။ ငါ​ရော၊ မင်း​အမေ​ရော၊ မင်း​အစ်ကို​တွေ​ရော မင်း​ဆီ​လာပြီး ဦးညွှတ်​ရမယ်​ဆို​တဲ့ သဘော​လား” ဆို​ပြီး ဆုံးမ​တယ်။ ၁၁  အစ်ကို​တွေ​က သူ့ကို မနာလို​ဖြစ်ပေမဲ့+ အဖေ​က​တော့ အဲဒီ​အကြောင်းကို စိတ်ထဲ​မှတ်ထား​တယ်။ ၁၂  အဲဒီနောက် အစ်ကို​တွေ​က ဖခင်​ရဲ့​သိုးအုပ်​ကို ရှေခင်​မြို့​နား​မှာ ထိန်းကျောင်း​ဖို့ ထွက်သွား​ကြ​တယ်။+ ၁၃  နောက်တော့ အစ္စရေး​က “မင်း​အစ်ကို​တွေ ရှေခင်​မြို့​နား​မှာ သိုးကျောင်း​နေတယ်။ မင်းကို သူတို့ဆီ လွှတ်​ချင်​တယ်” လို့​ပြောတဲ့အခါ ယောသပ်​က “သွား​ပါ့​မယ်” လို့​ပြောတယ်။ ၁၄  ဒါနဲ့ ယာကုပ်​က “မင်း​အစ်ကို​တွေ၊ သိုးအုပ်​တွေ အဆင်ပြေ​မပြေ သွား​ကြည့်ပါ​ဦး။ ပြီးရင် ပြန်လာ​ပြောပြ” လို့​မှာ​ပြီး ယောသပ်​ကို ဟေဗြုန်​ချိုင့်ဝှမ်း​က​နေ+ လွှတ်လိုက်တယ်။ ယောသပ်​လည်း ရှေခင်​မြို့​ဘက်​ကို ထွက်​သွားတယ်။ ၁၅  လယ်တော​ထဲမှာ သွား​နေတုန်း လူတစ်ယောက်​နဲ့​တွေ့​တော့ အဲဒီ​လူက “ဘာ​ရှာနေတာလဲ” လို့​မေးတယ်။ ၁၆  ယောသပ်​က “အစ်ကို​တွေကို ရှာ​နေတာပါ။ သူတို့ ဘယ်မှာ သိုးကျောင်း​နေသလဲ။ သိ​ရင် ပြောပြပါ​ခင်​ဗျာ” လို့​ပြန်ပြောတယ်။ ၁၇  အဲဒီ​လူက “သူတို့ ဒီကနေ ထွက်သွား​ပြီ။ ‘ဒေါသန်​ကို သွား​ရ​အောင်’ လို့ ပြောသံ​ကြားလိုက်တယ်” ဆို​ပြီး​ပြော​တော့ ယောသပ်​လည်း လိုက်သွား​ပြီး ဒေါသန်​မြို့မှာ အစ်ကို​တွေကို တွေ့​တယ်။ ၁၈  အစ်ကို​တွေ​က ယောသပ်​ကို အဝေးက​နေ လှမ်း​မြင်တဲ့အခါ သတ်ဖို့​ကြံစည်​ကြ​တယ်။ ၁၉  “ဟို​မှာ​ကြည့်​စမ်း၊ အိပ်မက်​ဆရာ လာ​နေ​ပြီ။+ ၂၀  သူ့ကို​သတ်​ပြီး ရေတွင်း​ထဲ ပစ်ချ​လိုက်ရ​အောင်။ သားရဲ​ကိုက်သတ်​လိုက်​ပြီ​လို့ ပြောမယ်​လေ။ သူ့​အိပ်မက်​တွေ ဘယ်လို​ဖြစ်​မ​လဲ ကြည့်​ကြ​သေး​တာပေါ့” လို့ အချင်းချင်း ပြော​ကြ​တယ်။ ၂၁  ဒါကို ရုဗင်​ကြား​တော့+ ယောသပ်​ကို ကယ်​ချင်တာနဲ့ “သူ့ကို မ​သတ်​ပါ​နဲ့​ကွာ။+ ၂၂  သွေးထွက်သံယို​ဖြစ်အောင် မ​လုပ်ကြပါ​နဲ့။+ သူ့ကို တော​ထဲက ရေတွင်း​ထဲ​သာ ပစ်ချ​လိုက်။ အနာတရ​ဖြစ်အောင် မ​လုပ်ကြပါ​နဲ့”+ လို့​ပြောတယ်။ ရုဗင်​က ယောသပ်​ကို သူတို့​လက်​ထဲက​နေ ကယ်​ပြီး အဖေ့​ဆီ ပြန်ပို့​ပေးဖို့ အကြံ​ရှိတယ်။ ၂၃  အစ်ကို​တွေ​က ယောသပ်​လည်း ရောက်လာ​ရော သူ့​ဝတ်ရုံ​ရှည်​ကို ဆွဲချွတ်​ကြ​တယ်။+ ၂၄  သူ့ကို​ဖမ်းချုပ်​ပြီး ရေတွင်း​ထဲ ပစ်ချ​လိုက်တယ်။ တွင်း​က ရေ​ခန်း​နေတယ်။ ၂၅  အဲဒီနောက် သူတို့​ထိုင်ပြီး စားသောက်​ကြ​တယ်။ အဲဒီ​အချိန်မှာ အိရှမေလ​လူမျိုး+ ကုန်သည်​တွေ​က ကုလားအုတ်​တွေ​ပေါ်​မှာ အ​မည်း​ရောင်​သစ်စေး​မွှေး၊ ဗာလစံ​ဆီ၊* သစ်စေး​ခေါက်​တွေ+ တင်ဆောင်​လာပြီး ဂိလဒ်​ပြည်​က​နေ အီဂျစ်ပြည်​ဘက် သွား​နေတာကို သူတို့​တွေ့​တယ်။ ၂၆  ယုဒ​က “ဒို့​ညီ​ကို သတ်​ပြီး ဖုံးကွယ်​ထား​လို့​ကော ဘာ​အကျိုးရှိ​မှာ​လဲ။+ ၂၇  သူ့ကို အိရှမေလ​လူမျိုး​တွေဆီ ရောင်း​လိုက်ရ​အောင်။+ ကိုယ်တိုင်​မ​သတ်​တာ ကော​င်း​မယ်။ သူ​ဟာ ငါ​တို့​ညီ​အရင်း​ခေါက်​ခေါက်​ပဲ” လို့​ပြောတယ်။ ယုဒ​ရဲ့​စကားကို ညီအစ်ကို​တွေ လက်ခံကြတယ်။ ၂၈  ဒါကြောင့် မိဒျန်​ကုန်သည်​တွေ+ ဖြတ်​သွားတဲ့အခါ ယောသပ်​ကို ရေတွင်း​ထဲက ဆွဲ​တင်ပြီး အိရှမေလ​လူမျိုး​တွေဆီ ငွေ​စ ၂၀ နဲ့ ရောင်း​လိုက်တယ်။+ သူတို့က ယောသပ်​ကို အီဂျစ်ပြည် ခေါ်သွား​ကြ​တယ်။ ၂၉  ရုဗင်​က ရေတွင်း​ဆီ ပြန်​လာတဲ့အခါ တွင်း​ထဲမှာ ယောသပ်​ကို မ​တွေ့​တော့ အဝတ်​ကို ဆွဲဆုတ်​လိုက်တယ်။ ၃၀  တခြား​ညီ​တွေဆီ သွား​ပြီး “ညီလေး မရှိတော့ဘူး။ ဒုက္ခ​ပဲ၊ ငါ​ဘာ​လုပ်​ရ​မ​လဲ” လို့​ပြောတယ်။ ၃၁  သူတို့က ဆိတ်​တစ်ကောင်​သတ်​ပြီး ယောသပ်​ရဲ့​ဝတ်ရုံ​ကို သွေး​ထဲ​နှစ်လို​က်​တယ်။ ၃၂  ပြီးတော့ အဖေ့​ဆီ ပို့​ပြီး “ဒီ​ဝတ်ရုံ​ကို တွေ့​လို့​ပါ။ အဖေ့​သားရဲ့​ဝတ်ရုံ ဟုတ်မဟုတ် စစ်ဆေး​ကြည့်ပါ​ဦး”+ လို့​ပြော​ခိုင်း​တယ်။ ၃၃  ယာကုပ်​က ဝတ်ရုံ​ကို စစ်ဆေး​ပြီးနောက် “ဒါ ငါ့​သားရဲ့​ဝတ်​ရုံပဲ။ သူ့ကို သားရဲ​ကိုက်သတ်​လိုက်​ပြီ။ ယောသပ်​ခမျာ တစ်စစီ​ကို​က်​ဖဲ့​ခံရ​ပြီ​ပေါ့” လို့​ပြောပြီး၊ ၃၄  အဝတ်​တွေကို ဆွဲဆုတ်၊ ခါး​မှာ အထည်​ကြမ်း* ဝတ်​ပြီး သား​အတွက်  ရက်​ပေါင်း​များစွာ ငိုကြွေး​တယ်။ ၃၅  ယာကုပ်​က သားသမီး​တွေ နှစ်သိမ့်​ပေးတာကို လက်မခံဘဲ “ငါ့​သား​အတွက် ငိုကြွေး​ရင်းနဲ့​ပဲ သင်္ချိုင်း*+ ထဲ​ဆင်းတော့​မယ်” လို့​ပြောပြီး သား​အတွက် ငို​ပဲ​ငို​နေ​တော့​တယ်။ ၃၆  မိဒျန်​လူမျိုး​တွေ​က ယောသပ်​ကို အီဂျစ်ပြည်​မှာ​ရှိတဲ့ ဖာရောမင်း​ရဲ့ နန်းတွင်းအရာရှိ၊+ ကိုယ်ရံတော်မှူး+ ပေါတိဖာ​ဆီ ရောင်း​လိုက်တယ်။

အောက်ခြေမှတ်ချက်များ

အပင်​တချို့က​ရတဲ့ တန်ဖိုးကြီး​ဆီမွှေး။
ခက်ဆစ်ကို​ကြည့်။
ခက်ဆစ်ကို​ကြည့်။